အကြံအစည်တိုက်ပွဲ
Vol. 142 Ch. 1824
"အဟက်၊ ခုနစ်..."
ရှေးကျသော မှတ်ဉာဏ်များ နိုးထလာပြီးနောက် သခင်လေးလင်းရှောင်သည် နောက်ဆုံးတွင် သူကိုယ့်သူ သတိရသွားခဲ့၏။ ချင်မူ သူ့အား ဆယ့်ခုနစ်စင်းမြောက်စကြဝဠာ၏ မွေးဖွားခြင်းကပ်ဘေးထဲသို့ ပစ်ထည့်ခဲ့သည့် အဖြစ်အပျက်ကို သတိရသွားသည်။
သူ မွေးဖွားခြင်းကပ်ဘေးထဲသို့ ကျရောက်သွားပြီးနောက် မရေမတွက်နိုင်သော ‘သူကိုယ်တိုင်’များက မဟာပျက်စီးခြင်းကပ်ဘေး မဖျက်ဆီးနိုင်ခဲ့သော စွန့်ပစ်မြေဆီသို့ တစ်ပြိုင်နက်တည်း ပြေးလွှားခဲ့ကြသည်။
ထိုနေရာတွင်သာ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်တစ်စ ရှိခဲ့၏။
သို့သော် မရေမတွက်နိုင်သော ‘သူ’များ စွန့်ပစ်မြေဆီသို့ တစ်ပြိုင်နက်တည်း ပြေးလွှားနေစဉ် မွေးဖွားခြင်းကပ်ဘေးကလည်း ပေါက်ကွဲထွက်လာခဲ့သည်။ မွေးဖွားခြင်းကပ်ဘေး၏ စွမ်းအားမှာ စိတ်ကူးမရနိုင်အောင် ကြီးမားလှ၏။ မရေမတွက်နိုင်သော ဟင်းလင်းပြင်များထဲမှ မရေမတွက်နိုင်သော အနာဂတ်မှ သူကိုယ်တိုင်တို့မှာ စကြဝဠာကြီး ဖန်ဆင်းခံသည်ကို ခံစားလိုက်ရသကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ထိုက်ငါးပါးအဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင်အဖြစ် ကျယ်ပြန့်လျက် သေဆုံးပျက်စီးသွားကြသည်။
မရေမတွက်နိုင်သော အနာဂတ်မှ ‘သူ’ တို့က မွေးဖွားခြင်းကပ်ဘေးကို အစွမ်းကုန် ခုခံခဲ့ကြ၏။ မီလော့နန်းတော်၏ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်၊ လမ်းစဉ်များကို အဆုံးစွန်အထိ ထုတ်သုံးခဲ့သည်။ သို့သော် သခင်လေးတစ်ပါး၏ စွမ်းအားပင်လျှင် ဤစိတ်ကူးပင် မရနိုင်သော ကပ်ဘေးကြီးရှေ့တွင် အသုံးမဝင်ခဲ့ချေ။
ဤအချိန်တွင်မှ သူသည် မီလော့နန်းတော်အရှင်သခင်၊ မဟာဥသျှောင်၊ နှစ်၊ ချင်မူနှင့် သူ့ကြားရှိ ကွာခြားချက်ကို သဘောပေါက်သွားခဲ့သည်။
ဤကွာခြားချက်မှာ ကျင့်ကြံခြင်းအခြေခံကွာခြားချက် မဟုတ်ဘဲ တာအိုလမ်းစဉ် ကွာခြားချက်၊ တာအိုကို နားလည်သဘောပေါက်မှု ကွာခြားချက်ပင်။
မွေးဖွားခြင်းကပ်ဘေးက မရေမတွက်နိုင်သော အနာဂတ် ‘သူ’ များအား ခေါင်းဖြတ်သွားခဲ့သည်။
မွေးဖွားခြင်းကပ်ဘေးကြောင့် သူ့မှာ နှစ်ပေါင်းကုဋေကုဋာကြာသည့်တိုင်အောင် ဖျက်စီးခံနေရမည်ဟုပင် ထင်ခဲ့သည်။
ဤသည်က အလွန် ကြောက်စရာကောင်းလှသည်။
