← Chapters

ဓား၏ အမြင့်ဆုံးလမ်း

Vol. 142 Ch. 1822

ဓား၏ အမြင့်ဆုံးလမ်း

Vol. 142 Ch. 1822

လန်ယွီတျန်း ရေတွင်းထဲတွင် ထိုင်နေသည်။ ထုံထျန်းရေတွင်းမှာ မီးအိမ်ပန်းကန်လုံးအား ဆက်လက် ခုခံနေဆဲဖြစ်လေသည်။ မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များမှာလည်း ထုံထျန်းရေတွင်းကို ဆက်လက်အသုံးပြု၍ ရေတွင်းအောက်ခြေမှ မီးအိမ်ပန်းကန်လုံးကို ဖယ်ရှားပစ်ရန် ကြိုးစားနေကြသည်။

မီးအိမ်ပန်းကန်လုံးက ရေတွင်းအောက်ခြေကို ပိတ်ဆို့ထားသဖြင့် အဆက်မပြတ် တုန်ခါနေသည်။ ထုံထျန်းရေတွင်းမှာ အချိန်တစ်ခုအထိ ဤမီးအိမ်ပန်းကန်လုံးအပေါ် မည်သည်မှ မလုပ်နိုင်ချေ။

သို့သော် လန်ယွီတျန်းမှာ ထုံထျန်းရေတွင်း၏ အားနည်းချက်ကို ယာယီသာ တွေ့ခဲ့ခြင်း ဖြစ်သည်။ ထုံထျန်းရေတွင်းကို ချိုးဖျက်နိုင်ခဲ့ခြင်း မဟုတ်ပေ။ မီးအိမ်ပန်းကန်လုံးက ထုံထျန်းရေတွင်း၏ စွမ်းအားကို ဖိနှိပ်ထားသော်လည်း တစ်ချိန်တည်းမှာပင် ထုံထျန်းရေတွင်း၏ စွမ်းအားကို ပိုမို စုစည်းလာစေပြီး အားကောင်းလာစေမည် ဖြစ်သည်။ နောက်ဆုံးတစ်နေ့တွင် မီးအိမ်ပန်းကန်လုံး ခံနိုင်ရည်ရှိသည့် အတိုင်းအတာကို ကျော်လွန်သွားပြီး ကြေမွသွားစေလိမ့်မည်။

"မီလော့နန်းတော်ရဲ့ အခြေခံအုတ်မြစ်က သန်မာနေတုန်းပဲ… နန့်ရှန်းသာ ဒီထူးခြားတဲ့ ရတနာ ခုနစ်ပါး အကြောင်း ကြိုတင်သတိမပေးခဲ့ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက အငိုက်မိပြီး အမြစ်ပြတ်ချေမှုန်းခံရမှာ သေချာတယ်"

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပါရမီအထူးချွန်ဆုံးသူများမှာ သူနှင့် ရှုရှန်းဟွာတို့ ဖြစ်ကြသော်လည်း သူတို့နှစ်ယောက်လုံး သခင်လေးများ၏ ထူးခြားသော ရတနာကဲ့သို့သော ရတနာမျိုးကို မသန့်စင်နိုင်ကြပေ။ မီလော့နန်းတော်၏ ထူးခြားသော ရတနာများကို ရင်ဆိုင်နိုင်သူက နောက်ဆုံးတွင် မီလော့နန်းတော်သာ ဖြစ်၏။ ဤသို့သော အခြေခံအုတ်မြစ်မျိုးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ယှဉ်နိုင်ခြင်း မရှိသေးချေ။

ထုံထျန်းရေတွင်း၏ ရေတွင်းဝတွင် တာအိုသိုင်းပညာရှင်များ၏ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲပင်။ လန်ယွီတျန်းက စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်လိုက်ပြီး ရေတွင်းအပြင်ဘက်သို့ တွယ်တက်လာ၏။

ထုံထျန်းရေတွင်းသည် မီးအိမ်ပန်းကန်လုံးအား အနှေးနှင့်အမြန် ချိုးဖျက်နိုင်ပေလိမ့်မည်။ သူ၏ ယခု အသုံးဝင်နေသေးသော ဤခန္ဓာကိုယ်ဖြင့် မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်များနှင့် ခန်းမသခင်များကို သတ်ဖြတ်ရပေမည်။ ရန်သူကို မချေမှုန်းနိုင်ခဲ့ပါက နောက်ဆုံး မီးအလင်းရောင်ထဲတွင် မြင်တွေ့ခဲ့ရသော ထုံထျန်းရေတွင်း၏ လျှို့ဝှက်ချက်များကို အားကိုးပြီး ထုံထျန်းရေတွင်းကို ချိုးဖျက်နိုင်မည့် နည်းလမ်းကို စဉ်းစားကာ လျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းရပေမည်။

သို့သော် မီးအိမ်ပန်းကန်လုံး မရှိဘဲ ဤလျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းလိုပါက အချိန်ကာလများစွာ ကြာမြင့်ပေလိမ့်မည်။

"အစ်ကိုကြီး ဘယ်လိုနေလဲ မသိဘူး" သူ့မျက်လုံးထဲတွင် ချင်မူ၏ ပုံရိပ် ပေါ်ထွက်လာပြီး စိတ်ထဲမှ သတိရနေမိသည်။

မီလော့နန်းတော် သခင်လေးခြောက်ယောက်၏ ထူးခြားသော ရတနာများကို ရင်ဆိုင်ရသောကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်များ၏ သေဆုံးထိခိုက်မှုမှာ အလွန် များပြားလှသည်။ ချင်မူမှာမူ မီလော့နန်းတော်၏ သခင်လေးနှစ်ယောက်ကို တိုက်ရိုက် ရင်ဆိုင်နေရသဖြင့် အန္တရာယ် မည်မျှ ကြီးမားသည်ကို တွေးကြည့်နိုင်ပေ၏။

မီလော့နန်းတော်ကို လှည့်ပတ်စီးဆင်းနေသော ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းထဲမှ မြစ်တစ်စင်း၏ မြစ်ရေပြင်ပေါ်ရှိ သခင်လေးလင်းရှောင်၏ မျက်နှာမှာ တည်ကြည်လေးနက်နေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သခင်လေးကျစ်ရှောင်၏ ကောင်းကင်နတ်သိုင်းများသည် ဖရိုဖရဲမြူခိုးများထဲမှ အဆက်မပြတ် ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်နေသဖြင့် ဒဏ်ရာများ ရထား၏။

