← Chapters

အဖွဲ့

Vol. 41 Ch. 559

အဖွဲ့

Vol. 41 Ch. 559

ဝှစ်....

မြူခိုးများရစ်သိုင်းနေသော မြေပြင်တစ်ခုပေါ်သို့ ကောင်းကင်ထက်မှ အလင်းတန်းများစွာ ကြယ်တံခွန်များအလား ဆင်းသက်လာကြသည်။

ဝုန်း...

ပုံရိပ်တစ်ခုမှာ ကောင်းကင်ထက်မှ ဆင်းသက်လာပြီး တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်မိသွား၏။ ကျောက်တုံးကျောက်ဆောင်များ ရုတ်ချည်းဆိုသလိုပင် ပြိုကျသွားရလေသည်။

ထိုပုံရိပ်မှာ အပျက်အစီးများကြားမှ ထလာပြီးနောက် ပတ်ဝန်းကျင်အား လျင်မြန်စွာပင် ကြည့်ရှုစစ်ဆေးလိုက်သည်။

"ဒါကရှန်းဟွပုံရိပ်ယောင်ကမ္ဘာလား။" ဇူယွမ်မှာ ဟိုဟိုဒီဒီကြည့်လျက် ပတ်ဝန်းကျင်အား စူးစမ်းလေ့လာနေ၏။

​ရစ်ဝဲနေသော မြူခိုးများသည်ပင် အရောင်အသွေး စုံလင်လှသည်ကို သတိပြုမိသွားသည်။ ပတ်ဝန်းကျင်တွင် ရှိနေသော အရာအားလုံးမှာ ပုံမှန်လောကထက် အဆပေါင်းများစွာ ကြီးမားနေ၏။ ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်အား ထိုးဖောက်မတက်ပင် ကြီးမားနေပြီး အလွန်ပင် ရင်သက်ရှုမောဖွယ်ကောင်းသော မြင်ကွင်းအား ဖြစ်ပေါ်စေလျက် ရှိသည်။

ဤနေရာ၌ ရှိနေသော မည်သူမဆို မိမိကိုယ်ကို သေးငယ်လွန်းသည်ဟုသာ ခံစားရပေလိမ့်မည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြီးမားလှသည့်အပြင် ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး အလွန်ပင် ကြီးကျယ်ခမ်းနားလွန်းလှ၏။

"ဒီနေရာမှာရှိနေတဲ့ ချီစွမ်းအင်တွေက အရမ်းသန့်စင်တာပဲ။" ဇူယွမ်မှာ ကျေနပ်အားရစွာဖြင့် အသက်တဝကြီး ရှူရှိုက်လိုက်သည်။ ပတ်ဝန်းကျင်တွင်ရှိနေသော ချီစွမ်းအင်များမှာ အဖြူရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီးနောက် ဇူယွမ်၏ နှာခေါင်းမှတဆင့် ချီပင်လယ်အတွင်း ဝင်ရောက်သွားကြသည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းမှ ချီစွမ်းအင်များအား စုပ်ယူလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ချီပင်လယ်အတွင်းရှိ ချီကြယ်ပွင့်များမှာ ယခင်ကထက် ပိုမိုလင်းလက်လာသည်ကို ဇူယွမ်မှ သတိပြုလိုက်မိလေသည်။

ဇူယွမ်မှာ အံ့အားသင့်သွားရပြီးနောက် ချက်ချင်းဆိုသလိုပင် မျက်ဝန်းများအားပိတ်ကာ ချီပင်လယ်အား စစ်ဆေးကြည့်ရှုလိုက်၏။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် အံ့အားသင့်စွာဖြင့်ပင် မျက်ဝန်းများ ပြန်လည်ပွင့်ဟလာရသည်။ ချီကြယ်ပွင့်များ လင်းလက်လာသည်မှာ အမှန်တကယ်ပင် ဖြစ်၏။

"ဒီမှာရှိနေတဲ့ ချီစွမ်းအင်တွေက ချီကြယ်ပွင့်တွေကိုတောင် သန့်စင်ပေးနိုင်တယ်ပေါ့လေ။" ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။

"ဒီနေရာက တကယ်ကို အဖိုးတန်တဲ့နေရာပဲ။"

သူသည် ကူကယ်ရာမဲ့စွာဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအား ချီးကျူးစကားဆိုလိုက်သည်။ ဤနေရာတွင် ပေါလျှံကြွယ်ဝနေသော ချီစွမ်းအင်များသည်ပင် ချီကြယ်ပွင့်များအား သန့်စင်စေနိုင်ပေသည်။ ထို့နောက် ပတ်ဝန်းကျင်အား ထပ်မံစစ်ဆေးလိုက်ကာ မီးအိမ်ငယ်တစ်လုံးအား သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။ ထိုမီးအိမ်ငယ်အတွင်း ချီစွမ်းအင်များ သွန်းလောင်းလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲစေလိုက်လေသည်။

