အခြေတည်အဆင့် ကျင့်ကြံသူနှင့် တွေ့ဆုံခြင်း၊ ပိုမိုပရမ်းပတာ ဖြစ်လာသော နယ်မြေ။
Vol. 15 Ch. 193
ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"အင်မော်တယ်ရှားဂိုဏ်းနယ်မြေထဲက အခြေအနေတွေက တကယ်ကို ပိုပြီး ရှုပ်ထွေးလာတာပဲ…"
သူသည် ဤကာလတစ်လျှောက်လုံး အင်မော်တယ်ရှားဂိုဏ်းအတွင်း၌သာ လေ့ကျင့်နေခဲ့သည်ဖြစ်ရာ၊ အပြင်လောက၏ အခြေအနေမှန်ကို သိရှိခဲ့ခြင်း မရှိပေ။
သတင်းများအရ အပြင်ဘက်တွင် ပရမ်းပတာ ဖြစ်မှုများနှင့် မကြာခဏ တိုက်ခိုက်မှုများ ရှိနေသည်ဟု ဆိုသော်လည်း၊ ကိုယ်တိုင်မျက်မြင် မတွေ့ရဘဲ အစစ်အမှန်ဖြစ်သည်ဟု မဆိုနိုင်ပေ။ ယခုမူ၊ ဤမြင်ကွင်းသည် သူ့မျက်စိရှေ့တွင် အထင်းသား ပေါ်လာခဲ့ပြီ ဖြစ်သည်။
အင်မော်တယ်ရှားဂိုဏ်းနယ်မြေရှိ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် အခြေအနေ ပိုမိုခက်ခဲလာသည်မှာ သံသယရှိဖွယ် မရှိတော့ပေ။ သူတို့သည် အခြားကျင့်ကြံသူများ၏ သားကောင်များအဖြစ် အလွယ်တကူ ကျရောက်သွားနိုင်ဖွယ် ရှိနေသည်။ အကြောင်းမူကား၊ ပြင်ပမှ ကျင့်ကြံသူအမြောက်အမြား ဝင်ရောက်လာနေပြီ ဖြစ်သောကြောင့်ပင်။
တခြားသော ရှင်သန်ရပ်တည်ရေးနည်းလမ်း မရှိတော့သည့်အခါ၊ သူတို့သည် လူသတ်ခြင်းနှင့် ခိုးဝှက်ခြင်း လုပ်ငန်းများကိုသာ အားကိုးကြတော့မည် ဖြစ်သည်။ ဝင်လာသမျှသော ကျင့်ကြံသူ အများစုက ဓားပြမတိုက်ကြလျှင်ပင်၊ လုယက်သူအနည်းငယ်ဖြင့်ပင်လျှင် အင်မော်တယ်ရှားဂိုဏ်းအတွင်းမှ လုံခြုံရေးအခြေအနေမှာ သိသိသာသာ ယိုယွင်းသွားနိုင်ပေသည်။
"ဟမ်…"
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ စိတ်ထဲတွင် သတိတစ်ချက် လင်းလက်သွားပြီး၊ သူ၏ နှလုံးသားမျက်လုံးများကို ဖြန့်ကျက်လိုက်သည်။
ချက်ချင်းပင်၊ အနီးအနား တောင်ထိပ်တစ်ခုပေါ်တွင် ပုန်းအောင်းနေသော ချီသန့်စင်ခြင်းအဆင့်(၉)ရှိ ကျင့်ကြံသူ၂၅ယောက် အုပ်စုတစ်စုကို သူ အာရုံခံမိလိုက်သည်။ ထို့ထက်ပိုသည်မှာ၊ အတွင်းပိုင်း နက်ရှိုင်းရာ၌ ချောင်းမြောင်းနေသော အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးပင် ရှိနေသေးသည်။
၎င်းတို့သည် ခြေရာလက်ရာများနှင့် အရှိန်အဝါများကို ဖုံးကွယ်ထားနိုင်သည့် ပုန်းကွယ်ခြင်း အစီအရင်တစ်ခုကို ပတ်ပတ်လည်တွင် တပ်ဆင်ထားကြ၏။
ပုံရိပ်ယောင်များနှင့် ကန့်သတ်ချက်များစွာကို ထွင်းဖောက်မြင်နိုင်သော သူ၏နှလုံးသားမျက်လုံးများသာ မရှိခဲ့ပါက၊ သူတို့ကို သတိပင်ထားမိလိုက်မည် မဟုတ်ပေ။
"ဒီနေရာက သွေးအရိပ်ဘိုးဘေးရဲ့ လှိုဏ်ဂူကို သွားချင်တဲ့သူတိုင်း မဖြစ်မနေ ဖြတ်ရမယ့် နေရာပဲ.. ဒါ့ကြောင့် ဒီလောက်များတဲ့ ဓားပြတွေက ချုံခိုစောင့်နေကြတာကိုး…"
"ကြည့်ရတာ ဒီဓားပြတွေက တဖြည်းဖြည်း ပိုပြီးမဆင်မခြင် ဖြစ်လာနေပြီ… သူတို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ဘယ်လောက်တောင် သတ်ခဲ့ပြီးပြီလဲ မသိဘူး…"
"ကောင်းပြီလေ... သေလမ်းကိုသာ ရှာချင်ကြမှတော့.. ပို့ပေးလိုက်ရုံပေါ့.."
