ကောင်းကင်ရေတွင်းကို ချိုးဖျက်ခြင်း
Vol. 142 Ch. 1821
ဖရိုဖရဲချီစွမ်းအင်များ လွင့််ပျယ်ပျောက်ကွယ်သွားပြီးနောက် အားလုံး၏ မြင်ကွင်းထဲ၌ ရှေးဟောင်းမီးအိမ်တစ်လုံး ပေါ်လာသည်။ ထိုမီးအိမ်မှာ အလွန်ရိုးရှင်းသော ဆီမီးအိမ်တစ်လုံးသာ ဖြစ်ပြီး အောက်ခြေတွင် ပန်းကန်လုံးငယ် တစ်လုံး ရှိနေသည်။ ပန်းကန်ထဲတွင် ဆီအနည်းငယ် ဝပ်နေပြီး ပန်းကန်နှုတ်ခမ်းပေါ်တွင် မီးစာတစ်ချောင်း တင်ထားသည်။
သို့သော် ဤမီးအိမ်မှာ မီးမထွန်းညှိရသေးသလို၊ ဆီမှာလည်း များများစားစား ရှိပုံ မပေါ်ချေ။
ဟွာတုခန်းမသခင် အပါအဝင် ခန်းမသခင်ငါးယောက်လုံးက ရိပ်ခနဲ ပျောက်ကွယ်ကာ ထိုမီးအိမ်ဆီသို့ ပြေးဝင်သွားကြသည်။ သို့သော် သူတို့ပြေးထွက်သွားသည့် တစ်ချိန်တည်းမှာပင် လန်ယွီတျန်းက မီးအိမ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ဖြစ်နေသည်။
ဟွာတုခန်းမသခင်က တုံ့ခနဲ ရပ်တန့်လိုက်သော်လည်း အခြားခန်းမသခင် လေးယောက်မှာ လန်ယွီတျန်းထံမှ လုယူရန် ကြိုးစားနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ကမန်းကတန်း အော်လိုက်သည်။ "မသွားနဲ့… အမြန်ဆုတ်ကြ..."
သူ၏ ခန္ဓာကိုယ်က နောက်သို့ ဆုတ်သွားသော်လည်း ခန်းမသခင်လေးယောက်မှာမူ နောက်ဆုတ်ရန် အချိန်မမီတော့ချေ။
လန်ယွီတျန်း မီးအိမ်ကို လက်ဖဝါးအပေါ် တင်လိုက်သည့်အချိန်မှာပင် ထိုမီးအိမ်မှာ အလိုအလျောက် မီးတောက်လာသည်။ မီးရောင်က ထူးဆန်းစွာ ခရမ်းရောင် ဖြစ်နေသည်။ အချိန်တိုအတွင်းမှာပင် ခရမ်းရောင်အလင်းက ခန်းမကြီးတစ်ခုလုံးကို လင်းထိန်သွားစေ၏။
ဟွာတုခန်းမသခင်မှာ ခန်းမတံခါးဝသို့ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထိုခရမ်းရောင်အလင်းနင့် ထိတွေ့လိုက်သည်နှင့် သူ၏ အရာအားလုံးကို ထိုအလင်းတန်းက တောက်ပနေစေသကဲ့သို့ ခံစားလိုက်သည်။ သူ၏ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းအားလုံးမှာ လုံးဝ ထွင်းဖောက်မြင်နေရသည့်အလားပင်။
သူ့မှာ တုန်လှုပ်သွားပြီး ခန်းမထဲမှ အလျင်အမြန် ထွက်ခွာသွားသည်။
သူ တစ်ချက်မျှ ပြန်ကြည့်လိုက်သည့်အခါ မီးတောက်၏ ပုံသဏ္ဌာန်က အလွန် ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။ မျက်လုံးအိမ်ဒါဇင်များစွာ ရှိသော ခရမ်းရောင် နတ်ဆိုးမျက်လုံးတစ်လုံးအလားပင်။
နတ်ဆိုးမျက်လုံးဟု ခေါ်ရခြင်းမှာ ထိုခရမ်းရောင်မျက်လုံးသည် ဒေါင်လိုက် ဖြစ်နေပြီး ချင်မူ၏ မျက်ခုံးကြားမှ ဒေါင်လိုက်မျက်လုံးနှင့် တူနေသောကြောင့်ပင်။ သို့သော် သူငယ်အိမ်နှင့် မီးတောက်အလယ်ဗဟိုကို ထည့်ပေါင်းလိုက်ပါက အလွှာပေါင်း လေးဆယ့်တစ်လွှာ ရှိနေသည်။ သူငယ်အိမ်၏ အရောင်မှာ ခရမ်းရောင်ဖြစ်ပြီး အလယ်ဗဟိုမှ မီးတောက်မှာမူ ဖရိုဖရဲချီစွမ်းအင် ဖြစ်နေသည်။
