← Chapters

ကမ္ဘာဦးဖရိုဖရဲ၏ သမီး

Vol. 142 Ch. 1828

ကမ္ဘာဦးဖရိုဖရဲ၏ သမီး

Vol. 142 Ch. 1828

"တာအိုနောင်တော်အနန္တ၊ မလန့်ပါနဲ့ဗျာ”

ချင်မူက သစ်ပင်အောက်သို့ ရောက်လာပြီး သစ်ပင် ပင်စည်ကို ပွတ်သပ်လိုက်ရင်း ပြုံးနေသည်။ "ခင်ဗျားကို သတ်ချင်ရင် ကျွန်တော် စောစောကတည်းက သတ်ခဲ့မှာပေါ့… ဒီတစ်ခေါက် လာတာက နှုတ်ဆက်ဖို့ပါ…ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေပဲလေ… သံယောဇဉ် ရှိနေတုန်းပါ"

သစ်ပင်ကြီးက ဆက်လက်မတုန်ခါတော့ဘဲ သစ်ပင်ထဲမှ အနန္တအဘိုးအို၏ အသံ ထွက်ပေါ်လာသည်။ "နှုတ်ဆက်တယ် ဟုတ်လား… မင်း အတိတ်ပြန်ပြီး သခင်လေး ဖရိုဖရဲ ဖြစ်လာတော့မလို့လား"

ချင်မူက ပြုံးလျက် ခေါင်းညိတ်သည်။ "တာအိုနောင်တော်၊ အဲဒီတုန်းက ကျွန်တော် ခင်ဗျားကို ပေးခဲ့တဲ့ အကြွေးစာချုပ် ပျောက်မသွားဘူးမလား…. ခင်ဗျား တကယ် သိမ်းထားခဲ့လို့ တော်သေးတယ်… မဟုတ်ရင် ဒီလိုအခြေအနေ ဖြစ်လာမှာ မဟုတ်ဘူး"

သစ်ပင်ထဲမှ အနန္တအဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။ "မင်း ငါ့ကို မသတ်ရဲပါဘူး… ဖရိုဖရဲ၊ မင်း ငါ့ကို မသတ်ချင်တာ မဟုတ်ဘူး… တကယ်တော့ မင်း ငါ့ကို မသတ်ရဲတာ… ဘာလို့လဲဆိုတော့ မင်းရဲ့ လမ်းစဉ်က မရှင်းလင်းနိုင်‌လောက်ဘူးဆိုတာ သိနေလို့ပဲ… မင်း ငါ့အသက်ကို ချမ်းသာပေးခဲ့တာ မဟုတ်ဘူး… ငါ့ကို သေလုနီးပါး ရိုက်နှက်ပြီးတော့ ငါ့ရှေ့မှာ ဒူးထောက်ပြီး မသေဖို့ တောင်းပန်ခဲ့တာ"

ချင်မူ ကြောင်အသွားသည်။

အနန္တအဘိုးအိုက ခပ်ဟဟ ရယ်၏။ "မင်းရဲ့ အကြံလေးတွေကို ငါ သိပြီးသား… မင်းရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက တက်ကြွတဲ့စိတ် မရှိတော့ဘူး… ပြုပြင်ပြောင်းလဲဖို့ တွန်းအား မရှိတော့ဘူး… အဟက်… မင်းက ငါ့ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ရန်သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြိုင်ဘက်အဖြစ် လိုအပ်နေတာ…. တကယ်ကို အကြံကောင်းပဲ… ဒါပေမဲ့ ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖျက်ဆီးပစ်မှာ မကြောက်ဘူးလား”

ချင်မူ၏မျက်နှာတွင် ကြင်နာတတ်သော အပြုံးတစ်ခု ပွင့်လန်းနေသည်။

အနန္တအဘိုးအိုက ဟားတိုက် ရယ်မောလိုက်၏။ "မင်း ထွက်သွားတာနဲ့ ငါက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ… ငါ နည်းနည်းလေး ပြန်ကောင်းလာတာနဲ့ ငါ့ရဲ့ အမြစ်တွေက အတိတ်စကြဝဠာ တစ်ခုချင်းစီကို ချိတ်ဆက်ပြီး မသေချင်ကြတဲ့ အတိတ်စကြဝဠာသိုင်းပညာရှင်တွေကို အဆက်မပြတ် ခိုးဝင်လာစေမယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာကိုနဲ့ ကောင်းကင်ဘုံတွေက အနန္တကမ္ဘာလောကတွေကို ဖျက်ဆီးပစ်မယ်… လွယ်လွယ်လေးပဲ… လန်ယွီတျန်းနဲ့ ရှုရှန်းဟွာလား…. ငါ့ရှေ့မှာ အားလုံးက မလောက်လေး မလောက်စားတွေပဲ"

