← Chapters

လူ့ဘုံလောက ခံစားချက်

Vol. 109 Ch. 1531

လူ့ဘုံလောက ခံစားချက်

Vol. 109 Ch. 1531

အခန်း (၁၅၃၁) လူ့ဘုံလောက ခံစားချက်

မိန်းကလေးများ၏ အလှကုန်နှင့် မျက်နှာချေရနံ့များ...။

မီးဖိုချောင်မှ ပဲငံပြာရည် ၊ ရှာလကာရည် ၊ ဟင်းရနံ့များနှင့် မီးခိုးနံ့များ...။

ကာယလုပ်သားများ၏ ချွေးနံ့များ...။

ထိုသို့သော လောကီညစ်နွမ်းမှု အနံ့အသက်များဖြင့် စွန်းထင်းခံရသည့်အခါ ရန်ကျောက်ကဲတို့အားလုံး ထိုအထဲသို့ ရောယှက်လွင့်ပါသွားသလိုခံစားရကာ သေမျိုးလူသားလောကနှင့် တစ်သားတည်းဖြစ်သွားသလို ထင်မှတ်ရသည်။

သူမလက်ထဲတွင်ကိုင်ထားသည်မှာ နတ်ဘုရားသတ်ဖြတ်ဓားမဟုတ်တော့ဘဲ ပန်းထိုးအပ်တစ်ချောင်းဖြစ်နေသည့်ပမာ ကောင်းချင်းရွှမ် ခံစားလိုက်ရသည်။

ဖန်းယွင်ရှန်းမှာလည်း သူမလက်ထဲမှ နေရိပ်နတ်ဓားမှာ ဓားတစ်လက်မဟုတ်တော့ဘဲ မီးဖိုချောင်ထဲမှ ဒယ်အိုးတစ်အိုးအဖြစ် ထင်မှတ်သွားမိသည်။

နတ်မိစ္ဆာမျောက်မင်းမှာလည်း ဖီရှိုးအသွင်ပြန်လည်ပြောင်းလဲသွားပြီး ဝါးတောများအလယ် ပျော်ရွှင်စွာ ပြေးလွှားနေသည်ဟု ခံစားလာရသည်။

အားလုံးက သာမန်ဆန်သည့် လောကီလူသားများနှင့် ရောယှက်ပျော်ဝင်သွားကြတော့သည်။

နတ်ဘုရားသုတ်သင်ဓား(၄)လက် ဟူ၍ မရှိတော့ ၊ ကမ္ဘာဖျက်နတ်ဆိုးဓားလည်း မရှိတော့ ၊ မူလကောင်းကင်ကျမ်းစာများလည်း မရှိတော့ချေ။

အားလုံးပင် လောကီလူ့ဘုံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သေမျိုးလူသားဘဝကို ဆက်လက်ဖြတ်သန်းလျှက် ရှိကြသည်။

လူသားဆန်သည့် စိတ်ခံစားချက်များအားလုံး ၊ လူများ၏အတ္တသဘောများကို ခံစားခဲ့ကြရည်။

ဓားဗုဒ္ဓ ကိုယ်တော်ပင်လျှင် ဤလောကီလူ့ဘုံ၌ ချုပ်နှောင်ခံထားရသည်။

ဤလူ့ဘုံတွင် ဗုဒ္ဓဘာသာအဆုံးအမ ဟူ၍ မရှိ ၊ သိုင်းပညာဟူ၍ မရှိ ၊ သံသရာဓားကျမ်းဟူ၍လည်း မရှိတော့ပေ။

သူကိုယ်တိုင်သည်လည်း ရန်ကျောက်ကဲတို့နှင့် အတူတူပင် ဖြစ်နေသည်။

သို့ဖြစ်ရာ သူတစ်ယောက်တည်းဆိုပါက ဤတိုက်ပွဲတွင် အနိုင်ရမည် မဟုတ်ပေ။

သို့သော် သူ့တပည့်၊ လမ်းခြောက်သွယ်ဓားသခင် 'ချွိစု' က သူနှင့်အတူ ရှိနေလေသည်။

ဆရာဖြစ်သူက သံသရာဓားကျမ်း၏ လူ့ဘုံလမ်းစဉ်ကို ဖြန့်ကျက်လိုက်သည်နှင့် ချွိစုက ချက်ချင်းပင် တိုက်ခိုက်မှုပုံစံ ပြောင်းလဲလိုက်သည်။