မီးအလင်းရောင်နှင့် ထိတွေ့လိုက်သည်နှင့် ထိုခရမ်းရောင်မျက်လုံးသည် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းအားလုံးကို ထွင်းဖောက်မြင်နိုင်သည့်အလားပင်။ မည်သည့် လျှို့ဝှက်ချက်မှ မကျန်တော့ပေ။
ဟွာတုခန်းမသခင် ခန်းမထဲမှ ထွက်ခွာသွားလျှင်ချင်း ခန်းမထဲရှိ ခန်းမသခင်လေးယောက်က တစ်ပြိုင်နက်တည်း စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။ ထို့နောက် အသံတိတ်သွားကြသည်။
ဟွာတုခန်းမသခင်၏ နှလုံးသားမှာ ဓားဖြင့် မွှမ်းခံလိုက်ရသကဲ့သို့ နာကျင်နေသော်လည်း ဆက်မနေရဲချေ။ လှစ်ခနဲ အဝေးသို့ ထွက်ပြေးသွား၏။
ထိုစဉ် ခန်းမထဲ၌ လန်ယွီတျန်းက မီးအိမ်ကို ကိုင်ထားရင်း မီးတောက်ကို ငေးကြောင်ကြည့်နေမိသည်။
ယခုလေးတင် ဖြစ်ပျက်သွားသော မြင်ကွင်းမှာ အလွန်တရာ ထူးဆန်းလှပေသည်။ မီးအိမ်က ထွန်းလင်းလာပြီး မီးတောက်မှာ ခရမ်းရောင်မျက်လုံး နတ်ဆိုးမျက်လုံးသဖွယ် ဖြစ်သွားသည်။ ထိုမျက်လုံးမှာ အလင်းရောင်ထဲတွင် တစ်ပတ်လည် သွားပြီး အကြည့်က ခန်းမသခင်လေးယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။
မီးအလင်းရောင်ထဲမှ နတ်ဆိုးမျက်လုံးကြောင့် ခန်းမသခင်လေးယောက်စလုံး တစ်ချိန်တည်းနီးပါး တောက်ပသွားကြသည်။ ခန်းမသခင်လေးယောက်၏ ခန္ဓာကိုယ်ပေါ်ရှိ မဟာတာအိုမှာ အစိမ်းရောင်မီးခိုးငွေ့များသဖွယ် လျင်မြန်စွာ အငွေ့ပျံသွားသည်။ သူတို့၏ တာအိုသစ်ပင်၊ တာအိုသစ်သီးနှင့် ခန်းမများပင်လျှင် အစိမ်းရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲကုန်ကြသည်။
ခန်းမသခင်လေးယောက်မှာ စူးစူးဝါးဝါး တစ်ချက်သာ အော်ဟစ်သည့်အချိန် ရလိုက်ပြီး သူ့မျက်စိအရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
"ထူးဆန်းလိုက်တာ... တကယ်ကို ထူးဆန်းတယ်"
လန်ယွီတျန်းလည်း အော်ဟစ်လိုက်ရင်း မီးအိမ်ကို လွှင့်ပစ်မိမတတ် ဖြစ်သွားသည်။
မီးအလင်းရောင် ထွန်းလင်းနေချိန်တွင် လန်ယွီတျန်းသည် မီးတောက်ကို ဖြတ်၍ ခန်းမသခင်လေးယောက်၏ အရာအားလုံးကို မြင်တွေ့နိုင်ခဲ့၏။ သူတို့၏ ကောင်းကင်နတ်သိုင်းများ၊ တာအိုသစ်ပင်၊ တာအိုသစ်သီး၊ တာအိုခန်းမအားလုံး အသေးငယ်ဆုံးသော သင်္ကေတများအဖြစ် ဖြိုခွဲခံလိုက်ရပြီး အသေးငယ်ဆုံး အမှုန်အမွှားများအဖြစ် ပြိုကွဲသွားကြသည်။
သို့သော် မီးအိမ်ထဲမှ နတ်ဆိုးမျက်လုံး အလင်းတောက်လာသည့်အခါ ဤမျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။
"မီလော့နန်းတော်အရှင်သခင် ဒီနေရာမှာ တာအိုဟောပြောတုန်းက အစ်ကိုကြီးရဲ့ မီးအိမ်က သူ့ရဲ့ တာအိုစည်းချက်ကို ခိုးယူပြီး မီးဆီအဖြစ် ဖွဲ့တည်ခဲ့တယ် …. သင်ကြားရှင်းပြခဲ့တဲ့ အနုစိတ် သဘောတရားတွေကို ခိုးယူပြီး မီးစာအဖြစ် ပြောင်းလဲလိုက်တာ…. သူ့ရဲ့ ဖရိုဖရဲတာအို သုံးပြီး နတ်ဆိုးမျက်လုံးအဖြစ် ဖော်ဆောင်လိုက်တာပါလား”