ကျိုးစွေ့၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
သူသည် ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူအဖြစ် ဟန်ဆောင်ထားပါက လုယက်သူများ၏ ပစ်မှတ်ထားခံရမည် မဟုတ်ဟု မူလက ထင်ထားခဲ့သည်။
သို့သော် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုအား သူလျော့တွက်ခဲ့မိလေသည်။
ဂိုဏ်းများ၏ အဓိကအင်အားစုများနှင့်အတူ ခရီးမသွားပါက၊ သူသည် သေချာပေါက် ပစ်မှတ်ထားခံရမည်သာ ဖြစ်သည်။
မူလက သူသည် သိုသိုသိပ်သိပ်သာ နေလိုခဲ့သော်လည်း လောကကြီးက ခွင့်မပြုချေ။ သူ၏အစွမ်းအစအား ထုတ်ဖော်မပြသပါက၊ လွယ်လွယ်အနိုင်ကျင့်ခံရမည့်သူဟု မြင်ကြပေမည်။
သို့သော်ငြား၊ ယင်းသည်လည်း ကောင်းသောကိစ္စသာ ဖြစ်နိုင်သည်။
ဤကာလအတွင်း သူ၏ခွန်အားမှာ များစွာတိုးတက်လာခဲ့ပြီး၊ သူ၏ဓားသိုင်းပညာကို စမ်းသပ်နိုင်ရန် ထိုတစ်ကိုယ်တော်ကျင့်ကြံသူများအား အသုံးချနိုင်သည် မဟုတ်လော။
…
ထိုအချိန်တွင် ဓားပြများကလည်း ကျိုးစွေ့၏ ကိုယ်ပွား၃ယောက်ကို သတိပြုမိသွားပြီ ဖြစ်သည်။
"ဟားဟား သခင်ကြီးချန်… ရှေ့မှာ ချီသန့်စင်ခြင်းအဆင့်(၉) ကျင့်ကြံသူ သုံးယောက်ဗျ.. ကြည့်ရတာ လွယ်ကူတဲ့ပစ်မှတ်တွေပဲ…"
ဓားပြတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
ချုံခိုတိုက်ခိုက်နေသည့် ဤရက်များအတွင်း၊ သူတို့ ကျင့်ကြံသူမည်မျှ သတ်ဖြတ်ခဲ့ပြီးပြီကိုပင် သူတို့ကိုယ်တိုင် မသိတော့ချေ။ သူတို့သည် တော်တော်လေး များပြားသော ဓနဥစ္စာများ ရရှိခဲ့ပြီး လူတိုင်း ကြီးပွားနေကြသည်။
သူတို့သည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် တွေ့ဆုံရမှာကိုပင် မကြောက်ရွံ့ကြတော့ပေ။
အကြောင်းမှာ သူတို့၏ခေါင်းဆောင်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသော 'လေနက်မိစ္ဆာညီနောင်’ ဖြစ်နေသောကြောင့်ပင်။ သူတို့၏ အမည်များမှာ ချန်ချင်ဖုန်းနှင့် လျိုရွှမ်းဖုန်းတို့ ဖြစ်ကြသည်။
သူတို့သည် မူလက တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ ကံကြမ္မာကောင်းများ ဆက်တိုက် ကြုံတွေ့ပြီးနောက် အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်လာခဲ့ကြသည်။
သို့သော် သူတို့သည် ရာဇဝတ်မှုများ အလွန်အကျွံ ကျူးလွန်ခဲ့ကြပြီး၊ ဂိုဏ်းကျင့်ကြံသူ အများအပြားကိုပင် သတ်ဖြတ်ခဲ့သောကြောင့် လေနက်မိစ္ဆာညီနောင်သည် ဂိုဏ်းများ၏ အလိုရှိ ရာဇဝတ်သားများ ဖြစ်လာခဲ့ပြီး အခြား ရွှေအမြုတေဂိုဏ်းများ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
