အတိတ်သမိုင်းကြောင်းဝယ်
Vol. 142 Ch. 1829
ဖရိုဖရဲချီစွမ်းအင်များ ပြည့်နှက်နေသော ခန်းမတစ်ခုက လည်ပတ်လျက် ဖရိုဖရဲမြစ်ထဲမှ ပျံထွက်လာသည်။
မီလော့နန်းတော်အရှင်သခင်လည်း ခေါင်းမော့လိုက်ပြီး ထိုခန်းမအရှေ့ရှိ လူအား အဝေးမှ လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သင်္ဘောတည်ဆောက်သည့် ကိစ္စထဲတွင် ပြန်လည် စိတ်နှစ်လိုက်သည်။
ယနေ့ကား အနာဂတ်မှ သူ၏ သတ္တမတပည့် ပြန်ရောက်လာခဲ့သည့်နေ့ ဖြစ်သည်ကို သူ မသိခဲ့ပေ။
ငါးနှစ်ကြာသော်
ကြာရွက်ဖြင့် ပို့ဆောင်ခံလိုက်ရသော ကလေးမလေးသည် အာဟာရချို့တဲ့စွာဖြင့် ပိန်လှီခြောက်ကပ်နေ၏။ လူမမည် ကလေးမလေးမှာ ဒုက္ခသည်များနှင့်အတူ ယိုင်နဲ့နဲ့ လမ်းလျှောက်နေသည်။ သူမကို အသက်ရှင်အောင် ကူညီပေးခဲ့သူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြပြီး ဤမဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင် နစ်မြုပ်သေဆုံးသွားကြသည်။
ကလေးမလေးသည် အလောင်းပုံအကြားမှ ရပ်လျက် မော့ကြည့်လိုက်၏။ ပျက်စီးနေသော လောကကြီးတွင် သူမ တစ်ယောက်တည်းသာ ကျန်ရစ်တော့ချေပြီ။
ထိုစဉ် မီးပင်လယ်က လှုပ်ရှားပုံပျက်လာပြီး သူမကို လိုက်လံရှာဖွေနေသည့် ကြောက်မက်ဖွယ် "မိစ္ဆာများ”ကား နောက်ဆုံးတွင် သူမအား ရှာတွေ့သွားခဲ့လေပြီ။ သူမကို လုယူပြီး ဖျက်ဆီးနေချင်ကြသည်။
ထိုအခိုက်အတန့်တွင် မဟာပျက်စီးခြင်းကပ်ဘေး ငြိမ်သက်သွားသည်။
ခပ်ရှည်ရှည် လူရိပ်တစ်ခုက မီးပင်လယ်အား နှစ်ခြမ်းခွဲကာ သူမထံသို့ လျှောက်လှမ်းလာ၏။
"တွေ့ပြီ… နောက်ဆုံးတော့ တွေ့ခဲ့ပြီ... အဖေ့ သမီးလေး"
ရင်းနှီးသော်လည်း စိမ်းသက်သလို ခံစားနေရသည့် အသံတစ်သံက သူမ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။ သူမ၏ စိတ်ထဲတွင် တဖြည်းဖြည်း ဝေဝါးနေသည့် မှတ်ဉာဏ်များကို နှိုးဆွလိုက်သကဲ့သို့ပင်။
ဖရိုဖရဲ၏ သမီးတော်
ချင်မူက ချင်လင်ယွင်ကို မြှောက်၍ ပခုံးပေါ် တင်လိုက်သည်။ ချင်လင်ယွင်မှာ ပိန်လှီလွန်းသောကြောင့် အရေပြားအောက်မှ အရိုးများသာ ငေါထွက်နေ၏။ သူမက သူ၏ ပခုံးပေါ်တွင် မအီမသာ ထိုင်နေရင်း သူ၏ ဆံပင်ကို လက်ကလေးများဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
ချင်လင်ယွင်လေးသည် ခေါင်းကလေးစောင်းကာ ချင်မူ၏ မျက်နှာဘေးတစ်ခြမ်းကို ကြည့်လိုက်၏။ နားသယ်စပ်မှ ဆံပင်ဖြူများကို သူမ ရင်းနှီးနေသယောင် ရှိသည်။ ဤဆံပင်ဖြူများကား သူမ မွေးဖွားလာပြီးနောက် ဝေဝါးနေသော အမြင်အာရုံထဲတွင် တွေ့မြင်ခဲ့ရသော မျက်နှာ ဖြစ်သည်။
ဤမျက်နှာက သူမကို စိတ်အေးသွားစေသည်။
မှတ်ဉာဏ်ထဲတွင် ဤမျက်နှာအပြင် အခြား ရင်းနှီးသော မျက်နှာတစ်ခု ရှိသေးသည်။
သူမ၏ မိခင်။
