အနာဂတ်မှာ ပြန်ဆုံတာပေါ့
Vol. 142 Ch. 1825
တာအိုလှံသည် ကွေးညွတ်သွားသည့်တိုင်အောင် အရှိန်ပြင်းစွာ တွန်းထိုးလိုက်ရာ တျန်းတုအပျက်အစီးများ ရွေ့သွားလေသည်။
ဤအပျက်အစီးများထဲရှိ လေထုမှာ ဖရိုဖရဲချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည့်အလျောက် လေးလံသိပ်သည်းလှသည်။ သို့သော် ဤသို့သော အထွတ်အမြတ်နေရာပင်လျှင် သခင်လေးလင်းရှောင်၏ အံ့ဩဖွယ် ခွန်အားကို မတားဆီးနိုင်ခဲ့ပေ။
ချင်မူက ခြေထောက်ကို မြှောက်၍ အားကုန် ဆောင့်နင်းလိုက်ရာ ကျောက်ပြားတောအုပ်ဆီသို့ ပျံသန်းသွားသော တျန်းတုအပျက်အစီးများ ချက်ချင်းပင် နိမ့်ကျသွားသည်။ ထို့နောက် လေထဲ လွင့်မျောနေသော သစ်ရွက်ကြွေအလား ပြန်လည်မြင့်တက်သွားသည်။
သခင်လေးလင်းရှောင်မှာ အသတ်အဖြတ်စိတ်ဆန္ဒ အပြည့်ဖြင့် တျန်းတုမြို့ထဲသို့ ဆင်းသက်လိုက်သည်။
လင်းရှောင်အနေဖြင့် ရုပ်ခန္ဓာကို ယခုလေးတင် ပြန်လည်ရရှိခဲ့သော်လည်း ချင်မူမှာလည်း အခြေအနေ မကောင်းလှပေ။ သခင်လေးကျစ်ရှောင် ချင်မူ့အပေါ် ချန်ထားခဲ့သော တာအိုဒဏ်ရာအား အချိန်တိုအတွင်း ကုသနိုင်မည် မဟုတ်ပေ။
လင်းရှောင် လက်ထဲမှ တာအိုလှံကို လှုပ်ရှားလိုက်သည်နှင့် အပြင်းထန်ဆုံး အသက်နှုတ်တိုက်ကွက် ထွက်ပေါ်လာသည်။ လှံချက်များက တောအုပ်ပမာ ပွားများလာပြီး မဟာအကျဉ်းထောင်တစ်ခုအလား ချုပ်နှောင်နေသည်။
သခင်လေးလင်းရှောင်သည် မကောင်းမှုကို ရွံ့မုန်း၏။ သူ ကျောက်စိမ်းမြို့တော်တွင် ချန်ထားခဲ့သော ထူးခြားသည့် ရတနာမှာ မဟာအကျဉ်းထောင် ဖြစ်ပြီး မီလော့နန်းတော်ကို ဆန့်ကျင်သည့် ရန်သူများကို ဖိနှိပ်ရန် အသုံးပြုသည်။
သူက သခင်လေးတစ် မဟာဥသျှောင်ကဲ့သို့ သဘောထားကြီးသူ မဟုတ်ပေ။ မဟာဥသျှောင်က ပြိုင်ဘက်ကို သတ်ဖြတ်ခြင်းမရှိ။ "မကောင်းဆိုးဝါးမိစ္ဆာ" ဟု ခေါ်သော ထိုက်ယီကိုပင် မဟာဥသျှောင်က တာအိုအသုဘခေါင်းတလားထဲတွင်သာ ချုပ်ထားခဲ့သည်။
သခင်လေးလင်းရှောင်၏ မဟာအကျဉ်းထောင်မှာမူ ကြောက်မက်ဖွယ် တာအိုလှံချက်များဖြင့် ပြည့်နှက်နေသည်။ တာအိုလှံချက်များက အကျဉ်းသားများ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ထိုးဖောက်ကာ အဆက်မပြတ် နှိပ်စက်ခြင်းဖြင့် နောက်ဆုံးတွင် မခံနိုင်ဘဲ သေဆုံးသွားစေမည်။
သူ၏ မဟာအကျဉ်းထောင်မှတစ်ဆင့် သူ၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ၏ ကြမ်းတမ်းရက်စက်မှုကိုလည်း မြင်တွေ့နိုင်သည်။