သို့သော် သူ့နှလုံးသားကို လေးလံစေသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများ မဟုတ်ဘဲ သခင်လေးကျစ်ရှောင်၏ ဓားတာအိုကောင်းကင်နတ်သိုင်းများအတွင်း ပြောင်းလဲနေမှုပင် ဖြစ်သည်။

သခင်လေးကျစ်ရှောင်၏ ဓားတာအို ကောင်းကင်နတ်သိုင်း စွမ်းအားမှာ အားကောင်းနေဆဲ ဖြစ်သော်လည်း သခင်လေးကျစ်ရှောင်၏ ဓားတာအို ကောင်းကင်နတ်သိုင်း ပြောင်းလဲမှုများမှတစ်ဆင့် သူ၏ နှလုံးသားတွင် သေးငယ်လှသော ပြောင်းလဲမှုတို့ ဖြစ်ပေါ်နေသည်ကို လင်းရှောင် အာရုံခံမိသည်။

နှလုံးသားက ပြောင်းလဲမှုက ကောင်းကင်နတ်သိုင်းတို့အပေါ်တွင် ထင်ဟပ်နေတတ်သည်။ ကောင်းကင်နတ်သိုင်းစွမ်းအားက မပြောင်းလဲသော်လည်း တာအိုနှလုံးသား လှိုင်းဂယက်များက တာအိုကျင့်စဉ်၏ ပြီးပြည့်စုံမှုကို သက်ရောက်စေနိုင်၏။

သခင်လေးကျစ်ရှောင်၏ စွမ်းဆောင်ရည်တို့က သူ့အောက် မနိမ့်ကျသော်လည်း တာအိုနှလုံးသားကား လိုအပ်နေသေးသည်။ ချင်မူကား နှလုံးသားကို ထိန်းချုပ်လှည့်ဖြားရာတွင် ကျွမ်းကျင်သော မိစ္ဆာတစ်ကောင် ဖြစ်နေသည်မဟုတ်လော။ ဤအချက်ကြောင့် သူ့မှာ သခင်လေးကျစ်ရှောင်အပေါ် မစိုးရိမ်မိဘဲ မနေနိုင်ချေ။

"ခုနစ်က ထူးဆန်းတဲ့ နည်းလမ်းတစ်ခုနဲ့ လေးရဲ့ တာအိုနှလုံးသားကို နှောင့်ယှက်နေတာပဲ… ဒီနည်းလမ်းက သူတို့ စတိုက်ခိုက်တဲ့ အချိန်ကတည်းက လေးရဲ့ တာအိုနှလုံးသားကို မသိမသာ လွှမ်းမိုးနေခဲ့တာ…. အရင်က မပေါ်ခဲ့ပေမယ့် အခုတော့ စပြီး ပေါ်လာပြီ"

သူ၏ နှလုံးသားမှာ လေးလံသထက် လေးလံလာသည်။ ချင်မူအနေဖြင့် အသိစိတ်အလျဉ်တာအို သို့မဟုတ် ဘ၀ပြန်၀င်စားခြင်းတာအိုကို အသုံးပြု၍ သခင်လေးကျစ်ရှောင်အပေါ် တဖြည်းဖြည်း လွှမ်းမိုးနိုင်၏။ မြင်ရနိုင်သော ကောင်းကင်နတ်သိုင်းများ အပြင်၊ မမြင်ရနိုင်သော အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း သို့မဟုတ် ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ သခင်လေးကျစ်ရှောင်၏ တာအိုနှလုံးသားကို တိုက်ခိုက်နိုင်သည်။

ဤသို့လွှမ်းမိုးမှုမျိုးက အစပိုင်းတွင် အလွန် နှေးကွေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လွှမ်းမိုးမှုက တစတစ ကြီးမားလာပေလိမ့်မည်။

"ဒါ့အပြင် ခုနစ်ရဲ့ စွမ်းအားက လေးကို မယှဉ်နိုင်ဘူး… ပုံမှန်အတိုင်းဆိုရင် ခုနစ် မြန်မြန်ရှုံးနိမ့်သွားသင့်တာ…ဒါပေမဲ့ ဒီလောက် အကြာကြီး တောင့်ခံထားနိုင်တယ်… ဒါက ခုနစ်ရဲ့ စွမ်းဆောင်ရည်တွေ အဆက်မပြတ် တိုးတက်နေတဲ့ အဓိပ္ပာယ်ပဲ…သူ..."

သူ့မှာ မျက်ခုံးလှုပ်သွားပြီး သခင်လေး ဖရိုဖရဲ ချန်ထားခဲ့သော မီလော့နန်းတော်မှ တာအိုကျမ်းစာများကို သတိရလိုက်သည်။

မီလော့နန်းတော်တွင် မီလော့နန်းတော်အရှင်သခင်အပါအဝင် အားလုံးသည် ကိုယ်ပိုင်တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအား တာအိုကျမ်းစာဖြင့် မှတ်တမ်းတင် ‌ရေးသားချန်ခဲ့ကြ၏။ သခင်လေး ဖရိုဖရဲလည်း သူ၏ ကျမ်းစာများကို ချန်ထားခဲ့ပြီး အတော်များများ ဖတ်ရှုခဲ့ဖူးကြသည်။

မီလော့နန်းတော်အရှင်သခင်သည် သခင်လေး ဖရိုဖရဲ၏ ကျမ်းစာများကို ဖတ်ရှုခဲ့စဉ်က အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့၏။ သခင်လေး ဖရိုဖရဲ၏ ကျမ်းစာများက သူကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သည်အထိ နက်ရှိုင်းသည်ဟု ပြောခဲ့ဖူးသည်။

သခင်လေးလင်းရှောင်လည်း ထိုကျမ်းစာများကို ဖတ်ရှုခဲ့ဖူးသည့်တိုင် လုံးဝ နားမလည်ခဲ့ပေ။