ချင်မူက မီးတောက်များထဲမှ လူရိပ်များဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုသူတို့ကား ချင်လင်ယွင်ကို လိုက်လံ သတ်ဖြတ်နေသော တာအိုသိုင်းပညာရှင်များ ဖြစ်ကြသည်။ ထိုစဉ်က ဤတာအိုသိုင်းပညာရှင်တို့သည် ဖရိုဖရဲမြစ်ပေါ်တွင် သူတို့ မိသားစုသုံးယောက်ကို တားဆီးခဲ့ကြပြီး ချင်လင်ယွင်အား ပထမစကြဝဠာ၏ ဖရိုဖရဲမြစ်ထဲသို့ ပို့အောင် ဖိအားပေးခဲ့၏။ ထိုအချိန်မှစ၍ သားအဖ ကွဲကွာသွားခဲ့ခြင်းပင်။
ဤကွဲကွာရခြင်းမှာ ချင်လင်ယွင်အတွက် ငါးနှစ် ကြာမြင့်ခဲ့သည်။ ဤငါးနှစ်အတွင်း မိဘမဲ့ ဖြစ်ကာ အထီးကျန် ဆင်းရဲသော ဘဝကို ဖြတ်သန်းခဲ့ရသည်။
ချင်မူနှင့် လင်ယွိရှို့အတွက်မူ နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်တိုင်အောင် ရှည်လျားခဲ့လေသည်။ ဤသို့သော ကွဲကွာသွားခြင်းကြောင့် လင်ယွိရှို့သည် ချင်မူ့အပေါ် အပြစ်တင်၏။ ဤနှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်အတွင်း ဒုတိယမြောက် ကလေး မယူခဲ့ကြတော့ပေ။
ချင်မူကဖြင့် တော်သေးသည်။ နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်သာ စောင့်ခဲ့ရသော်လည်း လင်ယွိရှို့မှာမူ ဆက်လက် စောင့်ဆိုင်းနေရပေမည်။
"သခင်လေးခုနစ်”
"ဖရိုဖရဲ"
မီးပင်လယ်ထဲမှ ခြောက်ကပ်ကပ် တာအိုအသံများ ထွက်ပေါ်လာသည်။ အသံထဲတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှုများ ပါဝင်သလို စိတ်လှုပ်ရှားမှုနှင့် လှောင်ပြောင်မှုများလည်း ထင်ဟပ်နေသည်။
"မင်း နောက်ဆုံးတော့ သခင်လေးခုနစ်ဖရိုဖရဲ ဖြစ်လာဖို့ ရွေးချယ်ပြီး ပြန်လာခဲ့ပြီပေါ့" သူတို့က ပြုံးလျက် ခနဲ့ကြသည်။
ချင်မူ၏ မျက်နှာကား တည်ငြိမ်အေးဆေးနေသည်။ သူ၏ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်၍ ညာလက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
"အားလုံးပဲ…. မှတ်မိကြသေးလား… ဖရိုဖရဲမြစ်ပေါ်မှာ ခင်ဗျားတို့အားလုံးကို ခေါင်းတလားထဲ ထည့်ပစ်မယ် ပြောခဲ့ဖူးတယ်"
သူက လက်ချောင်းငါးချောင်းကို ဖြန့်လိုက်၏။ "ဒီနေ့ ကျုပ် ကတိကို တည်ဖို့ လာခဲ့တာပဲ”
ဘုန်း…
မီးတောက်များထဲတွင် တာအိုသစ်ပင်တစ်ပင်ပြီးတစ်ပင် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များ၏ ဒေါသတကြီး ဟိန်းဟောက်သံများ ဆူညံသွားပြီး အားလုံး အရပ်လေးမျက်နှာသို့ ထွက်ပြေးကြ၏။ သူတို့၏ တာအိုသစ်သီးများမှ တာအိုအလင်းတန်းများ ဖြန့်ကျက်ကာ ဖရိုဖရဲ မီးပင်လယ်ကို ထိုးဖောက်သွားသည်။ သို့သော် ဧရာမ ဘ၀ပြန်ဝင်စားခြင်းလှည်းဘီးကြီးတစ်ခု ဖွဲ့တည်လာကာ သူတို့အားလုံးကို ဘ၀ပြန်၀င်စားခြင်းသံသရာထဲသို့ ဆွဲသွင်းလိုက်သည်။
သူတို့၏ တာအိုသစ်ပင်များမှာ မီးပင်လယ်ထဲတွင် တိတိရိရိ ဖြတ်တောက်ခံလိုက်ရကာ သစ်သားပြားများအဖြစ် ပြောင်းလဲသွားသည်။ သစ်သားပြားများအပေါ်တွင် ထူးဆန်းသော သင်္ကေတများက တဖျတ်ဖျတ် လင်းလက် တောက်ပနေ၏။
ဖရိုဖရဲသင်္ကေတ ယွမ်
ဘုန်း ဘုန်း ဘုန်း
တာအိုသစ်ပင်မှ ဖွဲ့တည်လာသော သစ်သားပြားများသည် ဖရိုဖရဲမီးပင်လယ်ထဲတွင် ပေါင်းစည်းသွားကြ၏။ တာအိုသစ်ပင်၏ အကိုင်းအခက်များက သစ်သားသံချောင်းများအဖြစ် ပြောင်းလဲကာ ခေါင်းတလားများထဲသို့ တစ်ခုပြီးတစ်ခု စိုက်ဝင်သွားကြသည်။