ချင်မူက မျက်တောင်ခတ်၍ ပြုံးနေဆဲပင်။ "တာအိုနောင်တော်မှာ ဒီလောက် ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေသေးတာ ကျွန်တော် သိပ်ဝမ်းသာမိပါတယ်…. တာအိုနောင်တော် ဒီနေ့ ပြောခဲ့တဲ့ စကားတွေကို အလဟဿ မဖြစ်စေပါနဲ့… ဒီနေ့ ခွဲခွာပြီးရင် ကျွန်တော်တို့ ဘယ်အချိန် ပြန်တွေ့ကြမလဲ မသိနိုင်တော့ဘူး"

"...မင်းရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သတ်ပစ်ပြီး ဒီလောကကြီးကို ဖရိုဖရဲအဖြစ် ပြန်ရောက်သွားစေမယ်ကွ"

အနန္တအဘိုးအိုက စိတ်လှုပ်ရှားစွာ ဆက်ပြော၏။ "မင်း ပြန်လာတဲ့အခါ ငါဟာ ဒီပျက်စီးနေတဲ့စကြဝဠာရဲ့ အရှင်သခင် ဖြစ်နေတာကို တွေ့ရလိမ့်မယ်… အဲဒီအချိန်မှာ ငါက အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နေမှာ… မီလော့နန်းတော်အရှင်သခင်လို သန်မာနေပြီ… မင်းရဲ့ ဆွေမျိုးတွေ၊ မင်းရဲ့ မိန်းမတွေနဲ့ ကလေးတွေ..."

ချင်မူသည် ခေါင်းလှည့်၍ သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။

အနန္တအဘိုးအို၏ စိတ်လှုပ်ရှားမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကတုန်ကယင် ချောက်ချားလာတော့သည်။

ချင်မူက လှည့်ထွက်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ "ညေးလီရာ မနောက်နဲ့ကွာ”

သူသည် ဤခေတ်၌ ခေတ်စားနေသော စကားလုံးတစ်လုံးကို သင်ယူတတ်မြောက်သွားခဲ့၏။

ဘိုးဘေးနန်းတော်၏ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေကာ လွန်ဆွဲနေသော အခြေအနေသို့ ရောက်နေသည်။ လန်ယွီတျန်း၊ ရှုရှန်းဟွာ၊ ခိုင်ဧကရာဇ်ချင်ယဲ့၊ ကျန်းပိုင်ကွေ့၊ ရှင်းအန်းနှင့် အခြားသူများမှာ သန်မာကြသော်လည်း ထုံထျန်းရေတွင်းကို ဖျက်ဆီးရန် မလုံလောက်ပေ။ မီလော့နန်းတော်၏ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များကလည်း ခုခံနိုင်စွမ်း မရှိကြသည် မဟုတ်ချေ။

သူတို့ထဲတွင် အန္တိမဟင်းလင်းပြင်၌ အောင်မြင်စွာ တံဆိပပ်ခတ်နှိပ်ခဲ့သူများ ရှိနေပြီဖြစ်သည့်အတွက် မဟာခြုံလွှမ်းကောင်းကင်ဘုံကို ဖွဲ့တည်ခဲ့ကြသည်။ ဤစကြဝဠာတွင် တာအို ထပ်မံရရှိခဲ့သည့်အတွက် အတိုက်အခိုက်စွမ်းရည်များ အကြီးအကျယ် တိုးတက်လာခဲ့လေသည်။

နဂါးချီလင်မှာလည်း ဘိုးဘေးနန်းတော်မှ ပြန်ရောက်လာခဲ့သည်။ သူလည်း ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် နေ့တိုင်း ချင်မူ့ဘေးတွင် ကပ်နေတတ်၏။ ဒဏ်ရာများ ပျောက်ကင်းသွားသည့်တိုင် မျက်နှာပြောင်တိုက်၍ ပရဆေးလုံးများ တောင်းနေသေးသည်။

ချင်မူမှာ မောင်းထုတ်ခဲ့သော်လည်း လုံးဝ မောင်းထုတ်မရသဖြင့် လက်လျှော့လိုက်ရ၏။

နဂါးချီလင်သည် သားရဲကမ္ဘာ၏ အရှင်သခင် ဖြစ်သော်လည်း ဤအချိန်ကာလကို အလွန်တန်ဖိုးထား၏။ နန်းတွင်းကောလိပ်၏ ကျောင်းတံခါးဝတွင် တွေ့ဆုံချိန်ကတည်းက သူတို့နှစ်ယောက် အတူရှိခဲ့ကြပြီး အပြန်အလှန် ထောက်ပံ့ခဲ့ကြ၏။

