← Chapters

ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲ

Vol. 41 Ch. 560

ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲ

Vol. 41 Ch. 560

ဝှစ်....ဝှစ်.....

ပုံရိပ်အချို့မှာ ကောင်းကင်ထက်တွင် အနောက်တောင်အရပ်သို့ ဦးတည်၍ ပျံသန်းလျက် ရှိသည်။

ထိုပုံရိပ်များအား ဇူယွမ်မှ ဦးဆောင်ထားလျက် ရှိ၏။

ဇူယွမ်မှာ ပျံသန်းနေဖြင့်ပင် ပုန်းကွယ်လိုက်ပါလာသော ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် ပုံရိပ်အချို့အား အာရုံခံမိလိုက်သည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာကြသူများမှာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပေသည်။ ထိုသူများအားလုံးမှာ ရှန်းဟွချန်ယင်းအဆီအနှစ်ကို စုဆောင်းနိုင်ရန်အတွက်သာ ဝင်ရောက်လာကြခြင်း ဖြစ်၏။ ထို့ကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ မည်သည့်နေရာ၌မဆို တိုက်ပွဲများ ဖြစ်ပေါ်နိုင်လေသည်။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ မည်သည့်ကလန်မှ ရောက်ရှိလာသူဖြစ်ပါစေ အရည်အချင်းပြည့်မှီသူကသာ အဆုံးတွင် အသက်ရှင်ကျန်ရစ်ခဲ့မည်ပင် ဖြစ်သည်။

သို့သော် လက်ရှိအချိန်၌ လူတိုင်းမှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာနှင့် အစိမ်းသက်သက် ဖြစ်နေကြသောကြောင့် သတိလက်လွတ် လှုပ်ရှားရဲခြင်းမရှိကြချေ။ ထို့ကြောင့် လူအချို့မှာ ဇူယွမ်တို့၏ အဖွဲ့အား တိတ်ဆိတ်စွာဖြင့် နောက်ယောင်ခံလိုက်နေကြခြင်း ဖြစ်လေသည်။

နေ့တစ်ဝက်မျှ ကြာမြင့်သွားပြီးနောက် ဇူယွမ်တို့၏ အဖွဲ့မှာ မြေပုံပေါ်တွင် မှတ်သားထားသော အနောက်တောင်အရပ်ရှိ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ရှိရာသို့ ရောက်ရှိလာကြသည်။

ဝှစ်....

ပုံရိပ်များမှာ ကြီးမားလှသော ရှေးဟောင်းသစ်ပင်ကြီးများ၏ထိပ်သို့ ဆင်းသက်လိုက်ကြလေသည်။ ၎င်းတို့မှာ အရှေ့တွင်ရှိနေသော ​ခမ်းနားထည်ဝါလှသည့် တောင်တန်းကြီးတစ်ခုအား တွေ့ရှိလိုက်ကြရ၏။ ဇူယွမ်တို့မှာ ထိုတောင်တန်းပေါ်၌ မူလမှော်စာလုံးတစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုမှော်စာလုံးသည် ၎င်းတို့ကန်ရွှမ်းကလန်၏ အမှတ်အသားချိပ်စည်းပင် ဖြစ်၏။

"မြေပုံမှာပြထားတာ ဒီနေရာပဲ။" အမှတ်အသားအား မြင်တွေ့လိုက်ရပြီဖြစ်သောကြောင့် ၎င်းတို့ရောက်ရှိလာသည်မှာ မှန်ကန်သောတည်နေရာဖြစ်ကြောင်း သိရှိနိုင်ပေသည်။ တပည့်များမှာ အလွန်ပင် ပျော်ရွှင်သွားကြ၏။

"ဒါပေမယ့်....ဒီနေရာက အရမ်းတိတ်ဆိတ်နေသလိုပဲနော်။" ဂူဟွမ်ချီမှာ ပတ်ဝန်းကျင်အား မသင်္ကာဖြစ်နေဟန်ဖြင့် ရေရွတ်လိုက်သည်။ ဇူယွမ်တို့အဖွဲ့ ပျံသန်းလာသော လမ်းကြောင်းတလျှောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း နေထိုင်ကျက်စားကြသော မူလသားရဲများစွာကို တွေ့ရှိခဲ့ကြရသည်။ ထို့ကြောင့် ဇူယွမ်တို့မှာ ထိုသားရဲများအား ရှောင်ရှားလျက် ပျံသန်းလာခဲ့ရခြင်း ဖြစ်၏။