သူ၏ တာအိုလှံထဲတွင် ကိန်းဝပ်နေသည့် ကောင်းကင်နတ်သိုင်းမှာ အကြမ်းတမ်းဆုံး ကောင်းကင်နတ်သိုင်း ဖြစ်သည်။ လှံတစ်ချက် ထွက်ပေါ်လာသည်နှင့် သူ၏ တာအိုလှံ ပတ်ပတ်လည်၌ သိက္ခာကြီးမားသော မာန်အရှိန်အဝါတို့ ပြည့်နှက်သွားပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တဟုန်ထိုး မြင့်တက်လာစေသည်။
ချင်မူ နောက်ဆုတ်လိုက်သည်။ မရေမတွက်နိုင်သော လှံအရိပ်များသည် သူ့ပတ်ပတ်လည်မှ ဖြတ်သန်းသွား၏။ သခင်လေးလင်းရှောင်ကာ ပိုမိုအားကောင်းလာသော အရှိန်အဝါဖြင့် အလျင်အမြန် ချဉ်းကပ်လာသည်။ လှံမှာ နဂါးတစ်ကောင်သဖွယ် လူးလွန့်လျက် ပုံစံမျိုးစုံ ပြောင်းလဲသွား၏။ ကောင်းကင်တွင် နတ်ဘုရားမိစ္ဆာများ၏ တာအိုရွတ်ဖတ်သံများ ပြည့်နှက်လာပြီး လင်းရှောင်၏ စွမ်းအားကို မြှင့်တင်ပေးကာ တာအိုလှံ၏ ထိုးအားကိုလည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာစေသည်။
တာအိုလှံ၏ ထိုးချက်များအောက်တွင် တျန်းတုအပျက်အစီးများ ပေါက်ကွဲကြေမွကာ ဖရိုဖရဲချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
အပျက်အစီးများအကြားမှ ဖရိုဖရဲချီစွမ်းအင်များ ပိုမို ထူထပ်သိပ်သည်းလာသည်။ အချိန်နှင့် နေရာဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသော ဖရိုဖရဲချီစွမ်းအင်များလည်း ပိုမိုတိုးပွားလာသည်။ ဖရိုဖရဲမြူခိုးများထဲတွင် ပိန်ပိန်ရှည်ရှည် အရိပ်များ ရပ်နေသယောင် ထင်ရပြီး အရိပ်များက ဝေဝါးနေသည်။
သခင်လေးလင်းရှောင်က မမြင်ချင်ယောင်ဆောင်ထားသည်။ လှံထိပ်သည် ချင်မူ့ပတ်ပတ်လည်မှ မခွာဘဲ အပျက်အစီးများ၏ နက်ရှိုင်းသော နေရာများအထိ သတ်ဖြတ်ဝင်ရောက်သွားသည်။
ရုတ်တရက် ချင်မူ၏ ပုံရိပ်မှာ ရပ်တန့်သွားသည်။ သူ၏ ခြေထောက်နှစ်ဖက်မှာ ကောင်းကင်ဖွင့်လှစ်ရာနယ်မြေ၏ ယဇ်ပလ္လင်အလယ်ဗဟိုရှိ ခြေရာဆီသို့ အတိအကျ ကျသွားချေပြီ။
သခင်လေးလင်းရှောင်၏ နှလုံးသား တုန်လှုပ်သွားသည်။ "တျန်းတု ကောင်းကင်ဖွင့်လှစ်မြေ"
တစ်စုံတစ်ခု မှားယွင်းနေမှန်း သိလိုက်သည်နှင့် ခွန်အားအလုံးစုံ စုစည်းကာ နောက်ဆုံးတိုက်ကွက်ဖြင့် ထိုးနှက်လိုက်သည်။ တစ်ချိန်တည်းမှာပင် တာအိုလှံကို လွှတ်ကာ နောက်သို့ ဆုတ်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် ချင်မူက လက်လှမ်း၍ ဓားကို ဆွဲထုတ်လိုက်ရာ ဓားရောင်များ ဝင်းထိန်သွားသည်။
