← Chapters

ကိုယ်ပွား ထွက်ခွာခြင်း၊ သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူအား စူးစမ်းရှာဖွေခြင်း။

Vol. 15 Ch. 192

ကိုယ်ပွား ထွက်ခွာခြင်း၊ သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူအား စူးစမ်းရှာဖွေခြင်း။

Vol. 15 Ch. 192

"အင်း... ဒီလိုကြည့်လိုက်တော့လည်း ဒါက တကယ်ကောင်းတဲ့ကိစ္စ ဖြစ်သွားတာပဲ"

လန်ယွဲ့ရှီက သဘောတူစွာ ခေါင်းညိတ်လိုက်မိသည်။

"အရင်တုန်းက အခြေတည်အဆင့် အကြီးအကဲတော်တော်များများ ကျွန်မရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေမနပ် ဖြစ်ခဲ့ကြတယ်.. ဒါပေမဲ့ အခု... ဒီဒုက္ခရှာတဲ့သူတွေ သေသွားပြီးတဲ့နောက်တော့ သူတို့အားလုံး ပါးစပ်ပိတ်သွားကြပြီ.."

သူမ သွေးအရိပ်ဘိုးဘေးလိုဏ်ဂူကို မစူးစမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အခြေတည်အဆင့် အကြီးအကဲများစွာ၏ မကျေနပ်မှုကို ခံခဲ့ရသည်။ သူတို့သည် လူအများရှေ့တွင် မည်သို့မျှ မဆိုဝံ့ကြသော်လည်း၊ နောက်ကွယ်တွင်မူ မကျေမနပ် တီးတိုးပြောဆိုမှုများ များစွာ ရှိနေခဲ့သည်။

သို့သော် အစီအရင်တောင်ထွတ်သခင် ယောင်ဝမ်နှင့် ဆုပေးဒဏ်ပေးခန်းမသခင် ရှုချီယန် အစရှိသည့် သူများ သေဆုံးသွားပြီးနောက်တွင်၊ ပြဿနာရှာသူများ လုံးဝ ပါးစပ်ပိတ်သွားကြသည်။

ထိုအခြေတည်အဆင့် အကြီးအကဲများသည်လည်း သွေးအရိပ်လိုဏ်ဂူ၏ အန္တရာယ်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ ၎င်းနေရာအား ဧရာမ စစ်ပွဲဝဲဂယက်ကြီးတစ်ခုနှယ် တင်စားနိုင်ပေသည်။ ပါဝင်ရန် လုံလောက်သောခွန်အားမရှိပါက၊ လွတ်လမ်းမရှိဘဲ သေပွဲဝင်ရမည်မှာ သေချာလှသည်။

"ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူက တဖြည်းဖြည်း ပိုအန္တရာယ်များလာပုံပဲ.. အဲ့ဒီစတုတ္တအဆင့် အစီအရင်က ကျိုးပေါက်တော့မှာလား..."

ကျိုးစွေ့သည် အန္တရာယ်တစ်ခု နီးကပ်လာသည်ကို အာရုံခံမိလိုက်ဟန်ဖြင့် မျက်လုံးများ မှေးစင်းလိုက်မိသည်။

"ဟုတ်တယ်... ငါ့ယောက်ျားကတော့ တကယ့် လင်းယုန်မျက်လုံးပိုင်ရှင်ပဲ" လန်ယွဲ့ရှီက လေးနက်စွာ ပြောလိုက်သည်။ "အဲ့ဒီ စတုတ္ထအဆင့် အစီအရင်က ရွှေအမြုတေ ဆရာသခင် အယောက်နှစ်ဆယ်၊ သုံးဆယ်လောက်ရဲ့ ရှစ်နှစ်လုံးလုံး အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ ..သူ့ရဲ့ ဝိညာဉ်ကျောက်တုံးစွမ်းအင်တွေ လုံးဝ ကုန်ခမ်းသွားသလောက် ဖြစ်နေပြီ.."