ထိုမွေးဖွားခြင်းကပ်ဘေးထဲတွင် သူ၏ ဦးခေါင်းခွံသာ စွန့်ပစ်မြေထဲသို့ လွတ်မြောက်ခဲ့၏။
"အခု မွေးဖွားခြင်းကပ်ဘေး ပြီးဆုံးသွားတာ နှစ်ပေါင်း ကိုးကုဋေနဲ့ တစ်ဝက် ကြာသွားပြီ… မွေးဖွားခြင်းကပ်ဘေးမှာ ငါ ရခဲ့တဲ့ ဒဏ်ရာတွေလည်း ကျက်သွားလောက်ပြီ"
သခင်လေးသုံး လင်းရှောင်၏ ဦးခေါင်းခွံသည် မှတ်ဉာဏ်ပြန်ရလာသည်နှင့် ချက်ချင်း အသွေးအသားများ ပြန်ပေါက်လာ၏။ အတိတ်တုန်းက သူ့တွင် ဦးခေါင်းခွံသာ ကျန်တော့သဖြင့် စွန့်ပစ်မြေထဲတွင် လွင့်မျောနေရင်း အသိစိတ်တို့ ဝေဝါးနေခဲ့သည်။ မသိစိတ်ဖြင့်သာ လှုပ်ရှားနေခဲ့ပြီး ရုပ်ခန္ဓာအား မည်သို့ ပြန်လည် ရယူရမည်ကို နားမလည်ခဲ့ပေ။
ချင်မူ ထိုက်ချူ၏ အသွေးအသားဖြင့် ပြုလုပ်ထားသော စေတီထဲတွင် ချိပ်ပိတ်ခံထားရပြီး စွန့်ပစ်မြေထဲသို့ ပျံသန်းဝင်ရောက်လာသည့်အချိန်မှသာ လင်းရှောင်၏ ဦးခေါင်းခွံမှာ အသွေးအသားတစ်စ ရရှိခဲ့သည်။
ဤအဖြစ်အပျက်တွင် အထူးဆန်းဆုံးမှာ အသွေးအသားစေတီကို ထိုက်ချူ၏ အသွေးအသားဖြင့် တည်ဆောက်ထားသော်လည်း ထိုအချိန်က ထိုက်ချူ၏ ရုပ်ခန္ဓာကို ထိန်းချုပ်ထားသူမှာ သခင်လေးသုံး လင်းရှောင် ဖြစ်နေခြင်းပင်။
ထိုမျှသာမက ထိုအသွေးအသားစေတီတွင် ကိန်းဝပ်နေသော ကောင်းကင်နတ်သိုင်းမှာ ချင်မူ၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ၏ အားနည်းချက်များကို ပစ်မှတ်ထား၍ လင်းရှောင် ဖန်တီးခဲ့သော အခြားမဟာကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင် စွန့်ပစ်မြေထဲမှ လင်းရှောင်၏ ဦးခေါင်းခွံက အသွေးအသားစေတီမှ အသွေးအသားတစ်စကို ရခဲ့ကာ အသက်ပြန်ဝင်လာခဲ့သည်။
ဤကဲ့သို့ သံသရာလည်ပတ်သွားမှုမှာ တွေးတောစရာကောင်းလှသည်။
သခင်လေးလင်းရှောင်က သူ၏ ရုပ်ခန္ဓာကို ပြန်လည်ရရှိရန် အစွမ်းကုန် ကြိုးစားနေသည်။ ဤရုပ်ခန္ဓာမှာ အမှန်တွင် ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ အသွေးအသားများနှင့် သူ၏ ဦးခေါင်းခွံတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သို့သော် မွေးဖွားခြင်းကပ်ဘေးထဲတွင် သူ၏ ဦးခေါင်းခွံထဲမှ ဝိညာဉ်စွမ်းအင်အလုံးစုံ ဖျက်ဆီးခြင်းခံလိုက်ရသဖြင့် သူ့အနေဖြင့် ထိုက်ချူ၏ အသွေးအသားကိုသာ အမှီပြု၍ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ရပေလိမ့်မည်။