သံသရာစက်ဝန်းထဲသို့ စေလွှတ်လိုက်သည့် သူ၏ဓားအလင်းတန်းက အဆက်မပြတ်တုန်ခါနေပြီး လူ့ဘုံအဖြစ် ပေါ်ထွက်လာသည့် ဓားဗုဒ္ဓနှင့် ပဲ့တင်ထပ်နေသည်။

ရန်ကျောက်ကဲတို့အားလုံးမှာ လူ့ဘုံသို့ရောက်ရှိမှု ပိုမိုမြန်ဆန်လာသည်ဟုခံစားရပြီး ဆွဲငင်အားကို ခုခံနိုင်ခြင်း မရျိတော့ပေ။

ဓားဗုဒ္ဓ၏ဓားဆန္ဒ ပြောင်းလဲသွားကြောင်း အာရုံခံမိသည်နှင့် လူတိုင်း စိတ်ရှုပ်ထွေးသွားကာ ချက်ချင်းပင် သတိပြန်ဝင်လာကြသည်။

မိစ္ဆာချီက ကောင်းကင်ထက်သို့ မြင့်တက်လာသည်။

ဓားအလင်းတန်းများက ဗလာနယ်ကို အက်ကွဲစေပြီး ဓားချီက နေရာတစ်ခုလုံးတွင် ပစ်လွှတ်ထွက်ပေါ်လာသည်။

လူတိုင်းက ကိုယ်ပိုင်ကျင့်စဉ်စွမ်းအားများကိုအသုံးပြုကာ သူတို့ကိုဆွဲငင်နေသည့် လူ့ဘုံမှလွတ်မြောက်ရန်နှင့် ချုပ်နှောင်ထားသော ကန့်သတ်ချက်များမှ လွတ်မြောက်ရန် ကြိုးပမ်းကြသည်။

သို့သော် ထိုအချိန် ချွိစု၏ဓားအလင်းတန်းက ရောက်ရှိလာသည်။

ထိုတိုက်ခိုက်မှုက ရက်စက်ခြင်းမရှိသလို ထက်ရှခြင်းလည်းမရှိပေ။ သို့သော် တိုက်ကွက်က အားလုံး၏ ကံကြမ္မာလမ်းကြောင်းအတိုင်း ဆင်းသက်လာခြင်း ဖြစ်သည်။

ချွိစု၏ထိန်းချုပ်မှုအောက်တွင် သံသရာလမ်းခြောက်သွယ်ပျောက်ကွယ်သွားပြီး လူ့ဘုံတစ်ခုသာလျှင် ကျန်ရှိတော့သည်။

ဤတန်ခိုးစွမ်းအားဖြင့် ဖိနှိပ်ခံရသည်နှင့် ရန်ကျောက်ကဲနှင့် အခြားသူများ၏ ခန္ဓာကိုယ်ထဲမှ သာမန် လောကီဆန်သည့်ရောင်ဝါများပြင်းထန်လာပြီး ပေါက်ကွဲထွက်လုမတတ် ဖြစ်လာသည်။

ဤတိုက်ကွက်ဖြင့် လွှမ်းမိုးခံရသည့်အခါ ဓားဗုဒ္ဓမှ ဖြန့်ကျက်လိုက်သည့် လူ့ဘုံ၏ဆွဲငင်အားက ပိုမိုအားကောင်းလာပြီး လူအုပ်စုမှာ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