လန်ယွီတျန်းက မီးဆီကို အသေအချာ စစ်ဆေးကြည့်လိုက်ရာ နတ်ဆိုးမျက်လုံး၏ အလင်းရောင်ကြောင့် သေဆုံးသွားသည့်အချိန်တွင် မီးဆီ အနည်းငယ် ခမ်းသွားသည်ကို တွေ့လိုက်ရ၏။ သူ့နှလုံးသားမှာ အေးခဲတုန်လှုပ်သွားသည်။ "မီလော့နန်းတော်အရှင်သခင် တာအို သင်ကြားပြသတဲ့အချိန်မှာ မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်ပဲဖြစ်ဖြစ်၊ ခန်းမသခင်ပဲဖြစ်ဖြစ်၊ သခင်လေးပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ တာအိုကျင့်စဉ်တွေက မီလော့နန်းတော်အရှင်သခင်ကို ကျော်လွန်နိုင်မှာ မဟုတ်ဘူး…. ဒါကြောင့် မီးအလင်းရောင်နဲ့ ထိတွေ့လိုက်တာနဲ့ ဘာလျှို့ဝှက်ချက်မှ မရှိတော့တာ… ဒါပေမဲ့ မီးဆီက အကန့်အသတ် ရှိတယ်… ဒီမီးအိမ်ကို အကြာကြီး ထွန်းထားလို့ မရဘူး… မီးဆီ မခမ်းခင် တခြား ထူးခြားတဲ့ ရတနာခြောက်ခုကို ဖြေရှင်းမှ ဖြစ်မယ်… ဒါပေမဲ့..."
သူသည် ခန်းမထဲမှ ခပ်သုတ်သုတ် ထွက်လာပြီး ဘိုးဘေးနန်းတော် ဒယ်အိုးကြီးဆီသို့ တဟုန်ထိုး ဦးတည်သွားသည်။
"ဒါပေမဲ့ ဒီမီးအိမ်က အဲဒီ ထူးခြားတဲ့ ရတနာခြောက်ခုကို ယှဉ်နိုင်ပါ့မလား"
မီးအိမ်သည် ရတနာ ဖြစ်သော်လည်း ထုံထျန်းရေတွင်း၊ မီးခိုးပျံ၊ မဟာအကျဉ်းထောင်၊ ရောင်ပြန်မှန် အစရှိသည့် ရတနာများမှာလည်း မီလော့နန်းတော် သခင်လေးများ သန့်စင်ထားသော ထူးခြားသည့် ရတနာများ ဖြစ်သည်။ မီးအိမ်သည် ထိုထူးခြားသော ရတနာခြောက်ခုကို ရင်ဆိုင်နိုင်ခြင်း ရှိ၊ မရှိအား လန်ယွီတျန်း ယုံကြည်မှု မရှိပေ။
လန်ယွီတျန်း ဘိုးဘေးနန်းတော်ဒယ်အိုးကြီးထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် ရှုရှန်းဟွာသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များကို ဦးဆောင်၍ မီလော့နန်းတော် တာအိုသိုင်းပညာရှင် စစ်တပ်ကြီးအား ခုခံနေသည်ကို တွေ့လိုက်ရ၏။ ထူးခြားသော ရတနာခြောက်ခု၏ အနားပတ်ဝန်းကျင်တွင်လည်း သတ်ဖြတ်မှုများ နေရာအနှံ့ ဖြစ်ပွားနေသည်။
ထူးခြားသော ရတနာခြောက်ခု၏ စွမ်းအားက ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားကို အပြည့်အ၀ ဖိနှိပ်ထားသဖြင့် စွမ်းအားတစ်စိတ်တစ်ပိုင်းပင် ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။ ထိုမျှသာမက မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များက ထူးခြားသော ရတနာခြောက်ခုဘေးတွင် စုဝေးနေကြသည်။ ရတနာခြောက်ခု၏ စွမ်းအားတို့က အရပ်လေးမျက်နှာသို့ ပျံ့နှံ့ကာ ခိုင်ဧကရာဇ်၊ ချင်ဖုန်းကျင့်နှင့် အခြားသူများအား ဒဏ်ရာအပြင်းအထန် ရနေစေသည်။
သခင်လေးတစ် မဟာဥသျှောင်၏ ထုံထျန်းရေတွင်းမှာ စွမ်အားအကြီးဆုံး ဖြစ်သည်။ ဒယ်အိုးကြီးကို ထိုးဖောက်သွားရုံသာမက ဘိုးဘေးနန်းတော် တစ်ခုလုံးတွင် အပေါက်ကြီးတစ်ပေါက် ပေါက်လာစေသည်။ ၎င်းက အလယ်ဗဟိုတွင် ဧရာမ လေဆင်နှာမောင်းကြီးတစ်ခုကဲ့သို့ တိမ်တိုက်များကို စုဝေးလှုပ်ရှားနေစေပြီး ဘိုးဘေးနန်းတော်၏ အပေါက်ကို ပိုမို ကြီးမားလာစေသည်။