လိုက်လံဖမ်းဆီးခံရသည့်အခြေအနေတွင်၊ သူတို့သည် အင်မော်တယ်ရှားဂိုဏ်းနယ်မြေထဲသို့ ထွက်ပြေး လွတ်မြောက်လာခဲ့ကြသည်။
ပြင်ပ ကျင့်ကြံသူအများအပြား အင်မော်တယ်ရှားဂိုဏ်းနယ်မြေထဲသို့ အုပ်စုလိုက် ဝင်ရောက်လာသည်နှင့်အမျှ၊ ဒေသအတွင်း ပရမ်းပတာ ဖြစ်စေခဲ့သည်။
လုယက်မှုများ၊ သတ်ဖြတ်မှုများက ထိန်းမနိုင်သိမ်းမရ ဖြစ်လျက်ရှိသည်။ ဤနေရာသည် အမှောင်ထုနှင့် မကောင်းမှုများအတွက် ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
ထို့အပြင် လေနက်မိစ္ဆာညီနောင်မှာ မူလက တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်သည့်အလျောက် အမွေအနှစ်များ အများအပြား မရရှိခဲ့ကြသလို၊ ပါရမီလည်း မရှိကြပေ။ ကျင့်ကြံခြင်း ပညာရပ်များအကြောင်း ဗဟုသုတ မရှိသလောက် နည်းပါးသည်။
သူတို့တွင် ငွေရှာရန် နည်းလမ်းများလည်း များများစားစား မရှိသောကြောင့် ကျင့်ကြံသူများကို လုယက်သည့် နည်းလမ်းဟောင်းကိုသာ ပြန်သွားကြတော့သည်။
အောင်မြင်သွားလျှင် ညတွင်းချင်း သူဌေးဖြစ်သွားသကဲ့သို့၊ ငွေရှာရန် ယင်းထက် ပိုကောင်းသော နည်းလမ်း အမှန်တကယ် မရှိတော့ပေ။
အခြေတည် အစောပိုင်းအဆင့်၏ ခွန်အားဖြင့် လေနက်မိစ္ဆာညီနောင်သည် သက်တောင့်သက်သာ နေထိုင်လျက်ရှိပြီး၊ ကျင့်ကြံသူ အမြောက်အမြားကို သတ်ဖြတ်ကာ ကြီးမားသော အရင်းအမြစ်များ ရရှိနေခဲ့သည်။
သူတို့သည် သတိလက်လွတ် ဖြစ်နေသော အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူအချို့ကိုပင် သတ်ဖြတ်နိုင်ခဲ့သေးသည်။
"နေဦး.. တစ်ခုခုတော့ မှားနေပြီ... ဟိုကောင်လေးတွေ ရပ်သွားပြီ.. ကြည့်ရတာ သူတို့ ငါတို့ကို သတိထားမိသွားပုံပဲ…"
ချန်ချင်ဖုန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ ရွှေအမြုတေဂိုဏ်း ကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးခြင်းကို နှစ်ပေါင်းများစွာ ခံလာခဲ့ရသဖြင့် သူသည် လူကဲခတ်ရာတွင် အမြင် စူးရှလာခဲ့သည်။
မည်သူ့ကို လုယက်နိုင်ပြီး၊ မည်သူ့ကို မလုယက်နိုင်သည်ကို သူ လျင်မြန်စွာ ခွဲခြားနိုင်ခဲ့သည်။ ထိုသို့သော သူ၏ စူးရှသောအမြင်များကြောင့် ဤမျှကြာမြင့်စွာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ယခု သူ သတိထားမိလိုက်သည်မှာ ရုတ်တရက် ပေါ်လာသော အမည်မသိ ကျင့်ကြံသူသုံးဦးသည် ချုံခိုတိုက်ခိုက်မှုကို တွေ့ရှိသွားသော်လည်း တည်ငြိမ်နေကြဆဲ ဖြစ်သည်။ ထိုမျှမက တိုက်ခိုက်ရန်ပင် အသင့်ပြင်နေကြသည်။
