← Chapters

ဦးခေါင်းခွံ

Vol. 142 Ch. 1823

ဦးခေါင်းခွံ

Vol. 142 Ch. 1823

သခင်လေးလင်းရှောင်မှာ ဟောဟဲလိုက်လျက် တာအိုလှံတံကို ကိုင်ထားသည်။ သူ၏ မျက်နှာသည် မည်းမှောင်နေပြီး သူ၏ ခြေလှမ်းများက ပင်လယ်ရေပြင်ပေါ်သို့ ဆောင့်နင်း၍ ချင်မူရှိရာသို့ တစ်လှမ်းချင်း လျှောက်လာနေသည်။

သူ ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။

ကျစ်ရှောင်၏ ဓားတာအိုစွမ်းအား ပေါက်ကွဲထွက်လာသည့်အချိန်တွင် တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် ၎င်းအင်အားကို သူလည်း အာရုံခံမိခဲ့သည်။ ကျစ်ရှောင်၏ ဗျပ်စောင်းသံကိုပင် သူ ကြားလိုက်ရသေးသည်။

ဗျပ်စောင်းသံအတိုင်း လိုက်လာခဲ့သဖြင့် ဤနေရာသို့ ရောက်လာခြင်းပင်။

ကျစ်ရှောင်၏ ဓားတာအိုစွမ်းအားက သူ့ကို အံ့ဩဝမ်းသာစေခဲ့သည်။ ချင်မူအနေဖြင့် ကျစ်ရှောင်၏ ဓားကို သေချာပေါက် ခုခံနိုင်မည်မဟုတ်။ အောင်ပွဲက လက်တစ်ကမ်းတွင် ရှိနေပြီဟု သူ ထင်ခဲ့သည်။ သို့သော် ဤနေရာသို့ ရောက်လာသောအခါ မြစ်ထဲသို့ ကျဆင်းသွားသော ကျစ်ရှောင်၏ပုံရိပ်ကိုသာ တွေ့လိုက်ရလေသည်။

သူ စိုးရိမ်ခဲ့သည့်အတိုင်း ကျစ်ရှောင်၏ တာအိုနှလုံးသား ပြိုကွဲသွားခဲ့၏။ အရာအားလုံးကို စွန့်လွှတ်လျက် ကွယ်လွန်သွားသော ဇနီးသည်နှင့် အတူရှိရန် မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပြန်သွားခဲ့သည်။

"အစ်ကိုသုံး"

ချင်မူက အရိုအသေ ပြုလိုက်သည်။ သူသည် အလွန်အမင်း ဒဏ်ရာရထားသော်လည်း ၀တ္တရားတော့ စောင့်သိသေး၏။ "အစ်ကိုလေးက သူ လိုချင်တာ ရသွားခဲ့ပြီ…. အစ်ကိုသုံးကတော့ ဘာများ လိုချင်ပါသလဲ…. ညီလေး အစ်ကိုကြီးရဲ့ ဆန္ဒကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ်"

သခင်လေးလင်းရှောင်၏ ရင်ထဲမှ ဒေါသမီးများ တဖြည်းဖြည်း ငြိမ်းသေသွားသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်ရာများစွာ ရှိနေသည်။ ၎င်းတို့မှာ ကျစ်ရှောင်၏ ဓားကြောင့် ရခဲ့သော ဒဏ်ရာများ ဖြစ်၏။ သို့သော် ချင်မူနှင့် နှိုင်းယှဉ်လျှင် သူ၏ ဒဏ်ရာများက ပေါ့ပါးလှသည်။ သူက မှင်သေသေ ပြော၏။ "ခုနစ်၊ ငါက လေးနဲ့ မတူဘူး… သူ့တာအိုနှလုံးသားမှာ ချို့ယွင်းချက်ရှိတော့ မင်း အလွယ်တကူ အခွင့်ကောင်း ယူနိုင်ခဲ့တယ်…. ဒါပေမဲ့ ငါ့တာအိုနှလုံးသားမှ ဘာအားနည်းချက်မှ မရှိဘူး… ရှင်းလင်းကြည်လင်တယ်…. မင်းသာ အစကတည်းက ငါနဲ့ တွေ့ခဲ့ရင် မင်း ရှုံးမှာ မြေကြီးလက်ခတ် မလွဲပဲ"

