← Chapters

နှလုံးသားမျက်လုံး အမြင်၊ ရွှေအမြုတေ ဆရာသခင်များအား စူးစမ်းထောက်လှမ်းခြင်း။

Vol. 15 Ch. 195

နှလုံးသားမျက်လုံး အမြင်၊ ရွှေအမြုတေ ဆရာသခင်များအား စူးစမ်းထောက်လှမ်းခြင်း။

Vol. 15 Ch. 195

နှစ်ရက်၊သုံးရက်ခန့် ခရီးနှင်လာခဲ့ပြီးနောက် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူသို့ ကိုယ်ပွားများ ရောက်ရှိသွားကြသည်။

ရောက်ရောက်ချင်းပင် အဝေးဆီတွင် ပြန့်ကျဲတည်ရှိနေသော ကြီးမားလှသည့် စခန်းများကို သူ တွေ့မြင်လိုက်ရသည်။

စခန်းတစ်ခုချင်းစီသည် အစွမ်းထက်သော ရွှေအမြုတေ အင်အားစုတစ်ခုကို ကိုယ်စားပြုနေသည်။ စခန်းတိုင်းမှ အလုံးစုံ ကြီးစိုးနိုင်သည့် အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ ၎င်းတို့မှာ ရွှေအမြုတေ ဆရာသခင်များနှင့် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း ထင်ရှားလှသည်။

မှန်ပေသည်၊ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများလည်း ရှိနေကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ အခြေတည်အဆင့် ကျင့်ကြံသူများသည် အစေခံအနည်းငယ် လိုအပ်သည် မဟုတ်လော။ သို့မဟုတ်ပါက၊ သူတို့၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မည်သူက ဂရုစိုက်ပေးမည်နည်း။ သူတို့ကိုယ်တိုင် အရာအားလုံးကို လုပ်ဆောင်နေနိုင်မည် မဟုတ်ပေ။

ဤရွှေအမြုတေ အင်အားစုများသည် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူကိုအား နေရာလပ်မကျန်အောင်ပင် အပြည့်အဝ ဝန်းရံထားကြသည်။

ဝှစ်.. ဝှစ်…။

တစ်ခဏအတွင်းမှာပင် ကျိုးစွေ့၏ ကိုယ်ပွားနှစ်ယောက်သည် ချက်ချင်းဆိုသလို ဘယ်ညာ လမ်းကြောင်းနှစ်ခုဆီသို့ ခွဲထွက်သွားကြသည်။ သူတို့သည် နတ်ဆိုးအသွင်ပြောင်း ပညာရပ်ကို အသက်သွင်းလိုက်ပြီး၊ ၎င်းတို့၏ အရှိန်အဝါများကို အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသည်အထိ အစွမ်းကုန် ဖုံးကွယ်ထားလိုက်ကြသည်။

ရွှေအမြုတေ ဆရာသခင်တစ်ဦးပင်လျှင် သူတို့ကို ထွင်းဖောက်မြင်ရန် မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ကိုယ်ပွားနှစ်ယောက်သည် ထောင့်ပေါင်းစုံသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီးနောက် ကူပိုးကောင်အသွင် ပြောင်းကာ သစ်ပင်ကြီးတစ်ပင်ထဲသို့ တိုးဝင်လျက် ယာယီပုန်းအောင်းနေလိုက်ကြသည်။

"နှလုံးသားမျက်လုံး အမြင်…"

ဤအခိုက်အတန့်တွင် ကိုယ်ပွားနှစ်ယောက်စလုံး နှလုံးသားမျက်လုံး၏ စွမ်းအားကို တပြိုင်နက်တည်းနီးပါး အသုံးပြုလိုက်ကြသည်။

ဤသည်မှာ 'ကိုယ်ပွားကူ’၏ ဆန်းကြယ်နက်နဲမှုပင် ဖြစ်သည်။ ပင်မခန္ဓာကိုယ် သင်ယူတတ်မြောက်ထားသည့် မည်သည့်စွမ်းအားကိုမဆို ကိုယ်ပွားမှ ကူးယူနိုင်စွမ်း ရှိသည်။