စကြဝဠာခေတ်အသီးသီးမှ တာအိုသိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ထိုခေါင်းတလားများ၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်။ သူတို့အားလုံး စူးစူးဝါးဝါး အော်ဟစ်လျက် ခေါင်းတလားများထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ဧရာမ ခေါင်းတလားအဖုံးများက ပျံတက်လာပြီး ခေါင်းတလားပေါ်သို့ ဆင်းသက်၍ သစ်သားသံတို့သည် ခေါင်းတလားအဖုံးများကို ရိုက်နှက် ချိတ်ပိတ်လိုက်၏။
ဖရိုဖရဲမီးပင်လယ်ထဲတွင် တာအိုသိုင်းပညာရှင်များ၏ တာအိုလက်နက်အားလုံး အရည်ပျော်သွားပြီး မီးပင်လယ်ထဲတွင် ဖြတ်သန်းသွားလာနေသော သံကြိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ သံကြိုးများက ခေါင်းတလားတစ်လုံးချင်းစီကို ထိုးဖောက်ချည်နှောင်လိုက်လေသည်။
"ငါက ဖရိုဖရဲပဲ"
ချင်မူက သမီးဖြစ်သူ ချင်လင်ယွင်လေးကို ပခုံးတွင် တင်လျက် မီးပင်လယ်ထဲသို့ လျှောက်သွားသည်။ သူ့အနောက်ရှိ ခေါင်းတလားများက သံကြိုးများ၏ ဆွဲယူမှုကြောင့် သူ့နောက်သို့ မြောလွင့်လိုက်ပါလာ၏။ "ငါ အတိတ်ပြန်ပြီး ပထမစကြဝဠာဆီ ရောက်လာတဲ့အချိန်မှာ ငါဟာ ပြိုင်ဘက်ကင်း ဖြစ်နေပြီ"
ခေါင်းတလားများထဲမှ တဝုန်းဝုန်း မြည်သံများ ဆူညံ့နေသည်။ စကြဝဠာအသီးသီးမှ တာအိုသိုင်းပညာရှင်များ ရုန်းကန်နေခြင်းဖြစ်ပြီး ခေါင်းတလားများကို ချိုးဖျက်ထွက်ပြေးရန် ကြိုးစားနေခြင်းပင်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံများက အလွန်တရာ ခိုင်မာမြင့်မား၏။ လမ်းတွင် ချင်မူတို့ဇနီးမောင်နှံကို တားဆီးခဲ့သည့် တာအိုသိုင်းပညာရှင်များကား သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ သူတို့၏ စွမ်းအားက မီလော့နန်းတော်၏ ခန်းမသခင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
သို့သော် သခင်လေးဖရိုဖရဲ ဖြစ်နေသော ချင်မူနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ သူတို့မှာ များစွာ နိမ့်ကျနေသေးလေသည်။
"ခင်ဗျားတို့ ရုန်းကန်စရာ မလိုပါဘူး…. ကျုပ် ဒီနေရာဟင်းလင်းပြင်ထဲမှာ မဟာပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးတောင် မဖျက်ဆီးနိုင်တဲ့ နေရာတစ်ခု ဖန်တီးမယ်… အမှိုက်ပစ်တဲ့ နေရာအဖြစ် သုံးမယ်"
ချင်မူ လက်မြှောက်လိုက်သည့်အခါ ပျက်စီးနေသော အန္တိမဟင်းလင်းပြင်ရှိ ဧရာမနေရာကွက်လပ်ကြီးတစ်ခု ရုတ်တရက် ငြိမ််သက်သွားသည်။ ခေါင်းတလားများက ချင်မူတို့သားအဖကို ဖြတ်သန်း၍ ထိုနေရာသို့ ပျံသန်းသွားကြလေသည်။
"ကျုပ်က ခင်ဗျားတို့ကို မဟာပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးကနေ ကာကွယ်ပေးဖို့ ကြိုးစားနေတာ မဟုတ်ဘူး…. တကယ်တော့ ဒီနေရာဟာ မွေးဖွားခြင်းကပ်ဘေးရဲ့ စွမ်းအားကို အဆပေါင်းများစွာ လျှော့ချပြီး နှစ်အရေအတွက်တစ်ခု ကြာအောင် နှောင့်နှေးထားစေတဲ့ နေရာတစ်ခုပဲ"