ချင်မူက ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး တစ်လှမ်းချင်း နောက်ဆုတ်လိုက်သည်။ သူ၏ တာအိုသွေးများက ဖရိုဖရဲမြစ်ထဲသို့ တပေါက်ပေါက် စီးကျနေ၏။ သခင်လေးကျစ်ရှောင် ပေးခဲ့သော တာအိုဒဏ်ရာများမှာ အလွန် ပြင်းထန်လှသည်။ သူပင်လျှင် အချိန်တိုအတွင်း ပြန်လည်မကုစားနိုင်ချေ။

"အစ်ကိုလေးနဲ့ တိုက်တုန်းက ကျွန်တော့်မှာ အနိုင်ရမယ့် အခွင့်အရေး လုံးဝ မရှိခဲ့ပါဘူး… အစ်ကိုလေးရဲ့ စွမ်းအားအပြည့် ပေါက်ကွဲထွက်လာတဲ့အချိန်မှာ သိပ်ကို ထက်မြက်ခမ်းနားလွန်းလို့ ကျွန်တော် အံ့သြမှင်သက်မိခဲ့တယ်…အစ်ကိုသုံးမှာလည်း အလားတူ စွမ်းဆောင်ရည်မျိုး ရှိမယ် ထင်ပါတယ်… ဒါကြောင့် ကျွန်တော် အစ်ကို့အတွက် တခြားတိုက်ပွဲ ပြင်ဆင်ထားတယ်"

သူတို့၏ ခြေထောက်အောက်မှ ဖရိုဖရဲမြစ်က ဧရာမစက်ကွင်းတစ်ကွင်းအဖြစ် ဖွဲ့တည်သွားသည်။ ချင်မူက မြစ်၏ အတွင်းဘက်ရေပြင်ပေါ်တွင် လျှောက်သွားနေပြီး သခင်လေးလင်းရှောင်က လှံရှည်ကို ကိုင်လျက် သူ့အနောက်မှ ထပ်ကြပ်မကွာ လိုက်လာ၏။

ရုတ်တရက် ဝှစ်ခနဲ အသံတစ်ချက်နှင့်အတူ အခြား ဖရိုဖရဲမြစ်တစ်စင်းက ဖြတ်သန်းစီးဆင်းလာသည်။ ချင်မူ၏ ခြေလှမ်းများက ထိုဖရိုဖရဲမြစ်ပေါ်သို့ ဆင်းသက်လိုက်သည့်အခါ သခင်လေးလင်းရှောင်၏ ခြေလှမ်းများကလည်း အလားတူဆင်းသက်၍ သူ့ကို ထွက်ပြေးလွတ်မြောက်ခွင့် လုံးဝ မပေးချေ။

ဝှီး

နောက်ထပ်မြစ်တစ်စင်းက လှိမ့်ဝင်လာပြန်သည်။ ချင်မူက ထိုမြစ်ပေါ်သို့ တက်လိုက်၏။ သခင်လေးလင်းရှောင်ကလည်း သူ့နောက်သို့ ဆက်လိုက်နေဆဲပင်။ သူ၏ အတိုက်အခိုက်စိတ်ဆန္ဒက ပိုမို မြင့်တက်လာပြီး အသတ်အဖြတ်စိတ်ဆန္ဒက ပိုပို၍ အားကောင်းလာနေသည်။

သူက အပြင်းထန်ဆုံး တိုက်ကွက်တစ်ကွက်တည်းဖြင့် ချင်မူ့ကို ချက်ချင်း သတ်ဖြတ်၍ မည်သည့် အခွင့်အရေးမှ မပေးရန် ဆုံးဖြတ်ထားသည်။

"ကျွန်တော် အထွတ်အထိပ် အခြေအနေမှာတောင် အစ်ကိုသုံးကို အနိုင်ယူနိုင်တယ် မပြောရဲဘူး… အခုလို အားအင်ကုန်ခမ်းနေချိန်မှာ ဆိုရင်တော့ ပိုဆိုးတာပေါ့"

ချင်မူက ခြေလှမ်းများ ရွှေ့ပြောင်းနေရင်း သခင်လေးလင်းရှောင်၏ ချီစွမ်းအင်တို့ သူ့ကို လုံးဝ ပစ်မှတ်မထားနိုင်အောင် လှုပ်ရှားနေ၏။ "မီလော့နန်းတော် သခင်လေးခုနစ်ယောက်မှာ မဟာပျက်စီးခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ စွမ်းအား ရှိကြပေမယ့် မွေးဖွားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်တာ သုံးယောက်ပဲ ရှိတယ်. အစ်ကိုကြီး မဟာဥသျှောင်၊ မမကြီးနှစ် ပြီးတော့ ကျွန်တော်ပဲ"