သို့သော် ယခုကဲ့သို့ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ် ရှိနေသည်ဟူသောအရပ်သည် မေးခွန်းထုတ်ချင်စရာကောင်းလောက်အောင်ပင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ဂူဟွမ်ချီ၏စကားအား ဇူယွမ်မှ ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ဟုတ်တယ်။ အဲ့ဒါကြောင့် ငါတို့အုပ်စုဆယ်ခုခွဲပြီး ပတ်ဝန်းကျင်ကို အရင်လေ့လာကြတာပေါ့။ မသင်္ကာစရာ တစ်ခုခုတွေ့တာနဲ့ အချက်ပြလိုက်ကြ။"

ဇူယွမ်၏အမိန့်အား ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် တပည့်များမှ အုပ်စုများခွဲကာ တောင်တန်းတလျှောက် အသီးသီးထွက်ခွာသွားကြသည်။

ဇူယွမ်မှာ အနီးတွင်ရှိနေသော ဂူဟွမ်ချီ၊ ဇူထိုက်နှင့် လုယန်းတို့အားကြည့်ကာ စကားဆိုလိုက်သည်။ "အကိုတော်တို့ကတော့ ကျွန်တော်နဲ့ လိုက်ခဲ့ကြပေါ့။"

ဇူယွမ်မှာ ဂူဟွမ်ချီတို့အားဦးဆောင်၍ တောင်တန်းများဆီသို့ ဦးတည်သွားလိုက်သည်။ ထို့နောက် တောအုပ်များအား ဖြတ်ကျော်ကာ တောင်ထိပ်ဆီသို့ လျင်မြန်စွာပင် ရောက်ရှိသွားကြ၏။

ဇူယွမ်တို့မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှိနေကြသည်။

သို့သော် ဇူယွမ်တို့အား အံ့အားသင့်စေရသည်မှာ ဖြတ်ကျော်လာသော တောင်တန်းတလျှောက် မသင်္ကာစရာ အနည်းငယ်မျှ ရှိမနေခြင်းပင် ဖြစ်သည်။ ဤတောင်တန်းတလျှောက် မူလသားရဲများ နေထိုင်ကျက်စားကြခြင်းမရှိပုံ ရ၏။

ဇူယွမ်တို့အဖွဲ့ တောင်ထိပ်ဆီသို့ ရောက်ရှိပြီး မကြာမီမှာပင် အခြားသော အုပ်စုများမှလည်း အသီးသီး ရောက်ရှိလာကြသည်။ ၎င်းတို့သည်လည်း မသင်္ကာစရာ တစ်စုံတစ်ခုမှ တွေ့ရှိခဲ့ရခြင်းမရှိဟု သတင်းပို့ကြ၏။

ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် မျက်မှောင်ကျုံ့လိုက်မိသည်။

သူ၏အနီးတွင်ရှိနေသော ဇူထိုက်မှာ အနည်းငယ် တွေဝေနေဟန်ဖြင့် စကားဆိုလိုက်၏။ "ဒီနေရာမှာ ထူးထူးခြားခြား ဘာကိုမှ အာရုံမခံမိဘူး။ ရှန်းဟွချန်ယင်းအဆီအနှစ်ကလည်း ဒီမှာရှိမနေလောက်ဘူး ထင်တာပဲ။"

အခြားသော တပည့်များ၏ အမူအရာမှာလည်း ညှိုးငယ်နေကြ၏။ ကြည့်ရသည်မှာ ကံတရားသည် ၎င်းတို့ဖက်တွင် ရှိမနေခြင်း ဖြစ်ပေလိမ့်မည်။ ဤနေရာ၌ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်အား ရရှိခဲ့ဖူးပါသော်လည်း ယခုတွင်မူ မည်သည့်အရာကိုမှ အာရုံခံမိခြင်း မရှိပေ။

