← Chapters

မိတ်ဆွေတစ်ယောက်ပဲ ဖြစ်မှာပါ

Vol. 142 Ch. 1827

မိတ်ဆွေတစ်ယောက်ပဲ ဖြစ်မှာပါ

Vol. 142 Ch. 1827

ချင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ခြေဦးတည့်ရာ လျှောက်သွားရင်း ကောင်းကင်နတ်ဘုံသို့ ရောက်လာသည်။ တဖြည်းဖြည်းနှင့် သူ့ကို မှတ်မိသူများ ရှိလာ၏။

လူတိုင်း သူ့ကို မေ့လျော့သွားကြခြင်း မဟုတ်‌သော်လည်း မှတ်မိသူများက အတိတ်မှ မိတ်ဆွေဟောင်းများသာ ဖြစ်ကြသည်။

ရံဖန်ရံခါ စကားစမြည် လှမ်းပြောသူများကြောင့် ချင်မူ၏ ခြေလှမ်းများ နှေးကွေးလာသည်။

ဤမိတ်ဆွေများမှာ တာအို မရခဲ့ကြသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကျန်ရစ်ခဲ့ကြသူများ ဖြစ်သည်။ အချို့က သီးသန့်နေထိုင်ကြပြီး အချို့မှာမူ လူ့အဖွဲ့အစည်းထဲတွင် ရှိနေဆဲပင်။ သူတို့ကို တွေ့မြင်ရခြင်းက ချင်မူ့အား ခံစားချက်များပြည့်လာစေသည်။ သူ့မှာ သူတို့နှင့် စကားပြောရင်း သက်ပြင်းချမိ၏။

သူ ရောက်လာခြင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အုတ်အော်သောင်းနင်း မဖြစ်စေခဲ့ပေ။ စည်ကားသော မြို့တော်ထဲတွင် လျှောက်သွားနေသော နားထင်ဖြူဖြူဖြင့် ဤလူငယ်မှာ မည်သူမည်ဝါ ဖြစ်သည်ကို မည်သူမှ မသိကြချေ။ ထင်ရှားကျော်ကြားသော အဘိုးအိုကြီးများ သူ့ကို လာရောက်ကြိုဆိုနေကြသည်ကိုသာ တွေ့မြင်ကြသည်။ ဓားသမားများကလည်း ခရီးဝေးမှ အလျင်အမြန် ရောက်လာကြ၏။

ထိုသူများထဲမှ တချို့သည် တစ်လောကလုံးတွင် ကျော်ကြားသူများ၊ တက္ကသိုလ်ကျောင်းများမှ ဘိုးဘေးကြီးများ ဖြစ်ကြသော်လည်း အချို့မှာမူ အမည်မထင်ရှားဘဲ တိတ်ဆိတ်စွာ နေထိုင်သူများ ဖြစ်ကြလေသည်။

ချင်မူက ကြာကြာ မနေချေ။ အခြားသူများကို သွားတွေ့ရဦးမည် မဟုတ်ပါလော။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အထက်မြို့တော်နှင့် အောက်မြို့တော်တို့မှာလည်း ပြောင်းလဲသွားခဲ့သဖြင့် သူ၏ စိတ်အားထက်သန်မှုကို လျော့ကျသွားစေခဲ့သည်။

ညအချိန်သို့ ရောက်လာချေပြီ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ညချမ်းမှာ အလွန်လှပနေသည်။ နတ်ဘုရားမြို့များသည် နတ်အလင်းရောင်များဖြင့် ထိန်ဝါတောက်ပနေကြ၏။ တစ်ချိန်တုန်းကလို အမှောင်ထု၏ ကျူးကျော်မှုကို စိုးရိမ်ရင်း ကျီးလန့်စာစားနေစရာ မလိုတော့ပေ။ နတ်ဘုရားမြို့၏ အလင်းရောင်များက ကောင်းကင်ပေါ်မှ လမင်းကိုပင် မှိန်ဖျော့သွားစေသည်။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်ရှိ လမင်းကြီးသည် ယခင်အတိုင်း ကြည်လင်တောက်ပနေဆဲ ဖြစ်၏။ သို့သော် မြင့်မားဝေးကွာသွားပြီး အေးစက်နေသယောင် ခံစားရစေသည်။

သူ လပေါ်သို့ ပျံတက်သွားသည်။ လနန်းတော်ထဲတွင် နတ်ဘုရားမလေးတစ်ပါးသည် ဓားတစ်လက်ဖြင့် ကခုန်နေ၏။ ဓားရောင်မှာ အိပ်မက်ထဲမှ လရောင်သဖွယ် လနန်းတော်အား လွှမ်းခြုံနေသည်။