သူ့စကားသံ ဆုံးသည်နှင့် သခင်လေးလင်းရှောင် မျက်နှာအနည်းငယ်ပျက်သွားသည်။ ချင်မူ၏ ခြေလှမ်းများအတိုင်း လိုက်လှမ်းနေရင်း သူ မသိလိုက်ခင်မှာပင် ပတ်ဝန်းကျင်၌ ဖရိုဖရဲမြစ်များ မရှိတော့ဘဲ ဖရိုဖရဲပင်လယ်ကြီးတစ်စင်းသာ ရှိတော့ချေပြီ။

သူက ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ ဖရိုဖရဲမြစ်များမှာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွား‌ခဲ့သည်။ မည်သည့်နေရာသို့ ပျောက်ကွယ်သွားသည်ကို လုံးဝ ရှာမတွေ့တော့ချေ။

သူ မော့ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော ဆယ့်ခြောက်စင်းမြောက် စကြဝဠာများကို တွေ့လိုက်ရသည်။

ထိုစကြဝဠာများမှာ အချိန်၏ မရေမတွက်နိုင်သော မျက်နှာပြင်များအလား ဖြစ်နေပြီး ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ သမိုင်းကို ဖော်ဆောင်ထင်ဟပ်နေ၏။

သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော ဆယ့်ခုနစ်စင်းမြောက် စကြဝဠာများကို တွေ့လိုက်ရပြန်သည်။ ၎င်းတို့မှာလည်း မရေမတွက်နိုင်သော မျက်နှာပြင်များပင် ဖြစ်သည်။ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ သမိုင်းနှင့် အနာဂတ် တစ်ခုလုံးမှာ သူ၏ ရှေ့မှောက်တွင် ထွက်ပေါ်လာသည်။

ထို့နောက် အရာအားလုံး ဖရိုဖရဲအဖြစ် ပြောင်းလဲသွားသည်။ ဆယ့်ခြောက်စင်းမြောက် စကြဝဠာ ဖြစ်စေ၊ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ ဖြစ်စေ အားလုံး ပျောက်ကွယ်သွားသည်။

သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ဖရိုဖရဲပင်လယ်ကို မမြင်ရတော့ချေ။

ထိုအချိန်တွင် မရေမတွက်နိုင်သော ချင်မူများနှင့် မရေမတွက်နိုင်သော သူကိုယ်တိုင်ကို တွေ့လိုက်ရသည်။

သူ၏ အရှေ့နှင့်အနောက်တွင် သူကိုယ်တိုင်နှင့် ချင်မူများ ပြည့်နှက်နေ၏။ သူတစ်ယောက်ချင်းစီတွင် သီးခြားအသိစိတ် ရှိနေသကဲ့သို့ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်ရှုနေကြသော်လည်း အားလုံး၏ မျက်နှာများတွင် သတိကြီးစွာ ထားနေသည့် အရိပ်အယောင်တို့ ထင်ဟပ်နေသည်။

သခင်လေးလင်းရှောင်က လက်ဆန့်၍ သူ့အရှေ့မှ မျက်နှာတစ်ခုကို ပွတ်သပ်ရန် ကြိုးစားလိုက်၏။ ထိုအခါ သူ၏ နောက်စေ့ကိုသာ ပြန်စမ်းမိလိုက်သည်။

အခြားသော ‘သူ’များကလည်း မတူညီစွာ လှုပ်ရှားနေကြ၏။

အချို့က အခြားတစ်ယောက်၏ မျက်နှာကို စမ်းကြည့်နေကြပြီး အချို့က ဟိုဟိုသည်သည် ကြည့်နေကြသည်။ အချို့က အခြားတစ်ယောက်၏ ခြေဖဝါးပေါ် တက်နင်းထားကြသည်။ အပြုအမူများက မတူညီကြချေ။

သူတို့ မည်မျှရှိသည်လဲ ရေတွက်၍ မရနိုင်ချေ။

"ဒါက မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်တော့မယ့် ရှေ့ပြေးနိမိတ်ပဲ"