ကံကောင်းသည်မှာ ထိုက်ချူ၏ ရုပ်ခန္ဓာမှာလည်း အလွန်သန်ာမလှသည်။ ထိုက်ချူသည် သူ၏ ရုပ်ခန္ဓာကို အမြင့်ဆုံးအဆင့်အထိ မကျင့်ကြံနိုင်ခဲ့သော်လည်း သခင်လေးလင်းရှောင်ကမူ ကျင့်ကြံနိုင်သည်။
"အခု ကြည့်ရသလောက်တော့ မွေးဖွားခြင်းကပ်ဘေးက ငါ့ အနာဂတ်ရဲ့ နှစ်ပေါင်း ကိုးကုဋေနဲ့တစ်ဝက်ကို ဖျက်ဆီးသွားခဲ့တာပဲ"
သခင်လေးလင်းရှောင်၏ ဦးခေါင်းခွံက လျင်မြန်စွာ ကြီးထွားလာသည်။ သူ၏ လည်ပင်းက ဦးခေါင်းအောက်တွင် ပေါက်လာသည့်အခါ တာအိုလှံကို အာရုံခံမိလိုက်သည်။ တာအိုလှံက သူ၏ ဦးခေါင်းတွင် ထိုးစိုက်နေလေသည်။ သူနှင့်အတူ စွန့်ပစ်မြေထဲသို့ ကျရောက်လာစဉ် မွေးဖွားခြင်းကပ်ဘေး၏ ဖျက်ဆီးခြင်း ခံလိုက်ရပြီး စွမ်းအားများ အလွန်အမင်း ယုတ်လျော့သွားခဲ့ပုံပင်။
"နှစ်ပေါင်း ကိုးကုဋေနဲ့ တစ်၀က် နောက်ပိုင်း အနာဂတ်ကတော့ မွေးဖွားခြင်းကပ်ဘေးရဲ့ ဖျက်ဆီးတာ မခံခဲ့ရဘူး… ငါ အခုအခိုက်အတန့်မှာ ပြန်အသက်ဝင်လာပြီ…. အနာဂတ်က ဆယ့်ခုနစ်စင်းမြောက် စကြဝဠာခေတ်မှာ အဆုံးမသတ်နိုင်တဲ့ အချိန်တွေ ပိုင်ထားသေးတယ်… ဒီတိုက်ပွဲမှာ ငါ နိုင်ခဲ့တာပဲ"
သူ့တွင် နံရိုးများ၊ လက်မောင်းများ ပေါက်လာသည်။ ရုပ်ခန္ဓာကိုသာ ပြန်လည်ရရှိပါက ထိုက်ချူ၏ ရုပ်ခန္ဓာ ဖြစ်နေသည့်တိုင် အချိန်တိုအတွင်း အလွန်တရာ မြင့်မားသော အဆင့်အထိ ကျင့်ကြံနိုင်ပေလိမ့်မည်။
သူ၏ မူလရုပ်ခန္ဓာလောက် မကောင်းသည့်တိုင် များစွာ ကွာခြားလိမ့်မည် မဟုတ်ပေ။
ယခု သူ လိုအပ်နေသည်မှာ မွေးဖွားခြင်းကပ်ဘေး၏ ချေဖျက်ခြင်း ခံလိုက်ရသော ကျင့်ကြံခြင်းအခြေခံ ဖြစ်သည်။ သို့သော် သူ၏ စွမ်းဆောင်ရည်ဖြင့် နှစ်အနည်းငယ်အတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ကျင့်ကြံနိုင်ပေလိမ့်မည်။
သူ၏ ဘေးတွင် သင်္ဘောပျက်တစ်စင်း ရှိနေသည်။
သခင်လေးလင်းရှောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွား၏။ ဤသင်္ဘောပျက်မှာ တစ်စုံတစ်ခု၏ ဝင်တိုက်ခြင်း ခံရသောကြောင့် နှစ်ပိုင်း ကျိုးသွားပုံပင်။ အခြားတစ်ပိုင်းမှာ ပျောက်ဆုံးနေကာ တစ်ခြမ်းသာ ကျန်တော့သည်။
သူ ဤသင်္ဘောကို ကြည့်နေသော်လည်း ဇာစ်မြစ်ကို စဉ်းစားမရ ဖြစ်နေသည်။
သူ ဦးခေါင်းခွံသာ ကျန်တော့စဉ်တုန်းက သင်္ဘောပျက်အပေါ်ရှိ တာအိုသိုင်းပညာရှင်အရိုးများက သူနှင့် အသွေးအသားအား လုယက်တိုက်ခိုက်ခဲ့သည်ကို သတိရလိုက်မိသည်။ သူတို့ထဲမှ အရိုးစုတစ်စုက သူ့မျက်နှာမှ ထိုက်ချူ၏ အသွေးအသားတစ်စိုင်ကို ဆွဲဖြဲ၍ သူ့အရိုးစုအပေါ် ကပ်ခဲ့သည်။ သို့သော် ထိုအိုသိုင်းပညာရှင်အရိုးစု၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့အောက် များစွာ နိမ့်ကျသဖြင့် အသွေးအသားကို မထိန်းသိမ်းနိုင်ခဲ့ပေ။