ချင်မူ တိတ်ဆိတ်စွာ ရပ်ကြည့်နေမိသည်။ အချိန်အတော်ကြာပြီးနောက် လနန်းတော်ထဲမှ နတ်ဘုရားမလေးက ဓားကို သိမ်းလိုက်ပြီး ထိုအချိန်မှသာ သူ့ကို တွေ့မြင်သွားသည်။

သူတို့နှစ်ဦးမှာ အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်စွာ ရပ်၍ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးနေမိကြလေသည်။

နှစ်ပေါင်း သုံးကုဋေနှင့် တစ်၀က်မှာ အလွန်တရာ ရှည်လျားလှသဖြင့် သူတို့အကြားမှ ခံစားချက်တို့သည် ယောက်ျားနှင့် မိန်းမအကြား၌ တရှိန်းရှိန်း တောက်‌လောင်နေတတ်သည့် အချစ် မဟုတ်တော့ပေ။ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာ၊ တဏှာနှင့် ပိုင်ဆိုင်မှုတို့ဖြင့် မသက်ဆိုင်သော မှီခိုအားထားလိုစိတ်သာ ဖြစ်နေသည်။

ဤမှီခိုအားထားမှုက လွမ်းဆွတ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လွမ်းဆွတ်မှုက ယာယီ ခိုနားနိုင်သည့် ဆိပ်ကမ်းလေးတစ်ခုအဖြစ် ပေါ်လွင်လာသည်။ ဤဆိပ်ကပ်းသည် လေမရှိ၊ လှိုင်းမရှိဘဲ တိတ်ဆိတ် ငြိမ်သက်၍ လှပနေ၏။

ချင်မူနှင့် ပိုင်ချွီအာတို့ လနန်းတော်၏ ကျောက်လှေကားထစ်များပေါ်တွင် ထိုင်နေကြသည်။ သူတို့နှစ်ဦးအကြားတွင် တစ်ချိန်က မီးတောက်သဖွယ် ပြင်းထန်သော ခံစားချက်များ ရှိခဲ့ဖူး၏။ ထိုအချိန်က သူတို့သည် ဓားရောင်ကို စီးနင်းလျက် ညကောင်းကင်တစ်လျှောက် ဖြတ်သန်းကာ ‌အတုအယောင်ကောင်းကင်ထဲတွင် ‌ပျော်မြူးခဲ့ကြ၏။ ကြယ်တာရာများကိုလည်း လှုပ်ရှားစေ၍ နဂါးငွေ့တန်းကိုပင် သူတို့အတွက် တုန်လှုပ်စေခဲ့သည်။

ငယ်ရွယ်သော သူတို့နှစ်ယောက်သည် တစ်ယောက်အပေါ် တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားခဲ့ကြ၏။ ထိုအချိန်က သူတို့ အတူတကွ ရှိနိုင်သော အခြေအနေများ ပေါ်ပေါက်လာခဲ့ဖူးသော်လည်း အကြောင်းအရာမျိုးစုံကြောင့် နှောင့်နှေးခဲ့ရသည်။ ယခု ပြန်လည်ဆုံတွေ့ချိန်တွင် ထိုစဉ်က စိတ်လှုပ်ရှားမှုတို့သည် ငြိမ်သက်နေသော ပင်လယ်ရေပြင်ထက်က လှိုင်းကြက်ခွပ်လေးတစ်ခုပမာသာ လှုပ်ခတ်လာခဲ့ချေပြီ။ စွဲမက်တတ်သော ချစ်ခြင်းအာရုံသည် မှီခိုအားထားမှုအဖြစ်သို့ ပြောင်းလဲသွားပြီး တဏှာ၊ ခံစားချက်တို့နှင့် မသက်ဆိုင်တော့ပေ။

သူတို့နှစ်ယောက်သား စကားရယ်မောကြရင်း ငြိမ်းချမ်းခြင်း၏ အလှတရားကို ခံစားနေကြသည်။

အချိန်အတော်ကြာပြီးနောက် ချင်မူ ထရပ်လိုက်၏။ ပိုင်ချွီအာက ပြုံးလျက် မေးသည်။ "ပြန်ဆုံကြဦးမှာလား"

"ဆုံမှာပါ…. ကိုယ့်ကို စောင့်နေသရွေ့ပေါ့"

ပိုင်ချွီအာ သူ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိသည်။ လရောင်မှာ ဝေဝါးနေသည်။ လေးလံနေသော်လည်း စိတ်အေးနေသယောင်ပင်။