ချင်မူက နဂါးချီလင်၏ အစားအသောက်အတွက် တာဝန်ယူခဲ့ပြီး သူ့ကို ဖက်တီးနဂါးဟု ခေါ်ခဲ့သည်။ နဂါးချီလင်မှာမူ သူနှင့်အတူ သေရေးရှင်ရေး အခြေအနေများကို ဖြတ်သန်းခဲ့ပြီး အခြားသူများ မပေးနိုင်ခဲ့သော အားပေးမှုတို့အား ချင်မူ့အား ပေးခဲ့၏။ ချင်မူတစ်ယောက်တည်း ရှိနေသည့်အချိန်တွင် အဖော်ပြုပေးခဲ့သည်။ ချင်မူ အားပေးစကား လိုအပ်သည့်အခါ ပြောပေးခဲ့သည်။

သူတိုကား အချစ်ဆုံး သူငယ်ချင်းများပင်။

ဤနေ့တွင် ချင်မူကား ထွက်ခွာရန် ဆုံးဖြတ်လိုက်လေပြီ။

သူသည် ခိုင်ဧကရာဇ်ကို မစောင့်ခဲ့သလို ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ကိုလည်း မစောင့်ခဲ့‌ချေ။ ရှေ့တန်းတွင် သူတို့၏ ခွန်အားကို လိုအပ်နေဆဲဖြစ်၍ သူကိုယ်တိုင်မှာလည်း အချိန်ကြာကြာ မဆွဲထားနိုင်တော့ပေ။

"အစ်ကိုကြီးမဟာဥသျှောင်က လူပြန်မဝင်စားသေးဘူး … ဒီမြေခွေးအိုကြီးကတော့..."

ချင်မူမှာ ဤအရာကို လက်မခံနိုင်ချေ။ မဟာဥသျှောင်သာ လူပြန်ဝင်စားပါက သူ အန္တိမဟင်းလင်းပြင်၏ စွန့်ပစ်မြေထဲသို့ ဝင်ရောက်နိုင်ပြီး ထိုက်ယီအား ကောင်းကင်ဖွင့်လှစ်သူများကို သတ်ဖြတ်ရန် ဖိအားပေးနိုင်မည် ဖြစ်သည်။

သူ၏ နှလုံးသားထဲတွင် ကောင်းကင်ဖွင့်လှစ်သူများ၏ ပုန်းကွယ်နေသော အန္တရာယ်က မီလော့နန်းတော်သားများထက် များစွာ ကြီးမားသည်။ မီလော့နန်းတော်သားများမှာ လုပ်ဆောင်ရာတွင် စည်းမျဉ်းစည်းကမ်းများ ရှိသေးသော်လည်း ကောင်းကင်ဖွင့်လှစ်သူများကတော့ ထင်တိုင်းကြဲတတ်သည်။ ကောင်းကင်ဖွင့်လှစ်သူများကို ဖယ်ရှားပစ်ခြင်းက ပိုမို ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဟု အမြဲတမ်း ခံစားခဲ့ရ၏။

သို့သော် မဟာဥသျှောင်မှာ လူဝင်စားခြင်း မရှိသေးပေ။ ဤအချက်ကို သူ ကြိုတင် တွက်ဆမိပြီးသား ဖြစ်သည်မှာ သိသာသည်။ သူ အရင် ထွက်ခွာပြီး သခင်လေးခုနစ် ဖြစ်လာပြီးနောက်မှသာ မဟာဥသျှောင်သည် ကျင့်ကြံခြင်းအခြေခံအား ဖျက်သိမ်းပြီး လူဝင်စားကာ အစမှ ပြန်စတင်ပေလိမ့်မည်။

"မောင် အဲဒီ စိတ်ညစ်စရာ ကိစ္စတွေကို ထပ်ပြီး မစဉ်းစားပါနဲ့တော့"

လင်ယွိရှို့က သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပေးနေသည်။ သူမ၏ မျက်နှာထားမှာ နူးညံ့နေသော်လည်း လေသံမှာမူ အလွန် ခိုင်မာနေသည်။ "လင်ယွင်လေးကို တွေ့အောင် ရှာပြီး ပြန်ခေါ်ခဲ့ ကြားလား”