"ဒီသင်္ဘောက ဆရာ့ရဲ့ လောကပေါင်းကူးရွှေသင်္ဘော မဟုတ်ဘူး… သင်္ဘောပေါ်က တာအိုသိုင်းပညာရှင်တွေရဲ့ စွမ်းအားက သိပ်မြင့််မားတယ်…. သူတို့တွေ ဘယ်က လာကြတာလဲ"
သခင်လေးလင်းရှောင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤသင်္ဘောအား သူ ရင်းနှီးသလို ခံစားနေရ၏။ သင်္ဘောဝမ်းဗိုက်ထဲတွင် တာအိုသိုင်းပညာရှင်အရိုးစုများစွာ ရှိပြီး သော့ခတ် ပိတ်လှောင်ခံထားရသည်။ သူတို့ အသက်ရှိစဉ်က စွမ်းဆောင်ရည်များမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။ သခင်လေးများလောက် မသန်မာသော်လည်း စွမ်းဆောင်ရည်များက နက်ရှိုင်းလှသည်။
စကြဝဠာဆယ့်ခြောက်စင်းတွင် ဤမျှ အားကောင်းသော ပုဂ္ဂိုလ်များစွာ တည်ရှိသည့် အင်အားစုမှာ ရှားပါးလှ၏။
"ဒီနေရာမှာ ကြာကြာ မနေသင့်ဘူး… ခုနစ်က ဒီနေရာကို သေချာပေါက် အာရုံစိုက်နေလိမ့်မယ်… ကြာကြာနေမိတာနဲ့ အန္တရာယ် ပိုများလာလိမ့်မယ်"
ယခု သူ့အနေဖြင့် ရုပ်ခန္ဓာကို လျင်မြန်စွာ ပြန်လည်တည်ဆောက်နိုင်သော်လည်း ချင်မူနှင့် ယှဉ်ပြိုင်နိုင်သည်အထိ မသန်မာသေးချေ။
နှစ်အနည်းငယ် ပုန်းအောင်း၍ အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိမှသာ ချင်မူ့ကို အနိုင်ယူနိုင်ပေလိမ့်မည်။
သခင်လေးလင်းရှောင် လက်ဆန့်လိုက်ရာ သံချေးတက်နေသော တာအိုလှံက ပျံတက်လာပြီး သူ၏ အရိုးစုလက်ကြီးထဲသို့ ဝင်ရောက်လာသည်။
သခင်လေးလင်းရှောင်သည် လှံကို ကိုင်လျက် ပျံတက်လိုက်၏။ သူ၏ ရုပ်ခန္ဓာက စွန့်ပစ်မြေထဲတွင် လျင်မြန်စွာ ပျံသန်းနေရင်း အသွေးအသားများ အဆက်မပြတ် ပွားလာနေသည်။ မကြာမီ သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ လုံးဝ ကြီးထွားလာပြီး ခြေထောက်အရိုးများ ပေါက်လာချေပြီ။
သခင်လေးလင်းရှောင်မှာ နောက်ဆုံးတွင် လမ်းလျှောက်နိုင်ပြီဖြစ်သဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။ ခြေထောက်များဖြင့် တိုက်ခိုက်နိုင်သလို၊ ထွက်ပြေးနိုင်သဖြင့် အရှိန်ကလည်း များစွာ တိုးတက်လာ၏။