"ဒီအတိုင်းသာ ဆက်သွားရင်.. ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူရဲ့ ကာကွယ်ရေး အစီအရင် သေချာပေါက် ပျက်စီးသွားလိမ့်မယ်"

"အဲ့ဒီအခါကျရင်... ဒီအချိန်အတော်ကြာ ထိန်းသိမ်းထားခဲ့တဲ့ ငြိမ်းချမ်းရေးက ပျက်ဆီးသွားနိုင်တယ်.."

ပြီးခဲ့သည့် ရှစ်နှစ်တာကာလအတွင်း အင်မော်တယ်ရှားဂိုဏ်းမှာ အမှန်တကယ်တွင် အရှုံးထက် အမြတ်က ပိုများခဲ့သည်။

အကြောင်းမှာ ပြင်ပမှ ကျင့်ကြံသူအများအပြား အင်မော်တယ်ရှားဂိုဏ်း နယ်မြေသို့ ရောက်ရှိလာခဲ့ကြပြီး ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ မှော်ပစ္စည်းများ၊ ကုန်ကြမ်းများ၊ လျှို့ဝှက်ကျမ်းများ၊ အဆောင်များ စသည်တို့ အမြောက်အမြား ယူဆောင်လာခဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းက အင်မော်တယ်မြူခိုးကျွန်း၏ ကုန်သွယ်ရေး ဗဟိုချက်အလား ဖြစ်စေခဲ့သည်။

ဤကာလအတွင်း အင်မော်တယ်ရှားဂိုဏ်းမှာ မထင်မှတ်လောက်အောင် ကြီးပွားချမ်းသာခဲ့သည်။ ဤရှစ်နှစ်အတွင်း သူတို့ ရှာဖွေနိုင်ခဲ့သော ငွေပမာဏသည် ပြီးခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ၏ ဝင်ငွေနှင့်ပင် ညီမျှနေသည်။

"ဒီလိုဆိုရင်တော့ ဒါက နည်းနည်း အန္တရာယ်များတဲ့ အခြေအနေပဲ.."

ကျိုးစွေ့၏ မျက်လုံးများ မှေးစင်းသွားသည်။

အင်မော်တယ်ရှားဂိုဏ်း ဌာနချုပ်နှင့် သွေးအရိပ်ဘိုးဘေးလိုဏ်ဂူကြား အကွာအဝေးမှာ ကီလိုမီတာ သုံးထောင်မျှသာ ရှိသည်။

သာမန်လူများအတွက် ကီလိုမီတာ သုံးထောင်သည် အလွန် ဝေးကွာသော ခရီး ဖြစ်နိုင်သော်လည်း၊ ကျင့်ကြံသူတစ်ဦးအတွက်မူ ၎င်းသည် အခြေခံအားဖြင့် ပြောပလောက်စရာ မဟုတ်ပေ။ ယင်းအကွာအဝေးအား တစ်ရက်၊ နှစ်ရက်အတွင်း လွယ်ကူစွာ ဖြတ်ကျော်နိုင်ပေသည်။

ထို့ကြောင့် ရွှေအမြုတေစစ်ပွဲကြီးတစ်ခုသာ အမှန်တကယ် ဖြစ်ပွားခဲ့ပါက၊ အင်မော်တယ်ရှားဂိုဏ်းကိုပါ ထိခိုက်လာနိုင်ဖွယ် ရှိနေသည်။

"တကယ်တော့ အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး…" ရှားကျင်းယန်က လေးလေးနက်နက် ဝင်ပြောသည်။

"ကျွန်မ အမြင်အရတော့ အင်မော်တယ်ရှားဂိုဏ်းက တော်တော်လေး လုံခြုံနေပါသေးတယ်.. တတိယအဆင့် အဆင့်မြင့် ခရမ်းမြူခိုးယင်ယန်အစီအရင်ရဲ့ စွမ်းအားနဲ့ဆို.. ရွှေအမြုတေ ဆရာသခင် တစ်ယောက်ယောက်က ဒုက္ခလာရှာရင်တောင်.. အင်မော်တယ်ရှားဂိုဏ်း နယ်မြေထဲကို ကျူးကျော်ရဲမှာ မဟုတ်ဘူး.."