မီးအိမ်ငယ်လေးမှာ အလျင်အမြန်ပင် ကြီးမားလာကာ အလင်းတန်းများ ထွက်ပေါ်လာ၏။ ၎င်းမီးအိမ်အား နေ့အချိန်၌ပင် ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

ထိုမီးအိမ်သည် မိုင်တစ်ရာပတ်လည်မျှထိ ထွန်းလင်တောက်ပနိုင်ပြီး ကန်ရွှမ်းကလန်၏ တပည့်များအချင်းချင်း ဆက်သွယ်ရန်အသုံးပြုသော အရာတစ်ခုပင် ဖြစ်သည်။

မီးအိမ်အား ကောင်းကင်ထက်သို့ လွှတ်တင်လိုက်ပြီးနောက် ဇူယွမ်မှာ ကျောက်ဆောင်တစ်ခု၏ပေါ်တွင်ထိုင်ကာ မျက်ဝန်းများအား ပိတ်လိုက်လေသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုပ်ယူကာ ချီပင်လယ်အား သန့်စင်နေလိုက်သည်။

အချိန်အနည်းငယ်ကြာမြင့်သွားပြီးနောက်

လေတိုးသံများနှင့်အတူ ကောင်းကင်ထက်မှ ပုံရိပ်အချို့ ဇူယွမ်ရှိရာနေရာသို့ ဆင်းသက်လာကြသည်။

"နှုတ်ဆက်ပါတယ် တပည့်ခေါင်းဆောင်ဇူယွမ်။"

ထိုပုံရိပ်များမှာ ဇူယွမ်အား အရိုအသေပြု နှုတ်ဆက်လိုက်ကြ၏။

ဇူယွမ်မှာ မျက်ဝန်းများ ပွင့်ဟလာပြီးနောက် ထိုပုံရိပ်များအားကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ၎င်းပုံရိပ်များအကြား၌ အနီရောင်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးတစ်ဦးကို တွေ့ရှိလိုက်ရလေသည်။

"ဟွမ်ချီ..." ဇူယွမ်မှာ အတော်ပင် အံ့အားသင့်သွားရသည်။

ထိုနီမြန်းသော အဝတ်အစားများ ဝတ်ဆင်ထားသူမှာ ဂူဟွမ်ချီပင် ဖြစ်သည်။ ဇူယွမ်သည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သူမနှင့် တစ်နေရာထဲတွင် တွေ့ဆုံရလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် အလွန်ပင် အံ့အားသင့်သွားမိ၏။

"တပည့်ခေါင်းဆောင်ဇူယွမ် ငါဒီနေရာကို တာဝန်ပေးခံရအောင်လို့ တော်တော်ကြိုးစားလိုက်ရတယ်သိလား။ အဲ့ဒါကြောင့် အခုနင်ငါ့ကို သေချာစောင့်ရှောက်ပေးရမယ်နော်။" ဂူဟွမ်ချီမှ ချစ်စဖွယ်အမူအရာဖြင့် ပြုံးကာစကားဆိုလိုက်သည်။ သူမ၏ ချစ်စဖွယ်အပြုံးကြောင့် ယောက်ျားလေး တပည့်များမှာ အကြည့်ပင်မလွှဲနိုင်ပဲ ဖြစ်နေကြရလေသည်။

ကန်ရွှမ်းကလန်အတွင်း ဂူဟွမ်ချီမှာ အလွန်ပင် ကျော်ကြားသော မိန်းမငယ်တစ်ဦး ဖြစ်သည်။ သူမသည် လှပထက်မြက်ရုံသာမက တောင့်တင်းသော နောက်ခံအင်အားကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ ထို့ကြောင့် ကလန်အတွင်းရှိ ယောက်ျားလေးတပည့်များစွာမှာ သူမအား နှစ်ခြိုက်သဘောကျကြ၏။

ဇူယွမ်မှာ ရယ်မောနေသော ဂူဟွမ်ချီအားကြည့်ကာ ခပ်ဖွဖွပြုံးလိုက်မိသည်။ သူသည် ဂူဟွမ်ချီနှင့် အပြင်တောင်တွင် ရှိစဉ်ကတည်းမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမနှင့် ယခုကဲ့သို့ ပြန်လည်တွေ့ဆုံရခြင်းအပေါ် ပျော်ရွှင်မိပေသည်။

"စိတ်ပူမနေပါနဲ့။ ဒီနေရာမှာ မိန်းမလှလေးကို ကယ်တင်ချင်တဲ့ သူရဲကောင်းတွေ အများကြီးပါ။" ဇူယွမ်မှ ရယ်မောကာ ပြောလိုက်သည်။