နေ ထွက်လာသည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမင်းမှာ ပါးလွှာ၍ တိမ်တိုက်များအနောက်တွင် ပုန်းကွယ်သွားတော့သည်။

ချင်မူသည် ကူးတို့သင်္ဘောတစ်စင်းပေါ်တွင် လန်ဝူနှင့် ဆုံခဲ့၏။ ပြန်လည်မွေးဖွားလာသော လန်ဝူတွင် ယခင်ဘဝမှ ပြိုင်ဘက်ကင်းသော အလှတရား မရှိတော့ပေ။ သင်္ဘောပြတင်းပေါက်မှတစ်ဆင့် ချင်မူမှာ တစ်ချိန်က သူ၏ အိပ်မက်များထဲအထိ စွဲလမ်းခဲ့ရသော ဤအမျိုးသမီးကို ငေးကြည့်နေမိသည်။

သူ၏မျက်လုံးများမှတစ်ဆင့် လက်ရှိဘဝ သူမ၏ ဝိညာဉ်၊ အတွေ့အကြုံမျိုးစုံနှင့် သူမ၏ ယခင်ဘဝမှ အဖြစ်အပျက်မျိုးစုံကို မြင်တွေ့နေရ၏။

လန်ဝူက သူ၏ အကြည့်ကို အာရုံခံမိဟန်ဖြင့် ခေါင်းလှည့်လာသောကြောင့် သင်္ဘောပြတင်းပေါက်မှတစ်ဆင့် သူနှင့် အကြည့်ချင်း ဆုံသွားသည်။

လန်ဝူက ပြုံး၍ သင်္ဘောပြတင်းပေါက်မှတဆင့် မေး၏။ "အစ်ကိုလေး၊ ကျွန်မတို့ တွေ့ဖူးကြလား… ကျွန်မ ရှင့်ကို ရင်းနှီးသလို ခံစားရလို့ပါ"

ပြိုင်ဘက်ကင်းသော အလှပိုင်ရှင် မဟုတ်တော့သော်လည်း လန်ဝူကား တင့်တယ်ကြော့ရှင်းနေဆဲ၊ သာမန်ထက်ထူးကဲသည့် အရှိန်အဝါကို ပိုင်ဆိုင်ထားဆဲပင်။

ချင်မူ ခေါင်းခါကာ ပြုံးပြလိုက်၏။ " မတွေ့ဖူးပါဘူး…. ရင်းနှီးသလို ခံစားရုံသက်သက်ပါ … အရင်ဘဝက မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့ကြလို့ နေမှာပေါ့"

လန်ဝူသည် စဉ်းစားနေပြီးနောက် တုံ့ပြန်၏။ "ကျွန်မလည်း ဒီလို ရင်းနှီးတဲ့ ခံစားချက်မျိုး ရမိတယ်…. အစ်ကိုလေး တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ… ဟိုလေ ..."

သူမ ခေါင်းမော့လိုက်ချိန်တွင် ထိုနားထင်ဖြူဖြင့် လူငယ်မှာ ပျောက်ကွယ်သွားချေပြီ။

လန်ဝူမှာ တွေဝေသွားပြီး ခပ်တိုးတိုး ရေရွတ်နေ၏။ "မိတ်ဆွေဟောင်းပဲ ဖြစ်လိမ့်မယ်…. မိတ်ဆွေဟောင်းပဲ ဖြစ်မှာပါ... ရှင်က တကယ်ပဲ ဘယ်သူပါလိမ့်နော် ..."

ချင်မူ မွေးရပ်မြေသို့ ပြန်လာခဲ့သော်လည်း ဒုက္ခိတဘိုးဘွား‌ကျေးရွာ၏ နေရာဟောင်းကို ရှာမတွေ့တော့ပေ။ ထိုနေရာတွင် မြင့်မားသော အဆောက်အအုံများ၊ သွားလာနေသော ရထားလှည်းများ ဆူညံနေသည်။

"ငါ မင်းကို မှတ်မိသလိုပဲ"

ကြက်နဂါးမှ အသွင်ပြောင်းလဲလာသော နတ်ဘုရားတစ်ဦးက သူ့ကို တည်ကြည်လေးနက်စွာ နှုတ်ဆက်သည်။

ချင်မူ ပြုံးလိုက်သည်။ ထိုကြက်နဂါးမှာ သူ၏ အပြုံးကြောင့် အတိတ်တုန်းက ဝမ်းနည်းဖွယ်ရာနေ့ရက်များကို မထင်မှတ်ဘဲ ပြန်လည် သတိရသွားမိသည်။ သူ သတိပြန်ဝင်လာချိန်တွင် ချင်မူကား ပျောက်ကွယ်သွားခဲ့လေပြီ။