တျန်းတု လောကဖန်ဆင်းဓား
ဘုန်း
ဖရိုဖရဲချီစွမ်းအင်များ ပွင့်ထွက်သွားပြီး စကြဝဠာအသစ်တစ်စင်းသည် ဓားရောင်ထဲတွင် မွေးဖွားလာ၏။ ထိုဓားရောင် ဖြတ်သန်းသွားရာ နေရာတိုင်းရှိ ဖရိုဖရဲမြူခိုးများထဲမှ ပိန်ပိန်ရှည်ရှည် အရိပ်များမှာ ဓားအလင်းရောင်နှင့်အတူ လွင့်ပါး ပျောက်ကွယ်သွားတော့သည်။
"အစ်ကိုသုံး၊ ဒါက ခင်ဗျား ရှောင်တိမ်းလွတ်မြောက်ခဲ့တဲ့ မွေးဖွားခြင်း ကပ်ဘေးပဲ…. အခု ကျွန်တော် ခင်ဗျားကို ပြန်ပေးလိုက်ပြီ"
ချင်မူ၏ တာအိုအသံ ဟိန်းထွက်လာစဉ် ဓားရောင်က သခင်လေးလင်းရှောင် ထိုးစိုက်လိုက်သော တာအိုလှံအား ရင်ဆိုင်လိုက်သည်။ တာအိုလှံ ပတ်ပတ်လည်တွင် ဝန်းရံနေသော နတ်ဘုရားမိစ္ဆာအားလုံး ပေါက်ကွဲ ကြေမွသွားချေပြီ။
ခွမ်း
တာအိုလှံမှာ ဖြတ်တောက်ခံလိုက်ရသဖြင့် ကြေမွသွားကာ သန့်စင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ဖန်ဆင်းခြင်းအလင်းတန်းထဲတွင် မွေးရာပါထိုက်ငါးပါး၏ ပြောင်းလဲမှုများကို အဆင့်ဆင့် ဖြတ်သန်းလိုက်၏။
သခင်လေးလင်းရှောင် အလွန်လျင်စွာ နောက်ဆုတ်လိုက်သော်လည်း စကြဝဠာဖွင့်လှစ်ခြင်း၏ အရှိန်က ပိုမို လျင်မြန်သည်။ မကြာမီ သူ့နောက်သို့မှီလာပြီး ဝါးမြိုသွား၏။
ဖန်ဆင်းခြင်းအလင်းတန်းထဲတွင် သခင်လေးလင်းရှောင်မှာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ မွေးဖွားခြင်းကပ်ဘေးထဲမှ မိမိ ထွက်ပြေးခဲ့ရသော မြင်ကွင်းကို ပြန်လည် သတိရလိုက်မိသည်။ မရေမတွက်နိုင်သော သူကိုယ်တိုင်တို့က အပြင်းထန်ဆုံးတိုက်ကွက်များဖြင့် အားကုန်တိုက်ခိုက်ကာ အလွန်ထူးဆန်းသော နေရာဟင်းလင်းပြင်များ တစ်ခုပြီးတစ်ခုအား ထိုးဖောက်လျက် ဟင်းလင်းပြင်ဆီသို့ ပြေးလွှားခဲ့ကြသည်။
ထိုအချိန်က မရေမတွက်နိုင်သော သူကိုယ်တိုင်တို့မှာ မွေးဖွားခြင်းကပ်ဘေးထဲတွင် ပျက်စီးသွားခဲ့သဖြင့် လက်ရှိ သူတစ်ယောက်တည်းသာ မွေးဖွားခြင်းကပ်ဘေး၏ ကပ်ဘေးအလင်းတန်းမှ လွတ်မြောက်ခဲ့သည်။ သူ၏ ရုပ်ခန္ဓာမှာ ကပ်ဘေးအလင်းတန်းထဲတွင် ကြေမွသွားပြီး တာအိုလှံမှာလည်း သူ၏ ဦးခေါင်းခွံနှင့်အတူ စွန့်ပစ်မြေထဲသို့ ဝင်ရောက်လာခဲ့၏။
မွေးဖွားခြင်းကပ်ဘေးကို ထိုးဖောက်လွတ်မြောက်ခဲ့သော သူကိုယ်တိုင်မှာ မည်သည့်အချိန်က သူ ဖြစ်သည်ကို မသိခဲ့သလို၊ ပျက်စီးသွားသော သူကိုယ်တိုင်တို့မှာလည်း မည်သူဖြစ်မှန်း မသိခဲ့ပေ။