စွမ်းအားတစ်ဝက်ဆိုသည့်တိုင် ယင်းသည် လုံးဝ လုံလောက်သည်။ ပိုအရေးကြီးသည်မှာ စိတ်စွမ်းအားသည် နတ်ဘုရားအာရုံထက် များစွာ ပို၍ နက်နဲဆန်းကြယ်သည်။ ရွှေအမြုတေ ဆရာသခင်များပင်လျှင် နှလုံးသားမျက်လုံး၏ စူးစမ်းထောက်လှမ်းမှုအား အာရုံမခံနိုင်ပေ။

ကျိုးစွေ့သည် ယခင်က အင်မော်တယ်ရှားတောင်ထွတ်တွင် အသုံးပြုခဲ့ဖူးပြီး၊ လန်ယွဲ့ရှီပင်လျှင် မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့နိုင်ခဲ့ချေ။ လန်ယွဲ့ရှီပင် အာရုံမခံနိုင်ဆိုမှတော့ တခြာ ရွှေအမြုတေ ဆရာသခင်များအား စကားထဲပင် ထည့်ပြောနေရန် မလိုတော့ပေ။

ဟူးလား…။

နောက်တစ်စက္ကန့်တွင် နှလုံးသားမျက်လုံး၏ စွမ်းအားသည် ဤဧရိယာကို ချက်ချင်း လွှမ်းခြုံသွားသည်။

မည်သည့်ခြေရာလက်ရာမျှ မကျန်ရစ်ဘဲ၊ စခန်းတစ်ခုချင်းစီ၏ တားမြစ်အစီအရင်များကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်ကာ အတွင်းမှ အမျိုးမျိုးသော ဆူညံသံများကို အာရုံခံလိုက်မိတော့သည်။

"ဒီနေရာကို ရွှေအမြုတေ အင်အားစုတွေ အများကြီး ရောက်နေပါ့လား.."

ခဏအကြာ ကျိုးစွေ့တစ်ယောက် အံ့အားသင့် မှင်တက်သွားသည်။

သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူသို့ ရောက်ရှိနေသော ရွှေအမြုတေ အင်အားစုများ အလွန် များပြားလှသည်။ တန်တိန်ဂိုဏ်း၊ ချင်မုဂိုဏ်းတို့အပြင် တစ္ဆေမိစ္ဆာဂိုဏ်း၊ မေပယ်ဝါတောင်ကြားနှင့် မိုင်ပေါင်းသောင်းချီ ဝေးကွာသောအရပ်မှ ရွှေအမြုတေဂိုဏ်းများနှင့် ရွှေအမြုတေ မိသားစုများပင် ရှိနေသည်။

အင်မော်တယ်မြူခိုးကျွန်းမှ ရွှေအမြုတေ အင်အားစုအားလုံး ရောက်ရှိနေသည်ဟု မဆိုနိုင်သော်လည်း၊ အနည်းဆုံး သူတို့အထဲမှ အများစု ပေါ်ထွက်လာခဲ့ကြသည်။

၎င်းတို့အထဲတွင် ရွှေအမြုတေ တစ်ကိုယ်တော်ကျင့်ကြံသူများပင် ရှိနေသေးသည်။ ထူးဆန်း နက်နဲလှသော ရွှမ်ပေါင်မျှော်စင်ကပင် ရွှေအမြုတေ ဆရာသခင်သုံးဦးကို ဤနေရာသို့ စေလွှတ်ထားသည်။

သာမန် နေ့ရက်များတွင် တွေ့ရခဲသော ရွှေအမြုတေ ဆရာသခင်များကို ယခုအခါ နေရာတိုင်းတွင် တွေ့မြင်နေရသည်ဟု ဆိုနိုင်သည်။

"ဒီနေရာက တကယ့် ဝဲဂယက်ကြီးတစ်ခုပဲ…" ကျိုးစွေ့ အသက်ရှူမှားသွားသည်။

"အင်မော်တယ်ရှားဂိုဏ်း မပါဝင်ဖို့ ရွေးချယ်လိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ.."