ချင်မူ လျှောက်သွားနေရာမှ သူ၏ဇနီး လင်ယွိရှို့၏ ဘေးသို့ ပြန်ရောက်လာသည်။ ဘိုးဘေးနန်းတော်တိုက်ပွဲ ဖြစ်ပွားစဉ်က လင်ယွိရှို့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ပို့ခဲ့၏။ လင်ယွိရှို့မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရှေးအကျဆုံး ဧကရာဇ်များထဲမှ တစ်ပါးဖြစ်သော်လည်း အထက်မြို့တော်သို့ မသွားခဲ့ပေ။ သူမက ချင်မူ ဒုက္ခိတဘိုးဘွားကျေးရွာ၏ နေရာဟောင်းသို့ ပြန်လာမည်ကို သိနေပြီး သူ၏ အိမ်အဟောင်းအား ရှာမတွေ့နိုင်သည်ကိုလည်း မျှော်လင့်ထားသကဲ့သို့ပင်။ ထို့ကြောင့် မာန်ဟုန်မြစ်၏ အပျက်အစီးများဘေးတွင်သာ နေထိုင်ခဲ့သည်။

လင်ယွိရှို့မှာ တာအို မရရှိသေးပေ။ ရှည်လျားလှသော အချိန်ကာလများအတွင်း အစွမ်းကုန် ကျင့်ကြံခဲ့သော်လည်း တာအိုရရန် ခြေတစ်လှမ်း အမြဲ လိုအပ်နေခဲ့သည်။

ဤခြေလှမ်းမှာ ကောင်းကင်နှင့် မြေကြီးအကြားရှိ အကွာအဝေးအလားပင်။ သူမ၏ ခင်ပွန်းမှာ ကောင်းကင်နတ်အရှင်မူ၊ သခင်လေးခုနစ် ဖြစ်နေသည့်တိုင် သူမကို ဤအဆင့်အား ကျော်ဖြတ်နိုင်ရန် မကူညီနိုင်ခဲ့ပေ။

ဇနီးမောင်နှံနှစ်ဦးသည် မာန်ဟုန်မြစ်ဘေးတွင် အေးဆေးစွာ နေထိုင်ကြ၏။ နဂါးထိန်းဧကရာဇ်က ရံဖန်ရံခါ သူတို့အိမ်သို့ လာလည်ကာ အလကား စားသောက်တတ်သည်။ ချင်မူက အစပိုင်းတွင် ကြည်ကြည်ဖြူဖြူ ဧည့်ခံခဲ့သော်လည်း နောက်ပိုင်း လာဖန်များသည့်အခါတွင်တော့ မောင်းထုတ်တော့သည်။

"မာန်ဟုန်မြစ် မရှိတော့ဘူးလေ …အရင်က ခင်ဗျား မြေအောက်ဘုံအရှင်သခင်အပေါ် ကျိန်ဆိုထားတဲ့ သစ္စာလည်း ပျက်ပြယ်သွားပြီ… မာန်ဟုန်မြစ်ကနေ ထွက်သွားလည်း ကပ်ဘေးသင့်မှာ မဟုတ်တော့ဘူး… နဂါးထိန်းဧကရာဇ်၊ ခင်ဗျား သွားလို့ရပြီ" ချင်မူက သူ့ကို ပြောသည်။

နဂါးထိန်းဧကရာဇ်မှာ အနည်းငယ် ငေးကြောင်သွားပြီး ကတုန်ကယင် မေးလိုက်သည်။ "ငါ မာန်ဟုန်မြစ်ကနေ ထွက်သွားလို့ ရပြီလား"

ချင်မူ ဖြေ၏။ "မာန်ဟုန်မြစ် ခမ်းခြောက်သွားတဲ့နေ့ကတည်းက ခင်ဗျား ထွက်သွားလို့ ရပြီ… အဲဒီနေ့ကစပြီး ခင်ဗျားက မာန်ဟုန်မြစ်ရဲ့ နဂါးမင်း မဟုတ်တော့ဘူး"

နဂါးထိန်းဧကရာဇ်မှာ ဝမ်းသာအားရဖြင့် ခုန်ပေါက် အော်ဟစ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် ရုတ်တရက် ချုံးပွဲချ ငိုတော့သည်။ "ငါ ဘယ်သွားရမှာလဲ… ဒီနေရာကို နှစ်ပေါင်း သုံးကုဋေနဲ့တစ်၀က်ကြာအောင် စောင့်ရှောက်ခဲ့တာ… အခု ဘယ်သွားရမှာလဲ..."