ထိုအချိန်က သူ နောက်လှည့်ကြည့်လိုက်သည့်အခါ မွေးဖွားခြင်းကပ်ဘေး၏ ကပ်ဘေးအလင်းတန်းမှာ နောက်တွင် ကျန်ခဲ့သည်ကို တွေ့ခဲ့ရသည်။
ယခု ချင်မူ၏ တျန်းတုလောဖန်ဆင်းဓား ကပ်ဘေးအလင်းတန်းထဲတွင် နောက်လှည့်ကြည့်လိုက်စဉ် မွေးဖွားခြင်းကပ်ဘေး၏ ကပ်ဘေးအလင်းတန်းမှာ သူ၏အနောက်သို့ နှစ်ပေါင်း ကိုးကုဋေနှင့် တစ်ဝက်ကြာအောင် လိုက်နေခဲ့သည်ကို မြင်လိုက်ရချေပြီ။
ထိုအခိုက်အတန့်တွင် ကပ်ဘေးအလင်းတန်းမှာ လက်တစ်ကမ်းအကွာသို့ ရောက်နေသည်။
လင်းရှောင်သည် မွေးဖွားခြင်းကပ်ဘေး၏ ကပ်ဘေးအလင်းတန်းဆီမှ ဘယ်တုန်းကမှ မလွတ်မြောက်ခဲ့ချေ။ သူ အဝေးသို့ ထွက်ပြေးခဲ့သဖြင့် မွေးဖွားခြင်းကပ်ဘေးက သူ့ကို အမှီမလိုက်နိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ယခုမူ မွေးဖွားခြင်းကပ်ဘေးကား မှီလာခဲ့လေပြီ။
တွေးကြည့်ပါက ဤဟင်းလင်းပြင် စွန့်ပစ်မြေတွင် ရှိကြသူအားလုံးသည် မွေးဖွားခြင်းကပ်ဘေးမှ မလွတ်မြောက်ခဲ့ကြဖူးပေ။ သက်ဆိုင်ရာ မွေးဖွားခြင်းကပ်ဘေးများက လိုက်မမှီလာသေးခြင်းသာ ဖြစ်သည်။ သူတို့၏ သက်ဆိုင်ရာ မွေးဖွားခြင်းကပ်ဘေး လိုက်မှီလာသည့်အါ ဤနေရာတွင် ပုန်းအောင်းနေသော သိုင်းပညာရှင်များလည်း သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"ဒီတိုက်ပွဲမှာ ငါ ရှုံးနိမ့်တာ ငါ့ကြောင့် မဟုတ်ဘူး…. ကောင်းကင်ရဲ့ အလိုဆန္ဒကြောင့်ပဲ"
သခင်လေးလင်းရှောင်မှာ ကပ်ဘေးအလင်းတန်းကို ရင်ဆိုင်ခုခံနိုင်စွမ်း မရှိတော့သဖြင့် သူ၏ ရုပ်ခန္ဓာမှာ ကပ်ဘေးအလင်းတန်းထဲတွင် ပျက်စီးသွားသည်။ သို့သော် သူက နောက်ဆုံးခွန်အားကို စုစည်း၍ တျန်းတုအပျက်အစီးများဆီသို့ ဝင်တိုက်ကာ ကျောက်ပြားတောအုပ်ထံ တွန်းပို့လိုက်သည်။
မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များအတွက် အချိန်ဆွဲပေးရပေမည်။
ကျောက်စိမ်းမြို့တော် ဆက်လက် ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကို အရယူပေးရမည်။
သူ သေဆုံးနိုင်သော်လည်း မီလော့နန်းတော်၏ ခံယူချက်ကို ထိန်းသိမ်း၍ လက်ဆင့်ကမ်းသွားရမည်။
အောင်မြင်မှုက သူ့ကြောင့် မဟုတ်လျှင်တောင်၊ ကိုယ်ခန္ဓာ သေဆုံးပြီး တာအို ပျောက်ကွယ်သွားတောင်မှ ခံယူချက်သည် ဆက်လက်ရှင်သန်နေရမည်။
ဝုန်း...