ဤနေရာသည် အမှန်တကယ်ပင် မယုံနိုင်လောက်အောင် အန္တရာယ်များလှသည်။

သိထားရမည်မှာ၊ အင်မော်တယ်ရှားဂိုဏ်းတွင် လန်ယွဲ့ရှီတစ်ဦးသာလျှင် အစစ်အမှန် ရွှေအမြုတေ ဆရာသခင်အဖြစ် ကျန်ရစ်သည်။ အကယ်၍ သူမသည်သာ ဤနေရာတွင် ကျဆုံးခဲ့ပါက၊ အင်မော်တယ်ရှားဂိုဏ်းသည် အပြီးတိုင် ဆုံးခန်းတိုင်ရပေမည်။

လန်ယွဲ့ရှီက အင်မော်တယ်ရှားဂိုဏ်း၏ ဂိုဏ်းချုပ် မဟုတ်လျှင်ပင်၊ သူမသည် သူ၏တာအိုလက်တွဲဖော်ဖြစ်ရာ သူ စွန့်စားခွင့် ပြုနိုင်မည် မဟုတ်ချေ။

ဤအခိုက်အတန့်တွင် သူသည် ရွှေအမြုတေ ဆရာသခင်များ၏ များပြားလှသော စကားပြောဆိုသံများကို စတင် ကြားနေရသည်။

"ဟဟ.. သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူက တကယ်ကို ကြောက်စရာကောင်းတာပဲ.. ရှစ်နှစ်ကြာ တိုက်ခိုက်ခဲ့ပြီးမှ ငါတို့ စတုတ္တအဆင့် အစီအရင်ကို ချိုးဖျက်ဖို့ မျှော်လင့်ချက် မြင်ရတော့တယ်… တကယ်လို့သာ တစ်ယောက်ယောက်က ဒီစတုတ္တအဆင့် သွေးပင်လယ်အလင်းစီးကြောင်း အစီအရင်ကို ကိုယ်တိုင် ထိန်းချုပ်ထားမယ်ဆိုရင်.. ငါတို့ ရွှေအမြုတေ ဆရာသခင်တွေ ချဉ်းကပ်သွားတာနဲ့ ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်သွားမှာပဲ..”

"ဘာပဲဖြစ်ဖြစ် ဒါက စတုတ္တအဆင့် အစီအရင်ပဲလေ… ချန်လန်ပင်လယ် ဒေသတစ်ခုလုံးမှာတောင် ရှားပါးတယ်လို့ သတ်မှတ်ရမယ်… ကံကောင်းတာက သွေးအရိပ်ဘိုးဘေး လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါး ဖြစ်ခဲ့လို့ပဲ… အချိန်သာ နည်းနည်းလေး ပိုနီးခဲ့ရင်.. ငါ ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို ကျူးကျော်ဖို့တောင် ဝံ့ရဲမှာ မဟုတ်ဘူး…"

"ဒါပေါ့လေ.. သွေးအရိပ်ဘိုးဘေးက ဘယ်လောက်ပဲ အစွမ်းထက်ခဲ့ပါစေ.. နှစ်ပေါင်း သုံးထောင်ဆိုတာ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်တဲ့ အချိန်ပဲ.. အခုချိန်ထိ အသက်ရှင်ကျန်ရစ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.."

"ငါတို့သာ သွေးအရိပ်ဘိုးဘေးရဲ့ အမွေအနှစ်ကို ရနိုင်ခဲ့ရင်… ငါတို့ တကယ်ပွပြီပဲ.. အဲ့ဒီအခါကျရင် ငါတို့ အင်မော်တယ်မြူခိုးကျွန်းလို ခေါင်တဲ့ ကျွန်းမျိုးမှာ ဆက်နေစရာ မလိုတော့ဘူး.. ဝိညာဉ်သန္ဓေသားအဆင့် ဖွဲ့စည်းနိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေဖို့ တခြား အဓိကကျွန်းကြီးတွေဆီကို သေချာပေါက် ပြောင်းရွှေ့သွားနိုင်ပြီပဲ.."