ချင်မူလည်း တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူမကို တင်းကြပ်စွာ ပွေ့ဖက်နမ်းရှုံ့လိုက်သည်။ "စိတ်ချပါ… ကိုယ် သမီးလေးကို မရမက တွေ့အောင် ရှာပြီး ပြန်ခေါ်ခဲ့မယ်"

ဤနေ့တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ကျန်ရစ်ခဲ့သော သူ၏ မိတ်ဆွေဟောင်းအများစုက လာရောက် နှုတ်ဆက်ကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားလည်း ရောက်လာ၏။ သူက ဦးထုပ်တစ်လုံး ဆောင်း၍ ကျိုးတိုးကျဲတဲ ဆံပင်အချို့ကို ဖုံးကွယ်ထားပြီး အလွန်တက်ကြွနေသည်။

ချင်မူက လင်ယွိရှို့ကို လွှတ်လိုက်ပြီး ရင်းနှီးသော မျက်နှာတစ်ခုချင်းစီကို လိုက်ကြည့်နေသည်။ သူတို့၏ မျက်နှာများတွင် အပြုံးများ ဝေဆာနေပြီး သူ ထွက်ခွာသွားသည်အား ဗုံ၊ မောင်းများတီးလျက် ဝမ်းမြောက်စွာ လိုက်ပို့ကြမည့်အလားပင်။

ထိုဟန်ဆောင်အပြုံးများက သူ၏ နှလုံးသားကို နွေးထွေးသွားစေသည်။

"အားလုံးပဲ ကျွန်တော့်ကို လွမ်းမနေကြနဲ့ဦးနော်" သူက ပြုံးလိုက်သည်။

အားလုံးက သူ့ကို တွန်းနေကြသည်။ "မြန်မြန် သွားတော့… အတိတ်စကြ၀ဠာက အဘိုးကြီးတွေကို သွားဒုက္ခပေးတော့… ဆယ့်ခုနစ်စင်းမြောက် စကြဝဠာက မင်းကို ကျွေးမွေးမထားနိုင်တော့ဘူး"

သူတို့က အလွန်ပျော်ရွှင်စွာ ရယ်မောနေကြ၏။

ချင်မူ၏ မျက်ဝန်းများ နီရဲလာသည်။ သူ၏ နောက်တွင် ဖရိုဖရဲခန်းမက တဖြည်းဖြည်း ပေါ်ထွက်လာချေပြီ။ ခန်းမ၏ တံခါးများ ပွင့်သွားပြီး အတွင်း၌ ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းကို တွေ့မြင်လိုက်ရသည်။

"မူ"

ကောင်းကင်နတ်အရှင်ရုံက တောင်ဝှေးကို အားပြုလျက် ယိုင်နဲ့နဲ့ဖြင့် ရှေ့ထွက်လာသည်။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက မှာသည်။ "ယွင်နဲ့ လင်ကို တွေ့အောင် ရှာပြီး ပြန်ခေါ်ခဲ့ပေးပါ"

ချင်မူ တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။

“ဂိုဏ်းသခင်ချင်၊ မင်းသာ ပြန်မလာရင် ဒီလောကမှာ ဘယ်သူမှ ငါ့ကို မထိန်းချုပ်နိုင်တော့ဘူး"

ရှင်းအန်းက သေတ္တာတစ်လုံးပေါ်တွင် ပျင်းရိပျင်းတွဲ လှဲနေသည်။ သေတ္တာမှာ စုတ်ပြတ်နေသော်လည်း ခက်ခက်ခဲခဲ ရှေ့ထွက်လာ၏။ ရှင်းအန်းက ခေါင်းကို အားကုန်မော့၍ ထရန် ကြိုးစားသော်လည်း မည်သို့မှ မထနိုင်ချေ။ သူ့မှာ ပင်ပန်းလွန်းသဖြင့် မောဟိုက်နေသည်။ သို့သော် မာနကြီးစွာ ပြုံးလိုက်သေး၏။ "ကျန်းပိုင်ကွေ့က ငါ့ကို မနိုင်ဘူး… ဓားနတ်ဘုရားအဘိုးအိုလည်း မနိုင်ဘူး… ရှုရှန်းဟွာ၊ လန်ယွီတျန်း… ဘယ်သူမှ ငါ့ကို သတ်မရဘူး… မင်း ငါ့ကို မဖိနှိပ်ထားတော့ရင် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာကို ငါ ပြဿနာရှာပစ်မှာ သတိထား"