ကျမ်းစာထဲရှိ စာလုံးများအား ဖရိုဖရဲတာအိုနဲ့ ရေးသားထားပြီး ဖရိုဖရဲတာအို၏ သင်္ကေတအား 'ယွမ်' ဟုခေါ်ကြောင်း မီလော့နန်းတော်အရှင်သခင်က သူတို့ကို ပြောပြခဲ့၏။ ၎င်းတို့က ကမ္ဘာဦးဖရိုဖရဲသင်္ကေတထက် အဆင့်မြင့်မားနေသည့် သင်္ကေတများ ဖြစ်သည်။

သခင်လေး ဖရိုဖရဲသာ 'ယွမ်' ကို ပြီးပြည့်စုံအောင် လုပ်နိုင်ပါက သူပင် လက်လှမ်းမမှီနိုင်သော အောင်မြင်မှုမျိုးကို ရသွားလိမ့်မည်။ သို့သော် ဤလမ်းစဉ်မှာ အလွန်တရာ ခက်ခဲလှသဖြင့် ထိုသို့အောင်မြင်မှုမျိုးကို ရနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

ထိုအချိန်က သခင်လေးလင်းရှောင်နှင့် အခြားသူများမှာ 'ယွမ်' ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သတိမပြုမိခဲ့ကြပေ။ သူတို့ တစ်ယောက်ချင်းစီတွင် ထူးကဲသော အောင်မြင်မှုများ ရှိကြပြီး မီလော့နန်းတော်အရှင်သခင်ပင် မရရှိနိုင်သော အောင်မြင်မှုများကို ပိုင်ဆိုင်ထားကြ၏။ သခင်လေး ဖရိုဖရဲ၏ 'ယွမ်' မှာ သခင်လေးနှစ်၏ အဆုံးသတ်မြို့ပျက်တာအို၊ သခင်လေးလေး၏ ဓားတာအိုတို့နှင့် ဆင်တူသည်ဟု ထင်မှတ်ခဲ့ကြသည်။

ယခုကြည့်ရသရွေ့ ထိုစဉ်က သူတို့၏အတွေးများမှာ အနည်းငယ် ရိုးစင်းနုံအခဲ့ပုံပင်။

မီလော့နန်းတော်အရှင်သခင်၏ 'ယွမ်' အပေါ် ချီးကျူးမှုသည် ဖရိုဖရဲတာအိုက ကမ္ဘာဦးဖရိုဖရဲတာအိုကို အပြည့်အ၀ ကျော်လွန်နိုင်ခဲ့သည့်အတွက် ချီးကျူးခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

"အခု ခုနစ်က ဒီလောက် မသန်မာနိုင်သေးဘူး…. ဒါပေမဲ့ လေးရဲ့ ပုံသွင်းမှုအောက်မှာ တဖြည်းဖြည်း သန်မာလာနေတာပဲ"

သူက ဓားကွက်လှိုင်းတစ်လှိုင်းအား ထပ်မံ ခုခံလိုက်ရင်း ဟိုဟိုသည်သည် ကြည့်လိုက်သည့်တိုင် မီလော့နန်းတော်၏ တည်နေရာကို ရှာမတွေ့နိုင်သေးပေ။

မီလော့နန်းတော်ထဲတွင် ဓာရောင်များ လျှပ်တပြက် လက်သွားပြီး သခင်လေးကျစ်ရှောင်၏ ဓားချက်က ချင်မူ့ဆီသို့ ထိုးစိုက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဗျပ်စောင်းသံတစ်ချက် ရုတ်တရက် ကြားလိုက်ရ၏။ ၎င်းမှာ ကျစ်ရှောင်၏ ကွယ်လွန်သွားသော ဇနီးသည်ဆီမှ ဗျပ်စောင်းသံ ဖြစ်သည်။ ဗျပ်စောင်းသံမှာ တစ်စုံတစ်ယောက် "ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသံ" ကို တီးခတ်နေခြင်း မဟုတ်ဘဲ သူ၏ တာအိုနှလုံးသားထဲမှ ထွက်ပေါ်လာခြင်းပင်။ သူ နားမထောင်ချင်လျှင်တောင်မှ မရပေ။

ချင်မူ့တွင် ကျင့်စဉ် သို့ သိုင်းကွက်တစ်ခု ရှိလိမ့််မည်။ အဆိုပါ ကျင့်စဉ် သိုင်းကွက်က သူ့တာအိုနှလုံးသား၏ အားနည်းချက်ကို တိုက်ခိုက်ပြီး ကွယ်လွန်သွားသော ဇနီးအပေါ် လွမ်းဆွတ်မှုကို နှိုးဆွပေးနိုင်သည်။

ဤသေခြင်းရှင်ခြင်းတိုက်ပွဲတွင် ကျစ်ရှောင်မှာ တာအိုနှလုံးသား မထိခိုက်စေရန် အစွမ်းကုန် ကြိုးစားနေသော်လည်း ထိခိုက်နေဆဲပင်။

သူသည် ဇနီးသည်၏ ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသံဖြင့် တာအိုရရှိခဲ့ခြင်း ဖြစ်၍ ဤတေးသံမှာ သူ၏ တာအိုနှလုံးသားကျင့်စဉ်ထဲတွင် နက်ရှိုင်းစွာ ခတ်နှိပ်ခံထားရသည်။ သူ၏ တာအိုနှလုံးသားထဲမှ ချို့ယွင်းချက်ကို ဖြတ်တောက်ပစ်နိုင်သော်လည်း မလုပ်နိုင်ချေ။

ရုတ်တရက် ခေါင်းလောင်းသံတစ်ချက် မြည်ဟီးလာသည်။ သူ၏ တာအိုနှလုံးသားထဲမှ ဗျပ်စောင်းသံ ထွက်ပေါ်လာသည်နှင့် စကြ၀ဠာခေါင်းလောင်းက သူ့ခန္ဓာကိုယ်ကို ဝင်တိုက်လိုက်သည်။ သခင်လေးကျစ်ရှောင်မှာ အင့်ခနဲ ညည်းလိုက်ရပြီး နောက်သို့ လန်ကျသွားသည်။ သူသည် မီလော့နန်းတော်ထဲမှ လွင့်ထွက်၍ ဖရိုဖရဲမြစ်တစ်စင်းပေါ်သို့ ပြုတ်ကျသွား၏။