မရေမတွက်နိုင်သော ချင်မူများက ရုတ်တရက် သူ့ကို တပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြသည်။ ဤမြင်ကွင်းမှာ အလွန် ထူးဆန်းအံ့ဩဖွယ်ကောင်းသော်လည်း ချင်မူမှာမူ မရေမတွက်နိုင်သော ချင်မူများကို ထိန်းချုပ်နိုင်စွမ်း ရှိနေပုံပင်။

ချင်မူက ထူးဆန်းသော နေရာဟင်းလင်းပြင်ထဲတွင် လျှောက်လှမ်းနေသော်လည်း မည်သို့ပင် လျှောက်လှမ်းနေစေကာမူ အမြဲတမ်း မရေမတွက်နိုင်သော သူကိုယ်တိုင်ကိုသာ မျက်နှာမူနေ၏။

"ဒီနေရာက ဆယ့်ခြောက်စင်းမြောက် စကြဝဠာ လုံးဝ ပျက်စီးပြီးသွားတဲ့နောက် မြင်ကွင်းပဲ… ဖရိုဖရဲတွေက တစ်နေရာတည်းမှာ စုစည်းနေပြီး ဖရိုဖရဲပင်လယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ မရေမတွက်နိုင်တဲ့ နေရာဟင်းလင်းပြင်တွေ ဖိသိပ်စုစည်းနေတဲ့ ထူးဆန်းတဲ့ ဆုံမှတ်တစ်ခုပဲ"

ချင်မူ၏ အသံမှာ မရေမတွက်နိုင်သော နေရာဟင်းလင်းပြင်များထဲမှ ဟိန်းထွက်လာသကဲ့သို့ ဖြစ်နေသော်လည်း မည်သည့်နေရာမှ ဖြစ်စေ အသံက သူ၏ နားထဲသို့ ပြိုင်တူ ဝင်ရောက်လာသည်။

"ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ တစ်ခုလုံးက ဒီနေရာကနေ မွေးဖွားလာမှာ… အစ်ကိုသုံး ကျေးဇူးပြုပြီး ကြည့်လိုက်ပါ"

သခင်လေးလင်းရှောင်လည်း သူ လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်ရာ မီလော့နန်းတော်ကို တွေ့လိုက်ရ၏။ သူ့မှာ အနည်းငယ် ကြောင်သွားသည်။

မီလော့နန်းတော်မှာ သူ့ကဲ့သို့ မရေမတွက်နိုင်အောင် ပွားသွားခြင်း မရှိဘဲ တစ်ခုတည်းသာ ရှိနေ၏။

"ဆရာ့ရဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတက တစ်ပဲ… တစ်ကနေ တာအိုတစ်သောင်းကို ဆင့်ကဲပြောင်းလဲလာတာ… ထပ်ပြီး ခွဲခြားလို့ မရတော့ဘူး…. ဒါကြောင့် မီလော့နန်းတော်ကလည်း မွေးဖွားခြင်းကပ်ဘေးရဲ့ တစ်ပဲ"

ချင်မူက ပြော၏။ "အစ်ကိုကြီးမဟာဥသျှောင်က ဆရာ့ရဲ့ အမွေအနှစ်ကို ဆက်ခံခဲ့တော့ ဒီအဆင့်ကို သူ အောင်မြင်နိုင်တယ်…. မမကြီးနှစ်က အဆုံးသတ်မြို့ပျက်နတ်ဘုရားမပဲ… ပျက်စီးခြင်းနဲ့ မွေးဖွားခြင်းနှစ်ခုလုံးနဲ့ ဒီအဆင့်ကို အောင်မြင်နိုင်တယ်… မွေးဖွားခြင်းကပ်ဘေးထဲမှာ သူတို့ ဒီအဆင့်ကို အောင်မြင်နိုင်တယ်…. အင်း… ကျွန်တော်လည်း ဒီအဆင့်ကို အောင်မြင်နိုင်တယ်"

ရုတ်တရက် အသေးငယ်ဆုံး နေရာဟင်းလင်းပြင်များစွာထဲမှ မရေမတွက်နိုင်သော ချင်မူများ ပျောက်ကွယ်သွားပြီး ချင်မူတစ်ယောက်တည်းအဖြစ် အစားထိုးခံလိုက်ရသည်။ သူက သခင်လေးလင်းရှောင် အားလုံးအရှေ့တွင် ပေါ်လာပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။