ချင်မူက ခေါင်းတလားများ လွင့်မျောသွားသည်။ ကြည့်ရှုနေသည်။ သူ၏ အသံမှာ တာအိုအသံအဖြစ်သို့ ပြောင်းလဲသွားပြီး ခေါင်းတလားများထဲရှိ တာအိုသိုင်းပညာရှင်တို့၏ နားထဲသို့ ဖြည်းဖြည်းမှန်မှန် ဝင်ရောက်သွား၏။
"မွေးဖွားခြင်းကပ်ဘေးက ခင်ဗျားတို့အနောက်ကို အမြဲတမ်း လိုက်နေလိမ့်မယ်… ခင်ဗျားတို့ရဲ့ အနာဂတ်ကို အကြိမ်ကြိမ် ဖျက်ဆီးနေပြီး ခင်ဗျားတို့ရဲ့ သေခြင်းတရား တဖြည်းဖြည်း နီးကပ်လာတာကို ကြည့်နေရလိမ့်မယ်… မွေးဖွားခြင်းကပ်ဘေးက ခင်ဗျားတို့ကို ခေါင်းတလားနဲ့အတူ တစ်သားတည်း ဖြစ်သွားစေပြီး ခင်ဗျားတို့ ဘယ်တော့မှ မလွတ်မြောက်နိုင်အောင် လုပ်လိမ့်မယ်… အဲဒါက ခင်ဗျားတို့ကို တစတစ သတ်ပစ်လိမ့်မယ်”
"ပြီးတော့ ဒီဖြစ်စဉ်ဟာ နှစ်ကုဋေပေါင်းထောင်ချီ ကြာမြင့်လိမ့်မယ်”
"ခင်ဗျားတို့က ကျုပ်တို့သားအဖကို ခွဲခဲ့တယ်…. သားအမိကို မတွေ့ရအောင် လုပ်ခဲ့တယ်.. ကျုပ်တို့လင်မယားကိုလည်း ခွဲခဲ့တယ်… ဒါက ခင်ဗျားတို့အတွက် ကျုပ်ရဲ့ ပြစ်ဒဏ်ပဲ"
ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသည် အချိန်ကျသည်နှင့် ဖြစ်ပေါ်လာ၏။ မီလော့နန်းတော်အရှင်သခင်က မှော်စွမ်းအင်ကို အသံအဖြစ် ပြောင်းလဲလိုက်ရင်း စကြဝဠာတစ်ခုလုံးမှ တာအိုသိုင်းပညာရှင်များနှင့် တန်ခိုးရှင်အားလုံးကို ဆင့်ခေါ်သည်။ ကောင်းကင်ဘုံအားလုံးမှ သက်ရှိသတ္တဝါတို့အား ဘိုးဘေးနန်းတော်သို့ ခေါ်ဆောင်ကာ လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ တက်ရောက်စေသည်။ ရွှေသင်္ဘောကို အသုံးပြု၍ မဟာပျက်စီးခြင်းကပ်ဘေးကို ဖြတ်ကျော်၏။
ဤမြင်ကွင်းမှာ အလွန်တရာ ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပင်။ လောကပေါင်းကူး ရွှေသင်္ဘောပေါ်တွင် ရွှေရောင်နန်းဆောင်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ နန်းဆောင်များ၏ အတွင်းပိုင်းက ကောင်းကင်ဘုံများအလား ထည်ဝါနေပြီး သက်ရှိအားလုံး ရှင်သန်ရန် လိုအပ်သည့် ပတ်ဝန်းကျင် ပါရှိ၏။
ပထမစကြ၀ဠာသည် နှိုင်းယှဉ်မရနိုင်အောင် ထွန်းတောက်ပြောင်မြောက်ခဲ့သော ခေတ်တစ်ခေတ် ဖြစ်သည်။ ဤစကြဝဠာ၏ အမြင့်ဆုံးတိုးတက်မှုအခြေအနေအား ထာဝရငြိမ်းချမ်းရေးအင်ပါယာပင်လျှင် မယှဉ်နိုင်ပေ။ ဤစကြဝဠာ၏ ကြွယ်၀မှုအားလုံးကို အသုံးပြု၍ မီလော့နန်းတော်အရှင်သခင် တည်ဆောက်ထားသော ရွှေသင်္ဘောမှာ ပေါ့သေးသေး မဟုတ်ချေ။
မဟာပျက်စီးခြင်းကပ်ဘေး ကျရောက်လာသည့်အချိန်တွင် ဧရာမရွှေသင်္ဘောက သိပ်သည်းအားကောင်းနေသော ဖရိုဖရဲမြစ်တစ်လျှောက် ဖြတ်သန်းသွားရင်း မရဏလေပူနှင့် လေအေးတို့ကို ခုခံကာ မြစ်ရေပြင်ကို ဖောက်ထွက်၍ ဖရိုဖရဲမြစ်ပေါ်တွင် ရွက်လွှင့်သွားသည်။ မီလော့နန်းတော်အရှင်သခင်မှာ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ချေ။