ချင်မူ ဟားတိုက် ရယ်မောလိုက်သည်။ "စိတ်မပူပါနဲ့ တာအိုမိတ်ဆွေ ရှင်းအန်း… လူကောင်းတွေက အသက်မရှည်ပေမယ့် လူဆိုးတွေကတော့ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နိုင်တယ်… ခင်ဗျား မသေမှတေတာ့ ကျွန်တော်လည်း ဘယ်လို သေရဲမှာလဲဗျာ"

သူက တည်ကြည်နေသော မျက်နှာအမူအရာဖြင့် ဆေးဆရာကို လှည့်ကြည့်ကာ မေး၏။ "ဘိုးဘိုးဆေးဆရာ၊ သူ့ဒဏ်ရာတွေက ဒီလောက် ပြင်းထန်နေတာ ဘာလို့ ခုထိ မသေသေးတာလဲ" ထိုသို့ပြောပြီးသည်နှင့် မျက်လုံးများက စူးရှတောက်ပလာပြီး လည်ပင်းကို လက်ဖြင့် လှီးသည့် အမူအရာ လုပ်ပြသည်။

သေတ္တာပေါ်တွင် လဲလျောင်းနေသော ရှင်းအန်းမှာ ကြက်သီးမွှေးညှင်းများ ထသွားတော့သည်။

ဆေးဆရာက လက်ကာပြလိုက်ပြီး ခပ်တိုးတိုး ကပ်ပြောသည်။ "စိတ်ချ စိတ်ချ… မနက်ဖြန်ကျ အဆိပ်ခတ်ပြီး သတ်ပစ်လိုက်မယ်… စောစော သွားတော့… စိတ်ပူစရာ မလိုဘူး… မနက်ဖြန် သတင်းထူး ကြားရလိမ့်မယ်… တန်ခိုးရှင်ရှင်းအန်း ဒဏ်ရာပြင်းထန်လို့ သေဆုံးသွားပြီ ဆိုပြီး‌တော့လေ"

ရှင်းအန်မှာ နောက်တစ်ကြိမ် ကြက်သီးမွှေးညှင်းများ ထသွားပြန်သည်။

ချင်မူက အပြုံးပန်းများ ဝေဆာလျက် ပြောသည်။ "တာအိုမိတ်ဆွေရှင်းအန်း ဒဏ်ရာကို ကောင်းကောင်း ကုပါ… အသုဘအတွက် စိတ်ပူစရာ မလိုပါဘူး… ကျွန်တော် သွားပြီ… အားလုံးပဲ လိုက်ပို့စရာ မလိုပါဘူး"

သူက လက်ဝှေ့ယမ်းပြပြီး ခန်းမထဲသို့ လျှောက်သွား၏။

"ဂိုဏ်းသခင်"

ချင်မူ တုံ့ခနဲ ရပ်လိုက်ပြီး နဂါးချီလင်အား လှည့်ကြည့်လိုက်သည်။ နဂါးချီလင်မှာ တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အသံကျယ်ကြီးဖြင့် အော်မေး၏။ "ဘယ်တော့ ပြန်လာမှာလဲ"

ချင်မူက ပြုံးသည်။ "ဖရိုဖရဲနေရာဟင်းလင်းပြင်က ငါ အိပ်မက်ထဲ ဝင်တဲ့ နေရာပဲ…. ငါ ပြန်လာတဲ့ အချိန်က အိပ်မက်ကနေ နိုးထပြီး အိပ်မက် အက်ကွဲသွားတဲ့အချိန် ဖြစ်လိမ့်မယ်… ဖရိုဖရဲနေရာဟင်းလင်းပြင်ဟာ မီးရှူးမီးပန်းတစ်ခုလို ပွင့်ထွက်လာလိမ့်မယ်”

သူက ချာခနဲ လှည့်၍ ဖရိုဖရဲခန်းမထဲသို့ ၀င်ရောက်သွားတော့၏။

ပထမဆုံး ဖရိုဖရဲမြစ်ဆီမှ လှိုင်းလုံးများ လိပ်တက်လာပြီး သူ့ကို ဝါးမြိုသွားသည်။ ဤလှိုင်းလုံးကြီး လိပ်တက်လာသည့် အချိန်တွင် ဖရိုဖရဲခန်းမ တစ်ခုလုံးမှာလည်း မြစ်ထဲသို့ ကျရောက်သွားချေပြီ။

နောက်ဆုံးတွင် လှိုင်းလုံးများ ပျောက်ကွယ်သွားပြီး ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းလုံးလည်း အစအနမကျန် ပျောက်ကွယ်သွားသည်။