အစွမ်းထက်သော တစ်စုံတစ်ရာအားကိုးမရှိပါက ထိုသို့လုပ်ဝံ့ကြမည် မဟုတ်သည်မှာ သံသယဖြစ်စရာမလိုချေ။
"သေစမ်း... ဒီကောင်တွေ လှုပ်ရှားလိုက်ပြီ.. သူတို့က အခြေတည်အဆင့် ကျင့်ကြံသူတွေပဲ…"
"အဲ့ဒီသုံးယောက်က သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားဖို့ အရမ်းနက်နဲတဲ့ အသက်ရှူ လျှို့ဝှက်နည်းစနစ် တစ်ခုခုကို လေ့ကျင့်ထားတာ သေချာတယ်…"
"ခဏ... ခဏနေပါဦး ရောင်းရင်း.. နားလည်မှု လွဲတာပါ... ဒါ နားလည်မှု လွဲတာပါ…"
"ကျေးဇူးပြုပြီး ဘာမှ မလုပ်ပါနဲ့…"
လျိုရွှမ်းဖုန်းကမူ သေရေးရှင်ရေး အကျပ်အတည်းကို ခံစားလိုက်ရပြီး ဆံပင်များ ထောင်ထသွားသည်။
ရွှေအမြုတေဂိုဏ်းမှ အကြီးအကဲများထက်ပင် ထိုအမည်မသိ ကျင့်ကြံသူ သုံးဦးက ကြောက်မက်ဖွယ်ကောင်းနေပြီး၊ လွတ်မြောက်ရန်မလွယ်ကူသည်အား သူခံစားလိုက်မိသည်။ ထိုလူများသည် အလောင်းများ၊ သွေးပင်လယ်များကြားမှ တိုက်ပွဲဝင်ဖြတ်သန်းလာသူများ ဖြစ်သည်မှာ သေချာပေသည်။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ ကိုယ်ပွားများထဲမှ တစ်ယောက်က လှုပ်ရှားလိုက်သည်။ သူသည် ဓားပျံတစ်လက်ကို ဆွဲထုတ်လိုက်ပြီး၊ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော မှော်စွမ်းအားကို လှည့်ပတ်ကာ ဓားပြများထံသို့ ခုတ်ပိုင်းချလိုက်သည်။
အစစ်အမှန် နဂါးဓားသိုင်း၊ တတိယပုံစံ 'နဂါးအမြီးလွှဲရမ်းခြင်း'…။
ရုတ်တရက် ကြောက်မက်ဖွယ် ဓားအလင်းတန်းတစ်ခုက တိတ်ဆိတ်စွာ ခြေရာလက်ရာမရှိဘဲ၊ မယုံနိုင်လောက်သော အလျင်ဖြင့် ကျဆင်းလာသည်။ ယင်းသည် အသံထက် အဆပေါင်းများစွာ မြန်ဆန်လှ၏။
နဂါးတစ်ကောင်၏ အမြီးဖြင့် ရိုက်ပုတ်လိုက်သည့်အလား၊ ရန်သူမှာ မည်သည့်အချိန်က တိုက်ခိုက်လိုက်သည်ကိုပင် သိရှိလိုက်ခြင်း မရှိပေ။
ဘန်း… ဘန်း…။
တစ်ခဏအတွင်းမှာပင် တောင်ထိပ်ပေါ်တွင် ဖုံးကွယ်ထားသော အစီအရင်မှာ ဓားအလင်းတန်းကြောင့် စုတ်ပြဲသွားပြီး၊ တိုဖူးတစ်ခုပမာ ကြေမွပြန့်ကျဲသွားကာ တစ်စက္ကန့်မျှပင် ခုခံနိုင်ခြင်း မရှိခဲ့ချေ။
"သောက်ခွေး.. မဖြစ်နိုင်ဘူး.. ဘယ်လိုလုပ် ဒီလောက် မြန်နိုင်ရတာလဲ"
"ဒါ... ဒါ ဘယ်လို ဓားပညာမျိုးလဲ.."