ဇူယွမ်မှာ မည်သည့်စကားမှမဆိုပဲ တောင်ထိပ်ပတ်ဝန်းကျင်ကိုသာ လေ့လာသုံးသပ်နေ၏။ ကျောက်တုံးကျောက်ဆောင်များ ပြိုကျနေလျက်ရှိပြီး ပတ်ဝန်းကျင်အခြေအနေမှာ အတော်ပင် ဆိုးရွားနေလေသည်။ ပြိုကျနေသော ကျောက်တုံးကျောက်ဆောင်များအကြားတွင် ရှေးဟောင်းသစ်ပင်တစ်ပင် ရှိနေပါသော်လည်း သစ်ရွက်သစ်ခက်များ ဖူးပွင့်ဝေဆာနေခြင်း မရှိချေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်သွေ့စွာဖြင့် အသက်ဓာတ်ခမ်းခြောက်နေဟန် ရှိ၏။

ဇူယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် ထိုသစ်ပင်၏အနီးသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်၏။

သူသည် ကောင်းကင်ဘုံယွမ်စုတ်တံအား တရွတ်ဆွဲလျက် သစ်ပင်အနီးသို့ သတိထားကာ ချည်းကပ်လျက်ရှိသည်။

တပည့်များမှာ ဇူယွမ်၏လုပ်ရပ်အား နားမလည်နိုင်စွာဖြင့် ကြည့်ရှုနေကြသည်။ ၎င်းတို့မှာ သစ်ပင်အား အပြန်ပြန်အလှန်လှန် ကြည့်ရှုနေပါသော်လည်း ထူးခြားသောအရာတစ်ခုမျှ အာရုံခံမိခြင်းမရှိပေ။

ဇူယွမ်မှာ တပည့်များအား လျစ်လျူရှုထားလျက် သစ်ပင်ကိုသာ စိုက်ကြည့်နေလေသည်။ သူသည် ချီစွမ်းအင်များကိုလည်း ပေါက်ကွဲထွက်ပေါ်ထားစေလျက် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် ရှိနေ၏။

ဤသို့ဖြင့် ဇူယွမ်မှာ ရှေးဟောင်းသစ်ပင်ကြီးနှင့် ခြေလှမ်းအနည်းငယ်စာမျှသာ ကွာဝေးတော့သည်။ သို့သော် ဇူယွမ်မှ ခြေတစ်လှမ်းထပ်လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် မြေပြင်ပေါ်တွင်ရှိနေသော သစ်ကိုင်းတစ်ခုမှာ သက်ဝင်လှုပ်ရှားလာပြီး လေထုကိုပင် ဆုတ်ပြဲစေနိုင်သောအရှိန်ဖြင့် ဇူယွမ်ထံသို့ ပျံဝဲလာ၏။

ရှေးဟောင်းသစ်ပင်ကြီးမှ ရုတ်တရက် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်သည်။

စောင့်ကြည့်နေသော တပည့်များမှာ အလွန်ပင် အံ့အားသင့်သွားကြ၏။ ကြည့်ရသည်မှာ ဤရှေးဟောင်းသစ်ပင်ကြီးထံ၌ အမှန်တကယ်ပင် ပြဿနာတစ်စုံတစ်ခု ရှိနေပုံရသည်။

ချလန်း...ချလန်း.....

ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများမှာ သတ္ထုက့ဲသို့ မာကျောသွားပြီးနောက် ပျံဝဲလာသော သစ်ကိုင်းများနှင့် တွေ့ဆုံသွားကြသည်။ သတ္ထုအချင်းချင်း ထိတွေ့မိသကဲ့သို့ မီးပွားများ လွင့်စင်ထွက်ပေါ်လာလေသည်။

ဇူယွမ်မှာ ခြေလှမ်းများအား ရပ်တန့်လိုက်ပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် မြေပြင်ပေါ်တွင်ရှိနေသော သစ်ကိုင်းများအား ရစ်ပတ်လိုက်သည်။ ထို့နောက် ရှေးဟောင်းသစ်ပင်ကြီးအားကြည့်ကာ ပြောလိုက်၏။ "မင်းကတော်တော် အပုန်းကောင်းတာပဲ။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ မင်းမှာလုံလောက်တဲ့ အသိဉာဏ်မှမရှိတာ။ ငါကနည်းနည်းလေး ခြောက်လှန့်ဖို့လုပ်လိုက်တာနဲ့ မင်းကိုယ်မင်း ထုတ်ဖော်ပြသလိုက်တော့တာပဲ။"