ထိုအချိန်တွင် သူ့မျက်နှာပျက်ယွင်းသွားသည်။ မီလော့နန်းတော်၏ ရန်သူများကို သခင်လေးတစ် မဟာဥသျှောင် ဖိနှိပ်ထားသည့် ကျောက်ပြားတောအုပ်ကို တွေ့လိုက်ရလေသည်။ ကျောက်ပြားတောအုပ်၏ တံခါးမှာ ချင်မူ့ကြောင့် ပျက်စီးသွားခဲ့သောကြောင့် တံခါးအနောက်တွင် ကျောက်ပြားတောအုပ် ပေါ်ထွက်နေ၏။
ကျောက်ပြားတောအုပ်ထဲမှ အင်အားကြီးသည့် ဖိအားများ ဖြာဆင်းလာနေပြီး တာအိုသစ်သီး ဆယ့်နှစ်လုံး သီးနေသည့် တာအိုသစ်ပင်တစ်ပင်ကိုလည်း ဝိုးတဝါး တွေ့မြင်နိုင်သည်။
"ထိုက်ယီ… ဒါမှမဟုတ် တျန်းတုလို့ ခေါ်ရမှာလား… သူ ဒီနေရာမှာ ပုန်းနေတာပဲ"
သခင်လေးလင်းရှောင် ထွက်ခွာသွား၏။ "ဒါဆိုရင် ခိုးဝင်လာခဲ့ကြတဲ့ ကောင်းကင်ဖွင့်လှစ်သူတွေလည်း ဒီနေရာမှာ ရှိနေမှာပဲ… သူတို့က ထိုက်ယီ ဖိနှိပ်တာ ခံနေရတာကိုး… နှစ်ပေါင်းသုံးကုဋေနဲ့ တစ်ဝက်အတွင်း သူတို့ အရိပ်အယောင်တောင် မတွေ့ရတာ မဆန်းတော့ဘူး… ငါ ပြန်ကောင်းလာဖို့ နှစ်နည်းနည်း လိုတယ်… ဒီကောင်းကင်ဖွင့်လှစ်သူတွေသာ လွတ်မြောက်သွားရင် မီလော့နန်းတော်ကို ကူညီနိုင်လောက်တယ်"
သူ့ဒဏ်ရာများကို ကုစားရန် နှစ်အနည်းငယ် လိုအပ်ပြီး ထိုအချိန်သည် ချင်မူနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် မီလော့နန်းတော်၏ အင်အားစုများကို အမြစ်ပြတ် ချေမှုန်းပစ်ရန် လုံလောက်၏။
ကောင်းကင်ဖွင့်လှစ်သူများ လွတ်မြောက်လာပါက ချင်မူအနေဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ မီလော့နန်းတော်အား ချေမှုန်းနေသည်ကို ကူညီနိုင်တော့မည် မဟုတ်ပေ။ ကောင်းကင်ဖွင့်လှစ်သူများက ထင်တိုင်း ကြဲကြလိမ့်မည်။ သူတို့ လွတ်မြောက်လာပါက ချင်မူမှာ နေရာတကာ လိုက်လံမီးငြှိမ်းသတ်နေရမည် ဖြစ်ပြီး မီလော့နန်းတော်ကို ချေမှုန်းရန် အချိန်ရတော့မည် မဟုတ်သလို၊ သူ၏ တည်နေရာကို လိုက်ရှာရန်လည်း အချိန်ရတော့မည် မဟုတ်ပေ။
သို့သော် ကောင်းကင်ဖွင့်လှစ်သူများကို မည်သို့ လွှတ်ပေးရမည်နည်း။
မကြာမီ သခင်လေးလင်းရှောင်၏ မျက်နှာတွင် ဝမ်းမြောက်နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ ကောင်းကင်ဖွင့်လှစ်နယ်မြေကို တွေ့လိုက်ရ၏။
တျန်းတုနန်းတော် အပျက်အစီးများက သူ၏ ရှေ့တွင် ပေါ်လာပြီး ကောင်းကင်ဖွင့်လှစ်ခဲ့သည့် နယ်မြေက ထိုနေရာတွင် ရှိနေသည်။ ကောင်းကင်ဖွင့်လှစ်နယ်မြေအား ကျောက်ပြားတောအုပ်ထဲသို့ ပို့ဆောင်နိုင်ခဲ့ပါက ကောင်းကင်ဖွင့်လှစ်သူတို့၏ စွမ်းဆောင်ရည်များ အဆမန် တိုးတက်လာစေ၍ ကျောက်ပြားတောအုပ်ကို တစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်စေလိမ့်မည်။