မိုင်ပေါင်း တစ်သောင်း ကျယ်ဝန်းသည့် ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားအားလုံးမှာ ဤရေတွင်း၏ စုပ်ယူခြင်းကို ခံနေရသည်။
ဤရေတွင်းသည် မဟာပျက်စီးခြင်းကပ်ဘေးကို ဖြတ်သန်းချိတ်ဆက်ထားသော ရတနာ ဖြစ်သည်။ အပြင်မှ ကြည့်လျှင် ရုပ်ဒြပ်ထု မရှိသည့်အလားပင်။ မည်သည့်အရာဖြင့် ပြုလုပ်ထားမှန်းလည်း မပြောနိုင်ချေ။ သို့သော် စွမ်းအားမှာ အလွန်တရာ ပြင်းထန်လှသည်။
ခိုင်ဧကရာဇ်နှင့် အခြားသူများက ရေတွင်း၏ ဘေးသို့ သတ်ဖြတ်ဝင်ရောက်သွားပြီး ၎င်းပတ်ပတ်လည်ရှိ မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်များနှင့် ခန်းမသခင်များကို ရင်ဆိုင်တိုက်ခိုက်နေသည်။
သူ့ဘေးတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များမှာ ရေတွင်းထဲသို့ မကြာခဏ ပြုတ်ကျသွားကြ၏။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေနိုင်သည့် စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာကြသည်။ သူတို့မှာ ရေတွင်းထဲသို့ ပြုတ်ကျ၍ အတိတ်စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ကျရောက်သွားကြလေသည်။
ခိုင်ဧကရာဇ်မှာလည်း အန္တရာယ်များသော အခြေအနေတွင် ရှိနေပြီး အချိန်မရွေး ရေတွင်းထဲသို့ ကျသွားနိုင်သည်။
တစ်ဖက်တွင် သခင်လေးနှစ်၏ မီးခိုးပျံမှာ ကောင်းကင်တွင် သောင်းကျန်းနေသည်။ မီလော့နန်းတော်၏ ခန်းမသခင် အချို့က မီးခိုးပျံပေါ်တွင် ရပ်လျက် လေအလား တဝှီးဝှီး သွားလာနေကြသည်။ ထိုမီးခိုးပျံမှာ သခင်လေးနှစ်၏ တာအိုအဆင့် ကောင်းကင်ဘုံ ၃၆ ဘုံမှ ဖွဲ့တည်လာသော ရတနာ ဖြစ်ပြီး အဆုံးသတ်မြို့ပျက်၏ မရဏလေပူများကို မကြာခဏ ထုတ်လွှတ်နေ၏။
မရဏလေပူများ တိုက်ခတ်သွားတိုင်း ဘိုးဘေးနန်းတော်၏ ကောင်းကင်နှင့် မြေကြီးမှာ တိုက်စားခံရပြီး ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ စွမ်းအားကို ဖျက်ဆီးနေသည်။ ရှင်းအန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များကို ဦးဆောင်၍ မီးခိုးပျံထဲသို့ သတ်ဖြတ်ဝင်ရောက်သွားပြီး သူ့ပတ်ပတ်လည်တွင် ရှိသမျှသူအားလုံးမှာ မီးခိုးထဲတွင် သေဆုံးသွားကြပြီး ရှင်းအန်း၏ ရုပ်ခန္ဓာမှာလည်း တစ်ခုပြီးတစ်ခု ဖျက်ဆီးခံနေရသည်။
မဟာအကျဉ်းထောင်၊ ရောင်ပြန်မှန်နှင့် အခြားရတနာများမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ခန်းမသခင်အဆင့် ပုဂ္ဂိုလ်များပင် မခုခံနိုင် ဖြစ်နေရာ တာအိုသိုင်းပညာရှင်များဆိုလျှင် ထည့်တွက်နေစရာပင် မလိုတော့ချေ။ ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ တောင်တန်းမြစ်ချောင်းများမှာ ကြေမွပျက်စီးနေသည်။ နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်ကြာအောင် သန့်စင်ထားသည့် ပထမဆုံး အစွမ်းထက်လက်နက်ကြီးမှာ ထူးခြားသော ရတနာခြောက်ခု၏ တိုက်ခိုက်မှုအောက်တွင် အချိန်မရွေး ပျက်စီးသွားနိုင်တော့သည်။