နဂါးချီလင် ခေါင်းမော့ကြည့်လိုက်၏။ အားလုံးလည်း ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ ရှင်းအန်းက နှာခေါင်းရှုံ့လိုက်သည်။ "မင်းတို့ ဘာကြည့်နေတာလဲ.. သူက အချိန်နဲ့ နေရာဟင်းလင်းပြင်ရဲ့ နက်ရှိုင်းတဲ့ နေရာကို ပြန်သွားတာဟ… ကောင်းကင်အပေါ် ပျံတက်သွားတာ မဟုတ်ဘူး… ကောင်းကင်မှာ ဘာမှ မရှိဘူး… ဒါကြောင့် မင်းတို့အားလုံး ငါ့ပြိုင်ဘက် မဟုတ်တာ"

နဂါးချီလင်က ခေါင်းငုံ့ကာ ပြောသည်။ "ကျွန်တော်က သူ အဲဒီကို ပျံသွားတယ်လို့ ဟန်ဆောင်လိုက်တာပါ"

ရှင်းအန်းကား နှာခေါင်းတရှုံ့ရှုံ့ ဖြစ်နေ၏။

"ကဲ တော်ကြစမ်း"

တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။ "မူအာ ထွက်သွားပြီ… ဒါပေမဲ့ စစ်ပွဲက ဆက်ဖြစ်နေတုန်းပဲ… ကောင်းကင်နတ်ဘုံ မပျက်စီးသေးဘူး… ကောင်းကင်နတ်ဧကရာဇ်လည်း ရှိနေတုန်းပဲ… အားလုံး ငါနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်ကြ… ဟန်ထန်း... ဟန်ထန်း … မင်းက လက်ဝဲတပ်ကို ဦးဆောင်၊ ချင်းဟွမ်က လက်ယာတပ်ကို ဦးဆောင်… ငါတို့ သူတို့ကို အပြတ်အသတ် ချေမှုန်းကြမယ်... ဟန်ထန်း ဟေ့ကောင်.. ငါးသွားမျှားနေပြန်လား..."

ကျားနက်နတ်မင်းမှာ သူ့ကို အလျင်အမြန် နှစ်သိမ့်လိုက်ပြီး အားလုံးကို ခပ်တိုးတိုး ပြောပြသည်။ "ဆရာ ဒီနှစ်တွေအတွင်း အထီးကျန်နေခဲ့တာလေ … မိတ်ဆွေဟောင်းတွေ အသက်ရှင်နေတုန်းပဲလို့ အမြဲတမ်း စိတ်ကူးယဉ်နေတာ‌…. ကိစ္စမရှိပါဘူး… ခဏနေရင် သတိပြန်ဝင်လာပါလိမ့်မယ်… သူက တချို့ကိစ္စတွေကို တမင် မေ့ထားတာ..."

"ကောင်းကင်နတ်အရှင်ဆယ်ပါးကို တစ်ယောက်မှ အလွတ်ပေးလို့ မဖြစ်ဘူး… ပြုပြင်ပြောင်းလဲမှုကို ဆက်လုပ်ရမယ်"

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းမော့လျက် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ကောင်းကင်ကို ကြည့်လိုက်၏။ "ချင်ယဲ့၊ ရွှင်ပျော်ပျော်ကျေးရွာကို ပြောင်းရွှေ့လို့ မဖြစ်ဘူး ... မဟုတ်ရင် အားလုံး ပျက်စီးသွားလိမ့်မယ်.. ငါတို့ရဲ့ အခြေခံအုတ်မြစ်... ငါတို့ရဲ့ အခြေခံအုတ်မြစ်က ဒီမှာ… ဒီမြေကြီးပေါ်မှာပဲ"

မကြာမီ အားလုံးမှာ တန်ခိုးရှင်သစ်ခုတ်သမား၏ ကယောင်ကတမ်း စကားများနှင့် နေသားကျသွား၏။ တစ်ချိန်က သူသည် လောက၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် ဖြစ်သော်လည်း ယခုအခါတွင် အချိန်အတော်ကြာ တိတ်ဆိတ် ငြိမ်သက်နေခဲ့သဖြင့် ဝမ်းနည်းမှုနှင့် အချိန်၏ တိုက်စားမှုက သူ၏ မှတ်ဉာဏ်ကို မှိန်ဖျော့သွားစေပြီး အတွေးများကို အနည်းငယ် ကစဉ့်ကလျား ဖြစ်လာစေသည်။