သခင်လေးလင်းရှောင်မှာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း တျန်းတုအပျက်အစီးများထဲသို့ လျှောက်သွားသည်။ ထိုအခိုက်အတန့်တွင် သူ၏ နောက်ကွယ်မှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။ "အစ်ကိုသုံး၊ တျန်းတုအပျက်အစီးတွေကို သုံးပြီး ကျောက်ပြားတောအုပ်ကို တိုက်ခိုက်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သိရဲ့လား"
သခင်လေးလင်းရှောင်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ သူက တုံ့ခနဲ ရပ်ကာ သံချေးတက်နေသော တာအိုလှံတံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
"သခင်လေး မဟာဥသျှောင်က အတိတ်စကြဝဠာခေတ်တွေရဲ့ လူဆိုးတွေကို ဖမ်းဆီးပြီး ဒီစွန့်ပစ်မြေထဲမှာ ဖိနှိပ်ထားခဲ့တယ်… သူတို့ထဲက လူတော်တော်များများက မွေးဖွားခြင်းကပ်ဘေးထဲမှာ အကြိမ်ကြိမ် သေဆုံးသွားကြပြီ… ဒါပေမဲ့ တချို့လူတွေက မသေဆုံးသေးဘဲ ကျောက်ပြားတောအုပ်ထဲမှာ ဖိနှိပ်ခံထားရတုန်းပဲ"
သူ့အနောက်တွင် ချင်မူ့ပုံရိပ်က တဖြည်းဖြည်း ထင်ရှားလာကာ သူ့ဆီသို့ လျှောက်လာ၏။ "တျန်းတုရဲ့ ရုပ်ခန္ဓာကိုလည်း အဲဒီနေရာမှာ ဖိနှိပ်ထားတယ်… အဲဒီရုပ်ခန္ဓာဟာ မဟာပျက်စီးခြင်းကပ်ဘေး ဆယ်ကြိမ်နဲ့ မွေးဖွားခြင်းကပ်ဘေး ဆယ့်တစ်ကြိမ် ကြုံပြီးတာတောင် ပျက်စီးမသွားခဲ့ဘူး… ထိုက်ယီက အဲဒီနေရာကို စောင့်ကြပ်နေပြီး ကျောက်ပြားအဖြစ် ပြောင်းလဲထားရင်း ကောင်းကင်ဖွင့်လှစ်သူတွေကို ဖိနှိပ်ထားသလို သူ့အရင်ဘ၀ ရုပ်ခန္ဓာကိုလည်း ဖိနှိပ်ထားတယ်.. ခင်ဗျား တျန်းတုအပျက်အစီးတွေနဲ့ ကျောာက်ပြားတောအုပ်ကို တိုက်ခိုက်လိုက်ရင် မဟာကပ်ဘေးကြီး ထွက်ပေါ်လာစေလိမ့်မယ်..”
သခင်လေးလင်းရှောင်သည် ချင်မူ့ချီစွမ်းအင်ဖြင့် ချိန်ရွယ်ခံထားရသည်ကို ခံစားရသဖြင့် တစ်ချက်မှ မလှုပ်ရဲချေ။
ချင်မူက သူ့ဘေးသို့ ရောက်လာပြီး တျန်းတုအပျက်အစီးများထဲမှ ကောင်းကင်ဖွင့်လှစ်မြေကို ကြည့်နေ၏။ "ကောင်းကင်ဖွင့်လှစ်သူတွေ လွတ်မြောက်လာလိမ့်မယ်… ထိုက်ယီက တျန်းတု ဖြစ်သွားလိမ့်မယ်.. မဟာဥသျှောင် ဖိနှိပ်ထားတဲ့ နတ်ဆိုးတွေ အကုန် ထွက်လာလိမ့်မယ်… ဆယ့်ခုနစ်စင်းမြောက် စကြဝဠာတစ်ခုလုံး ဒုက္ခရောက်ကြပြီး ဒီအကြောင်းကြောင့် ပျက်စီးသွားနိုင်တယ်… အစ်ကိုသုံး ဒါက ခင်ဗျား အမွေဆက်ခံထားတဲ့ ဆရာ့ရဲ့ ခံယူချက်လား… ဒါမှမဟုတ် အနိုင်ရဖို့အတွက် နည်းလမ်း မရွေးတော့တာလား"
