ထာဝရရှင်သန်နေမည့် စစ်သည်အိုကြီး
Vol. 142 Ch. 1826
သခင်လေးတစ် မဟာဥသျှောင်သည် ချင်မူ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးနောက် ကျောက်ပြားတောအုပ်ထဲသို့ ဝင်သွား၏။ ကျောက်ပြားတောအုပ်ထဲတွင် ထိုက်ယီက ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ နောက်၌ တာအိုသစ်ပင်နှင့် တာအိုသစ်သီးများ လင်းလက်တောက်ပနေသည်။
မဟာဥသျှောင်က ဦးညွှတ် အရိုအသေပေးလိုက်ရာ ထိုက်ယီလည်း ထရပ်၍ ပြန်လည် အရိုအသေပေးသည်။
"တာအိုမိတ်ဆွေ၊ ကျုပ် ညီခုနစ်နဲ့ ဆွေးနွေးပြီးပါပြီ… တာအိုမိတ်ဆွေနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေကို ဆယ့်ခြောက်စင်းမြောက် စကြဝဠာဆီ ပြန်ပို့ပေးပါမယ်"
မဟာဥသျှောင်က ပြော၏။ "တာအိုမိတ်ဆွေနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေသာ ဒီမှာ ဆက်နေခဲ့ရင် ညီခုနစ်ဆီမှာ မကောင်းတဲ့အတွေးတွေ ဝင်လာမှာ စိုးရိမ်မိတယ်…. သူက ကောင်းကင်ဖွင့်လှစ်သူတွေကို သတ်ဖြတ်ပြီး တာအိုမိတ်ဆွေကိုလည်း လူဝင်စားခိုင်းလိမ့်မယ်… ကောင်းကင်ဖွင့်လှစ်သူတွေဟာ မကောင်းမှုတွေ များစွာ ကျူးလွန်ခဲ့ပေမယ့် အနာဂတ်ကို ကယ်တင်ပေးနိုင်မယ့် ဖြစ်နိုင်ခြေတစ်ခုလည်း ဖြစ်နေတယ်… ဒါပေမဲ့ ကောင်းကင်ဖွင့်လှစ်သူတွေရဲ့ အန္တရာယ်က ကြီးမားလွန်းတော့ သူ သူတို့ကို လွှတ်ပေးမယ် မထင်ဘူး"
ထိုက်ယီလည်း တုံ့ပြန်သည်။ "သခင်လေးတစ်ဟာ အတိတ်တုန်းက မီလော့နန်းတော်အရှင်သခင် တျန်းတုကို သတ်ဖြတ်ခဲ့တဲ့ကိစ္စအပေါ် စိတ်ထဲမှာ အပြစ်ရှိသလို ခံစားနေရတာပဲ…. ဒါကြောင့် ကျုပ်နဲ့ ကောင်းကင်ဖွင့်လှစ်သူတွေကို လျော်ကြေးပေးချင်တာလား"
သခင်လေးတစ် မဟာဥသျှောင်က ခေါင်းခါရမ်း၏။ "အဲဒီတုန်းက ဆရာ တျန်းတုကို မသတ်ခဲ့ရင်တောင် ကောင်းကင်ဖွင့်လှစ်သူတွေဟာ ကောင်းကင်ဖွင့်လှစ်သူတွေအဖြစ် ပြောင်းလဲသွားဦးမှာပဲ… ဒီအကြောင်းကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး… တျန်းတုကောင်းကင်ဖွင့်လှစ်သူတွေက ကောင်းကင်နဲ့ မြေကြီး ဖွင့်လှစ်နိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားတယ်…. အထိန်းအကွပ်မရှိဘဲ ဒီစွမ်းအားကို အလွဲသုံးစား လုပ်ခဲ့တယ်… နှိုင်းယှဉ်ကြည့်ရင် မီလော့နန်းတော်ကတော့ ပိုပြီး စနစ်ကျတဲ့အတွက် အန္တရာယ် ပိုနည်းတယ်"
"သောက်ရေးမပါတာ" ကျောက်ပြားများထဲမှ ကောင်းကင်ဖွင့်လှစ်သူတို့၏ မျက်နှာများ တိုးထွက်လာသည်။
သခင်လေးတစ် မဟာဥသျှောင်၏ စကားက မိုက်ရိုင်းသည်ဟု ဆိုကာ ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းနေကြ၏။
ထိုကောင်းကင်ဖွင့်လှစ်သူများက မီလော့နန်းတော်သည် အင်အားအသာစီးရသည်ကို အခွင့်ကောင်းယူကာ အနိုင်ကျင့်သည်ဟု စွပ်စွဲကြသည်။ တျန်းတုအား ကြီးထွားရန် အချိန်ပေးခဲ့မည်ဆိုလျှင် မီလော့နန်းတော်အရှင်သခင် ဆယ်ယောက် ရှိလျှင်တောင်မှ တျန်းတုအရှင်သခင်၏ လက်ဖြင့် သေဆုံးသွားမည်ဖြစ်ပြီး မီလော့နန်းတော် ဆယ်ခုလုံး ရှင်းလင်းဖယ်ရှားခံရမည် ဖြစ်ကြောင်း ကြိမ်းဝါးနေကြလေသည်။
မီလော့နန်းတော်အရှင်သခင်သည် သူတို့၏အစွမ်းအစအား မနာလိုဖြစ်နေသဖြင့် သူတို့ မကြီးထွားလာခင် တျန်းတုအရှင်သခင်အား ချေမှုန်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း စွပ်စွဲနေသည်။