သူ မီလော့နန်းတော်ထဲသို့ သတ်ဖြတ်ဝင်ရောက်ရန် ပြင်လိုက်စဉ် ရုတ်တရက် တုန်လှုပ်ခြောက်ခြားသွားသည်။ သူ မြစ်ထဲသို့ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ ဇနီးကို တွေ့လိုက်ရလေသည်။

ဤမြစ်မှာ ဆယ်စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးပင်။

မြစ်ထဲတွင် သူကိုယ်တိုင်မှာ ဓားပညာအပေါ် အရူးအမူး စွဲလမ်းရူးသွပ်၍ ဇနီးအား လျစ်လျူရှုထားသည်ကို မြင်နေရသည်။ သို့သော် ဇနီးမှာမူ သူ့ဘေးတွင် အမြဲတမ်း ရှိနေခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့သည်။

သူသည် နှစ်ဆယ့်သုံးကွက်မြောက် ဓားကွက်အား လေ့လာဖန်တီးနိုင်ရန်တွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခဲ့၏။ ဇနီးလုပ်သူက စိတ်အနှောင့်အယှက် ဖြစ်စရာဟုပင် ထင်လာမိ၏။ သူမကား သူ တာအိုရရှိရန် လမ်းမှ ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်နေသလို ခံစားလာရသဖြင့် သူမအပေါ် တစ်ကြိမ်မက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံခဲ့ပြီး ဆဲဆိုကြိမ်းမောင်းလျက် မောင်းထုတ်ရန် ကြိုးစားခဲ့ဖူးသည်။ သတ်ပစ်ရန်ပင် ကြိုးစားခဲ့ဖူးလေသည်။

သို့သော် ဇနီးလုပ်သူသည် သူ့အား ပစ်မထားခဲ့ပေ။ သူ့ကို နားလည်ပေးကာ ချစ်ခင်နေဆဲဖြစ်ပြီး တာအိုရရှိအောင် ကူညီပေးနေခဲ့သည်။

ကျစ်ရှောင် အလွန်တုံးအခဲ့သည်။ ဓားပညာအား စွဲမက်နေသဖြင့် ဇနီး၏ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို လျစ်လျူရှုခဲ့၏။ မဟာပျက်စီးခြင်းကပ်ဘေး နီးကပ်လာသည်ကိုလည်း လျစ်လျူရှုခဲ့သည်။

သို့သော် သူ့ဇနီးမှာမူ သတိပြုမိခဲ့သည်။ သူမသည် သူ မဟာပျက်စီးခြင်းကပ်ဘေးကို မကျော်ဖြတ်နိုင်ဘဲ ကပ်ဘေးထဲတွင် သေဆုံးသွားမည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် မဟာပျက်စီးခြင်းကပ်ဘေး မကျရောက်မီ သူ တာအိုအောင်မြင်နိုင်အောင် ကူညီနိုင်မည့် နည်းလမ်းမှန်သမျှအား စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ လေ့လာခဲ့၏။

သို့သော် သူမကိုယ်တိုင် မဟာပျက်စီးခြင်းကပ်ဘေးကို မည်သို့ ကျော်ဖြတ်ရမည်ကိုတော့ တစ်ခါမှ မစဉ်းစားခဲ့ပါချေ။

သူမသည် နောက်ဆုံးတွင် ကျစ်ရှောင် တာအိုရရှိခြင်းတေးသံကို ဖန်တီးနိုင်ခဲ့၏။ တေးသံတစ်ပုဒ်က ကျစ်ရှောင်ကို တာအိုအောင်မြင်အောင် ကူညီပေးခဲ့သည့် နောက်ဆုံးအသံ ဖြစ်လာခဲ့သည်။

ကျစ်ရှောင် တာအိုရရှိပြီးနောက် မဟာပျက်စီးခြင်းကပ်ဘေး ကျရောက်လာခဲ့သည်။ ထိုအချိန်တွင်မှ ဇနီးလုပ်သူ မည်မျှစတေး၍‌ ပေးဆပ်ခဲ့သည်ကို သတိပြုမိခဲ့လေသည်။ ဓားအပေါ် အစွန်းရောက်စွဲလမ်းမှုက အစွန်းရောက်သော စိတ်ခံစားချက်များအဖြစ် ပြောင်းလဲသွားပြီး ဇနီးသည်အား မဟာပျက်စီးခြင်းကပ်ဘေးမှ ကာကွယ်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

သို့သော် နောက်ကျသွားခဲ့ချေပြီ။

သူ့ဇနီးမှာ မဟာပျက်စီးခြင်းကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့ပေ။ သူမသည် ကျစ်ရှောင်တွင် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အစွမ်းအစများ ပိုင်ဆိုင်လာပြီး တာအိုအောင်မြင်၍ အနာဂတ်တွင် မီလော့နန်းတော်၏ သခင်လေးလေး ဖြစ်လာစေအောင် ကူညီနိုင်ခဲ့သော်လည်း သူမကိုယ်သူမကိုတော့ ပျက်စီးခြင်းကပ်ဘေးမှ မကာကွယ်နိုင်ခဲ့ချေ။

မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် သူတို့နှစ်ယောက်မှာ နောက်ဆုံးအချိန်၊ နောက်ဆုံးနွေးထွေးမှုကို အတူတူ ဖြတ်သန်းခဲ့ကြသည်။

ကျစ်ရှောင်မှာ မြစ်ရေပြင်ပေါ်တွင် ရပ်လျက် ဤမြင်ကွင်းကို ကြည့်နေမိသည်။ ဤသည်မှာ သူ၏ တာအိုနှလုံးသား မလွတ်မြောက်နိုင်သော ကပ်ဘေးပင် ဖြစ်၏။

သူသည် ဆယ်စင်းမြောက်စကြဝဠာ မဟာပျက်စီးခြင်း ကပ်ဘေး၏ ကောင်းကင်အထက်သို့ ရောက်နေပြီး ကပ်ဘေးထဲ၌ သူ၏ ကြိုးစားအားထုတ်မှုနှင့် ရုန်းကန်မှုအားလုံးသည် ဇနီးသည်အား မကယ်တင်နိုင်ခဲ့သည်ကို ကြည့်နေ၏။

ချင်မူက မြစ်ရေပြင်ပေါ်သို့ ဆင်းသက်လာကာ မလှုပ်ရှားချေ။ ထိုအစား တိတ်ဆိတ်စွာ စောင့်နေသည်။