အမှန်အားဖြင့် ဂူဟွမ်ချီမှာ အခြားသူများထက် သန်မာမှုတွင် အားနည်းသူဖြစ်သည်။ သို့သော် သန်မာမှုတွင် အားနည်းပါသော်လည်း ဤနေရာသို့ ဝင်ရောက်နိုင်သည့် လုံလောက်သောစွမ်းအင်များအား ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

ထို့ကြောင့်ပင် ဂူဟွမ်ချီသည် သူမ၏သန်မာမှုအပေါ် အခြေခံ၍ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း အန္တရာယ်ကင်းနိုင်လောက်သော နေရာကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဇူယွမ်မှ တပည့်များအားကြည့်ကာ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်၏။ "တခြားတပည့်တွေရော ဒီနေရာကို လာကြဦးမလားမသိဘူး။ ငါတို့ ခဏလောက် စောင့်ကြတာပေါ့။"

တပည့်များမှာ ဇူယွမ်အား အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြပြီးနောက် အနီးနားတွင်ရှိသော ကျောက်တုံးကျောက်ဆောင်များပေါ်တွင် ထိုင်နေလိုက်​ကြသည်။

ဂူဟွမ်ချီမှာလည်း သူမ၏ စီနီယာအမတော်များနှင့်အတူ ကျောက်ဖျာချပ်တစ်ခုပေါ်တွင် နေရာယူလိုက်သည်။ ထို့နောက် ဇူယွမ်အား ငေးမောကြည့်ရှုနေလိုက်၏။ နှိုင်းယှဉ်ကြည့်ရမည်ဆိုပါက ဇူယွမ်မှာ လွန်ခဲ့သော တစ်နှစ်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီပင် ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က မူလသူတော်စင်တောင်ထွတ်၏ တပည့်အသစ်လေးဇူယွမ်သည် ယခုအခါတွင် တပည့်ခေါင်းဆောင်တစ်ဦးပင် ဖြစ်နေပြီဖြစ်သည်။

ဇူယွမ်၏ တိုးတက်လာမှုများမှာ လူတိုင်းတွေးဆနိုင်သော စိတ်ကူးများထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။

"ဟီးဟီး...နှလုံးသားထဲမှာ ချစ်စိတ်တွေ ထကြွနေပြီလား။" မိန်းမငယ်လေးတစ်ဦးမှ ဂူဟွမ်ချီ၏ခါးကိုတို့ကာ စနောက်လိုက်သည်။

"ဟွမ်ချီ နင်ကငါတို့ ကန်ရွှမ်းတောင်ထွတ်ရဲ့ နံပါတ်တစ် အလှပဂေးလေးပဲနော်။ ငါတို့တောင်ထွတ်မှာ နင့်ကိုလိုချင်နေကြတဲ့ ကောင်လေးတွေ အများကြီးပဲ။ တခြားတောင်ထွတ်က လူကသာ နင့်ကိုရသွားရင် တောင်ထွတ်အချင်းချင်း တိုက်ပွဲတွေ ဖြစ်ကုန်တော့မှာပဲ။" အခြားသော မိန်းမငယ်လေးတစ်ဦးမှလည်း ရယ်မောကာ စနောက်လိုက်သည်။

ဂူဟွမ်ချီမှာ ပါးမို့မို့လေးများ နီရဲလာပြီးနောက် အလျင်အမြန်ပင် စကားဆိုလိုက်သည်။ "ဘာတွေလျှောက်ပြောနေကြတာလဲ။"

ဂူဟွမ်ချီ၏ အနီးတွင်ရှိသော မိန်းမငယ်လေးတစ်ဦးမှ တည်ငြိမ်စွာ ပြောလိုက်သည်။ "တပည့်ခေါင်းဆောင်ဇူယွမ်က တကယ်မဆိုးပါဘူး။ ကလန်ကိုရောက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတယ်ဆိုပေမယ့် အခုချိန်မှာ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်တောင် ဖြစ်နေပြီလေ။"

ဂူဟွမ်ချီမှာ ထိုမိန်းမငယ်လေးများ၏ ရည်ရွယ်ချက်အား သိရှိနေဟန်ဖြင့် ရှုံ့မဲ့ကာ စကားဆိုလိုက်သည်။ "ငါ့ကိုအားနာမနေကြပါနဲ့။ ဇူယွမ်ကို ကြိုက်တယ်ဆိုရင် ကိုယ့်အစွမ်းအစနဲ့ကိုယ် လွတ်လွတ်လပ်လပ်သာ ကြိုးစားကြ။"