"သွေးအရိပ်ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ကြီးစိုးခဲ့တာ.. အဲ့ဒီတုန်းက အင်မော်တယ်မြူခိုးကျွန်းရဲ့ အရှင်သခင် အင်မော်တယ်ရှားဂိုဏ်းကိုတောင် ကြီးကြီးမားမား ဆုံးရှုံးစေခဲ့တယ်လို့ ဆိုကြတယ်… အင်မော်တယ်ရှားဂိုဏ်းရဲ့ ယခင် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတောင် သေလုနီးပါး ဖြစ်ခဲ့ရတယ်.. ဒါက သူဘယ်လောက်စွမ်းလဲဆိုတာ ပြနေတာပဲ..”

“ဒီလို ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးက ရတနာတွေ အများကြီး ချန်ထားခဲ့မှာ သေချာပေါက်ပဲ.. ဖြစ်နိုင်တာက ဝိညာဉ်သန္ဓေသားအဆင့် ဖွဲ့စည်းခြင်းအတွက် စိတ်ဝိညာဉ်ပစ္စည်းတွေ ရှိနေနိုင်တယ်.. ဝိညာဉ်သန္ဓေသားအဆင့် ဖွဲ့စည်းခြင်းအတွက် မရှိရင်တောင်.. အမြုတေ ဖွဲ့စည်းခြင်းအတွက် စိတ်ဝိညာဉ်ပစ္စည်းတွေ ရတာကလည်း မဆိုးလှသေးဘူး.."

ရွှေအမြုတေ ဆရာသခင်များ အားကြိုးမာန်တက် ဆွေးနွေးနေကြသည်။ သူတို့သည် ရှေ့မှောက်ရှိ ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူကို လောဘတကြီး စိုက်ကြည့်နေကြပြီး၊ ချက်ချင်း ပြေးဝင်ကာ အတွင်းမှ ရတနာများအားလုံးကို လုယက်ယူငင်ချင်နေကြသည်။

ကံမကောင်းစွာဖြင့် သူတို့သည် စတုတ္တအဆင့် မဟာအစီအရင်၏ ဟန့်တားခြင်းကို ခံနေရပြီး အခြား ရွေးချယ်စရာနည်းလမ်း မရှိကြပေ။

သူတို့သည် စိတ်မရှည်မှုများကို ဖိနှိပ်ထားရင်း စတုတ္တအဆင့် မဟာအစီအရင်ကို တဖြည်းဖြည်း တိုက်စားသွားရန်သာ တတ်နိုင်ကြသည်။ အကယ်၍ မဆင်မခြင် ပြေးဝင်သွားပါက သေချာပေါက် သေဆုံးကြရမည်သာ ဖြစ်သည်။

"ဒါပေမဲ့ အရမ်း ထူးဆန်းတဲ့ အချက်တစ်ချက် ရှိတယ်.. ဒီတစ်ခေါက် အင်မော်တယ်ရှားဂိုဏ်းက ရွှေအမြုတေ ဆရာသခင်တစ်ယောက်မှ မစေလွှတ်သလိုပဲ.. အခြေတည်အဆင့် ကျင့်ကြံသူ နည်းနည်းတောင် အပြေးရောက်မလာကြဘူး.. ကြည့်ရတာ သူတို့က ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို လုံးဝ လက်လျော့လိုက်ပုံပဲ.. ဒါ... တစ်ခုခု ကြံစည်နေတာများ ဖြစ်နိုင်မလား…"

ရွှေအမြုတေ ဆရာသခင်တစ်ဦးက သူ၏ သံသယများကို ထုတ်ဖော် ပြောလိုက်သည်။

အင်မော်တယ်ရှားဂိုဏ်း မပါဝင်ခြင်းကို သူ အမြဲတမ်း ထူးဆန်းနေမိပြီး၊ ၎င်းသည် လျှို့ဝှက်ကြံစည်မှုတစ်ခု ဖြစ်နိုင်သည်ဟုပင် သံသယဝင်နေသည်။