လန်ယွီတျန်းက မီးအိမ်ကို ကိုင်မြှောက်လျက် အနီးဆုံး ထူးခြားသော ရတနာဆီသို့ ပျံသန်းသွားသည်။
ထိုထူးခြားသော ရတနာမှာ သခင်လေးငါး သန့်စင်ထားခြင်း ဖြစ်၏။ မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များ ယူလာပြီးနောက် ထိုရတနာသည် သံကြိုးများသဖွယ် ပြုမူနေ၏။ သံကြိုးများက တစ်ကိုယ်လုံး အရိုးဆူးချွန်များဖြင့် ပြည့်နှက်နေသော နဂါးနက်ကြီးများသဖွယ် ကြီးမားလာပြီး ဘိုးဘေးနန်းတော်၏ တောင်တန်းမြစ်ချောင်းများကြား ဖြတ်သန်းသွားလာကာ ဘိုးဘေးနန်းတော် ဒယ်အိုးကြီးကို ထိုးဖောက်ဖျက်ဆီးနေသည်။
နဂါးနက်ကြီးများ၏ ခန္ဓာကိုယ်များ လှုပ်ရှားလိုက်သည်နှင့် မရေမတွက်နိုင်သော အရိုးဆူးချွန်များက အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားကြသည်။ ၎င်းတို့က တာအိုသစ်ပင်များကို ချေမှုန်း၍ တာအိုသစ်သီးများကို ထိုးဖောက်ကာ ဘိုးဘေးနန်းတော်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖျက်ဆီးနေ၏။
မီလော့နန်းတော်၏ ခန်းမသခင်များ၊ တာအိုသိုင်းပညာရှင်များက နဂါးနက်ကြီး၏ ကျောပေါ်တွင် ရပ်လျက် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်များကို သတ်ဖြတ်နေကြသည်။
လန်ယွီတျန်းက မီးအိမ်ကို နှိုးဆော်လိုက်ပြီး စိတ်ထဲတွင် စိုးရိမ်နေသည်။ "ဒီမီးအိမ် သခင်လေးငါးရဲ့ ထူးခြားတဲ့ ရတနာကို ယှဉ်နိုင်၊ မယှဥ်နိုင်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနိုင်အရှုံးက ဒီတိုက်ကွက်မှာပဲ မူတည်နေပြီ"
မီးအိမ်၏ အလင်းရောင်မှာ ရုတ်တရက် ပြင်းထန်စွာ တောက်ပလာပြီး မျက်စိပင် ကျိန်းလာစေသည်။ ခရမ်းရောင်အလင်းတန်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး မီးတောက်မှာလည်း ကုဋေပေါင်းများစွာ ချဲ့ကားခံလိုက်ရသော မီးတုတ်ကြီးတစ်ခုအလား အလွန်တရာ ကြီးမားလာ၏။
လန်ယွီတျန်းက မီးတောက်၏ အနောက်မှ ကြည့်လိုက်ရာ ခရမ်းရောင် သူငယ်အိမ်တို့ဖြင့် နတ်ဆိုးမျက်လုံးမှာလည်း နှိုင်းယှဉ်မရနိုင်အောင် ကြီးမားလာသည်ကို တွေ့လိုက်ရသည်။ အလွှာလေးဆယ်ရှိသော ခရမ်းရောင်သူငယ်အိမ်များထဲမှ ဖရိုဖရဲနတ်ဆိုးမျက်လုံးက တဖြည်းဖြည်း လည်ပတ်လာပြီး နဂါးနက် သံကြိုးများဆီသို့ တောက်ပသွားသည်။
ကောင်းကင်နှင့် မြေကြီးပေါ်တွင် နဂါးနက်သံကြိုးများက ရှုပ်ထွေးရောယှက်လျက် ဘိုးဘေးနန်းတော် ဒယ်အိုးကြီးကို အဆက်မပြတ် ဖျက်ဆီးနေသည်။ ရုတ်တရက် နဂါးနက်ကြီးများမှာ အလင်းရောင်ထဲတွင် ပြိုကွဲသွားပြီး မီးခိုးငွေ့များအဖြစ် ပြောင်းလဲကုန်ကြသည်။