ကောင်းကင်ဖွင့်လှစ်သူများက မီလော့နန်းတော်အရှင်သခင်တွင် အခြားသူများအပေါ် သည်းခံငဲ့ညာစိတ်မရှိဟု ကဲ့ရဲ့ကြ၏။ သူတို့သာ ဆိုပါက စကြဝဠာ၏ ပျက်စီးခြင်းနှင့် မွေးဖွားခြင်းကို စောစောစီးစီး ဖြေရှင်းပြီး ပြီးပြည့်စုံသော လောကတစ်ခုကို ဖန်တီးနိုင်ခဲ့မည် ဆိုသည်။
သူတို့က မီလော့နန်းတော်အရှင်သခင်အား အသုံးမကျသည့်အတွက် ထပ်မံ လှောင်ပြောင်ကြသည်။ မအောင်မြင်သော ရည်မှန်းချက်အတွက် သူ့ကိုယ်သူ ပင်ပန်းစေကာ တာအိုနှလုံးသားအား သေဆုံးစေခဲ့သူဟု ရယ်သွမ်းသွေးကြသည်။ သူကား သေသင့်သည်ဟု ဆိုကြသည်။
သခင်လေးတစ် မဟာဥသျှောင်က ဂရုမစိုက်ပေ။
ထိုက်ယီ မျက်မှောင်ကြုတ်လိုက်၏။ ဤကောင်းကင်ဖွင့်လှစ်သူများကို မည်သို့မှ မထိန်းနိုင်ပေ။ "တာအိုမိတ်ဆွေက ကျုပ်တို့ကို ဆယ့်ခြောက်စင်းမြောက် စကြဝဠာဆီ ဘယ်လို ပြန်ပို့မှာလဲ"
"ကျုပ် တာအိုအဖြစ် ပြောင်းလဲပြီး ခန္ဓာကိုယ်ထဲက အစွမ်းတွေကို စကြဝဠာဆီ ပြန်ပေးတော့မှာပါ"
မဟာဥသျှောင် ထိုသို့ပြောသည်နှင့် ကောင်းကင်ဖွင့်လှစ်သူများက ထပ်မံ လှောင်ရယ်ကြပြန်သည်။ သူတို့က တစ်ယောက်ပြီးတစ်ယောက် ပြောကြ၏။ "သခင်လေးတစ် မဟာဥသျှောင်၊ ဒီမြေခွေးအိုကြီးလည်း မီလော့နန်းတော်အရှင်သခင် အဘိုးကြီးလိုပဲ တာအိုနှလုံးသား သေဆုံးတော့မှာပဲ"
မဟာဥသျှောင်က ဆက်ပြော၏။ "ကျုပ်ရဲ့ တာအိုသစ်ပင်က ဆက်ထားလို့ အသုံးမဝင်တော့ဘူး… ဒါကြောင့် ခင်ဗျးရဲ့ ပုဆိန်ကို ငှားပြီး ကျုပ် တာအိုသစ်ပင်ကို ခုတ်မယ်... သင်္ဘောတစ်စင်း ဆောက်ပြီး ခင်ဗျားတို့ကို ဆယ့်ခြောက်စင်းမြောက် စကြဝဠာခေတ်ဆီ ပို့ဆောင်ပေးဖို့ စီစဉ်ထားတယ်"
ကောင်းကင်ဖွင့်လှစ်သူများကား ကျောက်ပြားများထဲတွင် ဟားတိုက်ရယ်မောနေကြဆဲပင််။ "မဟာဥသျှောင် အဘိုးကြီး၊ မင်းရဲ့ တာအိုသစ်ပင်က ငါတို့ကို အကျိုးရှိသွားစေမှာ မဟုတ်ဘူးလား… အရည်အချင်း ရှိရင် မင်းရဲ့ တာအိုသစ်သီးတွေကိုပါ ချန်ထားခဲ့လေ"
"မင်းရဲ့ စွမ်းဆောင်ရည်လေးနဲ့ ငါတို့ကို ချုပ်ထားနိုင်မယ် ထင်နေတာလား… ငါတို့ မင်းရဲ့ တာအိုသင်္ဘောပေါ်ကနေ လွတ်မြောက်တာနဲ့ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာဆီ သတ်ဖြတ်ဝင်ရောက်လာပြီး မင်းရဲ့ သေနေတဲ့ ဦးနှောက်ကို ကုစားပေးမယ်"
မဟာဥသျှောင်ကမူ ပြောစရာရှိသည်ကို ဆက်ပြောသည်။ "ကျုပ် တာအိုသင်္ဘော တည်ဆောက်ပြီး ခင်ဗျားတို့ကို ဆယ့်ခြောက်စင်းမြောက် စကြဝဠာဆီ ပို့ပေးပါ့မယ်… ဒါပေမဲ့ ဒီမတိုင်ခင်မှာ ညီခုနစ်က အတိတ်အရင် ပြန်ပြီး သခင်လေးခုနစ် ဖြစ်သွားမှ ရမယ် … မဟုတ်ရင် ကျုပ် ခင်ဗျားတို့ကို ပြန်ပို့ဖို့ စိတ်မချဘူး"
ထိုက်ယီက ဆိုသည်။ "သူ ကတိမတည်ဘဲ ခင်ဗျား ပြန်လည်မွေးဖွားတဲ့အချိန် နောက်ပြန်လှည့်လာပြီး ကောင်းကင်ဖွင့်လှစ်သူတွေကို သတ်ပစ်မှာ စိုးရိမ်တာလား"
မဟာဥသျှောင်က ဖြေ၏။ "ညီခုနစ်ဟာ အတိတ်စကြဝဠာဆယ့်ခြောက်ခုမှာ လူတွေအများကြီးကို လှည့်ဖြားပြီး သတ်ဖြတ်ခဲ့ဖူးတယ်… သူ့ရဲ့ လုပ်ပုံကိုင်ပုံကို စိတ်ချထားလို့မရဘူး… သူ အတိတ်ပြန်သွားတာကိုလည်း ကျုပ်ကိုယ်တိုင် မြင်ရမှ စိတ်ချနိုင်မယ်"