ရွှေသင်္ဘောကား မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ဖျက်ဆီးမခံရခဲ့ပေ။
သူသည် အက်ကွဲနေသောအသံဖြင့် သံရှည်ဆွဲလျက် ဟားတိုက်ရယ်မောလိုက်၏။ ရယ်သံမရပ်တန့်ငခ် လောကပေါင်းကူးရွှေသင်္ဘောအပေါ်မှ တာအိုသိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်၏ တာအိုသစ်ပင်များ ပြာကျသွားပြီ တာအိုသစ်သီးများ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင်မှ သူ၏တာအိုမိတ်ဆွေများသည် ရွှေသင်္ဘော မဟာပျက်စီးခြင်းကပ်ဘေးကို စတင်ဖြတ်သန်းခဲ့စဉ်ကတည်းက အရိုးစုများအဖြစ် ပြောင်းလဲသွားခဲ့သည်ကို သတိထားလိုက်မိ၏။
မီလော့နန်းတော်အရှင်သခင် ကြက်သေသေသွားသည်။ သင်္ဘောဦးတွင် ရပ်လျက် တာအိုမိတ်ဆွေများ၏ အရိုးစုများ ကြေမွ ပျက်စီးသွားသည်ကို ငေးကြည့်နေ၏။
ရုတ်တရက် သူက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ပြီး ရွှေသင်္ဘောပေါ်မှ နန်းဆောင်များဆီသို့ ပြေးဝင်သွားတော့သည်။
ပထမဆုံး နန်းဆောင်မှာ ဗလာကြီးပင်။ နန်းဆောင်ထဲမှ အရာအားလုံး ဖျက်ဆီးခံလိုက်ရပြီး ဖရိုဖရဲချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဒုတိယမြောက် နန်းဆောင်မှာလည်း လစ်ဟင်းနေသည်။
တတိယမြောက် နန်းဆောင်တွင်လည်း မည်သည်မှ မရှိချေ။
မီလော့နန်းတော်အရှင်သခင်မှာ အရူးကြီးသဖွယ် နန်းဆောင်တစ်ခုပြီးတစ်ခုထဲသို့ ပြေးဝင်လိုက်၊ ထွက်လိုက်ဖြင့် ပျာယာခတ်နေသည်။ သူ၏အော်ဟစ်သံများက သည်းခြေပျက်နေသယောင်ပင်။ အော်သံထဲတွင် မည်သည့် စကားလုံးမှ မပါဝင်ချေ။ မည်သည့် တာအိုမှ မပါဝင်ဘဲ ခြောက်ကပ်ကပ် အော်ဟစ်သံများသာ ဖြစ်နေ၏။
သူသည် နှိုင်းယှဉ်မရနိုင်အောင် ပြင်းထန်သော တာအိုဒဏ်ရာ ရသွားသကဲ့သို့ ရွှေနန်းဆောင်များထဲသို့ အကြိမ်ကြိမ် ပြေးဝင်နေသည်။ အချို့ ရွှေနန်းဆောင်များဆိုလျှင် တစ်ကြိမ်မက ဝင်ရောက်ပြီး ဖြစ်သည်။
"ဖေဖေ၊ သူ ဘာလုပ်နေတာလဲဟင်" ဖရိုဖရဲမြစ်ထဲတွင် ချင်လင်ယွင်လေးက သူမ၏ ဖခင်ကို မော့ကြည့်ကာ မေးလိုက်သည်။
"သူ့ရဲ့ တာအိုနှလုံးသားနဲ့ ခံယူချက်ကို ရှာနေတာ"
ချင်မူလည်း ဤမြင်ကွင်းကို အဝေးမှ လှမ်းကြည့်ရင်း ခေါင်းငုံ့ကာ ချင်လင်ယွင်၏ အမေးကို ဖြေ၏။ "သူ့ရဲ့ တာအိုနှလုံးသား ပြိုလဲသွားပြီ… ခံယူချက်တွေ ပြိုလဲသွားပြီကွယ့်် … အဲဒါကြောင့် ပြန်ရှာချင်နေတာ… ဖြစ်နိုင်တာက အနာဂတ်မှာ အဖေလည်း သူ့လိုပဲ ခံယူချက်နဲ့ တာအိုနှလုံးသားကို ပြန်ရှာရလိမ့်မယ်"
မီလော့နန်းတော်အရှင်သခင်မှာ အကြိမ်ကြိမ် ရှာဖွေနေသော်လည်း ရွှေသင်္ဘောပေါ်တွင် သူ တစ်ယောက်တည်းသာ ကျန်ရစ်တော့ချေသည်။ နောက်ဆုံးတွင် သူက စိတ်ပျက်အားလျော့စွာ ထိုင်ချလိုက်ပြီး ဖရိုဖရဲမြစ်အား ကြောင်တောင်တောင် ငေးကြည့်နေတော့သည်။
လောကပေါင်းကူးရွှေသင်္ဘောမှာ ဖရိုဖရဲမြစ်နှင့်အတူ မြောပါသွားသည်။ မဟာပျက်စီးခြင်းကပ်ဘေးမှာ ပြင်းထန်နေသော်လည် သင်္ဘောနှင့် သူ့အား အနည်းငယ်မျှပင် လှုပ်ခတ်မသွားစေနိုင်ချေ။