"လောကကြီးက အကျယ်ကြီးပဲ …. အနာဂတ်က ပိုလို့တောင် ကျယ်ပြန့်သေးတယ်… ခင်ဗျား ဘယ်နေရာမဆို သွားလို့ရပါတယ်" ချင်မူက သူ့ပခုံးကို ပုတ်လိုက်ပြီး သူ ထွက်ခွာသွားသည်အား ကြည့်နေသည်။

နဂါးထိန်းဧကရာဇ်မှာ တွေဝေစွာဖြင့် တဖြည်းဖြည်း ထွက်ခွာသွားလေသည်။

ချင်မူနှင့် လင်ယွိရှို့တို့၏ နေ့ရက်များ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ သူတို့နှစ်ဦးစလုံး နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုကို ခံစားမိကြသည်။ အတူကြာမြင့်စွာ ပေါင်းဖက်လာခဲ့သည့်အလျောက် သူတို့နှစ်ယောက်မှာ စိတ်ချင်းပင် ဆက်နေချေပြီ။ စိုးရိမ်ပူပန်နေကြသော်လည်း နှစ်ဦးစလုံး ထိုအကြောင်းကို မပြောမိကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းကို ပြောသည့်နေ့က ချင်မူ ထွက်ခွာရမည့် နေ့ရက် ဖြစ်လိမ့်မည်။

သူတို့ အတူနေထိုင်ခဲ့သည်မှာ အလွန်အမင်း ကြာမြင့်ခဲ့ပြီဖြစ်၏။ နှစ်ပေါင်း သုံးကုဋေနှင့်တစ်ဝက် ကြာမြင့်ပြီးနောက် ခွဲခွာရပါက မပြည့်စုံတော့သလို ခံစားရမည်မှာ အသေအချာပင်။ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှ အစိတ်အပိုင်းတစ်ခု ရုတ်တရက် ပျောက်ဆုံးသွားသကဲ့သို့ ခံစားရလိမ့်မည်။

သို့သော် နောက်ဆုံးတွင် ခွဲခွာကြရမည်သာ။

ထိုရက်များတွင် ဘိုးဘေးနန်းတော်မှ သတင်းများ အဆက်မပြတ် ရောက်လာသည်။ တာအိုသိုင်းပညာရှင်များသည် အလွန်တရာ ပြင်းထန်သော တာအိုဒဏ်ရာများ ရရှိခဲ့ကြ၏။ ဘိုးဘေးနန်းတော်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ခက်ခက်ခဲခဲ ပြန်လာပြီး စကြဝဠာတစ်ခုလုံးကို တုန်လှုပ်စေသည့် သတင်းများကို ယူဆောင်လာသည်။

ကျောက်စိမ်းမြို့တော် ဆင်းသက်လာခဲ့လေပြီ။ အတိတ်စကြ၀ဠာမှ ရေဘေးအန္တရာယ်များ၊ ကပ်ဘေးအန္တရာယ်များနှင့် နှင့် သားရဲမိစ္ဆာများ တိုက်ခိုက်လာပေတော့မည်။ ဘိုးဘေးနန်းတော်မှာ ပြိုလဲသွားခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များစွာ တိုက်ပွဲ၌ ကျဆုံးခဲ့၏။

ဤသတင်းများကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှု မည်မျှကြီးမားသည်ကို တွေးကြည့်နိုင်ပေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် စကြဝဠာတစ်ခုလုံးရှိ ကမ္ဘာလောကအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

"အဲဒီမှာ တစ်ယောက်ယောက် စောင့်ရှောက်နေတာ မဟုတ်ဘူးလား"

အချို့က ဇဝေဇဝါ ဖြစ်နေကြပြီး အချို့မှာမူ ထိတ်လန့်တုန်လှုပ်နေကြသည်။ "အဲဒီလူက နှစ်ပေါင်း သုံးကုဋေနဲ့ တစ်ဝက်ကြာအောင် စောင့်ရှောက်နေခဲ့တာ မဟုတ်ဘူးလား… ဘာလို့ ထွက်ပြေးသွားတာလဲ"

"တိုက်ပွဲမှာများ သေသွားတာလား"

"ဒါမှမဟုတ် ထွက်ပြေးသွားတာလား"

"ဘာလို့ ဘိုးဘေးနန်းတော်ကို မစောင့်ရှောက်ခဲ့တာလဲ"