"တခြား သခင်လေးတွေက မဟာပျက်စီးခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်တဲ့ စွမ်းအား ရှိကြပေမယ့် ‌မွေးဖွားခြင်းကပ်ဘေးကို မကျော်ဖြတ်နိုင်ကြဘူး… ဘာလို့လဲဆိုတော့ ‌မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်လာတဲ့ အခိုက်အတန့်မှာ မရေမတွက်နိုင်တဲ့ သူတို့ကိုယ်တိုင်တွေကို မရေမတွက်နိုင်တဲ့ ဖန်ဆင်းခြင်းကပ်ဘေးတွေက ဖျက်ဆီးပစ်လို့ပဲ"

ချင်မူ၏ အကြည့်က သခင်လေးလင်းရှောင်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး မရေမတွက်နိုင်သော သူတို့ကို ကြည့်လိုက်သည်။ "အဲ့ဒီ မရေမတွက်နိုင်တဲ့ ကိုယ် ကိုယ်တိုင်တွေက တကယ်တော့ အနာဂတ် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ ရှိမယ့် အစ်ကို့ရဲ့ မရေမတွက်နိုင်တဲ့ အချိန်စီးကြောင်းတွေပဲ…. အစ်ကို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မရေမတွက်နိုင်တဲ့ အမှုန်တွေ ရှိတယ်… ဒီအမှုန်တွေထဲက ဘယ်တစ်ခုမဆို ပြောင်းလဲမှုလေးတစ်ခု ဖြစ်သွားတာနဲ့ အနာဂတ်မှာ ဖြစ်နိုင်ခြေတစ်ခုကို ဖန်တီးပေးလိမ့်မယ်…. အမှုန်တစ်ခုချင်းစီက ရှည်လျားလှတဲ့ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာခေတ်အတွင်း မရေမတွက်နိုင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တယ်… မရေမတွက်နိုင်တဲ့ အမှုန်တွေက အနာဂတ်မှာ ပိုပြီးတော့ မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ ဖြစ်ပေါ်စေလိမ့်မယ်… ဒါပေမဲ့ ဒီအရာအားလုံးက ‌မွေးဖွားခြင်းကပ်ဘေးထဲမှာ ပါ၀င်နေတယ်"

သခင်လေးလင်းရှောင်၏ ဦးနှောက်ထဲတွင် လှိုင်းများ ထန်လာသည်။ မရေမတွက်နိုင်သော သူကိုယ်တိုင်များမှာ မေးခွန်းများ မေးနေသည်ကို တွေ့လိုက်ရသလို အချို့က တုန်လှုပ်နေကြပြီး အချို့က ထိတ်လန့်နေကြ၏။

ထိုသူများမှာ သူကိုယ်တိုင် ဖြစ်သော်လည်း အနာဂတ်မှ သူများ ဖြစ်ကြသည်။ သူ၏ ရုပ်ခန္ဓာကို ပြောင်းလဲသွားပြီးနောက် ဖြစ်ပေါ်လာမည့် မရေမတွက်နိုင်သော သူများပင်။

‌မွေးဖွားခြင်းကပ်ဘေး မပေါက်ကွဲမီ အခိုက်အတန့်၏ ထူးဆန်းအံ့ဩဖွယ်ကောင်းမှုမှာ သူ စိတ်ပင် မကူးနိုင်သော အရာတစ်ခု ဖြစ်နေ၏။

"အစ်ကိုသုံး၊ အစ်ကိုသာ ‌မွေးဖွားခြင်းကပ်ဘေးကို မခုခံနိုင်ခဲ့ရင် အစ်ကို့ရဲ့ မရေမတွက်နိုင်တဲ့ အနာဂတ်တွေအားလုံးက ‌မွေးဖွားခြင်းကပ်ဘေးကြောင့် ပျက်စီးသွားလိမ့်မယ်… အစ်ကိုလည်း ရှိတော့မှာ မဟုတ်ဘူး… ‌မွေးဖွားခြင်းကပ်ဘေးက အစ်ကို့ကို လုံးဝ ရှင်းလင်းဖယ်ရှားပစ်လိမ့်မယ်"