ထိုရှေးဟောင်းသစ်ပင်ကြီး၏ ပုန်းကွယ်နိုင်မှုစွမ်းရည်မှာ မြင့်မားလှသောကြောင့် ဇူယွမ်သည်ပင် မည်သည်ကိုမှ အာရုံခံမိခဲ့ခြင်း မရှိပေ။ သို့သော် ထို့ကြောင့်ပင် သူသည် သစ်ပင်ကြီးအား စတင်၍ သံသယဝင်ခဲ့ရခြင်း ဖြစ်၏။

ပုံမှန်သစ်ပင်တစ်ပင်သာဆိုပါက အသက်ဓာတ်များ ခမ်းခြောက်နေသော အချိန်၌ပင် အလွန်အားနည်းသော ချီစွမ်းအင်အား ထုတ်လွှတ်နေမည် ဖြစ်သည်။ သို့သော် ယခုရှေးဟောင်းသစ်ပင်ကြီးထံမှ မည်သည့်ချီစွမ်းအင်မှ ထွက်ပေါ်နေခြင်း မရှိပေ။ ဇူယွမ်မှာ ထိုအချက်အား သတိပြုမိခဲ့ခြင်းပင် ဖြစ်သည်။

ရွှီ...

ရှေးဟောင်းသစ်ပင်ကြီးထံမှ အသံအချို့ ပေါ်ထွက်လာ၏။ ထို့နောက် သစ်ပင်ကြီး၏ကိုယ်ထည်မှာ ကြေးနီများအဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းလဲသွားလေသည်။

ဝှစ်....

ထိုသို့ပြောင်းလဲသွားပြီးနောက် ရုတ်ချည်းဆိုသလိုပင် သစ်ပင်ကြီး၏ အကိုင်းအခက်များမှာ နေရောင်ကိုပင် ကာဆီးသွားမတက် ကြီးမားလာ၏။ ထိုအကိုင်းအခက်များမှာ ဇူယွမ်ရှိရာအရပ်ဆီသို့ အဆက်မပြတ် ရွေ့လျားလာသည်။

"တပည့်ခေါင်းဆောင်ဇူယွမ်ကို ကူညီကြရအောင်။" တပည့်များမှာ အလျင်အမြန်ပင် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် သစ်ပင်ကြီး၏ အကိုင်းအခက်များအား တိုက်ခိုက်လိုက်ကြသည်။

ဝုန်း....

ချီစွမ်းအင်များ ရုတ်ချည်းပေါက်ကွဲထွက်ပေါ်လာမှုကြောင့် မြေပြင်ပေါ်ရှိ ကျောက်တုံးကျောက်ဆောင်များသည်ပင် ကွဲအက်ကုန်ရ၏။

ဇူယွမ်၏အဖွဲ့မှာ လူအရေအတွက် သာလွန်နေသောကြောင့် သစ်ပင်ကြီးမှာ အရေးနိမ့်နေရသည်။ သို့သော် ထိုကြေးသစ်ပင်ကြီးမှာ ထူးခြားလှပြီး အကိုင်းအခက်များမှာ အလျင်အမြန်ပင် ပြန်လည်ထွက်ပေါ်လာလေသည်။ ထို့နောက် သစ်ပင်ကြီးထံမှ ပြင်းထန်လှသော စွမ်းအင်များ ထွက်ပေါ်လာကာ ကန်ရွှမ်းကလန်မှ တပည့်များ၏တိုက်ခိုက်မှုအား ကာဆီးထားလိုက်၏။

ဇူယွမ်မှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အံ့အားသင့်နေမိသည်။ ယခုသစ်ပင်ကြီးအား တိုက်ခိုက်နေကြသူများမှာ ကန်ရွှမ်းကလန်၏ တောင်ထွတ်အသီးသီးမှ အထူးချွန်ဆုံး တပည့်များပင် ဖြစ်သည်။ သို့သော် ၎င်းတို့အားလုံး ပူးပေါင်းတိုက်ခိုက်ခြင်းသည်ပင် သစ်ပင်ကြီးအား အနိုင်မရနိုင်ပဲ ရှိနေလေသည်။

ဇူယွမ်မှာ သစ်ပင်ကြီး၏ လျင်မြန်စွာ ပြန်လည်ကောင်းမွန်နိုင်စွမ်းကိုလည်း သတိပြုလိုက်မိ၏။ မည်မျှပင် တိုက်ခိုက်ခံပါရစေ သစ်ပင်ကြီးထံမှ အကန့်အသတ်မဲ့သော ချီစွမ်းအင်များ ထွက်ပေါ်နေစမြဲပင် ဖြစ်သည်။