ဆိုးရွားသော အသံများစွာ ချင်မူ ကြားခဲ့ရသည်။ လင်ယွိရှို့က သူ့ကို စိုးရိမ်တကြီး ကြည့်နေသော်လည်း ချင်မူမှာ မှင်သေသေပင်။ သူက ပြုံးလျက် ပြော၏။ "ချင်လျှို့လေး.... ကောင်းကင်နတ်အရှင်လင်ရဲ့ ဝါးမြင်းပုလေးက ဉာဏ်ကောင်းလာတာပဲ… ကိုယ် စိတ်ထဲ မထားတော့တာ ကြာပါပြီကွာ"

"မောင်က လူတွေအတွက် အများကြီး ပေးဆပ်ခဲ့တယ်… ရုတ်တရက် မပေးဆပ်ပေးတော့တဲ့အခါ အမုန်းတရား ဖြစ်ပေါ်လာတတ်တယ် … ဒါက လူ့သဘာဝပဲ" လင်ယွိရှို့က ပြောသည်။

"လူ့သဘာဝက ဒီလိုပါပဲ… ဒါကြောင့် အတင်းအကြပ် လုပ်စရာ မလိုပါဘူး"

ချင်မူ ဆက်ပြောမိသည်။ "ကိုယ် စိုးရိမ်တာက အဲဒီ နတ်ဘုရားတွေကိုပဲ… သူတို့ဟာ သေမျိုးတွေအပေါ် အများကြီး ပေးဆပ်ထားကြတယ်… သေမျိုးတွေဟာ ဒီအတွက် သူတို့ကို ပိုပြီး တောင်းဆိုလာလိမ့်မယ်… ပေးဆပ်မှုတွေဟာ လုပ်ကိုလုပ်ပေးရမယ့် တာဝန်တွေလို့ သတ်မှတ်လိုက်ကြလိမ့်မယ်… နတ်ဘုရားတချို့ ပင်ပမ်းပြီး သေဆုံးသွားတာကို ဖြစ်သင့်တယ်လို့ ယူဆကြလိမ့်မယ်… ကျေးဇူးတင်စိတ် ပျောက်ဆုံးကုန်ကြလိမ့်မယ်"

လင်ယွိရှို့က ပြုံးသည်။ "မောင် မေ့နေပြီလား… မောင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံ မဟုတ်တော့ဘူး… မိန်းမလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ် မဟုတ်တော့ဘူး… ဒီအရေးကိစ္စတွေကို တခြားသူတွေလက်ထဲ အပ်ထားလိုက်ပါတော့"

ချင်မူမှာ ကြောင်အသွားပြီး ဟားတိုက် ရယ်မောလိုက်သည်။ "ဟုတ်သားပဲ… တခြားသူတွေကို အပ်ထားရမယ့် အချိန်ပဲဟာ"

ဘိုးဘေးနန်းတော် စစ်မြေပြင်မှ အပြင်းအထန် ဒဏ်ရာရရှိထားသော တာအိုသိုင်းပညာရှင်များစွာ ပြန်ရောက်လာခဲ့သည်။ ထိုအထဲတွင် ဒုက္ခိတဘိုးဘွား‌‌ကျေးရွာမှ အဘိုးအဘွားများလည်း ပါဝင်၏။

ချင်မူက သတင်းကြားသည်နှင့် သူတို့ကို သွားတွေ့သည်။ အဘွားစစ်က သူ့ကို တွေ့သောအခါ မျက်ရည်များ မထိန်းနိုင်ဘဲ ရှိုက်ကြီးတငင် အော်ငိုတော့၏။ "ငါတို့က နင် သေပြီ ထင်နေတာဟယ့် … ဒါကြောင့် တာအိုနှလုံးသားတွေ ယိုင်နဲ့သွားပြီး တခြားသူတွေ ရိုက်နှက်တာ ခံလိုက်ရတာ ကောင်လေးရဲ့ ..."