ချင်မူက ဖြည်းညှင်းစွာ ပြော၏။ "အစ်ကို့ရဲ့ မရေမတွက်နိုင်တဲ့ အနာဂတ်တွေ အားလုံးက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာအတွက် အာဟာရတွေ ဖြစ်သွားလိမ့်မယ်… ဒါက တာအိုသိုင်းပညာရှင်တွေတောင် ‌မွေးဖွားခြင်းကပ်ဘေးထဲမှာ ဘာလို့ အသက်မရှင်နိုင်ကြသလဲ ဆိုတဲ့ အကြောင်းရင်းပဲ… ဒါပေမဲ့ အစ်ကို့မှာ အသက်ရှင်နိုင်မယ့် မျှော်လင့်ချက်တစ်ခု ရှိတယ်… အဲဒါက မရေမတွက်နိုင်တဲ့ အနာဂတ်တွေကို တစ်ကိုယ်တည်းမှာ စုစည်းလိုက်ဖို့ပဲ… ဆရာတို့၊ အစ်ကိုကြီး မဟာဥသျှောင်တို့လိုပေါ့… ဒီလိုမှသာ အစ်ကို ‌မွေးဖွားခြင်းကပ်ဘေးကို အသက်မသေဘဲ ကျော်ဖြတ်နိုင်လိမ့်မယ်"

သခင်လေးလင်းရှောင်သည် မရေမတွက်နိုင်သော ‘သူ’များ ဒေါသတကြီး ကြိမ်းဝါး၍ မေးခွန်းများ မေးနေသည်ကို ကြားလိုက်ရ၏။ မရေမတွက်နိုင်သော ‘သူ’များက တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသော်လည်း ချင်မူ့ကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်ကြပေ။

"ဒါက ဆရာ ပထမစကြဝဠာခေတ်တုန်းက သတ္တဝါတွေကို ကယ်တင်ဖို့ လောကပေါင်းကူးရွှေသင်္ဘောကို သွန်းလုပ်ပြီး ကြုံတွေ့ခဲ့ရတဲ့ မြင်ကွင်းလား" သူက ဆူညံသံများအကြားမှ မေးခွန်းမေးလိုက်သည်။

ချင်မူသည် မရေမတွက်နိုင်သော မေးခွန်းများအကြားမှ သူ၏ ဤမေးခွန်းကို ရှင်းရှင်းလင်းလင်း ကြားရပုံပင်။ "အဲဒီအချိန်က ဆရာက မဟာပျက်စီးခြင်းကပ်ဘေးကိုပဲ ကျော်ဖြတ်နိုင်သေးတာ…. သူ သက်ရှိတွေကို ခေါ်ဆောင်ပြီး ‌မွေးဖွားခြင်းကပ်ဘေးနဲ့ ကြုံတွေ့ခဲ့ရလိမ့်မယ် မထင်ခဲ့ဘူး… မဟာပျက်စီးခြင်းကပ်ဘေးထဲမှာပဲ ပထမစကြဝဠာခေတ်ရဲ့ သက်ရှိတွေအားလုံး ပြာမှုန့် ဖြစ်သွားလောက်ပြီ…. တကယ်လို့ ‌မွေးဖွားခြင်းကပ်ဘေးနဲ့ ကြုံခဲ့ရရင် သူ ပိုပြီး မျှော်လင့်ချက်မဲ့သွားမှာပေါ့ … ဒါပေမဲ့ သက်ရှိတွေအားလုံး ပျက်စီးသွားပြီးနောက်မှာ ဆရာက ‌မွေးဖွားခြင်းကပ်ဘေးနဲ့ ကြုံတွေ့ခဲ့ရပြီး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ ကျွန်တော် ခံစားမိတယ်…. အဲဒီ ခဏတာ အချိန်လေးမှာ သူ အနာဂတ်ကို မြင်နိုင်ခဲ့လိမ့်မယ်"

သခင်လေးလင်းရှောင် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။ ထိုအချိန်က မီလော့နန်းတော်အရှင်သခင်၏ စွမ်းအားမှာ မြင့်မားသော်လည်း ယခု လက်ရှိ စွမ်းအားကို မမှီသေးချေ။

ထိုအချိန်က ဆရာသည်ပင် ‌မွေးဖွားခြင်းကပ်ဘေး ကျော်ဖြတ်နိုင်ခဲ့လျှင် သူလည်း ကျော်ဖြတ်နိုင်ပေလိမ့်မည်။

"မွေးဖွားခြင်းကပ်ဘေးကို ကျော်ဖြတ်နိုင်မလား မဖြတ်နိုင်ဘူးလား ဆိုတာက စွမ်းအားအပေါ်မှာ မမူတည်ဘူး… အနာဂတ်ကို စုစည်းနိုင်မလား ဆိုတာပေါ်မှာပဲ မူတည်တယ်"