မီလော့နန်းတော်အရှင်သခင်၏ တာအိုနှလုံးသားမှာ ပျက်စီးသွားခဲ့ပြီး ပျက်စီးခြင်းလမ်းစဉ်သို့ ၀င်ရောက်တော့မည့်အလားပင်။
ဤအခိုက်အတန့်တွင် အမျိုးသားတစ်ဦးက ကလေးမလေးတစ်ဦးကို လက်ဆွဲလျက် ရွှေသင်္ဘောပေါ်သို့ တက်လာ၏။
မီလော့နန်းတော်အရှင်သခင်က အသက်မရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။ နားထင်ဖြူနေသော ပုဂ္ဂိုလ်က သူ့ကို တပည့်တစ်ဦး၏ ဟန်ပန်ဖြင့် အရိုအသေ ပေးလိုက်သည်။
"အနာဂတ်က လာတဲ့ ဧည့်သည်လား"
မီလော့နန်းတော်အရှင်သခင်က ပြန်လည် အရိုအသေပေးကာ မေးသည်။ "မင်းတို့ဆီက ဒီစကြဝဠာနဲ့ မသက်ဆိုင်တဲ့ အရာတွေ ငါ မြင်နေရတယ်… မင်းတို့ဟာ အချိန်ကို အကြာကြီး ဖြတ်သန်းခဲ့တဲ့ပုံပဲ... အနာဂတ်က လာတာလား"
"ဆရာ၊ ကျွန်တော်က ဆရာ့ရဲ့ ခုနစ်ယောက်မြောက် တပည့် ဖရိုဖရဲပါ"
ချင်မူက ပြော၏။ “ဆရာ့ကို တွေ့ဖို့ ဒီ ပြန်လာခဲ့တာပါ"
မီလော့နန်းတော်အရှင်သခင်မှာ သူတို့ကို ငေးကြည့်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်။ "အနာဂတ်က အဆင်ပြေရဲ့လား"
"အနာဂတ်က အဆင်ပြေပါတယ်” ချင်မူက ပြုံးလျက် ဖြေ၏။
မီလော့နန်းတော်အရှင်သခင် တိတ်ဆိတ်သွားသည်။ သူ၏ ပျက်စီးနေသော တာအိုနှလုံးသားမှာ တဖြည်းဖြည်း ပြန်လည် သက်သာလာသည်။ သူ၏ အတွေးများ ပြန်လည်တည်ငြိမ်လာပြီး သူက ယိုင်နဲ့နဲ့ ထလျက် ရွှေနန်းဆောင်များအထဲသို့ ဝင်သွားကာ အတိတ်မှ မိတ်ဆွေများ၊ သက်ရှိများနှင့် အချိန်ကာလများအား လွမ်းဆွတ်တမ်းတနေသည်။
အချိန်အတော်ကြာပြီးနောက် သူ ရွှေနန်းဆောင်မှ ထွက်လာသည့်အခါတွင် သူ၏ ခုနစ်ယောက်မြောက်တပည့်နှင့် ကလေးမလေးမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
မီလော့နန်းတော်အရှင်သခင်မှာ ဇဝေဇ၀ါ ဖြစ်နေ၏။
မဟာပျက်စီးခြင်းကပ်ဘေးပြီးနောက် မွေးဖွားခြင်းကပ်ဘေး ကျရောက်လာသည်။
မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်လာသည့်အခါ ထိုက်ငါးပါး ဆင့်ကဲပြောင်းလဲလာ၏။ ထိုက်ကျိမဟာတာအိုက ကောင်းကင်နှင့် မြေကြီး၏ တာအိုတစ်သောင်းအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီးနောက် စကြဝဠာအသစ်တစ်စင်း မွေးဖွားလာသည်။
အနန္တအဘိုးအိုသည် လောကသစ်ပင်အောက်ရှိ နဂါးသွဲ့ရေကန်ထဲတွင် ထိုင်နေ၏။ သူက ပျင်းရိပျင်းတွဲဖြင့် ကမ္ဘာဦးဖရိုဖရဲရေကြည်ကို ခပ်ယူရင်း ချေးတွန်းနေသည်။ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတို့မှာ ကြီးကျယ်ခမ်းနားသော်လည်း သူ့ကို အမြဲတမ်း ဖုန်မှုန့်များ ပေကျံစေ၏။
"တာအိုမိတ်ဆွေ အနန္တ"
အနန္တအဘိုးအိုမှာ ဤအသံကို ကြားသောအခါ နဂါးသွဲ့ရေကန်ထဲမှ ခေါင်းပြူထွက်လာပြီး အပြင်သို့ ကြည့်လိုက်သည်။ နားထင်ဖြူနေသော အမျိုးသားတစ်ဦးက ကလေးမလေးတစ်ဦးကို လက်ဆွဲလျက် လျှောက်လာသည်အား တွေ့လိုက်ရ၏။ သူက အလျင်အမြန် နဂါးသွဲ့ရေကန်ထဲမှ ခုန်ထွက်လျက် အဝတ်အစားများကို ကပျာကယာ ဝတ်လိုက်ရင်း ခပ်ဟဟရယ်လျက် ပြောလိုက်သည်။ "ငါ မင်းကို မှတ်မိတယ်…. မင်းက ဒီစကြဝဠာက မဟုတ်ဘူး… မင်း ဖရိုဖရဲထဲကနေ ခုန်ထွက်လာတာကို ငါ တွေ့လိုက်တယ်"