တျန်းတုအပျက်အစီးများမှာ ပိုမို လျင်မြန်သော အရှိန်ဖြင့် ကျောက်ပြားတောအုပ်ဆီသို့ ဝင်တိုက်ပေတော့မည်။ ၎င်းတို့က ကျောက်ပြားတောအုပ်နှင့် နီးကပ်သထက် နီးကပ်လာ၏။ ကပ်ဘေးအလင်းတန်းထဲတွင် သခင်လေးလင်းရှောင်သည် တျန်းတုအပျက်အစီးများမှာ ကျောက်ပြားတောအုပ်နှင့် လက်တစ်ကမ်းအကွာသာ ရှိတော့ကြောင်း တွေ့လိုက်ရသည်။
သူ၏ ရုပ်ခန္ဓာနှင့် မဟာတာအိုမှာ ပြိုကွဲသွားခဲ့သဖြင့် အတွေးအမြင်နှင့် အသိစိတ်မှာလည်း ကပ်ဘေးအလင်းတန်းထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူ့တွင် ဦးခေါင်းခွံသာ ကျန်တော့ပြီး ဦးခေါင်းခွံပေါ်မှ အသွေးအသားများမှာလည်း လျင်မြန်စွာ ပျောက်ကွယ်နေသည်။
မကြာမီ သူ၏ ဦးခေါင်းခွံလည်း ကပ်ဘေးအလင်းတန်းထဲတွင် ပြိုကွဲသွားသည်။ သို့သော် သူ့မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။
"ကောင်းကင်ဖွင့်လှစ်သူတွေ လွတ်မြောက်လာရင် မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိလာလိမ့်မယ်… ဒါက ငါ လုပ်နိုင်တဲ့ နောက်ဆုံးအရာပဲ… တစ်ယောက်ယောက်က မီလော့နန်းတော်ရဲ့ ခံယူချက်ကို ဆက်ခံပြီး ငါ့ရဲ့ အတွေးအခေါ်တွေကို ကျင့်သုံးလို့ ငါ့ကိုယ်စား ရှေ့ဆက် လျှောက်လှမ်းသွားလိမ့်မယ်..."
သူ၏ အသိစိတ်မှာ ပျက်စီးပျောက်ကွယ်ပေတော့မည်။ ပျောက်ကွယ်မသွားမီ တခဏလေးတွင် ချင်မူသည် တျန်းတုအပျက်အစီးများနှင့် ကျောက်ပြားတောအုပ် အကြားတွင် တားဆီးနေသည်ကို တွေ့လိုက်ရ၏။
ချင်မူ၏ ဆံပင်များက ထောင်နေပြီး မရေမတွက်နိုင်သော လက်မောင်းများက လှုပ်ရှားနေကာ တျန်းတုအပျက်အစီးများနှင့် ကျောက်ပြားတောအုပ်ကို အသီးသီး တားဆီးနေကြသည်။ သူ၏ ရုပ်ခန္ဓာဖြင့် အထွတ်အမြတ်နေရာကြီး နှစ်ခု၏ ဝင်တိုက်မှုကို အပြင်းအထန် ခုခံနေလေသည်။
ချင်မူ၏ လက်မောင်းများမှာ အဆုံးမရှိသော စွမ်းအား၏ ဖိနှိပ်မှုအောက်တွင် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားပြီး အသွေးအသားများ လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။ ချင်မူမှာ ဖိညှစ်ခံရ၍ သွေးအန်နေရသော်လည်း လက်မောင်းအသစ်များ တရစပ် ထွက်လာပြီး အထွတ်အမြတ်နေရာကြီး နှစ်ခုကို အသက်လု တားဆီးနေဆဲပင်။
နောက်ဆုံးတွင် တျန်းတုအပျက်အစီးများ အနည်းငယ် တုန်ခါသွားပြီး ရပ်တန့်သွားသည်။ ကျောက်ပြားတောအုပ်မှာမူ ချင်မူ၏ စွမ်းအားကြောင့် တွန်းထုတ်ခံလိုက်ရသဖြင့် တျန်းတုအပျက်အစီးများနှင့် ဝေးသထက် ဝေးကွာသွားချေပြီ။
"သောက်ကျိုးမပေးတဲ့ ခုနစ်..."