ထိုက်ယီကလည်းခေါင်းညိတ်သည်။ "ကျုပ်လည်း တူတူပဲ"
သူတို့နှစ်ယောက် ထိုင်ချလိုက်ပြီး တိတ်ဆိတ်စွာ စောင့်နေကြသည်။
ချင်မူ ခြေဦးတည့်ရာ လျှောက်သွားနေသည်။ ပထမဆုံး ဘိုးဘေးနန်းတော်၏ မူလနေရာသို့ သွားခဲ့သည်။ ထိုနေရာမှာ တာအိုသိုင်းပညာရှင်များ၏ စစ်မြေပြင် ဖြစ်နေလေပြီ။ ဘိုးဘေးနန်းတော် ဒယ်အိုးကြီးမှာ သခင်လေးတို့၏ ထူးခြားသော ရတနာများကြောင့် နေရာအနှံ့ ပေါက်ပြဲနေခဲ့ပြီး သခင်လေးတို့၏ ထူးခြားသော ရတနာများလည်း ပျက်စီးသွားခဲ့သည်။ သခင်လေးတစ် မဟာဥသျှောင်၏ ထုံထျန်းရေတွင်းသာ ကျန်ရစ်တော့သည်။
မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များမှာ တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲရင်း ထုံထျန်းရေတွင်းကို ကာကွယ်ထားသဖြင့် လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများမှာ မထိုးဖောက်နိုင်ဖြစ်နေသည်။
ချင်မူက စစ်မြေပြင်ကို အဝေးမှ လှမ်းကြည့်လိုက်ပြီးနောက် မြောလွင့်ထွက်ခွာသွားသည်။ သူက ကြယ်တာရာကောင်းကင်တွင် လျှောက်သွားရင်း ၀င်ရိုးစွန်းလေးခုသို့ ရောက်လာ၏။ စကြဝဠာ၏ ၀င်ရိုးစွန်းလေးခုမှာ ယခုအခါ ပိုမို ကျယ်ပြန့်လာသည့်အလျောက် မျိုးနွယ်စုပေါင်းများစွာ အခြေချ နေထိုင်နေကြချေပြီ။ လက်ရှိ၀င်ရိုးစွန်းလေးခုသည် သူ့အတွက် စိမ်းသက်နေသည်ဟုပင် အတွေးဝင်လာသည်။
သူ တောင်ဝင်ရိုးစွန်းမှ တောင်ကောင်းကင်သို့ ရောက်လာသည့်အချိန်တွင် ဤနေရာရှိ ကောင်းကင်ဘုံများမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာငယ်လေးများသဖွယ် တိုးတက်နေသည်ကို တွေ့လိုက်ရသည်။ အရာအားလုံးမှာ စနစ်တကျ လည်ပတ်နေပြီး နတ်ဘုရားများက အာဏာရယူထား၏။ ထိုအာဏာဖြင့် သေမျိုးလူသားများကို အလုပ်အကျွေး ပြုကြသည်။ သေမျိုးလူသားတို့၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်နေပြီး နတ်ဘုရားများကို အမျိုးမျိုးသော အရင်းအမြစ်များဖြင့် အပြန်အလှန် ထောက်ပံ့ပေးကြ၏။
ချင်မူ ကောင်းကင်ဘုံတစ်ခုပြီးတစ်ခုအား ဖြတ်သန်းသွားသည်။ သူ့ကို မှတ်မိသူ များများစားစား မရှိတော့ချေ။
နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်ကြာသော သမိုင်းကြောင်းသည် အရာအားလုံးကို အလွန်တရာ စိမ်းသက်သွားစေခဲ့၏။
ချင်မူမှာ အတိတ်က စစ်မြေပြင်အပျက်အစီးများဆီသို့ သွား၍ အပျက်အစီးများအကြား ရပ်လျက် အတိတ်သမိုင်းကြောင်းတွင် ကျဆုံးသွားသော သူရဲကောင်း၀ိညာဉ်များကို အမှတ်ရ လွမ်းဆွတ်တမ်းတမိသည်။ ရန်သူများ၏ သင်္ချိုင်းဂူများကိုပင် ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ရပေ။
အချိန်ကား အလွန် ကြာမြင့်သွားခဲ့ချေပြီ။ လောကသားများကား သူ့ကို မေ့လျော့သွားကြပြီ ဖြစ်၏။ အနာဂတ်အတွက် တိုက်ပွဲဝင်ခဲ့ကြသူများကိုလည်း မေ့လျော့သွားကြလေပြီ။
မျိုးဆက်သစ်တို့သည် အတိတ်မှလူများ အဘယ်ကြောင့် တိုက်ပွဲဝင်ကာ သေဆုံးခဲ့ကြသည်ကို နားလည်နိုင်မည် မဟုတ်သလို၊ ကပ်ဘေးငါးခုခေတ်တွင် အသက်ကို ပဓာနမထားဘဲ သွေးမြေကျခဲ့ကြသော လူများကိုလည်း နားလည်နိုင်မည် မဟုတ်ပေ။