"တကယ်ပဲ အရမ်း ထူးဆန်းတယ်.. ပုံမှန်အတိုင်း ပြောရရင်.. ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူ.. ပြီးတော့ ဒါက သူတို့ နယ်နိမိတ်ထဲမှာ ရှိနေတာ.. သူတို့က ဒါကို တခြားအင်အားစုတွေကို ဖွင့်ပေးဖို့ ရွေးချယ်ခဲ့တယ်.. ဒါပေမဲ့ လူတစ်ယောက်မှ မလွှတ်ခဲ့ဘူး.. သူတို့ တစ်ခုခု သိထားတာများ ဖြစ်နေမလား.. ဒါမှမဟုတ် သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူက လျှို့ဝှက်အန္တရာယ်တစ်ခုခုများ ရှိနေလို့များလား…”

"အဟတ်.. ခင်ဗျားတို့က အင်မော်တယ်ရှားဂိုဏ်းကို အထင်ကြီးလွန်းနေပြီ… ခင်ဗျားတို့က အင်မော်တယ်ရှားဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က ဝိညာဉ်သန္ဓေသားအဆင့်ဂိုဏ်းလို့ ထင်နေတုန်းပဲလား.. ဆုတ်ယုတ်သွားခဲ့တာဖြင့် ကြာလို့ အခုဆို လုံးဝယိုယွင်းနေပြီ… ဒီလောက် ကြီးမားတဲ့ ဂိုဏ်းကြီးက လက်ရှိမှာ ရွှေအမြုတေ ဆရာသခင်နှစ်ယောက်ပဲ ရှိတော့တယ်…”

“တစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး ကုသဖို့ တံခါးပိတ်ပြီး သီးသန့်ကျင့်ကြံနေရတယ်.. ကျန်ခဲ့တဲ့ တစ်ယောက်တည်းက အသစ်စက်စက် တက်လာတဲ့ ရွှေအမြုတေအမျိုးသမီး ကျင့်ကြံသူလေး တစ်ယောက်ပဲ.. အစွမ်းအရပြောရရင် သူက ငါတို့လို ဝါရင့်ရွှေအမြုတေကြီးတွေနဲ့ ဘယ်မှာ လာနှိုင်းယှဉ်လို့ ရမှာလဲ.. သဘာဝအတိုင်းပဲပေါ့ သူတို့က ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူ တူးဖော်မှုမှာ ပါဝင်ဖို့ စွန့်စားရဲမှာ မဟုတ်ဘူး.. အဲ့ဒီ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူလေးသာ ကျဆုံးသွားခဲ့ရင်… အင်မော်တယ်ရှားဂိုဏ်းက တကယ် ပြီးဆုံးသွားမှာ…"

"ကျွန်တော် ထင်တာတော့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်.. သွေးအရိပ်ဘိုးဘေးက အင်မော်တယ်ရှားဂိုဏ်းရဲ့ ရန်သူ.. ပြီးတော့ သွေးအရိပ်ဘိုးဘေးက အင်မော်တယ်ရှားဂိုဏ်းရဲ့ တပည့်တွေအပေါ်မှာ အရိုးထဲစွဲနေတဲ့ အမုန်းတရားတွေ ရှိနေနိုင်တယ်..”

“အင်မော်တယ်ရှားဂိုဏ်း ဂိုဏ်းချုပ်ကလည်း ဒါကို သိမှာပဲ… သူတို့သာ သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူထဲကို မဆင်မခြင် ဝင်သွားခဲ့ရင်.. သွေးအရိပ်ဘိုးဘေးရဲ့ လျှို့ဝှက်ထောင်ချောက်တွေကြောင့် ဒုက္ခရောက်သွားနိုင်တယ်.. အင်မော်တယ်ရှားဂိုဏ်းကို အထူး တန်ပြန်တိုက်ခိုက်ဖို့ စီရင်ထားတဲ့ တားမြစ်ချက်တွေတောင် ပေါ်လာနိုင်တယ်…"

"တကယ်ကို နှမြောစရာပဲ.. အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သာ တကယ် လာရဲခဲ့ရင်.. ချုံခိုတိုက်ခိုက်ဖို့ အခွင့်အရေးရလောက်တယ်.. ဘယ်သူသိနိုင်မလဲ.. အင်မော်တယ်ရှားဂိုဏ်းရဲ့ အဲ့ဒီအမျိုးသမီး ကျင့်ကြံသူကို ကိစ္စတုံးပစ်လိုက်လို့တောင် ရတယ်..”