သခင်လေးလင်းရှောင်၏ တာအိုလှံကို ဆုပ်ကိုင်ထားသော လက်မှာ ပို၍ တင်းကြပ်လာပြီး အေးစက်စွာ ဖြေသည်။ "ဆရာ မလုပ်နိုင်ခဲ့တဲ့ အရာတွေကို ငါ လုပ်နိုင်တယ်.. ဆရာ့ရဲ့ ခံယူချက်ကို အကောင်အထည် ဖော်ဖို့အတွက် တချို့ကိုတော့ စတေးရမှာပဲ"
ချင်မူက လှည့်၍ သူ့ကို စိုက်ကြည့်၏။ "စတေးရတယ်တဲ့လား… ယဇ်ပလ္လင်ပေါ်က ယဇ်ကောင်တွေဆိုတာ စတေးခံရစမြဲပါပဲ … ဒီယဇ်ကောင်ကို အသုံးချခဲ့တဲ့ ဘယ်တုန်းကမှ ခင်ဗျား မဟုတ်ခဲ့ဘူး… ဒါပေမဲ့ ခင်ဗျားဟာ အနိုင်ရဖို့ နည်းလမ်း မရွေးတော့တဲ့ အချိန်မှာ ဆရာ့ရဲ့ ခံယူချက်ကို လုံးလုံး စွန့်ပစ်ပြီးနေပြီ… ခင်ဗျားက သွေးယဇ်ပူဇော်ပြီး မီလော့နန်းတော်က သူတွေကို ဆင်းသက်လာစေခဲ့တယ်… ခင်ဗျားနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေနဲ့ ဘာများ ကွာခြားသေးလို့လဲ"
သခင်လေးလင်းရှောင်က တာအိုလှံကို လှုပ်ခါလိုက်ရာ လှံ၏ လက်ကျန်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ချင်မူ သူ့အား ပစ်မှတ်ထားနေသည့် ချီစွမ်းအင်ကို ဖြတ်တောက်လိုက်သည်။
သခင်လေးလင်းရှောင်က ချက်ချင်း နောက်တစ်လှမ်းဆုတ်လိုက်ပြီး သူ၏ အရှိန်အဝါတို့က အလျင်အမြန် ထိုးတက်လာ၏။ သူက နှာခေါင်းရှုံ့လိုက်သည်။ "ညီလေး၊ ဆရာ တာအိုနှလုံးသားသေဆုံးပြီး တာအိုအဖြစ် ပြောင်းလဲသွားပြီးကတည်းက မီလော့နန်းတော်ဟာ ပြိုကွဲသွားခဲ့ပြီ… မဟာဥသျှောင်က လောကရေးရာတွေကို စိတ်မဝင်စားဘူး.. နှစ်ဟာ ပြစ်မှုတွေကြောင့် ချုပ်ခံထားရတယ် … လေးက အလွမ်းနွံထဲမှာ နစ်နေတယ်… ငါးနဲ့ ခြောက်က ဘယ်ပျောက်သွားမှန်း မသိဘူး… မင်းကလည်း နေရာတကာ ပြဿနာရှာနေတုန်းပဲ… ငါ တစ်ယောက်တည်းကသာ မီလော့နန်းတော်ရဲ့ အဓိကကျောရိုးပဲ… ငါ တစ်ယောက်တည်းကသာ မီလော့နန်းတော်ကို ထောက်ပံ့နိုင်ပြီး ဆရာ့ရဲ့ ခံယူချက်ကို အမွေဆက်ခံနိုင်မှာ… မင်းမှာ ငါ့ကို အပြစ်တင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ"
သူ၏ အရှိန်အဝါက ပိုမို အားကောင်းလာပြီး မဟာတာအိုသည်လည်း လျင်မြန်စွာ နိုးထလာချေပြီ။ သူက အေးစက်စွာ ဆက်ပြော၏။ "ငါ မရှိရင် မီလော့နန်းတော် ပြာဖြစ်သွားတာ ကြာလှပြီ… မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေ မီလော့နန်းတော်က ထွက်သွားရင် ပိုကြီးမားတဲ့ အပြစ်တွေကိုပဲ ကျူးလွန်ကြမှာလေ"