အချိန်အတော်ကြာပြီးနောက် ကျစ်ရှောင်က အကြည့်လွှဲလိုက်သည်။ သူက ခေါင်းမော့ကာ မှင်သေသေ ပြော၏။ "ခုနစ်၊ မင်း ငါ့ကို ဒီနေရာဆီ ပို့ပြီး ငါ့ရဲ့ တာအိုနှလုံးသား ပြိုကွဲသွားဖို့ မျှော်လင့်နေတာလား… ဒါဆိုရင်တော့ မင်း မှားပြီ…. ငါ ဒီနေရာကို ရောက်လာတာက ငါ့တာအိုနှလုံးသားကို ပိုပြီး ခိုင်မာစေလိမ့်မယ်… ငါ မင်းကို အနိုင်ယူမှသာ အနာဂတ်မှာ ငါ့ဇနီးကို ပြန်ကယ်နိုင်မှာ…. ဒါကြောင့် ဒီတိုက်ပွဲမှာ ငါ အစွမ်းကုန် ထုတ်သုံးရလိမ့်မယ်"

ချင်မူ၏အကြည့်က ဆယ်စင်းမြောက်စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲမ၌ အချင်းချင်း ပွေ့ဖက်ထားသော ကျစ်ရှောင်တို့ ဇနီးမောင်နှံထံ ကျရောက်သွားပြီး တုံ့ပြန်သည်။ "အစ်ကိုလေး၊ ကျွန်တော်က ကောင်းကင်နတ်သိုင်း သုံးပြီး ခင်ဗျားရဲ့ တာအိုနှလုံးသားကို ထိခိုက်စေခဲ့တယ် ထင်နေတာလား…. တကယ်တော့ ကျွန်တော် လုပ်နိုင်ပါတယ်…. ဒါပေမဲ့ မလုပ်ခဲ့ဘူး…. ခင်ဗျားရဲ့ တာအိုနှလုံးသား တစ်စတစ်စ ပြိုကွဲလာတာ အားလုံးက ခင်ဗျား ကိုယ်တိုင်ကြောင့်ပဲ… ခင်ဗျား ကိုယ်တိုင် ဓားတာအိုကို သုံးတဲ့အခါ ဇနီးလုပ်သူကို လွမ်းဆွတ်နေတာ…. ခင်ဗျား ကိုယ်တိုင် တာအိုနှလုံးသားမှာ အပြစ်ရှိသလို ခံစားနေရတာ…. ကျွန်တော် ဘာမှမလုပ်ခဲ့ဘူး"

သူ၏ မျက်နှာတွင် သရော်အပြုံးတစ်စ ဖြစ်ပေါ်လာသော်လည်း ကျစ်ရှောင်ကို မကြည့်ဘဲ ဆယ်စင်းမြောက် စကြ၀ဠာ၏ သမိုင်းကိုသာ ဆက်ကြည့်နေသည်။ "ခင်ဗျား ဘယ်ဓားကွက်ကိုပဲ သုံးသုံး ခင်ဗျားရဲ့ အောင်မြင်မှုတွေက ခင်ဗျားဇနီးဆီက လာတာလို့ ခံစားရလိမ့်မယ်… ခင်ဗျား ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်စေခဲ့တာပဲ”

သခင်လေးကျစ်ရှောင်၏ မျက်နှာ မှိုင်းညှို့သွား၏။

ချင်မူက ခေါင်းမော့လိုက်ပြီး သူ၏ မျက်နှာကို စိုက်ကြည့်ကာ ပြုံးသည်။ "ဒီရက်ပိုင်းတွေမှာ ခင်ဗျားရဲ့ ဓားတာအိုကို အသေးစိတ်သိနေပြီ… ခုနက ခင်ဗျားကို ဘာလို့ တိုက်နိုင်ခဲ့လဲ သိလား…. ခင်ဗျားရဲ့ တာအိုနှလုံးသားက ပျက်စီးနေပြီး အားနည်းချက်တွေက ပိုပိုကြီးလာနေလို့ပဲ… ဒါပေမဲ့ ကျွန်တော်ကတော့ ဖရိုဖရဲမြစ်ထဲက မဟာပျက်စီးခြင်းကပ်ဘေးရဲ့ စွမ်းအားကို ငှားယူပြီး ခင်ဗျားနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အဆင့်အထိ ကျင့်ကြံခြင်းအခြေခံကို မြှင့်တင်နိုင်ခဲ့တယ်"

သခင်လေးကျစ်ရှောင်က တာအိုဓားကို လှုပ်ခါလိုက်ရာ ဓားရောင်များ ထိုးခွင်း၀င်ရောက်လာသည်။

ချင်မူက ကောင်းကင်သို့ ပျံတက်၍ ဖရိုဖရဲခန်းမပေါ်သို့ ဆင်းသက်လိုက်၏။ သူက ဓားရောင်များကို ရင်ဆိုင်ကာ ရှေ့သို့ ပြေး၀င်သွားသည်။ မြစ်ထဲမှ မရေမတွက်နိုင်သော ဓားရောင်များ ထိုးထွက်လာသည်။ ဓားရောင်များက လင်းလက်တောက်ပနေပြီး ဆယ်စင်းမြောက် စကြဝဠာခေတ်မှ ကျစ်ရှောင်၏ ဇနီးအပေါ် လွမ်းဆွတ်တမ်းတမှုများ စုစည်းထားသယောင်ပင်။ ၎င်းသည် အထွတ်အထိပ် ဓားတာအိုအဖြစ် ပြောင်းလဲသွာချေပြီ။

ဖရိုဖရဲခန်းမ၏ အမိုးအောက်တွင် စကြ၀ဠာခေါင်းလောင်းကြီးက အဆက်မပြတ် တုန်ခါနေပြီး ဖရိုဖရဲမြစ်ကို လှိုင်းထန်နေစေသည်။ ဖရိုဖရဲချီများက ခေါင်းလောင်းသံထဲတွင် ကမ္ဘာလောကများအဖြစ် ဖွဲ့တည်လာကာ ၎င်း၏စွမ်းအားက အရပ်လေးမျက်နှာသို့ ပျံ့နှံ့လျက် ဓားရောင်များကို ရှင်းလင်းဖယ်ရှားလိုက်သည်။

ဝှီး..