အမှန်တွင် သူတို့သည် ကပ်ဘေးငါးခုခေတ်၏ သမိုင်းကို လေ့လာရန်ပင် စိတ်မ၀င်စားကြချေ။
နဂါးဟန်၊ ချိမင်၊ ချုံဧကရာဇ်၊ ခိုင်ဧကရာဇ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြိုးပမ်းခဲ့မှုများမှာ ဤသို့ပင် ဖုန်တက်နေချေပြီ။ ဖုန်သုတ်၍ ဝါကျင့်နေသော စာမျက်နှာများကို ဖတ်ရှုမည့်သူများ ရှားပါးလှသည်။
ချင်မူက ဝမ်းနည်းတမ်းတစွာဖြင့် နောက်ဆုံးတွင် ကမ္ဘာဦးဘုံသို့ ရောက်လာသည်။
ကမ္ဘာဦးဘုံမှာ သူ ထွက်ခွာသွားစဉ်ကထက် ပိုမို ကြီးမားကျယ်ပြန့်၍ လူဦးရေထူထပ်လာခဲ့သည်။ ဘိုးဘေးနန်းတော်သည် လက်နက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သဖြင့် ကမ္ဘာဦးဘုံက ဘိုးဘေးနန်းတော်ကို အစားထိုးကာ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကအားလုံး၏ အလယ်ဗဟို ဖြစ်လာခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်ဘုံကိုလည်း ဤနေရာတွင် တည်ထောင်ထား၏။ ကုန်းစွန်းယန်၏ ပင်မခန္ဓာကိုယ် ကမ္ဘာဦးသစ်ပင်မှာလည်း စိမ်းလန်းစိုပြည်နေသည်။ သူ့ကို သစ်ပင်ထင်ကာ ရေလောင်းချင်ခဲ့သော ကောင်မလေးကား ယခုအခါ ကမ္ဘာဦးဘုံ၏ သင်္ကေတ ဖြစ်လာခဲ့လေသည်။
ချင်မူမှာ သေမျိုးလူသားတစ်ယောက်သဖွယ် ကမ္ဘာဦးဘုံ၏ မြို့များအထဲ လျှောက်သွားရင်း ပြည်သူတို့၏ ဘ၀များကို လေ့လာနေထိုင်ကြည့်သည်။
ကမ္ဘာဦးဘုံကား လုံးဝ စိမ်းသက်သွားခဲ့ချေပြီ။ လောက၏ စီးပွားရေးမှာ သူ ထွက်ခွာသွားစဉ်ကနှင့် လုံးလုံးလျားလျား မတူညီတော့ပေ။ ယဉ်ကျေးမှုဓလေ့ထုံးစံများမှာလည်း သူ့အတွက် စိမ်းနေပြီး အံဝင်ခွင်ကျ မဖြစ်တော့သည်အထိပင်။ နတ်ဘုရားမြို့များ၏ ဗိသုကာလက်ရာများကလည်း သီးခြားကမ္ဘာတစ်စင်းဆီသို့ ရောက်သွားသလို ခံစားနေရစေသည်။
လူတို့၏ အဝတ်အစား၊ အစားအသောက်၊ ဘာသာစကား၊ သင်္ကေတများပင်လျှင် ယခင်ကနှင့် မတူညီတော့ပေ။
ချင်မူသည် ရှေးဟောင်းသင်္ချိုင်းဂူထဲမှ တူးဖော်ခံလိုက်ရသော ရှေးဟောင်းပစ္စည်းတစ်ခုသဖွယ် ဤလောကနှင့် လုံးဝ မအပ်စပ်တော့ချေ။
ချင်မူ ထိတ်လန့်လာသလို တွေဝေသွားမိသည်။ သူ အကောင်အထည် ဖော်ခဲ့သော ခံယူချက်များ ရှိနေသေးသလားဟု ကြည့်ချင်လာမိသည်။ နတ်ဘုရားများသည် လူတို့အတွက် အလုပ်အကျွေး ပြုနေသလို တန်ခိုးရှင်လမ်းစဉ်မှာလည်း ပြည်သူများ၏ နိစ္စဝူဝအလုပ်များသာ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ခံယူချက်များ ရှိနေသေးသည်။ သို့သော် သူ့ကို တွေဝေသွားစေသည်မှာ နတ်ဘုရား ဖြစ်စေ၊ လူဖြစ်စေ၊ ဤအရာအားလုံးနှင့် နေသားကျနေခြင်းပင်။
သူတို့သည် ယခုလို အေးဆေးနေသည့် သာမန်အခြေအနေ၏ အဓိပ္ပာယ်ကို နားမလည်ကြသလို၊ ယခုလိုဖြစ်လာအောင် သွေးချောင်းစီးတိုက်ပွဲများ မည်မျှဆင်နွှဲခဲ့ရသည်၊ အသက်များ ပေးဆပ်ခဲ့ရသည်ကိုလည်း မသိကြပေ။
နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက် တည်တန့်နေသော ငြိမ်းချမ်းရေး နှင့် နှိုင်းယှဉ်လျှင် နှစ်တစ်သန်းကြာ သမိုင်းမှာ အလွန် တိုတောင်းလှသည် မဟုတ်ပါလော။
နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်ထဲမှ နှစ်တစ်သန်းစာသမိုင်းကြောင်းမှာ ထူထဲသော သမိုင်းစာအုပ်ကြီးထဲမှ စာမျက်နှာ တစ်မျက်နှာသာ ဖြစ်နိုင်သည်။ ဤစာမျက်နှာထဲတွင် နဂါးဟန်ခေတ်မှ ကောင်းကင်နတ်အရှင်ခုနစ်ပါး၊ ချိဧကရာဇ်နှင့် မင်ဧကရာဇ်တို့ကို ထည့်သွင်းနိုင်မည် မဟုတ်သလို၊ ချုံဧကရာဇ်ခေတ်ကို ထောက်ပံ့ပေးခဲ့သော ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်လင်တို့အတွက်လည်း နေရာ မရှိချေ။ လူ့အသက်သည် ကောင်းကင်ထက် ကြီးမြတ်သည်ဟု မားမားမတ်မတ် ရပ်တည်ကာ ဟစ်ကြွေးခဲ့သော ချုံဧကရာဇ်ဆယ်ပါးကျော်ကိုလည်း ထည့်သွင်းမရေးသားနိုင်ပေ။
စာအုပ်ထဲတွင် ရွှင်ပျော်ပျော်ကျေးရွာ၊ ခိုင်ဧကရာဇ်၊ နတ်မင်းလေးပါး၊ ကောင်းကင်ဆရာသခင်လေးပါး၊ အဆုံးသတ်မြို့ပျက်နှင့် ပထမလူသားဧကရာဇ်တို့ကိုလည်း ထည့်သွင်းနိုင်မည် မဟုတ်။
သမိုင်းစာအုပ်ထဲမှ ချင်မူမှာလည်း စာပိုဒ်တို တစ်ပိုဒ်မျှသာ ဖြစ်နိုင်ပြီး သူ မေ့မရနိုင်သော စစ်ပွဲများနှင့် မျက်နှာများအား ရေးသားမှတ်တမ်းတင်ထားမည်မဟုတ်။
လောက၏ သမိုင်းစာအုပ်များသည် ထိုအရာများကို မမှတ်မိနိုင်ကြပေ။
သမိုင်းကြောင်း၏ မြှုပ်နှံခြင်း ခံလိုက်ရသော သူရဲကောင်းများမှာ ပင်လယ်ထဲမှ ရေစက်များ၊ သဲကန္တာရထဲမှ သဲပွင့်များအလားပင်။ မည်သူမှ မမှတ်မိကြတော့ချေ။
သမိုင်းထဲမှ သူရဲကောင်း ပြန်လည် ရောက်ရှိလာလျှင်တောင်မှ မှတ်မိကြမည် မဟုတ်။
သူ အချိန်အတော်ကြာ လျှောက်သွားနေရင်း နတ်ဘုရားမြို့ တစ်မြို့ပြီးတစ်မြို့ကို ဖြတ်ကျော်လာခဲ့သည်။ စစ်မြေပြင်အပျက်အစီးအချို့မှာ အချိန်၏ တိုက်စားမှုကြောင့် နတ်ဘုရားမြို့များ၊ မြင့်မားသော အဆောက်အအုံများအဖြစ် ပြောင်းလဲသွားချေပြီ။ အချို့မှာမူ လုံးဝ ပျက်စီးသွားသောကြောင့် မည်သူမှ အမှတ်တရ မရှိတော့ပေ။ သူ ဖြတ်သန်းသွားသည့်အခါမှသာ အရိုအသေပေးမိ၏။
"ကောင်းကင်နတ်အရှင်မူ၊ မင်းလား"
ချင်မူ လန်ဖုန်းတောင်ကြားဒေသတွင် လွမ်းဆွတ်တမ်းတနေစဉ် အသက်ကြီးကြီး အသံတစ်သံ ကြားလိုက်ရသည်။ သူ အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ကျားနက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူ့မှာ အတန်ကြာ မှင်သက်သွားသော်လည်း ပြုံးလိုက်ပြီး ပြေးဝင်လာသော ကျားနက်ကြီးကို ကြိုဆိုလိုက်သည်။
ကျားနက်နတ်မင်း၊ သူ၏ အစ်ကိုကြီးပင်။
ကျားနက်နတ်မင်းသည် ပြေးလာနေရင်း မျက်နှာအနှံ့ မုတ်ဆိတ်ဖြူများ ဖုံးနေသော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွား၏။ သူ့ကို ပွေ့ဖက်လိုက်ပြီး ငိုလိုက်ရယ်လိုက် ဖြစ်နေသည်။ ရုတ်တရက် သူက ကျယ်လောင်စွာ အော်ခေါ်လိုက်လေသည်။ "သခင်ကြီး၊ သခင်ကြီးရဲ့ ဒုတိယတပည့် ပြန်လာပြီဗျို့"
လန်ဖုန်းတောင်ကြားဒေသ၏ တောအုပ်ထဲတွင် သက်ကယ်တဲငယ်အနည်းငယ် ရှိနေသည်။ တန်ခိုးရှင်သစ်ခုတ်သမားက တဲတံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။ ယခင်ကအတိုင်း သစ်ခုတ်သမားသဖွယ် ဝတ်စားဆင်ယင်ထားပြီး လောကနှင့်အတူ ပြောင်းလဲသွားခြင်း မရှိပေ။
သူလည်း ရှေးဟောင်းပစ္စည်းတစ်ခုအလားပင်။ မပြောင်းလဲဘဲ ရှေးကျန်လွန်းသဖြင့် ခေတ်၏ စွန့်ပစ်ခြင်းကို ခံထားရသူ တစ်ဦးသဖွယ် ဖြစ်နေသည်။
သူ၏ ရုပ်ရည်မှာ ယခင်ကအတိုင်း ဖြစ်သော်လည်း ရင့်ထော်နေသော ဒုဓလီပန်းတစ်ပွင့်အလား ဆံပင်များက ပါးလျနေချေပြီ။