သူတို့အနေဖြင့် နာခံစွာပင် အတွင်းသို့ ရောယှက်ပျော်ဝင်ရန်သာ တတ်နိုင်တော့သည်။

ပန်ပန်က လူသားမဟုတ်သော်လည်း လူသားဆန်သောစရိုက်ကို ရရှိထားပြီး အသိဉာဏ်ရင့်ကျက်သည့်အနေအထားသို့ရောက်ရှိနေကာ စိတ်ခံစားချက်များအားလုံးကို နားလည်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

သူ၏အခြေအနေက ရန်ကျောက်ကဲတို့ထက် အနည်းငယ်ပိုကောင်းသော်လည်း လောကီလူ့ဘုံ၏ အနှောင့်အယှက်ကို ခံနေရဆဲ ဖြစ်သည်။

ကမ္ဘာလောကတွင် ကြီးမားသော ဝဲဂယက်တစ်ခု ပေါ်ထွက်လာပြီး အားလုံးကို စုပ်ယူမျိုချရန် ကြံစည်နေသည့်ပမာပင်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာ တစ်ခုလုံး တုန်ခါလျှက် ရှိလေသည်။

ဤဝဲဂယက်က ဓားဗုဒ္ဓ၊ ချွိစုနှင့် ရန်ကျောက်ကဲတို့ အုပ်စုအပေါ်မှာပင် သက်ရောက်ခြင်း မဟုတ်ပေ။ ထုန်ရှင်းလင် ၊ ကွမ်းထုန်ကျီတို့အားလုံးအပေါ်သို့ ခြွင်းချက်မရှိ သက်ရောက်မှုရှိလေသည်။

သူတို့အားလုံး လောကီလူ့ဘုံ၏ နေ့စဉ်ဘဝထဲသို့ ဆွဲခေါ်ခံနေရသည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် ကျင့်ကြံသူများသာ နေထိုင်ကြသည် မဟုတ်ပေ။ ကျယ်ပြန့်လှသော ဤကမ္ဘာတွင် လူဦးရေလည်းများပြားလှသည်ဖြစ်ရာ သာမန် သေမျိုးလူသားလောကလည်း ရှိနေသေးသည်။

လက်ရှိတွင် ထိုသေမျိုးလူသားများအားလုံးက ဓားဗုဒ္ဓ၏လူ့ဘုံဖြင့်လွှမ်းခြုံခံရပြီး ဓားဗုဒ္ဓအတွက် အကြီးမားဆုံး အထောက်အပံ့ ဖြစ်လာခဲ့သည်။

ထိုအချိန်...

ပျင်းရိပျင်းတွဲအသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“မင်းတို့နှစ်ယောက်မှာ တစ်ယောက်က ဒီနေရာတစ်ခုလုံးကို လူ့ဘုံအဖြစ်ပြောင်းလဲတယ် ၊ နောက်တစ်ယောက်က ရန်သူတွေကို လူ့ဘုံလမ်းစဉ်ထဲကို ဆွဲသွင်းတယ် ၊ မင်းတို့နှစ်ယောက်ရဲ့ဓားသိုင်း တစ်သားတည်းကျသွားတော့ လမ်းစဉ်က တစ်ခုတည်းဖြစ်သွားတာပေါ့ ၊ ဟုတ်တယ်မလား”

အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားပြီး အိမ်ချင်မူးတူးပုံစံရှိသော လူရွယ်တစ်ယောက် အားလုံးရှေ့တွင်ထွက်ပေါ်လာပြီး သူက တစ်ချက်သမ်းဝေလိုက်လေသည်။

“ဝမ်ကွမ်း...”