နဂါးနက်ကြီး၏ ကျောပေါ်တွင် ရပ်နေသော ထိုမီလော့နန်းတော် ခန်းမသခင်များ၊ တာအိုသိုင်းပညာရှင်များမှာ ခြေချော်သွားပြီး ပြုတ်ကျသွားကြသည်။ သို့သော် ခရမ်းရောင်သူငယ်အိမ် နတ်ဆိုးမျက်လုံး၏ အကြည့်နှင့် ထိတွေ့သွားသည်နှင့် ချက်ချင်း မီးခိုးငွေ့များအဖြစ်သို့ လွင့်ပျယ်ပျောက်ကွယ်သွားကြ၏။
"မီးဆီတွေ နှမြောစရာပဲ"
လန်ယွီတျန်းမှာ အံ့ဩဝမ်းသာ ဖြစ်သွားသလို မီးဆီကိုလည်း နှမြောသွားသည်။ သူက အလျင်အမြန် မှော်စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ရာ ပန်းကန်လုံးထဲမှ မီးဆီများမှာ အတော်လေး လျော့နည်းသွားသည်ကို တွေ့လိုက်ရ၏။
မီးဆီမှာ မူလကတည်းက များများစားစား မရှိပေ။ ယခုတွင် မီးအိမ်၏ စွမ်းအားကို မစိုးရိမ်တော့သော်လည်း မီးဆီက အခြားထူးခြားသော ရတနာ ငါးခုကို ဖြေရှင်းရန် လုံလောက်ပါ့မလားဟု စိုးရိမ်နေသည်။
ဤမီးအိမ်ကို အသုံးပြု၍ မီလော့နန်းတော် ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များကို သတ်ဖြတ်ခြင်းမှာ လွယ်ကူသော်လည်း မီးဆီမှာ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်အားလုံးကို သတ်ဖြတ်ရန် မလုံလောက်ပေ။ မီလော့နန်းတော် သခင်လေးတို့၏ ထူးခြားသော ရတနာများကို ရင်ဆိုင်ရာတွင် အသုံးပြုနိုင်သည်။
မီးဆီကို မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များအပေါ် ဖြုန်းတီးလိုက်ရခြင်းက နှမြောစရာ ကောင်းလှသည််။ သူက ချက်ချင်း မီးအိမ်ကို ကိုင်မြှောက်၍ နောက်ထပ် ထူးခြားသော ရတနာဆီသို့ လိုက်သွားသည်။ ထိုအချိန်မှာပင် ဟွာတုခန်းမသခင်က သူ့ကို သတ်ဖြတ်ရန် တာအိုသိုင်းပညာရှင် အများအပြားကို ဦးဆောင်လာပြီး သူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
ဟွာတုခန်းမသခင်သည် မီးအိမ်၏ လျှို့ဝှက်ချက်ကို သတိပြုမိသွားသဖြင့် အဓိကအချက်ကို တွေးမိသွားသည်မှာ ထင်ရှားသည်။ မီးအိမ်၏ ထူးဆန်းသော စွမ်းအားကြောင့် သေဆုံးရမည်ကို ကြောက်ရွံ့သော်လည်း မီးဆီများကို ကုန်ဆုံးသွားအောင် လုပ်နိုင်ပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အနိုင်ရမည့် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
လန်ယွီတျန်းမှာ အလောကြီးနေ၍ ဆီမီးခွက်ကို ကာကွယ်ရင်း အသက်လု တိုက်ခိုက်နေသည်။ သို့သော် ပြေး၀င်လာသော တာအိုသိုင်းပညာရှင်မျာက ပိုပို၍ များပြားလာပြီး သူ့ကို ဝန်းရံထားကြ၏။ နောက်ထပ် တာအိုသိုင်းပညာရှင်များစွာလည်း ရောက်လာပြီး အသေခံတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားသည်မှာ ထင်ရှားသည်။
ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင်၌ ကြာပန်းတစ်ပွင့် ပေါ်လာသည်။ ရှုရှန်းဟွာက ခြေတစ်လှမ်းလျှင် ကြာပန်းတစ်ပွင့်၊ ကြာပန်းတစ်ပွင့်လျှင် ဘိုးဘေးနန်းတော် တစ်ခု ဖြစ်ပေါ်နေစေသည်။ သူက တိုက်ပွဲထဲသို့ သတ်ဖြတ်ဝင်ရောက်လာပြီး ဩရှနေသောအသံဖြင့် သတိပေးသည်။ "ငါ သူတို့ကို တားထားမယ်၊ မင်း တခြား ထူးခြားတဲ့ ရတနာတွေကို အမြန် သွားချိုးဖျက်"
ရှုရှန်းဟွာက ဟွာတုနှင့် အခြားသူများကို တားဆီးထားသဖြင့် လန်ယွီတျန်းမှာ အသက်ရှူချိန် ရသွားပြီး ချက်ချင်း လွတ်မြောက် ထွက်ခွာသွားသည်။
မကြာမီပင် မဟာအကျဉ်းထောင်၊ မီးခိုးပျံ၊ ရောင်ပြန်မှန်နှင့် အခြားရတနာများမှာ မီးအိမ်၏ အလင်းရောင်အောက်တွင် တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များအပေါ်မှ ဖိအားမှာ အကြီးအကျယ် လျော့ကျသွားသော်လည်း ဤတိုက်ပွဲကြောင့် သေဆုံးထိခိုက်မှုမှာ အလွန် များပြားလှသည်။
ဘိုးဘေးနန်းတော် ဒယ်အိုးကြီး၏ တောင်တန်းမြစ်ချောင်းများမှာ ကြေမွပျက်စီးသွား၏။ ပျက်စီးရှုပ်ပွနေသည့် အခြေအနေများကိုသာ တွေ့မြင်ရသည်။
လန်ယွီတျန်း၏ လက်ထဲရှိ မီးအိမ်ထဲတွင် မီးဆီမှာ ကုန်လုနီးပါးဖြစ်နေချေပြီ။ လန်ယွီတျန်း၏ နှလုံးသားမှာ လေးလံသွားပြီး နောက်ဆုံးရတနာ ဖြစ်သည့် ထုံထျန်းရေတွင်း ရှိရာသို့ အလျင်အမြန် ပြေးသွားသည်။
ထုံထျန်းရေတွင်းမှာ ပိုပို၍ ကြီးမားလာနေသည်။ ကြီးမားလွန်းသဖြင့် ဘိုးဘေးနန်းတော် ဒယ်အိုးကြီးအား အဆက်မပြတ် ပြိုကျနေစေ၏။ ဒယ်အိုးကြီး၏ အောက်ဘက်တွင် ဧရာမ မဟာပျက်စီးခြင်းကပ်ဘေး ရှိနေသည်။ ဘိုးဘေးနန်းတော်၏ တောင်တန်းမြစ်ချောင်းများမှာ ရေတွင်းထဲသို့ အဆက်မပြတ် ပြုတ်ကျနေလေသည်။
သခင်လေးတစ် မဟာဥသျှောင်၏ ထူးခြားသော ရတနာစွမ်းအားမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလှသည်။
လန်ယွီတျန်းက နောက်ဆုံးမီးဆီကို အသက်သွင်းလိုက်ရာ မီးအလင်းရောင်မှာ ပိုပို၍ ကြီးမားလာသော ထုံထျန်းရေတွင်းဆီသို့ ကျရောက်သွား၏။
မီးအလင်းရောင်က ထုံထျန်းရေတွင်းပေါ်သို့ ဖြာကျသွားသည်။ ခရမ်းရောင်နတ်ဆိုးမျက်လုံး၏ အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ထုံထျန်းရေတွင်းမှာ အဆက်မပြတ် ပျက်စီးသွားပြီး မီးခိုးငွေ့များအဖြစ် ပျံ့လွင့်သွားသည်။ သို့သော် ရေတွင်းကြီးမှာ အဆက်မပြတ် ပြန်လည်ကြီးထွားလာသဖြင့် လန်ယွီတျန်းမှာ ခေါင်းနပန်းကြီးသွားတော့သည်။
ခရမ်းရောင်နတ်ဆိုးမျက်လုံး ထုံထျန်းရေတွင်းကို ဖျက်ဆီးလိုက်သည့် ပမာဏအတိုင်း ရေတွင်းသည် ပြန်လည် ကြီးထွားလာနေ၏။ ဤမြင်ကွင်းမှာ သူ လုံးဝ မျှော်လင့်မထားသော အရာပင်။
နောက်ဆုံးတွင် မီးဆီများ ကုန်ခမ်းသွားကာ မီးအလင်းရောင်မှာ တဖြည်းဖြည်း မှိန်ဖျော့လာသည်။ မီးစာမှာလည်း တဖြည်းဖြည်း လောင်ကျွမ်းရင်း တိုသထက် တိုလာသည်။
လန်ယွီတျန်းမှာ စိုးရိမ်ပူပန်နေတော့သည်။ မီးစာ မရှိတော့လျှင် မီးအိမ်ကား အဘယ်သို့ပြု၍ အသုံးဝင်တော့မည်နည်း။