တပည့်များ၏ ကူညီတိုက်ခိုက်ပေးမှုကြောင့်သာ မဟုတ်ပါက ဇူယွမ်မှာ သစ်ပင်ကြီးကြောင့် ကြယ်ရောင်လရောင်များပင် မြင်တွေ့နေရလောက်ပြီ ဖြစ်၏။

ထိုအချိန်၌ပင် ဂူဟွမ်ချီမှာ ဇူယွမ်၏အနီးသို့ ရောက်ရှိလာပြီး တိုးညင်းသောအသံဖြင့် စကားဆိုလိုက်သည်။ "ဇူယွမ် ဒါကရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲ ထင်တယ်။"

"ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲဟုတ်လား။" ဇူယွမ်မှ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

"ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲဆိုတာ အရမ်းကိုထူးခြားတဲ့ မူလသားရဲတစ်မျိုးပဲ။ အပြင်မှာရှိနေတဲ့ သစ်ပင်က အခွံသာသာပဲရှိတယ်။ တကယ့်အထဲမှာက ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲက ပုန်းကွယ်နေတာပဲ။ အဲ့ကပ်ပါးကောင်ကို မသတ်ရသေးသမျှ ဒီသစ်ပင်ကလည်း ပြန်တော့မှသေသွားမှာမဟုတ်ဘူး။"

"ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်းသားရဲက အရမ်းအပုန်းကောင်းတဲ့အပြင် သူကိုယ်တိုင်ကလည်း ကြေးသစ်ပင်နဲ့ ပေါင်းစပ်နေတဲ့အတွက် ရှာဖို့လုံးဝမလွယ်ကူဘူး။" ဂူဟွမ်ချီမှာ စိုးရိမ်ပူပန်နေဟန် ရှိ၏။ ရွေးချယ်ခံများသည်ပင် ကြေးသစ်ပင်အတွင်း ပုန်းကွယ်နေသော ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲအား ရှာဖွေရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဇူယွမ်မှာလည်း အနည်းငယ်မျှ တွေဝေသွားရသည်။ ယခုကဲ့သို့ မူလသားရဲမျိုးနှင့် တွေ့ဆုံရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။

ဂူဟွမ်ချီမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ငါကတော့ ဒီနေရာကနေဆုတ်ကြဖို့ အကြံပေးချင်တယ်။ ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်နဲ့ တိုက်ခိုက်နေလို့လည်းအပိုပဲ။ ငါတို့ရဲ့ စွမ်းအင်တွေကို ဖြုန်းနေသလိုပဲ ဖြစ်မှာ။"

ဇူယွမ်မှ ပြန်၍ပြောလိုက်သည်။ "ဒါပေမယ့် ဒီနေရာမှာ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ကိုရဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် အခွင့်အရေးရှိတယ်လေ။"

ဂူဟွမ်ချီမှာ သူမ၏နှုတ်ခမ်းသားများအား ဖိကိုက်လိုက်မိ၏။ ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်သားရဲ ရှိနေသည်ကို ကြည့်ရုံမျှဖြင့်ပင် ဤနေရာသည် ပုံမှန်နေရာတစ်ခုမဟုတ်ကြောင်း သိရှိနိုင်ပေသည်။ ထို့ကြောင့် ဤနေရာ၌ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်အား ရရှိနိုင်မည့် အခွင့်အရေးများစွာ ရှိနေနိုင်ပေ၏။

"ဒါပေမယ့် ရှန်းဟွကြေးသစ်ပင်ကပ်ပါးကောင်က ရင်ဆိုင်ဖို့ အရမ်းခက်ခဲလွန်းတယ်လေဟာ။" ဂူဟွမ်ချီမှ ခါးသက်စွာ ပြောလိုက်သည်။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ထားရင်းဖြင့် ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ "ဒီကောင်က အပုန်းကောင်းတယ်ပေါ့လေ ဟုတ်လား။"

ထို့နောက် မျက်ဝန်းများကို ပိတ်လိုက်၏။

"အနက်ဖော်သူတော်စင်မှော်စာလုံး။"