ရောက်ရှိလာသူက ချွိစုနှင့် ရင်းနှီးပြီးသားလူတစ်ယောက်ပင်။

ကောင်းကင်နတ်ဘုရားအဆင့်သို့ မတက်ရောက်မီကတည်းက သူနှင့်ဝမ်ကွမ်း အမြဲတမ်း တိုက်ခိုက်နေခဲ့သည်ပင်။

ချွိစုက ဝမ်ကွမ်းထက် အနည်းငယ် အသက်ပိုကြီးသော်လည်း သူတို့နှစ်ယောက်ကို တူညီသည့်မျိုးဆက်ဟု သတ်မှတ်နိုင်သည်။

ထိုစဉ်အချိန်က ချွိစုက အဖြူရောင်ကြာပန်းသုခဘုံမှ စွမ်းအားအကြီးဆုံး ဗောဓိသတ္တဖြစ်ခဲ့ပြီး ဝမ်ကွမ်းကတော့ စွမ်းအားအကြီးဆုံး ထျန်းကျွင်းတစ်ယောက် ဖြစ်ခဲ့သည်။

သူတို့နှစ်ယောက် တစ်နှစ်ပတ်လုံး တိုက်ခိုက်ခြင်းဖြင့် အချိန်ကုန်ခဲ့ကြသည်ပင်။

ရာစုနှစ်များစွာကြာပြီးနောက် ချွိစုက ကောင်းကင်နတ်ဘုရားအဆင့်သို့ အရင်ဆုံးတက်လှမ်းနိုင်ခဲ့သည်။ သို့သော် အနှစ်(၂၀) မပြည့်မီမှာပင် ဝမ်ကွမ်းသည်လည်း သူ့ကိုအမီလိုက်ကာ အဆင့်တက်လာခဲ့သည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံ တိုက်ပွဲတွင် သူတို့နှစ်ယောက် ထပ်မံရင်ဆိုင်ခဲ့ကြပြန်သည်။

ချွိစု ဤနေရာကို ရှာတွေ့ခြင်းမှာ သူ၏ဆရာဖြစ်သူ “ဓားဗုဒ္ဓ” က လူ့ဘုံသို့ ဝင်ရောက်သွားသဖြင့် သာမန် သေမျိုးလူသားရောင်ဝါက ပြင်ပလောကနှင့် ချိတ်ဆက်သွားသောကြောင့် ဖြစ်သည်။

ဝမ်ကွမ်းကတော့ ချွိစုနောက်သို့ လိုက်လာခြင်း ဖြစ်နိုင်သည်။

ဝမ်ကွမ်း မည်သို့လိုက်လာသည်ကိုတော့ ချွိစု စဉ်းစားမနေတော့သလို စဉ်းစားရန်လည်း မလိုအပ်ပေ။

ယခု ချွိစုက ငြိမ်သက်နေသော ကန်ရေပြင်ပမာ တည်ငြိမ်လျှက်ရှိသည်။

သူက ဝမ်ကွမ်းကို တစ်ချက်ပင် မကြည့်ဘဲ အခြားလမ်းကြောင်းတစ်ခုသို့သာ စူးစိုက်ကြည့်နေသည်။

သူကြည့်နေသည့်နေရာတွင် လူရွယ်တစ်ယောက် ထပ်မံထွက်ပေါ်လာပြီး ဗလာနယ်ထဲတွင်ရှိနေသည့် နတ်ဘုရားထောင်ချောက်ဓားကို ချက်ချင်းပင် လှမ်းယူလိုက်သည်။

ထိုသူက အမတခုံရုံးမှ ဗုံခရာကောင်းကင်ဘုံအရှင်ပင် ဖြစ်လေ၏။

ဝမ်ကွမ်းက ရယ်မောလိုက်ရင်း...

“ဓားနှစ်လက် ၊ အုပ်စုနှစ်စု... တစ်ယောက်တစ်လက် ဝေစုခွဲကြတာပေါ့ ၊ ဘယ်လိုလဲ”

ချွိစုက တိုးလျသည့်လေသံဖြင့်...