ချင်မူက ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးသွားပြီး ဟန်လုပ်၍ တည်တည်ကြီးနေ,နေသော တန်ခိုးရှင်သစ်ခုတ်သမားကို တင်းကြပ်စွာ ဖက်လိုက်မိသည်။
သစ်ခုတ်သမားသည် ရုန်းသော်လည်း ရုန်းမထွက်နိုင်ပေ။ ထို့ကြောင့် သံချေးတက်နေသော ပုဆိန်ကို ဆွဲကာ သူ့ကို လွှတ်ပေးရန် ခြိမ်းခြောက်ရင်း ခုတ်ပစ်မည် တကဲကဲ လုပ်နေသည်။ သို့သော် ကျားနက်နတ်မင်း တိတ်တဆိတ် ခြေသည်းထုတ်၍ ပုဆိန်အပေါ် ဖိထားလိုက်သည်။
ချင်မူ နောက်ဆုံးတွင် သူ့ကို လွှတ်ပေးလိုက်သည်။
သူတို့နှစ်ယောက် ကျောက်စားပွဲရှေ့တွင် ထိုင်ချလိုက်၏။ တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်နှာက ဆူပုပ်နေပြီး ကျားနက်နတ်မင်မှာမူ ခပ်သွက်သွက် လျှောက်လိုက် သွားလိုက်၊ ရေနွေးကြိုလိုက်၊ ဟင်းချက်လိုက်၊ ထမင်းချက်လိုက်ဖြင့် အလုပ်များနေသည်။ သူက အလွန်တရာ လှုပ်ရှားတက်ကြွနေလေသည်။
အချိန်အတော်ကြာပြီးနောက် တန်ခိုးရှင်သစ်ခုတ်သမားက အေးစက်စွာ ပြောသည်။ “ပြန်လာပြီပေါ့”
"ဟုတ်ကဲ့… ပြန်လာပါပြီဗျာ" ချင်မူက ပြုံးလျက် ဖြေသည်။
"ဘယ်တော့ ပြန်သွားမှာလဲ" တန်ခိုးရှင်သစ်ခုတ်သမားက ရေနွေးကြမ်းခွက်အား ကောက်ကိုင်လိုက်ပြီး အေးစက်စွာ မေးသည်။
"ချက်ချင်းပါပဲ" ချင်မူ ဖြေ၏။
ရေနွေးကြမ်းခွက်ကိုင်ထားသော တန်ခိုးရှင်သစ်ခုတ်သမားလက်သည် တုန်ယင်သွားသဖြင့် ခွက်ထဲမှ ရေနွေးကြမ်းတို့ ယိုဖိတ်သွားမတတ် ဖြစ်သွားသည်။ သူက ဂရုမစိုက်ဟန်ဖြင့် မေး၏။ "ခုလေးတင် ပြန်ရောက်တာ ချက်ချင်း သွားတော့မလို့လား"
ချင်မူ မဖြေပေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဤနေရာအား နှစ်ပေါင်း သုံးကုဋေနှင့်တစ်၀က် မတိုင်မီက ဗိသုကာလက်ရာအတိုင်း ထိန်းသိမ်းထားဆဲ ဖြစ်သည်ကို သတိထားမိကာ ခေါင်းခါလိုက်သည်။ "ဆရာ ဘာလို့ ဒီမှာ နေနေတာလဲ… ဆရာက ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် အကျိုးအများကြီး သယ်ပိုးခဲ့တာပဲလေ… ကောင်းကင်နတ်ဘုံဆီ သွားရင် ပိုမကောင်းဘူးလား.. ပြီးတော့ အဲဒီမှာ မိတ်ဆွေဟောင်းတွေလည်း ရှိနေတာကို… စည်ကားနေမှာပဲဟာ … ဘာလို့ ဒီလောက် ဆင်းဆင်းရဲရဲ နေနေရတာလဲ"
တန်ခိုးရှင်သစ်ခုတ်သမားက ရေနွေးကြမ်းသောက်ရင်း မှင်သေသေ ပြော၏။ "အမြင့်မြတ်ဆုံး တန်ခိုးရှင်မှာ နာမည်ဂုဏ်ဝါ မရှိဘူး… ငါ့အဆင့်ကို မင်း နားမလည်ဘူး"
ချင်မူ ဟားတိုက် ရယ်မောလိုက်မိသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏ ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားစီရင်ရာစင်မြင့်အရှေ့တွင် ရပ်တန့်နေဆဲ ဖြစ်ကာ စင်မြင့်အပေါ် မတက်လှမ်းနိုင်သေးချေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုတွင် ကမ္ဘာခေတ်နှောင်းတာအိုများ မရေမတွက်နိုင်အောင် ဖန်တီးနိုင်ခဲ့သဖြင့် အရည်အချင်းရှိသော ပုဂ္ဂိုလ်များစွာက ထိုတာအိုများကို တာအိုရရှိသည့် အဆင့်အထိ လျှောက်လှမ်းကာ သက်သေပြနိုင်ခဲ့ကြသည်။
တန်ခိုးရှင်သစ်ခုတ်သမားသာ သင်ယူချင်ပါက သူ၏ ကမ္ဘာခေတ်နှောင်းတာအို သုံးရာခြောက်ဆယ်ကို ပြီးပြည့်စုံစေနိုင်ပြီး မဟာတာအိုတိုင်းကို အထွတ်အထိပ်အဆင့်အထိ ကျင့်ကြံနိုင်ပေလိမ့်မည်။