ဂူဟွမ်ချီ၏စကားကြောင့် မိန်းမငယ်လေးများမှာ ကျေနပ်အားရစွာ ရယ်မောလိုက်ကြသည်။

ဤသို့ဖြင့် အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် တပည့်ဆယ်ဦးခန့် ထိုနေရာသို့ ထပ်မံရောက်ရှိလာကြသည်။ ဇူယွမ်မှာ ထိုတပည့်များအကြားတွင် ဇူထိုက်နှင့် လုယန်းတို့အား တွေ့ရှိလိုက်ရသောကြောင့် အနည်းငယ် အံ့အားသင့်သွားရ၏။

"ဟင်....ဂျူနီယာညီတော်ဇူယွမ်။" ဇူထိုက်နှင့် လုယန်းတို့မှာလည်း ဇူယွမ်အား တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားကြ၏။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သောကြောင့် ဇူထိုက်တို့မှာ သက်တောင့်သက်သာ ဖြစ်သွားကြလေသည်။

ဇူယွမ်မှာ ဇူထိုက်တို့အား ပြုံးကာနှုတ်ဆက်လိုက်ပြီးနောက် အခြားတပည့်များအားကြည့်ကာ ပြောလိုက်သည်။ "စီနီယာအမတော်လီချင်းချန် ပြောထားသလိုပဲ။ အဖွဲ့တွေကို တပည့်ခေါင်းဆောင်တွေကနေ ဦးဆောင်ရမယ်။ အခုမင်းတို့က ငါနဲ့တွေ့တယ်ဆိုတော့ ဒီအဖွဲ့ကို ငါကဦးဆောင်ရလိမ့်မယ်။ သဘောမတူတဲ့လူရှိရင် လက်ထောင်ပြကြပါ။"

ထိုနေရာတွင် တပည့်ဦးရေ ခုနစ်ဆယ်ကျော်ခန့်ရှိနေပြီး ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များလည်း ပါဝင်နေသည်။

အခြားတောင်ထွတ်များမှ တပည့်များသည် မူလသူတော်စင်တောင်ထွတ်အား အထင်သေးလေ့ရှိသောကြောင့် အဖွဲ့အား ဦးဆောင်ခြင်းမပြုမီ ဇူယွမ်မှာ ဦးစွာပထမ မေးမြန်းလိုက်ခြင်းပင် ဖြစ်၏။

သို့သော် မည်သူကမှ ကန့်ကွက်ခြင်း မပြုကြသဖြင့် ဇူယွမ်မှာ အနည်းငယ်မျှ အံ့အားသင့်သွားရလေသည်။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များသည်ပင် ငြင်းပယ်ခြင်းမပြုပဲ တိတ်ဆိတ်ငြိမ်သက်နေကြ၏။

တပည့်များမှာ ဇူယွမ်အား အရိုအသေပြုကာ စကားဆိုလိုက်ကြသည်။ "ကျွန်တော်တို့အားလုံး တပည့်ခေါင်းဆောင်ဇူယွမ်ရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်။"

ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသော်လည်း မူလသူတော်စင်တောင်ထွတ်၏ လက်ရှိအခြေအနေသည် ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း ပြန်လည်သတိပြုမိသွားသည်။ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပပြီးစီးသည့် အချိန်မှစ၍ မူလသူတော်စင်တောင်ထွတ်၏ ဂုဏ်သတင်းမှာ တမုဟုတ်ချင်း ကျော်ကြားသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လက်ရှိအချိန်၌ ဇူယွမ်မှာ တပည့်ခေါင်းဆောင်များအကြားတွင်ပင် ထိပ်ဆုံး၌ ရှိနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် တပည့်အများစုမှာ ဇူယွမ်၏ ဦးဆောင်မှုနောက်သို့သာ လိုက်ပါချင်ကြ၏။ ထို့အတွက်ကြောင့် တပည့်များမှာ ဇူယွမ်နှင့် ဆုံတွေ့ရသည်ကိုပင် ဝမ်းသာမဆုံး ဖြစ်နေကြရသည်။

ဇူယွမ်မှာ အနောက်တောင်အရပ်သို့ ကြည့်ရှုကာ စကားဆိုလိုက်သည်။ "အဲ့ဒါဆိုရင် ငါတို့တွေ အဲ့ဖက်ကို ဦးတည်သွားကြတာပေါ့။ အဲ့နေရာမှာ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ရှိမယ်လို့ ခန့်မှန်းရတယ်။ တကယ်လို့ ငါတို့လမ်းကို တစ်ယောက်ယောက်က ပိတ်ခ့ဲမယ်ဆိုရင်တော့...."

"ငါတို့ကန်ရွှမ်းကလန်ရဲ့ စွမ်းအားအစစ်အမှန်ကို မြည်းစမ်းခိုင်းရသေးတာပေါ့။"

"သွားကြရအောင်။"

ဇူယွမ်မှာ ကောင်းကင်ထက်သို့ ပျံဝဲလိုက်၏။

ဝှစ်....ဝှစ်....

တပည့်များမှာလည်း ဇူယွမ်၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြလေတော့သတည်း။

All Chapters