“မင်း အဲဒီလိုတွေးတယ်ဆိုရင်တော့ လမ်းမှန်တာအိုဝါဒကလူတွေကို အရင်ဆုံး ရှင်းပစ်မှရမယ် ၊ နောက်မှ ဓားတွေကိုခွဲယူဖို့ ဆွေးနွေးကြတာပေါ့ ၊ ဘာလို့လဲဆိုတော့ မင်းတို့ဘက်က ဓားတစ်လက်အရင်ရသွားရင် ငါတို့ဆရာတပည့်ကို ဒီနေရာမှာပဲ သတ်ပစ်ကြမှာ မဟုတ်လား”

ထို့နောက် သူက စကားထပ်မပြောတော့ပေ။

ဓားဗုဒ္ဓမှ ဖြန့်ကျက်ထားသည့် ဝဲဂယက်ပမာ လူ့ဘုံလမ်းစဉ်က ပိုမိုကျယ်ပြန့်လာပြီး ဝမ်းကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်ကိုပါ လွှမ်းခြုံသွားသည်။

ချွိစု၏ ဓားအလင်းတန်းကတော့ ထက်ရှနေဆဲသာပင်။

ဝမ်ကွမ်းက တစ်ချက်သမ်းဝေလိုက်ရင်း...

“ဘာလို့လဲ... ငါက ဓားသိုင်းကျင့်ကြံသူမှမဟုတ်တာ ၊ ဓားတစ်လက်ရသွားရင်တောင် အမတခုံရုံးကိုပဲ ပြန်သယ်သွားမှာလေ ၊ မင်းတို့နှစ်ယောက်လို ဓားတစ်လက်ရတာနဲ့ စွမ်းအားကြီးသွားမယ့်သူမျိုးမှ မဟုတ်တာ”

သူတို့ရှေ့မှဗလာနယ်က ရုတ်တရက်ပင် ပုံရိပ်ယောင်နယ်မြေတစ်ခုပမာ ကွဲကြေသွားသည်။

ဝမ်ကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့က နေရာမှာပင် ပျောက်ကွယ်သွားပြီး ဓားဗုဒ္ဓ၏ လောကီလူ့ဘုံ ဖြန့်ကျက်မှုရောင်ဝါက လေထုကိုသာလျှင် လွှမ်းခြုံမိသွားသည်။

ထို့နောက် ဝမ်းကွမ်းနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့၏ ပုံရိပ်များက အခြားနေရာတွင် ပြန်လည်ထွက်ပေါ်လာပြီး လူ့ဘုံ၏ရောင်ဝါက သူတို့အား စွန်းထင်းခြင်း အလျဉ်းမရှိပေ။

ဗုံခရာကောင်းကင်ဘုံအရှင်က နတ်ဘုရားထောင်ချောက်ဓားနှင့် ဝေးကွာသည့်နေရာသို့ ရောက်ရှိသွားသော်လည်း ဝမ်ကွမ်းကတော့ ဓားနံဘေးတွင် ရှိနေဆဲပင်။

သူက စကားဆိုလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တစ်လျှောက် ငါတို့တွေတိုက်ပွဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး လမ်းမှန်တာအိုဝါဒက အရမ်း အင်အားကြီးထွားလာတယ် ၊ အခု မင်းက သူတို့ကို ထပ်ပြီးအခွင့်အရေးပေးဦးမလို့လား”

ဗုံခရာကောင်းကင်ဘုံအရှင်က...

“ဒီကောင်တွေကိုအရှင်ရှင်းပစ်ပြီးမှ ဓားကိစ္စ ဆွေးနွေးကြတာပေါ့”

စကားဆုံးသွားသည်နှင့် သူက လက်ဖဝါးတစ်ဖက်ကိုဖြန့်လိုက်သည်။ သူ၏တိုက်ခိုက်မှုက လူ့ဘုံတွင် ချုပ်နှောင်ခံထားရသော ရန်ကျောက်ကဲတို့အုပ်စုထံသို့ ကျရောက်သွားသည်။

ရန်ကျောက်ကဲ ဖမ်းဆီးထားခြင်းကိုခံရသည့် ကျောက်ကျန်း ၊ ယောင်းယွင်ချန်နှင့် အခြားသူများမှာ အပြင်းအထန် ရုန်းကန်လျှက် ရှိကြသည်။