လောကသစ်ပင်က ဖရိုဖရဲမြစ်ထဲတွင် အမြစ်တွယ်လိုက်ပြီး ဧရာမအမြစ်ကြီးများက မြစ်အား ထိုးဖောက်ကာ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူနေသည်။

တစ်ချိန်တည်းမှာပင် အဆုံးသတ်မြို့ပျက်ကြာပန်း ပေါ်လာပြီး မြစ်ကို ပြောင်းပြန်လှန်လိုက်သည်။ သူ၏ အဆုံးသတ်မြို့ပျက်ကြာပလ္လင်ကလည်း မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူနေ၏။ အထွတ်အမြတ် ရတနာနှစ်ပါးက ချင်မူ၏ တာအိုစွမ်းအားများကို တဟုန်ထိုး တိုးတက်လာစေပြီး နှိုင်းယှဉ်မရနိုင်အောင် ပြင်းထန်လာစေသည်။

ချင်မူက ကောင်းကင်နတ်သိုင်းများအား အဆက်မပြတ် ပြောင်းလဲရင်း တိုက်ခိုက်ချဉ်းကပ်လာ၏။ ထို့နောက် ထိုက်ယီနတ်ပုဆိန်ကို ဝှေ့ယမ်း၍ တစ်ချက်တည်း ခုတ်ချလိုက်သည်။

ကျစ်ရှောင်က ဓားမြှောက်၍ ကာလိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကျစ်ရှောင်၏ ခန္ဓာကိုယ်မှာ နောက်သို့ ယိုင်သွားပြီး မြစ်ရေပြင်ပေါ် ခြေချလိုက်ရ၏။ သူ၏ လက်မောင်းမှာ ထုံကျင်လာသည်အထိ တုန်ယင်နေသည်။

ချင်မူ ပြောသည့်အတိုင်းပင်။ ချင်မူသည် သူ၏ ဓားတာအို ကောင်းကင်နတ်သိုင်းများကို နှံ့စပ်အောင် နားလည်ထားပြီးလေပြီ။ ဖရိုဖရဲမြစ်၏ စွမ်းအားကို ငှားယူထားသည့် အခြေအနေတွင် ချင်မူ၏ တာအိုစွမ်းအားက သူ့ထက် အားမနည်းသည့်အပြင် ပို၍ပင် အားကောင်းနေပေလိမ့်မည်။

အင်အားအခြေအနေက ပြောင်းပြန် ဖြစ်သွားသည့်အခါ သူ့မှာ ချက်ချင်းပင် အရေးနိမ့်နေသည့် အခြေအနေသို့ ကျရောက်သွားသည်။

ထိုမျှသာမက သူ၏ တာအိုနှလုံးသားတွင် အမှန်တကယ် ချို့ယွင်းချက် ရှိနေ၏။ သူ့လက်ထဲမှ တာအိုဓား ပုဆိန်နှင့် ရင်ဆိုင်လိုက်သည့်အချိန်တွင် ဓားသွားပေါ်၌ သူ၏ တာအိုနှလုံးသားကဲ့သို့ပင် အက်ရာတစ်ခု ထင်းလာသည်။

ဖရိုဖရဲခန်းမက ပျံသန်းလာပြီး ချင်မူက ခန်းမအမိုးပေါ်တွင် ရပ်လျက် ပုဆိန်ဖြင့် ခုတ်ချလိုက်ပြန်၏။

ကျစ်ရှောင်က ပုဆိန်ချက်ကို ထပ်မံ၍ ထိပ်တိုက် ခုခံလိုက်ရာ ကျယ်လောင်သော အသံကြီး ထပ်မံ ထွက်ပေါ်လာသည်။ ခွမ်းခနဲ အသံနှင့်အတူ တာအိုဓားမှာ ကျိုးသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွင့်ထွက်သွား၏။ ပါးစပ်မှ သွေးများ ပန်းထွက်ကာ တစ်ကိုယ်လုံး၌ မရေမတွက်နိုင်သော ဒဏ်ရာများ ဖြစ်ပေါ်လာတော့သည်။

ချင်မူက သူ့နောက်သို့ အမီလိုက်၍ ပုဆိန်ဖြင့် ထပ်မံ ခုတ်ချလိုက်၏။

ထိုအချိန်တွင် ဗျပ်စောင်းသံတစ်ချက် ခပ်သဲ့သဲ့ ပျံ့လွင့်လာသည်။

ချင်မူမှာ ကြောင်ငေးသွား၏။ သူ အမှန်တကယ်ပင် ဗျပ်စောင်းသံကို ကြားလိုက်ရလေသည်။

သူ၏ တာအိုနှလုံးသားတွင် ချို့ယွင်းချက် မရှိသလို ကျစ်ရှောင်ကဲ့သို့ အတွေ့အကြုံမျိုးလည်း မရှိပေ။ ကျစ်ရှောင်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်၍ ဗျပ်စောင်းသံကို ကြားရခြင်း မဖြစ်နိုင်ချေ။ သို့သော် ထိုဗျပ်စောင်းသံမှာ သူ၏ နားထဲသို့ အမှန်တကယ် ဝင်ရောက်လာခဲ့သည်။

ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသံ။

အမှန်တကယ်ပင် ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသံ ဖြစ်သည်။

ဤတေးသွားမှာ ကောင်းကင်နတ်အရှင်ယွဲ့ တီးခတ်သော ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသံနှင့် တူညီ၏။ သို့သော် တေးသံစဉ်ထဲတွင် ‌ကောင်းကင်နတ်အရှင်ယွဲ့၌ မရှိသော ပြင်းထန်သည့် ခံစားချက်တို့ ပါဝင်နေသည်။ ထိုခံစားချက်မှာ ပြင်းထန်လွန်းသဖြင့် ဖြေဖျောက်မရနိုင်ချေ။ ဇနီးသည်တစ်ယောက်က ခင်ပွန်းအပေါ် ထားရှိသော တမ်းတလွမ်းဆွတ်မှုပင် ဖြစ်၏။