ချင်မူမှာ သူတို့၏ တတွတ်တွတ် ဆူသံများကို ပြုံးလျက် နားထောင်ရင်း တာအိုဒဏ်ရာများအား ကုသပေးသည်။ ရွာသူကြီး၊ ဆေးဆရာနှင့် အခြားသူများက သူ့ကို တစ်လှည့်စီ ကြိမ်းမောင်းကြ၏။ ချင်မူက ပြုံးလျက်သာ နားထောင်ရင်း ခေါင်းတဆတ်ဆတ် ညိတ်နေသည်။

"မင်း တကယ်လို့ ပြန်သွားမယ်ဆိုရင် ထော့ကျိုးကိုလည်း သွားကြည့်လိုက်ဦး"

ရွှေအက နောက်ဆုံးတွင် စကားပြောလာပြီး ဆေးတံထဲမှ ညစ်ပတ်နေသည့် ရေများကို သွန်လိုက်၏။ သူက ဆေးတံကို ဆေးရင်း ပြောသည်။ "သူ အတိတ် စကြဝဠာဆီ ပြန်သွားတယ်လို့ မင်း ပြောခဲ့တာ မဟုတ်လား… အမှန် ဖြစ်ရင် ဖြ‌စ်နေမှာပေါ့"

နားကန်းလည်း ချင်မူ့ကို မော့ကြည့်လိုက်ပြီး မျက်လုံးများမှာ တဖျတ်ဖျတ် တောက်ပနေ၏။ သူက အက်ကွဲနေသော အသံဖြင့် ပြောသည်။ "ဟုတ်တယ်"

"အင်း"

ရွာသူကြီး၏ အသက်ရှူသံမှာ အနည်းငယ် အားနည်းနေသည်။ "ငါတို့ မင်း သခင်လေးခုနစ် ဖြစ်လာတာကို မတားဆီးနိုင်ဘူး… ဒီလို ဖြစ်မှတော့ သွားကြည့်လိုက်ပေါ့… သူ အသက်ရှင်နေသေးရင် ပြန်ခေါ်ခဲ့"

ချင်မူ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူက ဒုက္ခိဘိုးဘွားကျေးရွာမှ အဘိုးအဘွားများ၏ ဒဏ်ရာများကို ကုစားပေးပြီး အချိန်တစ်ခုအထိ အတူနေထိုင်၏။ ရွာမှ အဘိုးအဘွားများက သူ့ကို မကြည်ကြသည့်အလား နှင်ထုတ်နေကြသည်။

"အလကား လာ စားသောက်နေတဲ့ ခွေးကောင်လေး… သွား…သွား… မင်းအတွက် ဘယ်သူမှ ထမင်းချက် အဝတ်လျှော် မပေးနိုင်ဘူး… မင်း မိန်းမဆီ ပြန်တော့" သူတို့က မောင်းထုတ်လိုက်ကြ၏။

ချင်မူ ထွက်ခွာလာခဲ့ပြီး လမ်းခရီးတွင် ရပ်တန့်၍ ကျောင်းခန်းမတစ်ခုအတွင်းမှ မိန်းကလေးတစ်ဦးကို စူးစမ်းစွာ စိုက်ကြည့်နေမိသည်။

ထိုမိန်းကလေး၏ ပုံစံမှာ ထူးဆန်း၏။ မျက်လုံးတစ်ဖက်မှာ နက်ရှိုင်းလှသော အမှောင်ထု ဖြစ်ပြီး အခြားတစ်ဖက်မှာမူ တောက်ပသော ကြယ်တာရာကောင်းကင် ဖြစ်နေသည်။

ထိုမိန်းကလေးက သူ ချောင်းကြည့်နေသည်ကို သတိထားမိသွားသည့်အခါ အထိတ်အလန့်ဖြင့် အလျင်အမြန် ခေါင်းငုံ့သွားပြီးနောက် ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေ၏။

စာသင်ချိန် ပြီးသောအခါ ထိုမိန်းကလေးက အားတင်း၍ စာသင်ခန်းထဲမှ ထွက်လာပြီး ခေါင်းငုံ့ကာ သူ့ဘေးသို့ ရောက်လာသည်။

"ကျောင်းသူဘဝနဲ့ ချစ်သူ မထားရဘူး" ကျောင်းအုပ်ဆရာကြီးက စာသင်ခန်းထဲမှ ခေါင်းပြူထွက်လာပြီး ဒေါသတကြီး ဆူသည်။

"သိပါတယ်ဆိုနေ" မိန်းကလေးက ခေါင်းလှည့်၍ ဒေါသတကြီး ပြန်အော်လိုက်သည်။

"မမကြီး၊ အဲဒါ မမကြီးရဲ့ အဖေလား" ချင်မူက စပ်စပ်စုစု မေး၏။

မိန်းကလေးက ခြေထောက်ကို မြှောက်၍ ကျောက်ခဲတစ်လုံးကို အားကုန် ကန်ထုတ်လိုက်သည်။ သူက ခါးခါးသီးသီး ပြော၏။ "နင် ငါ့ကို သိသွားပြီပေါ့ … လာသတ်တာလား"