သခင်လေးလင်းရှောင်၏ အသိစိတ်မှာ တစ်ချက်မျှ လှုပ်ခတ်သွားပြီးနောက် အလုံးစုံပျက်စီး ပျောက်ကွယ်သွားတော့သည်။
ချင်မူမှာ ကျောက်ပြားတောအုပ်၏ တံခါးပေါက်အရှေ့တွင် မှောက်လျက် လဲကျနေပြီး သွေး အဆက်မပြတ် အန်နေရ၏။ မျက်လုံးသုံးလုံးသည်လည်း အမှောင်ကျသွားကာ အချိန်အတော်ကြာသည်အထိ ဘာမှ မမြင်ရတော့ပေ။
သူ ကျင့်ကြံထားသော မဟာတာအိုမှာ အစိတ်စိတ်အမွှာမွှာ ကြေမွလုနီးပါး ဖြစ်နေပြီး ရုပ်ခန္ဓာမှာမူ ပို၍ပင် ဆိုးရွားလှသည်။ နေရာတိုင်းတွင် ဒဏ်ရာများ ပြည့်နှက်နေပြီး ကျိုးပဲ့နေသော အရိုးစများက အရေပြားထဲမှပင် ငေါထွက်နေကြချေပြီ။
အချိန်အတော်ကြာပြီးနောက် သူ၏ ပါးစပ်ထဲသို့ တစ်စုံတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရပြီး လည်ချောင်းမှတစ်ဆင့် ရုပ်ခန္ဓာနှင့်မူလဝိညာဉ်၏ နေရာအနှံ့သို့ စီးဆင်းသွားပြီး သူ၏ ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးနေသည်။
သူ၏ ဒဏ်ရာများ အနည်းငယ် သက်သာလာသည်။ သူ၏ မျက်လုံးထဲသို့ အေးမြသော အရည်တစ်စက် ကျလာပြီး ခဏအကြာတွင် အမြင်အာရုံမှာ တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာသည်။ ရှေ့မှ မြင်ကွင်းမှာ တဖြည်းဖြည်း ကြည်လင်လာ၏။
ချင်မူ လူအရိပ်အချို့ကို ဝိုးတဝါး တွေ့လိုက်ရပြီးနောက် ခဏအကြာတွင် ထိုလူအရိပ်များမှာ ထပ်တူကျသွားသည်။ သာမန်အသွင်အပြင်နှင့် အဘိုးအိုတစ်ဦး ကျောက်ပြားတောအုပ်၏ တံခါးဘောင်နားတွင် ထိုင်နေသည်ကို တွေ့လိုက်ရလေသည််။
ချင်မူ ကုန်းရုန်းထကာ ထိုအဘိုးအိုကို အရိုအသေပေးလိုက်သည်။ "အစ်ကိုကြီး မဟာဥသျှောင်"
သခင်လေးတစ် မဟာဥသျှောင်က လက်ရမ်းပြသည်။ "လင်းရှောင် သေသွားပြီ… ကျစ်ရှောင်ရဲ့ တာအိုနှလုံးသားလည်း ပျက်စီးသွားပြီ… မီလော့နန်းတော်မှာ ဦးဆောင်မယ့်သူ မရှိတော့ဘူး… ညီခုနစ်၊ မင်းရဲ့ ရည်ရွယ်ချက် အောင်မြင်ပါပြီ … နောက်တစ်ဆင့်အနေနဲ့ ကျောက်စိမ်းမြို့တော်ဆီ သွားပြီး တာအိုသိုင်းပညာရှင်တွေနဲ့ ခန်းမသခင်တွေကို ချေမှုန်းတော့မှာလား"
ချင်မူ သူ့ဘေးတွင် ထိုင်ချလိုက်ပြီး ဒူးပေါ် လက်တင်လိုက်သည်။ သူ့မှာ အသက်လုရှူနေရပြီး လက်နှစ်ဖက်မှာလည်း တုန်ယင်နေဆဲပင်။
"အစ်ကိုကြီး၊ သတ္တဝါတွေ ဆိုတာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး သန်မာသလို ကျွန်တော်တို့ ထင်ထားတာထက်လည်း ပိုပြီး နုနယ်တယ်”