ချင်မူက သူ၏ စိတ်ထဲမှ အတွေးကို ကြားသွားပုံပင်။ "အစ်ကို တကယ်လို့ အစ်ကိုသာ ကျွန်တော်ဆိုရင် ‌မွေးဖွားခြင်းကပ်ဘေးထဲက ခုန်ထွက်ပြီး ကပ်ဘေးပြီးသွားတဲ့အချိန်ဆီ တိုက်ရိုက် ရောက်သွားနိုင်တယ်… ဒါက ဖရိုဖရဲတာအိုပဲ… ကျွန်တော် မှန်းတာ မမှားဘူးဆိုရင် ဆရာ တာအိုနှလုံးသား သေဆုံးသွားပြီး ပထမစကြဝဠာခေတ်ဆီ ပြန်ပြီး တာအိုအဖြစ် ပြောင်းလဲခဲ့တာက .... ဆယ့်ခြောက်စင်းမြောက် စကြဝဠာ ပျက်စီးပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ ‌မွေးဖွားခြင်းကပ်ဘေး မကျရောက်ခင်မှာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ အနာဂတ် တစ်ခုလုံးကို မြင်တွေ့ခဲ့ရလို့ပဲ… သူ့ကို အတော်လေး မျှော်လင့်ချက်မဲ့သွားစေတဲ့ အနာဂတ်ပေါ့"

သခင်လေးလင်းရှောင်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။

စော‌စောက သူ ခဏတာ လှမ်းမြင်လိုက်ရသည့်အချိန်တွင် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အနာဂတ်မျက်နှာပြင်အားလုံးကို တွေ့မြင်ခဲ့ရသော်လည်း အလွန် များပြားလှ၏။ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အဆုံးသတ်ကို မမြင်နိုင်ခဲ့ပေ။

သို့သော် မီလော့နန်းတော်အရှင်သခင် ဆိုလျှင်တော့ မြင်နိုင်ပေလိမ့်မည်။

"ဒါက ကျွန်တော် ‌မွေးဖွားခြင်းကပ်ဘေးထဲကို ပထမဆုံး ဝင်ရောက်တာ…. ကျွန်တော်လည်း ဒီလို ထူးဆန်းတဲ့ မြင်ကွင်းကို ပထမဆုံး ကြုံဖူးတာပဲ... ‌မွေးဖွားခြင်းကပ်ဘေးထဲက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ အနာဂတ်ကို ကျွန်တော်လည်း သေချာ မကြည့်လိုက်ရဘူး"

ချင်မူက စိတ်ပျက်စွာ ပြော၏။ "ဒါပေမဲ့ ဆရာ ပြောခဲ့တာက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ အနာဂတ်က အန္တိမဆိတ်ငြိမ်ခြင်းပဲတဲ့… နှစ်ပေါင်း ကုဋေရှစ်ရာ ကြာပြီးနောက်မှာ လုံးဝ ဆိတ်ငြိမ်နေတဲ့ ဟင်းလင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားမှာတဲ့လေ … ဘယ်သက်ရှိမှ မရှင်သန်နိုင်တော့တဲ့အပြင် နောက်စကြဝဠာတစ်ခုလည်း မရှိတော့ဘူးတဲ့… သူ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ အနာဂတ်ကို မြင်တွေ့ခဲ့လို့ မျှော်လင့်ချက်မဲ့သွားခဲ့တာ ဖြစ်လိမ့်မယ်"

"မင်းရော မျှော်လင့်ချက် မမဲ့ဘူးလား" သခင်လေးလင်းရှောင်က မေးလိုက်သည်။

ချင်မူက ခေါင်းခါလိုက်၏။ "မမဲ့ဘူး… ကျွန်တော် မယုံဘူး…. ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ အနာဂတ်က သတ်မှတ်ပြီးသားဆိုတာကို မယုံဘူး… တကယ်လို့ သတ်မှတ်ပြီးသား ဖြစ်နေခဲ့ရင်တောင် ကျွန်တော် ပြောင်းလဲပစ်ရမယ်… အစ်ကို၊ ဆရာ့လမ်းက မှားသွားပြီ… သူ့လမ်းအတိုင်း ဆက်လျှောက်နေဦးမှာလား"