"သောက်ကျိုးတော့နည်းပြီ.. ငါတို့ ဘယ်လိုပြိုင်ဘက်မျိုးနဲ့ လာတွေ့နေတာလဲကွာ.."
လျိုရွှမ်းဖုန်းနှင့် ချန်ချင်ဖုန်းတို့သည် အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူ များဖြစ်ပြီး၊ တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝကာ လေနက်မိစ္ဆာညီနောင်ဟု လူသိများကြသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ သူတို့လက်ထဲတွင် သေဆုံးခဲ့ဖူးသည်။
ကံဆိုးစွာဖြင့် သူတို့ ကျိုးစွေ့နှင့် တွေ့ဆုံမိခြင်း ဖြစ်သည်။
သူတို့တွေ့ဆုံခဲ့ရသည်မှာ ပင်မခန္ဓာကိုယ်၏ အစွမ်းတစ်ဝက်မျှသာ ရှိသော ကိုယ်ပွားတစ်ခု ဖြစ်လင့်ကစား၊ သူ၏ဓားသိုင်းပညာမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး ဒုတိယအဆင့် အထွတ်အထိပ်အဆင့်ဖြစ်သည့် ပုံရိပ်မဲ့ ဓားအလင်းတန်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုနယ်ပယ်ရှိ ဓားကျင့်ကြံသူတစ်ဦးသည် အခြေတည်နယ်ပယ်တစ်ခုစလုံးအား ကြီးစိုးရန် လုံလောက်သည်။
အဆင့်တူအတွင်း အမှန်တကယ် ပြိုင်ဘက်ကင်းပေသည်။
မည်သည့် တွေဝေမှုမှမရှိဘဲ ကျိုးစွေ့သည် ပထမဆုံး လှုပ်ရှားမှုတွင်ပင် အစွမ်းကုန် ထုတ်သုံးလိုက်သည်။
သူတို့အား မည်သည့်အခွင့်အရေးမျှ မပေးတော့ချေ။
ရွှပ်…။
တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့် ပုံရိပ်မဲ့ ဓားအလင်းတန်းတစ်ခုက ညင်သာစွာ ဖြတ်သန်းသွားသည်။
အခြေတည်အဆင့် အစောပိုင်း ကျင့်ကြံသူနှစ်ဦးဖြစ်သော လေနက်မိစ္ဆာညီနောင်အပါအဝင်၊ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ ၂၅ယောက်စလုံး၏ ဦးခေါင်းများ ချက်ချင်း လေထဲသို့ လွင့်ထွက်သွားကြသည်။
ဖြတ်တောက်ရာမှာ အလွန်ချောမွေ့နေသဖြင့် သွေးများက စမ်းရေပန်းတစ်ခုအလား ပန်းထွက်လာကာ၊ မြေပြင်တစ်ခုလုံး ကြီးမားသော သွေးပင်လယ်တစ်ခုအလား နီရဲသွားတော့သည်။
ထို့ထက် ပို၍တုန်လှုပ်စရာကောင်းသည်မှာ ဤပုံရိပ်မဲ့ ဓားအလင်းတန်းသည် တောင်ကုန်းငယ်လေး၏ တစ်ဝက်ခန့်ကို ပိုင်းဖြတ်သွားပြီး၊ မြေကြီးအစိုင်အခဲများအား ပြိုကျသွားစေတော့သည်။