"တကယ်တော့... အစ်မလန်သာ အစီအရင်ပညာရပ်မှာ ကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင်.. အစ်မ ဒီအစီအရင်ကို လုံးဝ ထိန်းချုပ်နိုင်လိမ့်မယ်.. အဲ့ဒီအခါကျ သနားစရာ ရွှေအမြုတေတွေကို ထားလိုက်ဦး.. ဝိညာဉ်သန္ဓေသားအဆင့်ရဲ့ စွမ်းအားကိုတောင် ရင်ဆိုင်နိုင်လိမ့်မယ်.."

သူမသည် အင်မော်တယ်ရှားဂိုဏ်း၏ အကာအကွယ် အစီအရင်ကို ယခင်က သုတေသန ပြုလုပ်ဖူးပြီး ဤတတိယအဆင့် အစီအရင်၏ တန်ခိုးအစွမ်းကို သိရှိထားသည်။

အခြေခံအားဖြင့် ၎င်းကို စတုတ္ထအဆင့်နီးနီးရှိ အစီအရင်ဟုပင် သတ်မှတ်နိုင်ပေသည်။ ဤသည်မှာ တစ်ချိန်က ဝိညာဉ်သန္ဓေသားအဆင့်ဂိုဏ်း ဖြစ်ခဲ့သည့်ဂုဏ်ပုဒ်နှင့် ထိုက်တန်ပြီး ၎င်း၏ အခြေခံအုတ်မြစ်မှာ အလွန်နက်ရှိုင်းသည်ဟုသာ ဆိုရပေမည်။

"အစီအရင်ပညာရပ်မှာ ကျွမ်းကျင်ဖို့ ဟုတ်လား.. ဟူး.. ငါလည်း ကျွမ်းကျင်ချင်တာပေါ့" လန်ယွဲ့ရှီ အတော်လေး ကူကယ်ရာမဲ့သွားသည်။

"ကံမကောင်းစွာနဲ့ပဲ.. အစီအရင်ပညာရပ်ရဲ့ အသိပညာက တကယ်ကို ခက်လွန်းတယ်.. ဒါက ငါ့ကို ခေါင်းကိုက်စေတယ်.. သင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ…"

သူမ၏ ကျင့်ကြံခြင်းပါရမီသည် အသက်ရှစ်ဆယ်ကျော်တွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိခဲ့သည်အထိ အတော်လေး ကောင်းမွန်သော်လည်း၊ အစီအရင်ပညာရပ်ကို သင်ယူရန်မှာမူ ထိုမျှ မလွယ်ကူလှပေ။

အများဆုံးအားဖြင့် သူမတွင် ပထမအဆင့် အောက်ခြေအဆင့် အစီအရင်ပညာရှင်၏ ကျွမ်းကျင်မှု အဆင့်မျှသာ ရှိသည်။

သူမသည် ဤအစီအရင်ကို မနည်း ထိန်းချုပ်နိုင်ရုံမျှသာ တတ်ကျွမ်းပြီး ၎င်း၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်သုံးနိုင်သေးသည်။

ဤတတိယအဆင့် အစီအရင်ကို အပြည့်အဝ အသက်သွင်းနိုင်ရန် အနည်းဆုံး တတိယအဆင့် အစီအရင်ပညာရှင်အဆင့် ကျွမ်းကျင်မှု လိုအပ်ပေသည်။

နှမြောစရာကောင်းသည်မှာ၊ ဤအဆင့်သို့ ရောက်ရှိရန် အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးတွင် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။

အစီအရင်တောင်ထွတ်သခင်၏ လက်ရှိအဆင့်မှာပင် ဒုတိယအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသေးသည်။ တတိယအဆင့် အစီအရင်ပညာရှင်တစ်ယောက် ဖြစ်လာရန် မည်မျှ ခက်ခဲသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

"အစီအရင်ပညာရပ်လို့ ပြောလိုက်တာလား"