ဆေးဆရာက သူ့ကို ကုသပေးပြီး ပြော၏။ "ပြဿနာ သိပ်မကြီးပါဘူး… အချိန်တွေ အရမ်းကြာသွားလို့ပဲ… သူ့ရဲ့ အသိစိတ်က သူ့ကို ကာကွယ်ပေးပြီး လက်မခံနိုင်တဲ့ အဖြစ်အပျက်တချို့ကို မေ့သွားစေတာ… အနောက်နတ်မင်းကို ဖိတ်ခေါ်ပြီး စစ်ခရာ မှုတ်ခိုင်းလိုက်… ပြီးတော့ သားသတ်သမားကို စစ်ဗုံ တီးခိုင်းလိုက်.. သူ သတိပြန်ဝင်လာလိမ့်မယ်"

အားလုံး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

ပထမစကြဝဠာ၏ အချိန်များက ဖြတ်သန်းကုန်ဆုံးသွား၏။ ပထမဆုံးစကြဝဠာသည် နှစ်ပေါင်းကုဋေရှစ်ရာ ကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် အဆုံးသတ်သွားခဲ့သည်။

မဟာပျက်စီးခြင်းကပ်ဘေး၏ အငွေ့အသက်များက စကြ၀ဠာတွင် ပြည့်နှက်သွား၏။ ရှေးအကျဆုံး ဖြစ်တည်မှုမှာ မည်သည့်နေရာမှ လာမှန်းမသိသော ဤကပ်ဘေးကို ရင်ဆိုင်ရန် အလွန် တွေဝေနေသည်။ အနန္တအဘိုးအိုက သစ်ပင်အောက်မှ ထရပ်လိုက်ပြီး ကောင်းကင်ဘုံများ တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်ကို ကြည့်ရင်း ငေးငိုင်နေ၏။

ပထမဆုံး စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များလည်း ငေးကြောင်နေကြသည်။ သူတို့ ကာကွယ်ပေးထားသော ကမ္ဘာလောကမှာ အဆက်မပြတ် ညှိုးနွမ်းလာပြီး သက်ရှိများ သေဆုံးနေကြသည်။ သူတို့မှာလည်း အန္တရာယ်အား ခံစားလာရသည်။

သူတို့၏ မဟာတာအိုများမှာ စတင် ယိုယွင်းလာပြီး တာအိုသစ်ပင်များ ညှိုးနွမ်းလာ၏။ တာအိုပန်းများ ကြွေကျလျက် တာအိုသစ်သီးများမှာလည်း ဝိညာဉ်စွမ်းအင်များ ပျောက်ဆုံးလာသည်။

တာအိုသိုင်းပညာရှင်များက ဘိုးဘေးနန်းတော်သို့ သွားကြသည်။ ထိုနေရာတွင် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦးရှိသည်။ သူသည် ပထမစကြဝဠာ၏ ပထမဆုံးတာအိုသိုင်းပညာရှင် ဖြစ်ပြီး ကျင့်စဉ်စနစ်ကို စတင်တီထွင်ခဲ့သူလည်း ဖြစ်၏။ အဆုံးမရှိသော ဉာဏ်ပညာနှင့် ကောင်းကင်နတ်သိုင်းများကို ပိုင်ဆိုင်ထားသောကြောင့် ဤသို့ ရုတ်တရက် ကျရောက်လာသော မဟာပျက်စီးခြင်းကပ်ဘေးကို ဖြေရှင်းနိုင်မည့် နည်းလမ်း သေ‌ချာပေါက် ရှိပေလိမ့်မည်။

သူတို့က ဤပုဂ္ဂိုလ်ကို မီလော့ဟု ခေါ်ကြသည်။ မီလော့ဆိုသည်မှာ ကျယ်ပြန့်ခြင်း၊ အမြင့်မြတ်ဆုံး၊ အဆုံးမရှိခြင်းဟု အဓိပ္ပာယ်ရသည်။ သူ နေထိုင်သော နေရာကိုလည်း မီလော့နန်းတော်ဟု ခေါ်တွင်ကြ၏။

သူတို့ ထိုနေရာသို့ ရောက်ရှိသွားသည့် အချိန်တွင် ပထမဆုံးတာအိုသိုင်းပညာရှင်က ဘိုးဘေးနန်းတော်၏ အဖိုးတန်ဆုံး နတ်သတ္တုများကို စုဆောင်းနေသည်အား တွေ့လိုက်ရသည်။ သူ၏ ကျယ်ပြန့်သော စွမ်းအားနှင့် တာအိုကျင့်ကြံခြင်းအခြေခံတို့ဖြင့် ဧရာမရွှေသင်္ဘောကြီးတစ်စင်းကို သွန်းလုပ်နေသည်။