သူတို့အားလုံး လူ့ဘုံသို့ကျရောက်သွားပြီဖြစ်ရာ စွမ်းအားကွာခြားခြင်းမရှိတော့သဖြင့် ထွက်ပြေးရန် လွယ်ကူလေသည်။

ရန်ကျောက်ကဲက အေးစက်သည့်မျက်ဝန်းများဖြင့် သူတို့ကိုကြည့်လိုက်သည်။

“ဒါက ပုံရိပ်ယောင်သက်သက်ပဲ ၊ ငါတို့ တကယ်ပဲ လူ့ဘုံကို ကျမသွားသေးဘူး ၊ ဒါတောင်မှ မင်းတို့က အတင့်ရဲနေတာလား”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲ ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။

သူ၏ကိုယ်တွင်းမှ ပရမ်းပတာချီစွမ်းအားများ မြင့်တက်လာပြီး မျက်ဝန်းများမှ ဓားအလင်းထန်းများ ထိုးဖောက်ထွက်ပေါ်လာသည်။

နတ်သက်ကြွေဓားသိုင်း အလင်းတန်းများ လွှမ်းခြုံသွားသည်နှင့် ရန်ကျောက်ကဲ လူ့ဘုံကိုကျော်လွန်သွားပြီး ကောင်းကင်ကိုးထပ်သို့ ပြန်လည်ရောက်ရှိလာသည်။

“နက်ရှိုင်းနတ်ဘုရားတစ်ပါးအနေနဲ့ ဗုဒ္ဓတစ်ပါးရဲ့ ကျင့်ကြံခြင်းစွမ်းအားကို မချိုးဖျက်နိုင်ပါဘူး ၊ ဒါပေမဲ့ မင်းက လူ့ဘုံအဖြစ် ပြောင်းလဲသွားတဲ့အတွက် ဗုဒ္ဓဆိုတဲ့ အားသာချက် ပျောက်ကွယ်သွားတယ် ၊ အဲဒီလိုပဲ မင်းရဲ့ အမတပန်းပွင့်သရဖူကလည်း ငါ့ရဲ့ဓားဝိညာဉ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲ စကားဆိုလိုက်သည်။

သူဖမ်းဆီးထားသော ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့သည်လည်း အလားတူပင် ခံစားရလေသည်။

သို့သော် ထိုခဏမှပင် ရန်ကျောက်ကဲထံမှဓားအလင်းတန်းများက သူတို့ဦးခေါင်းထက်သို့ လှိုင်းထန်စွာကျရောက်လာပြီး ချက်ချင်းပင် သူတို့အား လူ့ဘုံသို့ဆွဲချသည့်ပမာ ခံစားလိုက်ကြရသည်။

ဤခံစားချက်က ဓားဗုဒ္ဓမှ ဖြန့်ကျက်ထားသည့် ညစ်ညမ်းသော သေမျိုးလူသားလောကရောင်ဝါနှင့် မတူကွဲပြားစွာ ၊ သူတို့အား နတ်ဘုရားအဆင့်မှ အမှန်တကယ်ဆွဲချလိုက်သည့်အလားပင်။

သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများက ရေပမာစီးဆင်းထွက်သွားပြီး သိုင်းသူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားကြသည်။

‌ကျောက်ကျန်းနှင့် ယောင်းယွင်ချန်၏ မျက်လုံးထဲတွင် ရန်ကျောက်ကဲက ကောင်းကင်ယံထက် ရပ်တည်နေသည့် သူတော်စင်တစ်ပါးပမာဖြစ်နေပြီး သူတို့နှင့် ကမ္ဘာတစ်ခုတည်းတွင်ရှိမနေသည့်ပမာ ခံစားကြရသည်။

သို့သော် ရန်ကျောက်ကဲထံမှထွက်ပေါ်လာသည့် ဓားအလင်းတန်းများက သူတို့ထံသို့ဦးတည်ခြင်းမဟုတ်ဘဲ အခြားတစ်နေရာသို့ ဦးတည်နေလေ၏။

All Chapters