ဤသို့ ကြားလျှင် ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။

‘ငါ ဓားသိုင်းပညာကို အဆင့်မြင့်မြင့်အထိ လေ့ကျင့်ပြီးသွားပြီ.. နောက်ထပ်ကတော့ ငါ ပုံမှန်အတိုင်း ဆက်လက် ကျင့်ကြံနေသမျှ ကာလပတ်လုံး အချိန်တိုအတွင်းမှာ ကြီးကြီးမားမား တိုးတက်လာတော့မှာ မဟုတ်ဘူ.. အင်မော်တယ်ရှားဂိုဏ်း ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ချင်တယ်ဆိုရင်တော့... ဖြစ်နိုင်တာက ငါ အစီအရင်ပညာရပ်ကနေပဲ စတင်ရလိမ့်မယ်.. 'စာအုပ်ကူ'ရဲ့ စွမ်းအားနဲ့ဆိုရင် ငါလည်း တတိယအဆင့် အစီအရင်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်’

‘ ဟုတ်တယ်.. အစီအရင်ပညာကို လေ့လာရုံတင် မဟုတ်ဘူး.. သွေးအရိပ်ဘိုးဘေး လိုဏ်ဂူအကြောင်း လက်တွေ့ကျတဲ့ သတင်းအချက်အလက်တွေလည်း လိုအပ်တယ်.. ကိုယ့်ကိုယ်ကိုရော.. ရန်သူကိုရော သိမှ တိုက်ပွဲတိုင်းကို အောင်နိုင်မှာ… ဘာပဲဖြစ်ဖြစ်.. ငါ့မှာ အခု ကိုယ်ပွားတွေ အများကြီး ရှိနေပြီ.. အဲ့ဒီကို နှစ်ယောက်..သုံးယောက် လွှတ်လိုက်တာက ဘာမှမဖြစ်ဘူး.. ကိုယ်ပွားတွေ ဘယ်လောက် သေသွားသွား အရေးမကြီးဘူး.. ပြီးတော့ ကီလိုမီတာသုံးထောင်ဆိုတဲ့ အကွာအဝေးက သိပ်မဝေးပါဘူး..’

'ကိုယ်ပွားကူ’က အဆင့်နှစ်ကို ရောက်သွားပြီဆိုတော့.. ငါ့ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ပိုဝေးတဲ့ အကွာအဝေးကို သွားနိုင်ပြီ.. ကီလိုမီတာသုံးထောင်ဆိုတာ ထိန်းချုပ်နိုင်တဲ့ အကွာအဝေးထဲမှာ ပါနေသေးတယ်.. ကိုယ်ပွားနဲ့ အဆက်အသွယ် ပြတ်သွားမှာ မဟုတ်ဘူး’

"ယောက်ျား... ဘာတွေ တွေးနေတာလဲ" လန်ယွဲ့ရှီက ကျိုးစွေ့အား စူးစမ်းသလို ကြည့်လိုက်သည်။

"အင်း... မင်းကို အစီအရင်ပညာအကြောင်း ဘယ်လို သင်ပေးရမလဲ စဉ်းစားနေတာ…"

"အများကြီး စဉ်းစားပြီးတဲ့နောက်တော့... အစီအရင်ပညာရပ်ရဲ့ နက်နဲမှုတွေကို ယောက်ျားကိုယ်တိုင် သင်ပေးမှ ဖြစ်မယ်ထင်တယ်…"

ကျိုးစွေ့က လန်ယွဲ့ရှီ၏ သွယ်လျသော ခါးလေးကို ဆွဲဖက်လိုက်သည်။

"ယောက်ျား... အစီအရင်ပညာသင်တာက ညရောက်မှ မဟုတ်ဘူးလား" လန်ယွဲ့ရှီ၏ မျက်နှာလေးမှာ ရဲတွတ်သွားပြီး မျက်လုံးလေးဝင့်ကာ စလိုက်သည်။ "အခုက နေ့ခင်း ကြောင်တောင်ကြီးလေ.. ဟွန့်.."

‘ဟွန့်.. ငါက ဂုဏ်သရေရှိ ရွှေအမြုတေ ဆရာသခင်တစ်ယောက်.. အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်... နေ့ခင်းဘက်ကြီး အသိပညာ သင်ယူရတယ်ဆိုတာက မဖြစ်သင့်ဘူးလေ.. ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ငါ တကယ် မျက်နှာပူရလိမ့်မယ်..’