"ဟုတ်ပြီ…. ဒီမီးအိမ်က အရာအားလုံးနဲ့ လူအားလုံးရဲ့ လျှို့ဝှက်ချက်တွေကို ထွင်းဖောက်မြင်နိုင်တယ်.. မီးမငြိမ်းခင် ငါ ထုံထျန်းရေတွင်းရဲ့ လျှို့ဝှက်ချက် အားလုံးကို လေ့လာနိုင်သေးတယ်"
သူက ချက်ချင်း မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်၍ မီးတောက်ကို ဖြတ်ကာ ထုံထျန်းရေတွင်းဆီသို့ ကြည့်လိုက်သည်။ မီးအလင်းတန်းထဲတွင် ထုံထျန်းရေတွင်းမှာ အဆက်မပြတ် ပြောင်းလဲနေသော ကမ္ဘာဦးဖရိုဖရဲသင်္ကေတများသာ ဖြစ်၏။ ပြောင်းလဲမှုများ အဆုံးမရှိဘဲ အလိုလို ပြန်လည်ဖွဲ့တည်နေသည်။
လန်ယွီတျန်းက အရူးအမူး မှတ်သားနေသော်လည်း မီးစာမှာ ကုန်ခမ်းသွားပြီး မီးတောက် တဖြည်းဖြည်း ငြိမ်းသေသွား၏။
"ငါ မှတ်ထားနိုင်တယ်… ငါ ထုံထျန်းရေတွင်းရဲ့ လျှို့ဝှက်ချက် အားလုံးကို နားလည်နိုင်တယ်… ငါ အဲဒီ ပြောင်းလဲမှုတွေကို ဘယ်တော့မှ မမေ့ဘူး… ငါ ထုံထျန်းရေတွင်းရဲ့ အားနည်းချက်ကို ရှာတွေ့နိုင်တယ်"
လန်ယွီတျန်းက အော်ဟစ်လိုက်ပြီး မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်သည်။ ထုံထျန်းရေတွင်း၏ ကုဋေပေါင်းများစွာသော ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ ပြောင်းလဲမှုများအား သူ၏ ဦးနှောက်ထဲတွင် နက်နက်ရှိုင်းရှိုင်း ခတ်နှိပ်လိုက်သည်။
"ဟုတ်တယ်… ထုံထျန်းရေတွင်းကို ပိတ်ဆို့လို့ ရတယ်"ရုတ်တရက် သူက မျက်လုံးများကို ဖွင့်လိုက်ပြီး စိတ်ထဲတွင် ဝမ်းမြောက်စွာ အော်ဟစ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ထုံထျန်းရေတွင်း၏ အားနည်းချက်တစ်ခုကို မြင်တွေ့သွားသဖြင့် မီးအိမ်၏ ပန်းကန်လုံးငယ်ကို ချက်ချင်း ပစ်လွှတ်လိုက်၏။
ပန်းကန်လုံးငယ်က ရေတွင်းထဲသို့ ဝှီးခနဲ ပျံသန်းဝင်ရောက်သွားသည်။ လန်ယွီတျန်းကလည်း ရေတွင်းထဲသို့ ပျံသန်းဝင်ရောက်သွားကာ ပန်းကန်လုံးငယ်၏ နောက်သို့ အမှီလိုက်သွားသည်။
ပန်းကန်လုံးငယ် မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ကျရောက်တော့မည့် အခိုက်အတန့်တွင် လန်ယွီတျန်း၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ မရေမတွက်နိုင်သော လက်မောင်းများက အရပ်လေးမျက်နှာသို့ ညွှန်ပြလိုက်ပြီး ထုံထျန်းရေတွင်း၏ နံရံလေးဘက်လုံးရှိ ကမ္ဘာဦးဖရိုဖရဲသင်္ကေတ တစ်ခုချင်းစီကို ထောက်လိုက်၏။
ထုံထျန်းရေတွင်း၏ သင်္ကေတများ လည်ပတ်မှုမှာ ချက်ချင်းပင် တခဏမျှ ရပ်တန့်သွားသည်။ ထိုအချိန်မှာပင် ပန်းကန်လုံးငယ်က ကြီးမားလာပြီး ရေတွင်းအောက်ခြေကို ပိတ်လိုက်လေသည်။
ထုံထျန်းရေတွင်းမှာ ချက်ချင်း အလုပ်မလုပ်တော့ချေ။
လန်ယွီတျန်း၏ ခြေထောက်များ ပျော့ခွေသွားသည်။ သူ့မှာ ပန်းကန်လုံးအောက်ခြေသို့ ပြုတ်ကျကာ ဝမ်းသာမျက်ရည်များ စီးကျလာတော့သည်။