"ဒါကြောင့် မီလော့နန်းတော်ကို ဖျက်ဆီးပစ်ရမယ်"
ချင်မူက ရှေ့သို့ တစ်လှမ်းတိုး၍ အေးစက်စွာ တုံ့ပြန််သည်။ "မီလော့နန်းတော်က သက်ရှိတွေကို ကယ်တင်ဖို့အတွက်ပဲ… သက်ရှိတွေကို မကယ်တင်နိုင်တော့ရင် ဆက်ပြီး တည်ရှိနေစရာ အကြောင်း မရှိဘူး"
သခင်လေးလင်းရှောင်က ဒေါသတကြီး တုံ့ပြန်သည်။ "ဒါဆို မင်းက မီလော့နန်းတော်ကို မဖြစ်မနေ ဖြိုလှဲပြီး ဆရာ့ရဲ့ တာအိုအမွေအနှစ်ကို ဖျက်ဆီးချင်နေတာပေါ့"
"ဟုတ်တယ်"
ချင်မူ၏ အသတ်အဖြတ်စိတ်ဆန္ဒများက ကောင်းကင်သို့ ထိုးတက်သွားသည်။ "ကျုပ် မီလော့နန်းတော်ကို ဖျက်ဆီးပစ်မယ်… ဆရာ့ရဲ့ တာအိုအမွေအနှစ်ကို ဖျက်ဆီးပစ်မယ်… သူ ကျူးလွန်ခဲ့တဲ့ အမှားတွေကို သူ့ရဲ့ နောက်ဆုံးတပည့်က ပြင်ဆင်မယ်… ခင်ဗျားသာ ဆက်ပြီး နားမလည်ဘဲ ခေါင်းမာနေဦးမယ်ဆိုရင် ခင်ဗျားကလည်း အမှားတစ်ခုပဲ… ပြင်ဆင်ရလိမ့်မယ်"
သခင်လေးလင်းရှောင်က တာအိုလှံကို တျန်းတုအပျက်အစီးများဆီသို့ ရုတ်တရက် ထိုးစိုက်လိုက်သည်။ သူ ခွန်အား ထည့်လိုက်သည်နှင့် အပျက်အစီးများကို ထိုးဖောက်၍ ကျောက်ပြားတောအုပ်အား ၀င်တိုက်စေနိုင်၏။
အပျက်အစီးကြီးနှစ်ခု ဝင်တိုက်မိ၍ ကောင်းကင်ဖွင့်လှစ်မြေ၏ လက်ကျန်စွမ်းအားများ နိုးထလာပါက ကျောက်ပြားတောအုပ်ကို စကြဝဠာ ဆယ့်ခြောက်စင်း၏ကပ်ဘေးအတွင်းမှ လွတ်မြောက်သွားစေလိမ့်မည်။
"မင်း ငါ့ကို မသတ်နိုင်ဘူး"
သခင်လေးလင်းရှောင်က တစ်လုံးချင်း ပြောလိုက်သည်။ "မွေးဖွားခြင်းကပ်ဘေးက ငါ့ရဲ့ နှစ်ပေါင်းကိုးကုဋေနဲ့ တစ်၀က် သမိုင်းကြောင်းကို ဖျက်ဆီးသွားခဲ့ပြီ…ဒါပေမဲ့ အနာဂတ်မှာ အချိန်တွေ အတောမသတ်နိုင်အောင် ရှိသေးတယ်… ညီလေး၊ ဒီတိုက်ပွဲမှာ နောက်ဆုံးတော့ ငါ နိုင်ခဲ့တာပဲ"
ချင်မူ၏ အကြည့်မှာ ထူးဆန်းနေပြီး ခေါင်းခါလိုက်သည်။ "အစ်ကိုသုံးရဲ့ အနာဂတ်အားလုံးက မွေးဖွားခြင်းကပ်ဘေးထဲမှာ ပျက်စီးသွားခဲ့ပြီ… မရေမတွက်နိုင်တဲ့ အနာဂတ် အစ်ကိုသုံး တွေထဲမှာ အခု လက်ရှိခင်ဗျားတစ်ယောက်တည်းပဲ လွတ်မြောက်လာခဲ့တာ.. ခင်ဗျားမှာ ဒီလောက်တိုတောင်းတဲ့ အချိန်လေးပဲ ကျန်တော့တယ်"
သခင်လေးလင်းရှောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွားပြီး တျန်းတုအပျက်အစီးများအား အားကုန် အသက်သွင်းလိုက်တော့၏။