“အဲ့ဒီအချိန်ကျရင်.. အင်မော်တယ်ရှားဂိုဏ်းက ခေါင်းဆောင်မဲ့ သွားလိမ့်မယ်.. ပြီးတော့ ငါတို့က သွေးတစ်စက်မထွက်ရဘဲနဲ့ ဂိုဏ်းကို သိမ်းပိုက်နိုင်လောက်တယ်… နှမြောစရာကောင်းတာက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အရမ်း သတိကြီးလွန်းနေတယ်.. ဒါက သူမကို ကပ်ဘေးတစ်ခုကနေ ရှောင်ရှားခွင့် ပေးလိုက်တာပဲ.. ဟူး.."

"အေးပေါ့လေ.. 'သင်္ဘောပျက်တစ်စင်းမှာတောင် သံသုံးချောင်း ကျန်သေးတယ်' ဆိုသလိုပဲပေါ့.. ဒါက အတိတ်က ဝိညာဉ်သန္ဓေသားအဆင့်ဂိုဏ်းရဲ့ အမွေအနှစ်ကို ဆက်ခံထားတာ.. ဖြစ်နိုင်တာက အထဲမှာ ဝိညာဉ်သန္ဓေသားအဆင့် မျိုးဆက်အမွေအနှစ်တွေ ရှိနိုင်တယ်.. ဒါပေမဲ့ အခုတော့ အခွင့်အရေး မရှိတော့ဘူး ထင်ပါရဲ့…"

"ပြောရရင် အင်မော်တယ်ရှားဂိုဏ်းက နောက်ကွယ်မှာ တစ်ခုခု ကြံစည်နေတာ မဟုတ်ဘူးလို့ ငါတို့ အသေအချာ မပြောနိုင်ဘူး.. ငါတို့ သတိထားသင့်တယ်.. ဒီဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူမှာ ငါတို့ မနစ်မြုပ်သွားအောင် ဂရုစိုက်ကြစို့.."

"ဟားဟား.. ဒါက ထောင်ချောက်တစ်ခု ဖြစ်နေရင်တောင်.. ခင်ဗျားတို့ထဲက ဘယ်သူက အခုချိန်မှ ထွက်သွားချင်တဲ့စိတ် ရှိလို့လား.. လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်က သေဆုံးသွားခဲ့တဲ့ သွေးအရိပ်ဘိုးဘေးက ဘာဒုက္ခမှ ပေးနိုင်ဦးမှာမလို့လဲ…"

ရွှေအမြုတေ ဆရာသခင်များစွာ အပြင်းအထန် ငြင်းခုံ ဆွေးနွေးနေကြသည်။

ဝိညာဉ်သန္ဓေသားအဆင့်လိုဏ်ဂူကို တူးဖော်ရခြင်းသည် မည်မျှ အန္တရာယ်များကြောင်း သူတို့ သဘာဝအတိုင်း သိရှိကြသည်။

သို့သော် သွေးအရိပ်ဘိုးဘေးသည် တစ်ချိန်က ချန်လန်ပင်လယ် ဒေသတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး၊ ကြီးမားသော ဂုဏ်သတင်း၊ မရေမတွက်နိုင်သော ရတနာများနှင့် လျှို့ဝှက်ပညာရပ်များကို ပိုင်ဆိုင်ခဲ့သည်။ လူတိုင်းသည် ထိုသို့သော ဝိညာဉ်သန္ဓေသားအဆင့် အမွေအနှစ်ကို လောဘတကြီး တပ်မက်နေကြသည်။

အထဲတွင် ထောင်ချောက်များ ရှိနိုင်မှန်း သိသည့်တိုင် သူတို့ လက်လျှော့လိုစိတ် မရှိကြပေ။ မည်သို့ပင် ဖြစ်စေ၊ သူတို့သည် တားမြစ်အစီအရင်ကို ဖွင့်လှစ်ပြီး အတွင်းမှအခြေအနေကို သေချာပေါက် ဝင်ကြည့်ကြရမည်သာ ဖြစ်သည်။

All Chapters