ချင်မူက ပြုံးလိုက်ပြီး ခပ်ဟဟ ရယ်၏။ "နှစ်ပေါင်း သုံးကုဋေနဲ့ တစ်၀က်… နှစ်ပေါင်း သုံးကုဋေနဲ့တစ်ဝက်လေးပဲ ရှိသေးတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုဟာ အဆုံးစွန်ထိ ရောက်သွားခဲ့ပြီ… ကျွန်တော်တို့လို ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်တွေက ဘိုးဘေးနန်းတော်မှာ အသေအလဲ တိုက်ခိုက်နေကြတယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ စိုးရိမ်စရာ မရှိတော့ဘူး.. ရှေ့ဆက် တိုးတက်ဖို့ တွန်းအားလည်း မရှိတော့ဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရန်သူ မရှိတော့ဘူး .. ကျွန်တော် တစ်ချိန်က ခိုင်ဧကရာဇ်ချင်ယဲ့ တည်ထောင်ခဲ့တဲ့ ရွှင်ပျော်ပျော်ကျေးရွာကို မုန်းတီးခဲ့ဖူးတယ်… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကျွန်တော်တို့လို တာအိုသိုင်းပညာရှင်တွေကြောင့် ရွှင်ပျော်ပျော်ကျေးရွာထက် ပိုပြီး ကြီးမားတဲ့ ရွှင်ပျော်ပျော်ကျေးရွာ ဖြစ်လာနေပြီ"
သူက အားတင်း၍ ခါးကြောမတ်လိုက်ရာ ကျောရိုးဆစ်များ တဂျွတ်ဂျွတ် မြည်သွားသည်။ "ဒါပေမဲ့ ဒီစကြဝဠာက ဆက်ကြီးထွားနေတုန်းပဲ… ပိုပိုပြီး ကြီးမားကျယ်ပြန့်လာတယ်… ကောင်းကင်ဘုံတွေ တစ်ခုနဲ့ တစ်ခု ဝေးကွာသွားတယ်… ကြယ်တာရာတွေ တစ်ခုနဲ့တစ်ခု ပိုပြီး ဝေးကွာသွားတယ်… ဒါက မဟာပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ကပ်ဘေးပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာလည်း သာယာတဲ့ နေရာလေးမှာ တစတစ သေဆုံးသွားလိမ့်မယ်…. သူတို့ အန္တရာယ်ကို သတိပြုမိတဲ့ အချိန်ကျရင် ဒီစကြဝဠာကြီး ဟင်းလင်းပြင် ဖြစ်သွားတာကို မတားဆီးနိုင်တော့ဘူး…. သူတို့ကို သတိပေးဖို့ ရန်သူတချို့ လိုအပ်တယ်လို့ ကျွန်တော် ခံစားရတယ်…. ဆက်ပြီး ပြုပြင်ပြောင်းလဲနေဖို့ သန်မာအားကောင်းလာဖို့ လိုအပ်တယ်"
မဟာဥသျှောင်သည် သူ့ကို တစ်ချက် ကြည့်ကာ ပြော၏။ "ဒါကြောင့် မင်းက မီလော့နန်းတော်ရဲ့ တာအိုသိုင်းပညာရှင်တွေနဲ့ ခန်းမသခင်တွေကို ချန်ထားခဲ့ပြီး သူတို့ကို ဆက်လက် တိုးတက်နိုင်အောင် လှုံ့ဆော်မယ်ပေါ့”
ချင်မူ၏ မျက်နှာကား တည်ငြိမ်နေသည်။ "ကျွန်တော် အနာဂတ်အတွက် တခြား ဖြစ်နိုင်ခြေတစ်ခုကို ချန်ထားခဲ့ဖို့ လိုအပ်တယ်…. ဆရာ့ရဲ့ ခံယူချက်က မှန်နေနိုင်တာပဲလေ"
သူ၏ အကြည့်များ ဖျော့တော့သွား၏။ "ကျွန်တော် အနန္တအဘိုးအိုကိုလည်း မသတ်ခဲ့ဘူး…. မမကြီးနှစ်ကိုလည်း မသတ်ခဲ့ဘူး…. တကယ်လို့ စကြဝဠာတစ်ခုလုံးဟာ အဆုံးမရှိတဲ့အထိ ကြီးထွားလာရင် သူတို့မှာ ဟင်းလင်းပြင်ဖြစ်သွားမယ့် ဖြစ်နိုင်ခြေကို တားဆီးနိုင်တဲ့ နည်းလမ်း ရှိကောင်းရှိနိုင်တယ်"
မဟာဥသျှောင်က သူ့ကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။ "မင်း ပြန်တော့မလို့လား"