သို့သော် သူ မသင်ယူခဲ့ပေ။
"ငါ အဲဒီနေရာတွေဆီ မသွားချင်ဘူး… သိပ်စည်ကားပြီး ဆူညံလွန်းတယ်"
တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို မျက်စောင်းထိုးကြည့်၏။ “ငါ့ရဲ့ အစွမ်းက မမြင့်ဘူးလေ… အဲဒီကို သွားပြီး ဘုရားကျောင်းထဲက နတ်ရုပ်တုလိုမျိုး ပူဇော်ခံနေရတာ ဘာ အသုံးဝင်မှာလဲ… ငါက အသက်ရှင်နေတဲ့ လူ… သစ်သားနဲ့ ရွှံ့စေးနဲ့ လုပ်ထားတဲ့ နတ်ရုပ်တုမှ မဟုတ်တာ… အဲဒီမှာ နေရတာထက် ဒီမှာ တသီးတသန့် နေရတာက ပိုကောင်းတယ်"
ချင်မူ သူ၏ ဒုဓလီပန်းကဲ့သို့ ဦးခေါင်းကို လှမ်း၍ ပွတ်သပ်ချင်မိသော်လည်း တန်ခိုးရှင်သစ်ခုတ်သမားက မျက်စောင်းထိုးလိုက်သဖြင့် အလျင်အမြန် လက်ပြန်ရုတ်လိုက်သည်။
"ငါ့တပည့် သုံးယောက်ထဲမှာ အကြီးကောင်က လွဲရင် ကျန်တဲ့သူတွေက ငါ့ထက် ပိုတော်ကြတယ်"
ကျားနက်နတ်မင်းက ဦးထုပ်တစ်လုံး ယူလာပေးသည်။ ဦးထုပ်သည် ခေတ်သစ်ပုံစံ ဖြစ်၏။ တန်ခိုးရှင်သစ်ခုတ်သမားမှာ မူလက ဦးထုပ် မဆောင်းချင်သော်လည်း ချင်မူ သူ၏ခေါင်းကို လာပွတ်မည် စိုးသောကြောင့် ဆောင်းထားလိုက်ရသည်။ "အခုခေတ် လူတွေက ငါတို့ အတိတ်တုန်းကထက် ပိုပြီး အတွေးအခေါ် နက်နဲကြတယ်… ဒါပေမဲ့ စိုးရိမ်ပူပန်တတ်တဲ့ စိတ် မရှိကြဘူး… သူတို့နဲ့ အတူတူ နေရတာ ငါ စိတ်မသက်မသာ ဖြစ်တယ်… သူတို့က ငါ့ကို ပစိပစပ် များတယ်တဲ့… မလိုအပ်တာကို တွေးပူပြီး ဖြစ်မလာနိုင်တဲ့ အန္တရာယ်ကို အမြဲ စိုးရိမ်နေတယ် ပြောကြတယ်… ငါ အဲဒီလူငယ်တွေနဲ့ လုံးဝ အတူမနေနိုင်ဘူး"
ချင်မူက ပြုံးလျက် ခေတ်သစ်လူငယ်များ၏ မကောင်းကြောင်းအား တတွတ်တွတ် ပြောနေသည်ကို နားထောင်ရင်း စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားမိသည်။ "ဆရာ့ရဲ့ စိတ်ဓာတ်က တကယ်ကို အိုသွားပြီ ဖြစ်မယ်..."
တန်ခိုးရှင်သစ်ခုတ်သမား နားပူမတတ် ပြောပြီးနောက် ကျောက်စားပွဲပေါ်မှ ထမင်းဟင်းများလည်း ကုန်လုနီးပါး ဖြစ်သွားသည်။ သူတို့က ပန်းကန်နှင့် တူများ ချလိုက်ပြီး တန်ခိုးရှင်သစ်ခုတ်သမားက ရုတ်တရက် မေးသည်။ "မင်း ဒီတစ်ခေါက် သွားတာ ဘယ်လောက် ကြာမှာလဲ"
ချင်မူက ခပ်ပြုံးပြုံးပင်။ "မသိဘူး… ချက်ချင်း ပြန်ရောက်လာနိုင်သလို … ဒီစကြဝဠာကြီး နိဗ္ဗာနဟင်းလင်းပြင် ဖြစ်သွားတဲ့အထိ ပြန်မလာနိုင်တာလည်း ဖြစ်နိုင်တယ်… ဒါမှမဟုတ် ဒီတစ်ခေါက် သွားတာက ဘယ်တော့မှ ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်တယ်"
တန်ခိုးရှင်သစ်ခုတ်သမား တိတ်ဆိတ်သွားသည်။
ချင်မူက စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်လိုက်၏။ "ဆရာ့ရဲ့ စိုးရိမ်ပူပန်တတ်တဲ့ စိတ်က အသုံးဝင်လာမှာပါ… ရွှင်ပျော်ပျော်ကျေးရွာက ရေသေလိုပဲ… မကြာခင်မှာ တဖြည်းဖြည်း သေဆုံးသွားပြီး အန္တရာယ်အသစ်တွေ ပေါ်လာလိမ့်မယ်… အဲဒီအချိန်ကျရင် ဆရာ ထွက်လာပြီး ရည်မှန်းချက်တွေကို အကောင်အထည် ဖော်သင့်တယ်… စစ်သည်တော်အိုတွေက မသေဆုံးသွားပါဘူး… သူတို့က ငြိမ်းချမ်းနေတဲ့ အချိန်မှာ ပုဆိန်နဲ့ လက်နက်တွေကို သံချေးတက်အောင် သိမ်းထားကြတာ…. လူတွေက သူတို့ကို ယာယီ မေ့လျော့သွားလိမ့်မယ်…. ဒါပေမဲ့ စစ်ပွဲ ပြန်ဖြစ်လာတဲ့အခါ သူတို့ကို ပြန်သတိရကြလိမ့်မယ်…. သူတို့ကလည်း သူတို့ရဲ့ ပုဆိန်နဲ့ လက်နက်တွေကို ပြန်သွေးပြီး စစ်မြေပြင်ကို နောက်တစ်ခေါက် ပြန်သွားကြလိမ့်မယ်"