သခင်လေးကျစ်ရှောင်သည် ဓားပညာအား အရူးအမူး စွဲမက်ခဲ့သော်လည်း သူမမှာမူ ခင်ပွန်းအပေါ် စကားဖြင့်ပင် ဖော်ပြမရနိုင်အောင် ချစ်‌မေတ္တာသက်ဝင်ခဲ့၏။ သူမ၏ ခံစားချက်အားလုံးကို ကျစ်ရှောင်အပေါ် ပုံအပ်ထားခဲ့သည်။

မဟာပျက်စီးခြင်းကပ်ဘေး မကျရောက်မီ နှစ်များတွင် သူမသာ ကပ်ဘေးကို ကျော်ဖြတ်ရန် အာရုံစိုက်ခဲ့ပါက အသက်ရှင် လွတ်မြောက်နိုင်ပေလိမ့်မည်။ သို့သော် ခင်ပွန်းကိုသာ ပို၍ အသက်ရှင်စေချင်ခဲ့သည်။

ချင်မူ အမှတ်မထင် လှမ်းကြည့်လိုက်ရာ အောက်ရှိဖရို ဖရဲမြစ်ထဲက မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် အမျိုးသမီးတစ်ဦး ဗျပ်စောင်းတီးခတ်နေသည်ကို တွေ့လိုက်ရ၏။ ဗျပ်စောင်းသံက မဟာပျက်စီးခြင်းကပ်ဘေးကို ထိုးဖောက်လျက် မြစ်ရေပြင်ပေါ်သို့ ရောက်လာခဲ့သည်။

သိသိသာသာပင် အမျိုးသမီးသည် ကပ်ဘေးအပြင်ဘက်ရှိ တိုက်ပွဲကို မြင်တွေ့ခဲ့ပြီး နောက်ဆုံးအခိုက်အတန့်တွင် ခင်ပွန်းကို နောက်ဆုံးအကြိမ် ကူညီပေးခဲ့ခြင်းပင်။

ကောင်းကင်နတ်အရှင်ယွဲ့တွင် မရှိသော ခံစားချက်များက သူမ၏ ဗျပ်စောင်းသံထဲမှ ဒလဟော ထွက်ပေါ်လာရာ ချင်မူမှာ ခံစားချက် မကောင်းတော့ချေ။

ချွင်

ကျစ်ရှောင်၏ လက်ထဲရှိ ဓားကျိုးမှ တာအိုအလင်းများ ‌ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ၎င်းမှာ ချင်မူ တစ်ခါမှ မမြင်ဖူးသော ဓားတာအို ဖြစ်၏။ ဓားရောင်က ရောက်လာသည်နှင့် သူ၏ ထိုက်ယီသစ်ပင်ခုတ်သိုင်းကို ချိုးဖျက်လိုက်ပြီး နတ်ပုဆိန်အား ကျိုးသွားစေသည်။

ချင်မူ ဖရိုဖရဲကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ သူ၏ ဖရိုဖရဲ ကောင်းကင်နတ်သိုင်းမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားချေသည်။ သူသည် ကျစ်ရှောင်၏ ဓားတာအိုကို အသုံးပြု၍ သခင်လေးလင်းရှောင်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့၏။ သို့သော် ဓားရောင်များက သူ၏ ဖရိုဖရဲကောင်းကင်နတ်သိုင်းကို ထိုးဖောက်၍ သူ့ခန္ဓာကိုယ်အား ထိုးစိုက်လာသည်။

ချင်မူက အင့်ခနဲ ညည်းလိုက်ပြီး သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပေါက်ကွဲထွက်လာ၏။

စကြ၀ဠာခေါင်းလောင်းကြီးက တုန်ခါမြည်ဟီးလာသော်လည်း နောက်တစ်ခဏတွင် နတ်ခေါင်းလောင်းမှာ ဓားရောင်များဖြင့် ထိုးဖောက်ခံလိုက်ရပြီး ခေါင်းလောင်းသံလည်း တိုး၀င်သွားသည်။

ချင်မူက ကောင်းကင်နတ်သိုင်းမျိုးစုံကို ထုတ်သုံး၍ အစွမ်းကုန် ခုခံသော်လည်း ကျစ်ရှောင် တာအိုအောင်မြင််ခြင်းတေးသံထဲတွင် အဆုံးသတ်မြို့ပျက်ကြာပလ္လင် ဖြစ်စေ၊ ‌လောကသစ်ပင်၏ တာအိုသစ်သီး ဖြစ်စေ အရာအားလုံး ကျစ်ရှောင်၏ ဓားချက်ဖြင့် ထိုးစိုက်ခံနေရ၏။

"ကျစ်ရှောင် တာအိုအောင်မြင်ခြင်းတေးသံမှာ ခံစားချက် မရှိတာက ကျစ်ရှောင်ရဲ့ တာအိုနှလုံးသား ချို့ယွင်းချက်ပဲ… ဒါပေမဲ့ ခံစားချက် ရှိလာတဲ့အခါ ကျစ်ရှောင်ရဲ့ ဓားတာအိုက နောက်တစ်ဆင့် ထပ်တက်သွားလိမ့်မယ်"

ချင်မူမှာ အသည်းအသန် ခုခံနေရသည်။ သူ့မှာ အဆုံးမရှိသော စွမ်းအားကို ငှားယူထားသော်လည်း ရင်သပ်ရှုမောဖွယ် တာအိုဓားကို မတားဆီးနိုင်ခဲ့ပေ။

ကျစ်ရှောင်မှာ သူကိုယ်တိုင်ပင် မရောက်ဖူးသည့် အထွတ်အထိပ်အဆင့်တွင် ရှိနေသည့်အလား ဓား၏ စွမ်းအားကို အထွတ်အထိပ်အထိ ထုတ်ဖော်နေ၏။

ဘုန်း

ဓားတစ်သောင်းက ချင်မူ၏ နှလုံးသားကို ထိုးဖောက်သွားပြီး ဓားရောင်များအကြားတွင် သွေးများ ပန်းထွက်လာသည်။ သူ့မှာ မြစ်ရေပြင်ပေါ်တွင် လူးလိမ့်ပျံသန်းလျက် ဖရိုဖရဲမြစ်ထဲသို့ ကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် မြစ်ရေပြင်ပေါ်တွင် ကြာရွက်တစ်ရွက် ပေါ်ထွက်လာပြီး သူ့ကို ပင့်မထားလိုက်သည်။