"ဒါက လောကပေါင်းကူး ရွှေသင်္ဘောပဲ"

မီလော့နန်းတော်အရှင်သခင်က အဝေးမှ ရောက်လာသော တာအိုသိုင်းပညာရှင်များကို ပြောပြသည်။ "ဒီပျက်စီးခြင်းက အရာအားလုံးကို တိုက်စားဖျက်ဆီးပြီး ရှင်းလင်းသွားလိမ့်မယ်လို့ ငါ အာရုံခံမိတယ်… ဒါပေမဲ့ အရာအားလုံး ဖျက်ဆီးခံရပြီးတဲ့နောက် စကြဝဠာဟာ သူ့အလိုလို ပြန်ပွင့်လာလိမ့်မယ်…. လောကပေါင်းကူး ရွှေသင်္ဘောက စကြဝဠာတစ်ခုလုံးက သက်ရှိတွေကို သယ်ဆောင်ပြီး နောက်ထပ်စကြ၀ဠာတစ်စင်းဆီ သွားနိုင်တယ်"

ပထမစကြ၀ဠာမှ တာအိုသိုင်းပညာရှင်များမှာ အလွန်တရာ လေးစားသွားကြသည်။

ထိုအချိန်မှာပင် ကောင်းကင်ဘုံဒါဇင်ပေါင်းများစွာ ပျက်စီးခြင်းမှ ဖြစ်ပေါ်လာသော ဖရိုဖရဲချီစွမ်းအင်များ ချိတ်ဆက်သွားကြ၏။ မရဏလေပူများက တဝှီးဝှီး တိုက်ခတ်လာရင်း ဖရိုဖရဲချီစွမ်းအင်များကို လှိုင်းထန်နေသည့် မြစ်တစ်မြစ်အား ဖွဲ့တည်စေ၍ အခြားကောင်းကင်ဘုံများဆီသို့ တိုက်ခတ်သွားသည်။

မီလော့နန်းတော်အရှင်သခင်မှာ အံ့ဩသွား၏။ သူက ခေါင်းမော့ကာ ဖရိုဖရဲမြစ်ထံ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ နက်ရှိုင်းနေပြီး တစ်စုံတစ်ခုကို တွေ့လိုက်ရသကဲ့သို့ပင်။

"တာအိုမိတ်‌ဆွေမီလော့၊ ခင်ဗျား ဘာကြည့်နေတာလဲ" တာအိုသိုင်းပညာရှင်တစ်ဦးက မေးလိုက်သည်။

"ငါ မြစ်ထဲမှာ ကြာရွက်တစ်ရွက် တွေ့လိုက်သလိုပဲ… ကြာရွက်ထဲမှာ ကလေးမလေးတစ်ယောက် ပါလာတယ်"

မီလော့နန်းတော်အရှင်သခင်က ဇဝေဇဝါ ဖြစ်နေပုံဖြင့် ‌ပြော၏။ "အဲဒီ ကြာရွက်က မြောပါသွားပြီ… ထူးဆန်းလိုက်တာ… အဲဒီမြစ်ထဲမှာ သက်ရှိတစ်ယောက်က ဘယ်လိုလုပ် အသက်ရှင်နိုင်တာလဲ..”

သူ ချက်ချင်း စိတ်ဓာတ် တက်ကြွလာပြီး ပြုံးလိုက်သည်။ "တစ်ယောက်ယောက် ရှင်သန်နိုင်ရင် ဒီကပ်ဘေးကြီးကို မဖြစ်မနေ ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ…. အားလုံးပဲ… မြန်မြန် ငါ့ကို ကူညီကြ… ငါတို့ ဒီ လောကပေါင်းကူး ရွှေသင်္ဘောကို တည်ဆောက်ပြီး သက်ရှိအားလုံးကို ကယ်တင်ကြမယ်”

ဤအခိုက်အတန့်တွင် ဖရိုဖရဲမြစ်မှာ နောက်တစ်ကြိမ် လှုပ်ခတ်လာပြီး အင်အားကြီးပုံရိပ်များ တစ်ခုပြီးတစ်ခု ဖရိုဖရဲမြစ်ထဲမှ ပျံထွက်လာသည်။ မီလော့နန်းတော်အရှင်သခင်မှာ ဇဝေဇဝါဖြစ်နေသော်လည်း ဤအချိန်မှာ ရွှေသင်္ဘောကို တည်ဆောက်ရန် အရေးကြီးသော အချိန်ဖြစ်သဖြင့် သွားရောက်စစ်ဆေးရန် အချိန်မရှိခဲ့ပေ။

All Chapters