ချင်မူက ခေါင်းညိတ်လိုက်ပြီး ပြုံး၏။ "ကျွန်တော် ပြန်တော့မလို့ပဲ … ဆရာ့ကို သွားတွေ့မယ်… မီလော့နန်းတော်ရဲ့ ခုနစ် ဖြစ်လာမယ်… ကျွန်တော့် သမီးလေးကို သွားရှာမယ်… အတိတ်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်… ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ လုပ်ခဲ့တာထက်တောင် ပိုများနိုင်တယ်… အနာဂတ်မှာ နိဗ္ဗာနဆိတ်ငြိမ်ဟင်းလင်းပြင် အခြေအနေကို ရှောင်နိုင်မယ့် ဖြစ်နိုင်ခြေကို သွားရှာမယ်"
သခင်လေး မဟာဥသျှောင်၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။ "မင်း အတိတ်ပြန်သွားရင် တကယ်ပဲ ကိစ္စတွေ အများကြီးလုပ်လိမ့်မယ်…. မင်း လုပ်တဲ့အရာတွေကို တခြားသူတွေ နားမလည်နိုင်ဘူး… ငါတောင် တစ်ခါမှ နားမလည်ခဲ့ဖူးဘူး…မင်းရဲ့ နာမည်ဂုဏ်သတင်းက ကောင်းမှာလည်း မဟုတ်ဘူး"
"ကျွန်တော် နေသားကျနေပါပြီဗျာ"
ချင်မူက ယိုင်နဲ့နဲ့ ထရပ်လိုက်ရင်း အကြောဆန့်လိုက်သည်။ "သခင်လေးခုနစ် ဖရိုဖရဲကို တစ်ချက်ကြည့်ရုံနဲ့ ထွင်းဖောက် မြင်နိုင်မယ်ဆိုရင် 'ဖရိုဖရဲ' ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါဦးမလား"
သခင်လေး မဟာဥသျှောင်လည်း ထရပ်လိုက်၏။ "ငါက ဆရာ့ကို အတုခိုးတယ်လို့ မင်း ပြောခဲ့တယ်… ငါ ဘယ်လောက်ပဲ ကြိုးစားပါစေ ဆရာ့လို ဖြစ်လာမှာ မဟုတ်ဘူး… ဆရာ့လိုမျိုး ပျက်စီးခြင်းကပ်ဘေးထဲ ၀င်ပြီး တာအိုအဖြစ် ပြောင်းလဲရင်း သေဆုံးသွားရင်တောင်မှ ငါဟာ ကမောက်ကမ ဖြစ်နေဦးမှာပဲ… ဆရာ့လိုမျိုး အနာဂတ်အပေါ် မျှော်လင့်ချက် လုံးဝမမဲ့သေးလို့ ဖြစ်နိုင်တယ် … ဒီမျှော်လင့်ချက်က ဘယ်က လာမှန်း ငါ မသိခဲ့ဘူး…အခုတော့ ငါ သိပြီ… ဒီမျှော်လင့်ချက်အမျှင်လေးက မင်းဆီကနေ လာတာပဲ"
သူ၏ အကြည့်များ မှေးမှိန်နေသည်။ "မင်း အတိတ်ကို ပြန်သွားပြီးတဲ့နောက် ငါ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာဆီ လာပြီး တာအိုအဖြစ် ပြောင်းလဲမယ်… စကြဝဠာဆီက ယူထားတဲ့ ဝိညာဉ်စွမ်းအင်တွေကို စကြဝဠာကို ပြန်ပေးမယ်… ဒါပေမဲ့ ငါ သေသွားမှာ မဟုတ်ဘူး…. ငါ ပြန်လည်မွေးဖွားပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ မင်းကို စောင့်နေမယ်"
ချင်မူ ခေါင်းညိတ်လိုက်သည်။
သခင်လေး မဟာဥသျှောင်သည် ကျောက်ပြားတောအုပ်ကို လှည့်ကြည့်လိုက်ပြီး ပြော၏။ "ထိုက်ယီနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေကို ငါ တာအိုအဖြစ် မပြောင်းလဲခင် ပြန်ပို့လိုက်မယ်… မင်း ဆယ့်ခြောက်စင်းမြောက် စကြဝဠာဆီ ပြန်ရောက်တဲ့အခါ သူတို့ကို တွေ့လိမ့်မယ်"
ချင်မူမှာ ကြောင်သွားသော်လည်း ပြုံးလိုက်သည်။ "ဒါဆိုရင် အစ်ကိုကြီး အနာဂတ်မှာ ပြန်တွေ့ကြတာပေါ့"
သခင်လေး မဟာဥသျှောင်က ပြုံး၏။ "အတိတ်မှာ ပြန်တွေ့ကြတာပေါ့"