ဇူယွမ်မှာ မျက်ဝန်းများအား ပြန်လည်ဖွင့်လိုက်ကာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ ထို့နောက် ရှေးဟောင်းကြေးသစ်ပင်ကြီးအတွင်း၌ တစ်ပေကျော်မျှသာရှိသော အစိမ်းပုပ်ရောင် ကပ်ပါးကောင်သားရဲအား တွေ့ရှိလိုက်ရ၏။

၎င်းသည် မြေပြင်ထံမှ ချီစွမ်းအင်များအားစုပ်ယူကာ ကြေးသစ်ပင်ကြီးထံ ပြန်လည်ပို့လွှတ်၍ တပည့်များအား တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။

သို့သော် ထိုကပ်ပါးကောင်သားရဲသည် ဇူယွမ်ကြည့်ရှုနေသည်အား သိရှိသွားပြီးနောက် ကြောက်လန့်တုန်လှုပ်စွာဖြင့် ကိုယ်ယောင်ဖျောက်ကာ မြေကြီးအတွင်းသို့ တိုးဝင်သွားလေတော့သည်။

ဝှစ်.....

ဇူယွမ်မှာလည်း ဒြပ်မဲ့အသွင်သို့ ပြောင်းလဲကာ လျင်မြန်စွာပင် လှုပ်ရှားလိုက်၏။

ရှေးဟောင်းကြေးသစ်ပင်ကြီးထံမှ အကိုင်းအခက်များစွာ ဇူယွမ်ထံသို့ ဦးတည်ပျံဝဲလာကြသော်လည်း သူ၏အဝတ်တစ်စမျှကိုပင် မထိတွေ့နိုင်ပဲ ရှိနေသည်။ တပည့်များစွာ၏ အံ့အားသင့်နေသော အကြည့်များအောက်၌ပင် ဇူယွမ်မှာ ကြေးသစ်ပင်၏ ပင်စည်ရှိရာသို့ ရော​က်ရှိသွားလေသည်။

"ချီဖြိုခွဲခြင်း။"

ကောင်းကင်ဘုံယွမ်စုတ်တံ၏ အမွှေးများမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွား၏။

ထို့နောက် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ကြေးသစ်ပင် ပင်စည်၏ နေရာတစ်ခုသို့ ချိန်ရွယ်ထိုးစိုက်ချလိုက်သည်။

ဇွပ်....

အနက်ရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ကြေးသစ်ပင် ပင်စည်မှာ နှစ်ခြမ်းကွဲသွားရ၏။

သို့သော် ယခုအကြိမ်တွင်မူ ကြေးသစ်ပင် ပင်စည်မှာ အကိုင်းအခက်များကဲ့သို့ ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ပေမျှရှိသော အစိမ်းပုပ်ရောင် ကပ်ပါးကောင်သားရဲမှာ ကောင်းကင်ဘုံယွမ်စုတ်တံ၏လက်ချက်ကြောင့် သေဆုံးသွားရသောကြောင့်ပင် ဖြစ်သည်။ ထိုသားရဲကောင်မှာ ကောင်းကင်ဘုံယွမ်စုတ်တံ၏ထိပ်၌ ထုပ်ချင်းပေါက်စိုက်ဝင်နေ၏။

ဝုန်း....

ကပ်ပါးကောင်သေဆုံးပြီး မကြာမီမှာပင် ရှေးဟောင်ကြေးသစ်ပင်ကြီးမှာလည်း လဲကျသေဆုံးသွားရပေသည်။

ရှေးဟောင်းကြေးသစ်ပင်ကြီး ပြိုလဲသွားသည်နှင့်တစ်ပြိုင်နက် ထိုနေရာမှ အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများမှာ ရောင်စဉ်သုံးသွယ် ရောယှက်နေခြင်းပင် ဖြစ်၏။

တပည့်များမှာ ထိုအလင်းတန်းများအား မြင်တွေ့လိုက်ရပြီးနောက် အလွန်ပင် ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။

ထိုရောင်စဉ်သုံးသွယ် အလင်းတန်းများမှာ ရှန်းဟွချန်ယင်းအဆီအနှစ်များပင် ဖြစ်လေသည်။

သာမန်ရှန်းဟွချန်ယင်းအဆီအနှစ်များပင် မဟုတ်ပဲ ဇူယွမ်ရှာဖွေပေးခဲ့သည့်အရာမှာ ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်များပင် ဖြစ်ပေတော့သတည်း။

All Chapters