သူ ထရပ်လိုက်သည်။ "ဆရာ၊ ပုဆိန်ကို သုံးနိုင်မယ့်နေရာ ရှိလာပါလိမ့်မယ်"
တန်ခိုးရှင်သစ်ခုတ်သမားက ထရပ်လိုက်ပြီး သူ့ကို ကြည့်နေသည်။ "ဘယ်တော့ ပြန်လာမှာလဲ"
ချင်မူ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ "ဆရာ ဖရိုဖရဲနေရာဟင်းလင်းပြင်ကို မှတ်မိသေးလား"
တန်ခိုးရှင်သစ်ခုတ်သမားက ခဏ စဉ်းစားပြီး ပြန်မေး၏။ "အရင်တုန်းက ချိမင်ရွှမ်ခုံးကမ္ဘာရှိခဲ့တဲ့ အဲဒီ ဖရိုဖရဲနေရာဟင်းလင်းပြင်ကို ပြောတာလား"
ချင်မူက ဆို၏။ "အနာဂတ် တစ်နေ့နေ့မှာ ဖရိုဖရဲနေရာဟင်းလင်းပြင်ဟာ မီးပန်းတစ်ခုလို ပွင့်ထွက်လာလိမ့်မယ်….အဲဒါ ကျွန်တော် ပြန်လာမယ့် နိမိတ်ပဲ"
တန်ခိုးရှင်သစ်ခုတ်သမားမှာ သူ့ကို မတားဘဲ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေသည်။ သူ၏ ပုံရိပ် လန်ဖုန်းတောင်ကြားဒေသ၏ တောင်တန်းများကြားတွင် ပျောက်ကွယ်သွားမှသာ အကြည့်ရုတ်ကာ အော်လိုက်၏။ "ကျားနက်၊ ပုဆိန်သွေးဖို့ ထွက်လာခဲ့တော့"
ကျားနက်နတ်မင်းလည်း အလျင်အမြန် ပြေးလာပြီး ပြောသည်။ "ဆရာ၊ တကယ်ပဲ စစ်ပွဲ ဖြစ်တော့မှာလား… အခု ငြိမ်းချမ်းနေတာ နှစ်ကုဋေပေါင်းများစွာ ကြာနေပြီလေ"
တန်ခိုးရှင်သစ်ခုတ်သမားသည် ဧရာမပုဆိန်ကြီးကို ဝှေ့ယမ်း၍ ခပ်ဩဩ ပြော၏။ "ကြိုတင်ပြင်ဆင်ထား… ပုဆိန် ကောင်းကောင်းသွေး… ပြီးရင် ငါတို့ မိတ်ဆွေဟောင်းတွေကို သွားရှာကြစို့"
သူ၏ အသံမှာ ကြည်လင်ပြတ်သားနေပြီး ခန္ဓာကိုယ်ထဲ၌ ငြိမ်သက်နေသော အတိုက်အခိုက်စိတ်ဆန္ဒများ ပြန်လည် တောက်လောင်လာသဖြင့် သွေးတို့ဆူပွက်လာသည်။
"ကွမ်းချာက လူဝင်စားနေပြီ ... ယန်ယွင်ရှီက သူ့ကို နေ့တိုင်း ကပ်နေတာ.. သူ့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်ထုတ်ရမယ်… ပြီးတော့ လီရုံလန် … သူ့လူ၀င်စားနာမည်က ဘာပါလိမ့်… ဟုတ်သား… တျန်းရှုက ဘိုးဘေးနန်းတော်ဆီ သွားတာမလား… သွားရှာစမ်း"
"ပြီးတော့ ဟန်ထန်း ဘယ်သွားလဲ သိလား… နောက်ပြီး ချင်းဟွမ်ရော ... သူ… ဟုတ်သားပဲ… ဟန်ထန်းရဲ့ ငါးနှစ်ကောင်ရော..."
"သခင်ကြီး မေ့နေပြီလားဗျာ… တံငါသည် ကောင်းကင်ဆရာသခင် ဟန်ထန်း ကွယ်လွန်သွားပြီလေ" ကျားနက်နတ်မင်းက အရိပ်အခြည်ကြည့်ကာ ပြောသည်။
တန်ခိုးရှင်သစ်ခုတ်သမား ကြောင်သွား၏။ "သူ လူဝင်စားတာ မဟုတ်ဘူးလား"
ကျားနက်နတ်မင်းလည်း ဖြေသည်။ "သခင်ကြီး၊ သူက ကောင်းကင်နတ်ဘုံတိုက်ပွဲမှာ ဖရိုဖရဲချီစွမ်းးအင်အဖြစ် ပြောင်းလဲသွားခဲ့တာ… သခင်ကြီး သူ့ကို နှစ်ပေါင်းများစွာ ရှာခဲ့ပြီးပြီ … ပြီးတော့ မြစိမ်းဧကရာဇ်ချင်းဟွမ်... သူလည်း ကွယ်လွန်သွားရှာပြီ … သခင်ကြီး ဒီမှာ သူတို့အတွက် အမှတ်တရ သင်္ချိုင်းဂူ ဆောက်ထားတာလေ... မေ့နေပြီလား… မနှစ်က သင်္ချိုင်းရှင်းတုန်းက ဒါ ဘယ်သူ့ သင်္ချိုင်းလဲလို့တောင် မေးသေးတယ်လေ..."
တန်ခိုးရှင်သစ်ခုတ်သမားမှာ တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဗလုံးဗထွေး ပြော၏။ "ဒါဆိုလည်း သူတို့ကို မရှာတော့ဘူး..."