"ကျွန်တော်က မီလော့နန်းတော်အရှင်သခင်ရဲ့ ခုနစ်ယောက်မြောက်တပည့် ဖရိုဖရဲပါ… အနာဂတ်မှာ တာအိုနောင်တော်ဆီကနေ အကျိုးအမြတ် ရမှာမလို့ လာပြီး ကျေးဇူးတင်တာပါ"
လူငယ်က ပြုံးသည်။ "တာအိုနောင်တော်က အနာဂတ်မှာ ကျွန်တော့်ကို ကူညီခဲ့တယ်…. ကျွန်တော်က ပြန်ပေးစရာ မရှိပါဘူး… နောင်တော့်အပေါ် အကြွေးတင်နေတာဆိုတော့ အတိတ်ပြန်လာပြီး အကြွေးစာချုပ် လာရေးပေးတာပါ"
အနန္တအဘိုးအိုက ပြုံး၏။ "မင်းက မီလော့ရဲ့ တပည့်ကိုး… ငါက ဘယ်လို အဆင့်မျိုး ရှိလဲ… ဝါအရဆို မီလော့တောင် ငါ့ကို စီနီယာ ခေါ်ရမှာ… မင်းရဲ့ အကြွေးစာချုပ်ကို ဘာလို့ လိုမှာတုန်း… ငါက မင့်သား မဟုတ်ဘူး… ထားလိုက်… ထားလိုက်… အကြွေးစာချုပ် မလိုပါဘူး"
ချင်မူ၏ မျက်နှာထားက ဖော်ရွေနေသည်။ "တာအိုနောင်တော်၊ လက်ခံထားလိုက်တာ ကောင်းလိမ့်မယ်…. အနာဂတ်မှာ အသုံးဝင်ကောင်း ဝင်လာနိုင်တယ် မဟုတ်လား"
သူ အကြွေးစာချုပ်ကို ရေးပေးလိုက်ရာ အနန္တအဘိုးအိုက ဖြစ်သလို လက်ခံထားလိုက်သည်။ ချင်မူက ထိုမြင်ကွင်းကို မြင်လျှင် သတိပေး၏။ "တာအိုနောင်တော်၊ ဒီအကြွေးစာချုပ်က မဟာပျက်စီးခြင်းကပ်ဘေးနဲ့ မွေးဖွားခြင်းကပ်ဘေးကို မကျော်ဖြတ်နိုင်ဘူး… သစ်ပင်အမြစ်ထဲမှာ သိမ်းထားတာ အကောင်းဆုံးပဲ"
အနန္တအဘိုးအိုက ပြောသည့်အတိုင်း လုပ်ပြီးနောက် ပြုံးလိုက်သည်။ "မင်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲကွ"
သူက ချင်မူ့ဘေးမှ ကလေးမလေးကို ကြည့်ပြီး အင်မတန် ချစ်စရာကောင်းသည်ကို တွေ့လိုက်ရ၏။ "ငါ ပထမစကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးတုန်းက မင်းဘေးမှာ ကလေးမလေးတစ်ယောက် တွေ့လိုက်တယ်… သူ လား… ဘာလို့ ကြီးမလာသေးတာလဲ"
ချင်မူ ပြုံးသည်။ "သူက အနာဂတ်မှာ မွေးဖွားခဲ့တာလေ …. မဟာပျက်စီးခြင်းကပ်ဘေးကို စုပ်ယူပြီး အသက်ရှင်ရတယ်… နောက်ပိုင်း မဟာပျက်စီးခြင်းကပ်ဘေးတချို့ရဲ့ စွမ်းအားကို စုပ်ယူပြီးသွားပြီ.. . ပထမစကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေး စွမ်းအားကိုတော့ မွေးဖွားပြီးမှ စတင် စုပ်ယူခဲ့တာ… ဒါကြောင့် ပထမခေတ်မှာပဲ ကြီးထွားနိုင်တာ"
"ဒီလို ထူးဆန်းတာမျိုးလည်း ရှိသေးတာလား"
အနန္တအဘိုးအိုမှာ အံ့ဩသွားသည်။ ချင်မူ၏ စကားပြောပုံက သာမန်ထက် ထူးကဲသည်ကို တွေ့ရသဖြင့် စိတ်ဝင်စားသွား၏။ အချိန်ကြာကြာ စကားပြောလေလေ ဤလူမှာ သာမန်လူ မဟုတ်ကြောင်း ပိုမို ခံစားမိလေလေပင်။
ချင်မူက ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ဤ ကျယ်ပြန့်သော ဘိုးဘေးနန်းတော်တွင် လူသူ ကင်းမဲ့နေ၏။ ထိုက်ငါးပါးသာ စုစည်းနေပြီး ထိုက်ငါးပါးနတ်ဘုရားများက မွေးဖွားလာရန် စောင့်နေကြသည်။