ချင်မူ ထရပ်လိုက်သော်လည်း ဒူးများ ပျော့ခွေသွားပြီး ထပ်မံလဲကျမလို ဖြစ်သွားလေသည်။

သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူသည် မြစ်ရေပြင်ပေါ်ရှိ ကျစ်ရှောင်ကို စိုက်ကြည့်နေပြီး ရင်ထဲ တစတစ လေးလံလာသည်။

ဇနီးသည်၏ အကူအညီ ရရှိထားသော ကျစ်ရှောင်အား မနိုင်နိုင်ပေ။ ကျစ်ရှောင်တို့ ဇနီးမောင်နှံကို အနိုင်ယူနိုင်မည့် အခြားနည်းလမ်းကို သူ လုံး၀ စဉ်းစားမရတော့ချေ။

ရုတ်တရက် ဗျပ်စောင်းသံမှာ တိုးဝင်ပျောက်ကွယ်သွားသည်။

ချင်မူက အနည်းငယ် ငေးကြောင်သွားသည်။ မြစ်ထဲသို့ လှမ်းကြည့်လိုက်ရာ ကျစ်ရှောင်၏ ဇနီးမှာ ကပ်ဘေးထဲတွင် ပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။

သူ ကျစ်ရှောင်ကို မော့ကြည့်လိုက်၏။ မီလော့နန်းတော်၏ သခင်လေးလေးသည်လည်း ဤမြင်ကွင်းကို ငုံ့ကြည့်နေလေသည်။ ရုတ်တရက် ဤပြိင်ဘက်ကင်းပုဂ္ဂိုလ်၏ ပခုံးများမှာ လှုပ်ခါတုန်ရီလာသည်။

ကျစ်ရှောင်မှာ သူ၏ဇနီး ကပ်ဘေးထဲတွင် သေဆုံးပျက်စီးသွားသည့် မြင်ကွင်းကို ပြန်သတိရသွားသည်။ ထိုအချိန်တုန်း ဇနီးလုပ်သူသည် သူ့အတွက် နောက်ဆုံးတေးတစ်ပုဒ်ကို တီးခတ်ပေးခဲ့၏။

သူ့ဇနီးက နောက်ဆုံးအချိန်တွင် မဟာပျက်စီးခြင်းကပ်ဘေးကို မခုခံဘဲ နောက်ဆုံးတေးသံအား အဘယ့်ကြောင့် တီးခတ်ခဲ့သည်ကို သူ နားမလည်ခဲ့ပေ။ ၎င်းကြောင့် သူမ၏ နောက်ဆုံးအသက်စွမ်းအင် ကုန်ခမ်းသွားပြီး ကပ်ဘေးထဲတွင် သေဆုံးခဲ့ရသည်။

ထို့နောက် စကြဝဠာခေတ်ခြောက်ခေတ် ကြာသည်အထိ သူမ မည်သည့်အကြောင်းကြောင့် ထိုသို့ လုပ်ခဲ့သည်ကို သူ အမြဲတမ်း တွေးတောနေခဲ့မိသည်။ ယခုတော့ သူ နားလည်သွားခဲ့လေပြီ။

သူ၏ဇနီးကား မဟာပျက်စီးခြင်းကပ်ဘေးထဲမှ ဤမြင်ကွင်းကို တွေ့မြင်ခဲ့သည်။ သူ ရှုံးနိမ့်၍ ချင်မူ၏ လက်ထဲတွင် သေဆုံးတော့မည်ကို မြင်တွေ့ခဲ့၏။ ထို့ကြောင့် သူမ၏ နောက်ဆုံး အသက်စွမ်းအင်အား သူ၏ နိုင်ပွဲနှင့် လဲလှယ်ခဲ့ခြင်းပင်။

"အစ်ကိုလေး..."

ချင်မူ စကားစလိုက်ရာ သခင်လေးကျစ်ရှောင်က လက်ထဲမှ ဓားကျိုးကို ပစ်ချလိုက်သည်။ သူက ချင်မူ့ကို တိတ်ဆိတ်စွာ တစ်ချက်ကြည့်ပြီးနောက် ဖရိုဖရဲမြစ်ထဲသို့ ခုန်ဆင်းသွား၏။

"ညီလေး၊ မင်း နိုင်ပြီ"

သူက ဖရိုဖရဲမြစ်ထဲသို့ ကျဆင်းသွားပြီး သူ့အသံ ပျံ့လွင့်လာသည်။ "ငါ တာအိုနှလုံးသားရဲ့ စမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး… မင်း မှန်ကန်ပါစေလို့ ငါ မျှော်လင့်တယ်..."

ချင်မူလည်း ကြာရွက်၏ အစွန်းသို့ အားတင်းလျှောက်သွားကာ အောက်သို့ ငုံ့ကြည့်လိုက်၏။ သခင်လေးကျစ်ရှောင်မှာ မဟာပျက်စီးခြင်းကပ်ဘေး မကျရောက်မီ အခိုက်အတန့်သို့ ပြန်သွား၍ ဇနီးအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။

ချင်မူမှာ ငေးကြောင်သွားလေသည်။

ကောင်းကင်တွင် ချစ်မေတ္တာ ရှိခဲ့ပါက ကောင်းကင်သည်လည်း အိုမင်းပေလိမ့်မည်။

သခင်လေးကျစ်ရှောင်ကဲ့သို့ အင်အားကြီးမားသော ပုဂ္ဂိုလ်ပင်လျှင် နောက်ဆုံး၌ တာအိုနှလုံးသား၏ဖိစီးမှုကြောင့် ကပ်ဘေးထဲသို့ ဝင်ရောက်သွားခဲ့ချေပြီ။ သို့သော် သူ ကပ်ဘေးထဲသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် သူ ပျော်ရွှင်နေပေလိမ့်မည်။

ချင်မူ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ရုတ်တရက် မြစ်ရေပြင်ပေါ်မှ လေချွန်သံတစ်သံက သံရှည်ဆွဲလျက် ထွက်ပေါ်လာသည်။

ချင်မူ မျက်နှာပျက်သွား၏။ သခင်လေးလင်းရှောင်သည် သူ ဒဏ်ရာအပြင်းအထန် ရနေသည့်အချိန်၌ ဤနေရာအား ရှာတွေ့သွားခဲ့လေပြီ။

All Chapters