"စိတ်မပူပါနဲ့... မင်းရဲ့ လေ့လာချိန်က ကြာမှာ... ညအထိ ရောက်သွားလိမ့်မယ်.." ကျိုးစွေ့က ရှက်ကြောကင်းမဲ့စွာ တဲ့တိုး ပြောလိုက်သည်။ "ပြီးတော့... ပညာသင်ယူတဲ့ကိစ္စမှာ နေ့တို့ ညတို့ ခွဲခြားနေစရာ မလိုပါဘူး…"

မည်သို့ပင်ဆိုစေကာမူ၊ သူသည် ဆရာကောင်းတစ်ဦး ဖြစ်သည် မဟုတ်လော။

"ဟွန့်…"

ဤစကားကို ကြားလျှင် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ မျက်နှာများ ရဲပဒေါင်းခတ်သွားသည်။ သို့သော် ကျောင်းသူများအနေဖြင့် သူတို့သည်လည်း ဤကျင့်ကြံခြင်း အသိပညာကို အတူတကွ သင်ယူရန် လိုအပ်သည် မဟုတ်ပါလော။ အချိန်တိုအတွင်းမှာပင် သူတို့အားလုံး ပညာသင်ကြားခြင်းထဲ၌ နစ်မြောသွားကြတော့သည်။

…

ဝှစ်…။

ဤအချိန်တွင် ကျိုးစွေ့၏ ကိုယ်ပွားသုံးခုသည် အင်မော်တယ်ရှားဂိုဏ်းမှ ထွက်ခွာသွားကြသည်။ သူတို့သည် နတ်ဆိုးအသွင်ပြောင်း ပညာရပ်ကို အသုံးပြုကာ အရပ်ရှည်သူ၊ ပုသူ၊ ဝသူစသဖြင့် မတူညီသော ပုံပန်းသဏ္ဍာန် သုံးမျိုးသို့ ပြောင်းလဲလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့သည် ချီသန့်စင်ခြင်းအဆင့်(၉) ကျင့်ကြံမှုအဆင့်ကိုလည်း ပြသထားကြသည်။

အကြောင်းမှာ ကျင့်ကြံမှုအဆင့် မြင့်လွန်းနေပါက အာရုံစိုက်ခံရနိုင်ပြီး၊ အားနည်းလွန်းနေပါကလည်း ချုံခိုတိုက်ခိုက်ခံရနိုင်သောကြောင့် ဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့်(၉)သည် အနေတော် အလယ်အလတ်အဆင့်တစ်ခု ဖြစ်သည်။

လမ်းခရီးတွင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်မှာ အင်မော်တယ်ရှားဂိုဏ်းနယ်မြေထဲမှ ကျင့်ကြံသူ အရေအတွက်မှာ တိုးပွားလာနေခြင်းပင် ဖြစ်သည်။

ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူ မပေါ်ပေါက်မီ၊ လွန်ခဲ့သော ရှစ်နှစ်တွင် ကျင့်ကြံသူ အရေအတွက်မှာ မနည်းလှသော်လည်း ယခုလောက်ထိတော့ များပြားခြင်း မရှိပေ။ ကျင့်ကြံသူအများစုမှာ တောင်များထဲ သို့မဟုတ် ဈေးများထဲတွင် ပုန်းအောင်းနေထိုင်ကြသည်။

သို့သော် ယခုအခါ သူသည် အုပ်စုလိုက် သွားလာနေကြသော ကျင့်ကြံသူ အမြောက်အမြားကို တွေ့ရှိနေရပြီး၊ ယခင်ကထက် အဆများစွာ ပိုမို များပြားလာသည်။

မှန်ပေသည်၊ ပိုအရေးကြီးသည်မှာ သူသည် ထိုကျင့်ကြံသူများထံမှ ကြောက်မက်ဖွယ် အငွေ့အသက်များကို ခံစားမိနေရခြင်း ဖြစ်သည်။

၎င်းတို့ တစ်ယောက်ချင်းစီတိုင်းမှာ ရန်စရန် မလွယ်ကူဘဲ ကြောက်မက်ဖွယ်ကောင်းလှသည်။

All Chapters