ချင်မူက ပြုံးသည်။ "မမကြီးနှစ်၊ ကျွန်တော် အခွင့်အရေးတစ်ခု ပေးမယ် ပြောခဲ့တယ်လေ… ဘာလို့ သတ်ရမှာလဲ"

"ဆံပင်အ‌ရောင် ဆိုးထားတဲ့ တေလေဂျပိုးတွေနဲ့ စကား မပြောရဘူး" ကျောင်းအုပ်ဆရာကြီးက ခေါင်းပြူထွက်လာပြီး အော်ပြန်၏။

မိန်းကလေးမှာ ရှက်လွန်းသဖြင့် နားထဲမှ မီးခိုးထွက်မတတ် ဒေါသထွက်သွားသည်။ "ဒါက သခင်လေးခုနစ်… ဘာကို ဆံပင် အရောင်ဆိုးထားတဲ့ တေလေဂျပိုးလဲ… အဖေ့ အလုပ် မဟုတ်ဘူး… အဖေ ပြန်တော့"

သူမက ပြန်လှည့်လာပြီး သူမ၏ ရင်ဘတ်ရှေ့တွင် ချထားသော ကျစ်ဆံမြီးနှစ်ဖက်ကို ကိုင်လိုက်၏။ သူမက အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။ "နင် ငါ့ကို မသတ်ဘူးပေါ့… နင် ဒီလောက် ပင်ပင်ပန်းပန်း ကာကွယ်ထားတဲ့ လောကကြီးကို ငါ ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား"

သူမ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် အရောင်တောက်နေ၏။ "နင် ငါ့ကို လာတွေ့တာ ပြန်တော့မှာမလို့မလား… နင် ထွက်သွားပြီးရင် ဘယ်သူက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်လာမှာလဲ…. လန်ယွီတျန်းလား… ရှုရှန်းဟွာလား… သူတို့က ပမွှားလေးတွေပါ… တိုက်ကွက်တစ်ကွက်တောင် ခံနိုင်မှာမဟုတ်ဘူး… နင် ပြန်လာတဲ့အခါ ငါ ဖရိုဖရဲပင်လယ်ပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး နင့်ကို စောင့်နေတာ တွေ့ရလိမ့်မယ်"

"သမီး"

ကျောင်းအုပ်ဆရာကြီးက ခေါင်းပြူထွက်လာပြန်ပြီး ပြောသည်။ "စကားပြောတာ ကြာလှပြီ… ဒါတောင် ချစ်သူတွေ မဟုတ်ဘူးတဲ့လား"

မိန်းကလေးမှာ ခုန်ပေါက်ထွက်ခွာသွားသဖြင့် ကျစ်ဆံမြီးနှစ်ချောင်းသည် သူမအနောက်တွင် လွှဲယမ်းနေ၏။ သူမက နောက်လှည့်၍ မျက်နှာပြောင်ပြလိုက်ပြီး ပြုံးနေသည်။ "ငါ နိုင်မှာ သေချာတယ်"

ချင်မူက ပြုံးလျက် လက်ဝှေ့ယမ်းပြပြီး နှုတ်ဆက်လိုက်၏။

ကျောင်းအုပ်ဆရာကြီးက သူ့ကို ဒေါသတကြီး စိုက်ကြည့်၍ ခပ်တိုးတိုး ကြိမ်းမောင်းသည်။ "ငါ့သမီးနဲ့ ဝေးဝေးနေ… အသက်ငယ်ငယ်လေးနဲ့ ဆံပင်ကို အဖြူရောင် ဆိုးထားတယ်… တစ်ချက်ကြည့်ရုံနဲ့ မင်းက လူကောင်း မဟုတ်မှန်း သိတယ်ကွ..."

မိန်းကလေးက သူ၏ချိုင်းအောက်မှ ခေါင်းပြူထွက်လာပြီး ချင်မူ့ကို လျှာထုတ်ပြောင်ပြလိုက်၏။

ချင်မူမှာ ဆွံ့အနေမိပြီး ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ သူက ခြေတစ်လှမ်းလှမ်း၍ ကမ္ဘာဦးဘုံအနောက်ရှိ သားရဲကမ္ဘာသို့ ရောက်လာ၏။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ကောင်းကင်အား ထိတော့မတတ် မြင့်မားလှသော သစ်ပင်ကြီးတစ်ပင်ကို တွေ့လိုက်သည်။

ထိုဧရာမသစ်ပင်ကြီးမှာ သူ့ကို "မြင်"ရသည့်အလား ရုတ်တရက် တုန်ခါသွားတော့၏။

All Chapters