သခင်လေးလင်းရှောင် တိတ်ဆိတ်သွားပြီး လက်ထဲမှ တာအိုလှံတံကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။

"ညီလေး၊ မင်း ပြောသလို ငါ အသက်ရှင်ဖို့ တစ်ခုတည်းသော လမ်းက ဆရာ့လိုပဲ အနာဂတ်အားလုံးကို တစ်ကိုယ်တည်းမှာ စုစည်းဖို့ဆိုတာ ငါ လက်မခံဘူး"

သူက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့လိုက်ပြီး ပြုံးလိုက်၏။ "အဲ့ဒါအပြင် အသက်ရှင်နိုင်မယ့် ‌အခွင့်အရေး တစ်စ ရှိသေးတယ်.. အဲဒါက အန္တိမဟင်းလင်းပြင်က ... အဲဒီ စွန့်ပစ်မြေပဲ"

ချင်မူ မျက်နှာပျက်သွားပြီး သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။

‌မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်လာ၏။

ရုတ်တရက် မရေမတွက်နိုင်သော သခင်လေးလင်းရှောင်တို့က တစ်ပြိုင်နက် ထရပ်လိုက်ပြီး တာအိုလှံတံများကို ရှေ့သို့ တညီတညာတည်း ထိုးထုတ်ကာ မဟာပျက်စီးခြင်းကပ်ဘေး မဖျက်ဆီးနိုင်ခဲ့သော စွန့်ပစ်မြေဆီသို့ ပြေးဝင်သွားကြသည်။

ချင်မူ့အင်္ကျီလက်စများ လှုပ်ခါသွားပြီး ‌မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်လာသည်နှင့် သူလည်း ပျောက်ကွယ်သွား၏။

ဝှစ်

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော် ကောင်းကင်ထက်တွင် ချင်မူ၏ ပုံရိပ် ပေါ်ထွက်လာသည်။ သူ၏ ခပ်ပွပွ အင်္ကျီလက်စများက ပြင်းထန်စွာ တုန်ခါသွားပြီး အန္တိမဟင်းလင်းပြင်ထဲသို့ ပြေး၀င်သွားသည်။

အဆုံးစွန်လေဟာနယ်၏ စွန့်ပစ်မြေထဲတွင် ဧရာမဦးခေါင်းခွံကြီးတစ်လုံးမှာ မရဏလေအေးများဖြင့် တိုက်ခတ်ခံနေရသဖြင့် ကျိုးပဲ့နေသော လှေတစ်စင်းကို ဝင်တိုက်မိသွားသည်။ ဆွေးမြေ့နေသော လှံတံတစ်ချောင်းတွင် ထိုဦးခေါင်းကြီးသည် ချိတ်ဆွဲလျက် ရှိနေသည်။

ထိုထူးဆန်းသော ဦးခေါင်းမှာ ချင်မူ စွန့်ပစ်မြေသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်က တွေ့ခဲ့သော ဦးခေါင်းခွံကြီးပင် ဖြစ်၏။ ဦးခေါင်းခွံမှာ အသွေးအသားတစ်စ ရထားသည်။ ဤမျှနှစ်များ ကြာပြီးနောက် ဦးခေါင်းခွံ မျက်နှာပြင်ပေါ်တွင် အသွေးအသားများ ပိုမို ပေါက်ဖွားလာကြချေပြီ။

၎င်းတွင် မျက်လုံးများ ပေါက်လာပြီး မျက်နှာကို မထင်မရှား မြင်လာရနိုင်သည်။

ဤသူကား.... သခင်လေးသုံး လင်းရှောင်

မွေးဖွားခြင်းကပ်ဘေးမှ လွတ်မြောက်လာပြီး မေ့မျောနေခဲ့သော လင်းရှောင်ပင်။

ဤအခိုက်အတန့်တွင် ကျောက်စိမ်းမြို့တော်မှ ပျောက်ကွယ်သွားသော သခင်လေးသုံးလင်းရှောင်သည် နောက်ဆုံးတွင် သူ၏ အမည်နှင့် သရုပ်မှန်ကို မှတ်မိသွား၏။ ကောင်းကင်နတ်သိုင်းနှင့် ကျင့်စဉ်၊ လမ်းစဉ်မျိူးစုံက သူ၏ ဦးနှောက်ထဲသို့ ရုတ်ခြည်းဆိုသလို အလုံးအရင်း ဝင်ရောက်လာကြတော့သည်။

All Chapters