"ကြည့်မနေနဲ့တော့… မင်းအတွက် ဝေစု မရှိဘူး"
အနန္တအဘိုးအိုက ပြုံး၏။ "မီလော့က အဲဒီနေရာကို စောင့်ကြပ်နေတာကြာပြီ… ပထမဆုံး ကျောက်သွေးကြောထဲက သတ္တဝါ မွေးဖွားလာတာနဲ့ သူ ယူသွားတာပဲ… ဟုတ်သား… မင်းလည်း အနာဂတ်က သူ့တပည့်ပဲ…. ဒါဆို အနာဂတ်မှာ ငါ ဘယ်လိုဖြစ်နေမလဲဆိုတာ မင်း သေချာပေါက် သိမှာပဲ… ဟုတ်တယ်မလား"
ချင်မူက တည်ကြည်လေးနက်စွာ ပြောသည်။ "အနန္တဘိုးဘေးကြီးရဲ့ မှော်စွမ်းအင်က အဆုံးမရှိတဲ့အတွက် စကြဝဠာခေတ်များစွာကို ထိုးဖောက်နိုင်ပါတယ်…. မရေမတွက်နိုင်တဲ့ တာအိုသိုင်းပညာရှင်တွေဟာ လက်နက်ချပြီး ကာကွယ်ပေးကြပါတယ်”
အနန္တအဘိုးအိုက ဟားတိုက် ရယ်မောလိုက်၏။ "မင်းက တကယ် အပြောကောင်းတာပဲ…. မီလော့မိသားစုရဲ့ ခုနစ်ယောက်မြောက် ညီဆိုတဲ့အတိုင်းပဲ… ငါ မင်းကို သိပ်သဘောကျတယ်"
မီလော့နန်းတော်အရှင်သခင်သည် ဒုတိယစကြ၀ဠာတွင် လောကထဲသို့ ဝင်ရောက်ပြီး အခြားသူများကို ကူညီကာ ကျင့်စဥ်၊ လမ်းစဥ်နှင့် ကောင်းကင်နတ်သိုင်းများ သင်ကြားပေးခဲ့။ လောကတွင် သက်ရှိသတ္တဝါများ တဖြည်းဖြည်း များပြားလာပြီး ရှေးဟောင်းနတ်ဘုရားများနှင့် မျိုးနွယ်စု အသီးသီးလည်း သူ့အနောက်သို့ လိုက်ပါ၍ ပညာသင်ကြားကြသည်။
မီလော့နန်းတော်အရှင်သခင်၏ ပထမဆုံးတပည့်မှာ ကောင်လေးတစ်ဦး ဖြစ်သော်လည်း မီလော့နန်းတော်အရှင်သခင်၏ အမွေအနှစ်ကို အမှန်တကယ် ဆက်ခံနိုင််ခဲ့သည်။ တစ်ရံတရံတွင် သူ့ဆရာကိုယ်စား သင်ကြားဟောပြောတတ်သည်။
ဤနေ့တွင် သူသည် ထူးဆန်းသော သားအဖကို တွေ့ခဲ့ရ၏။ သူက စူးစမ်းစွာ အကဲခတ်နေသော်လည်း သူတို့၏ ဇာစ်မြစ်ကို မပြောနိုင်ချေ။
မဟာဥသျှောင်မှာ တုန်လှုပ်သွားပြီး ထရပ်ကာ မေးလိုက်သည်။ "တာအိုနောင်တော်၊ ဘယ်က လာကြတာပါလဲ"
ချင်မူက အလျင်အမြန် ဖြေ၏။ "အစ်ကိုကြီးမဟာဥသျှောင်၊ ကျွန်တော်က အစ်ကိုကြီးရဲ့ ခုနစ်ယောက်မြောက် ညီလေး ဖရိုဖရဲပါ…. ဂိုဏ်းထဲ ဝင်တာ အစ်ကိုကြီးထက် နောက်ကျပါတယ်… တာအိုနောင်တော်ဆိုတဲ့ အခေါ်အဝေါ်နဲ့ မထိုက်တန်ပါဘူး"
မဟာဥသျှောင်မှာ နားမလည်ပေ။
ချင်မူက မေး၏။ "အစ်ကိုကြီးက ဘယ်ကနေ လာတာပါလဲ"
မဟာဥသျှောင် ဖြေသည်။ "ငါက ထိုက်ယီကျောက်သွေးကြောကနေ မွေးဖွားလာတာ…အစက ဥတစ်လုံးပဲ… ဆရာက ငါ့ကို ဉာဏ်အလင်း ပွင့်စေပြီး သူနဲ့အတူ ကျင့်ကြံဖို့ ခွင့်ပြုခဲ့တာ"
ချင်မူမှာ ရုတ်တရက် နားလည်သွားပြီး တဟားဟား ရယ်မောလိုက်သည်။
"ထိုက်ယီက သခင်လေးတစ် မဟာဥသျှောင်ကို ဘယ်တော့မှ အနိုင်မတိုက်နိုင်တာ ဒါကြောင့်ကိုး… မဟာဥသျှောင်ရဲ့ လက်ထဲမှာ အမြဲ အရေးနိမ့်နေရတာ… ဒီလိုကိုး…ဒီလိုကိုး"
နောက်ဆုံးတွင် ပြဿနာ၏ သော့ချက်ကို သဘောပေါက်သွား၏။ ထိုက်ယီသည် တျန်းတုအရှင်သခင်၏ မူလဝိညာဉ် ဖြစ်ကာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာခေတ်မှ ထိုက်ယီ၏ ရုပ်ခန္ဓာကို ၀င်ပူးခဲ့သည်။ ၀င်ပူးခဲ့ခြင်း ဖြစ်သောကြောင့် ထိုက်ယီတာအိုအပေါ် သိမြင်နားလည်မှုနှင့် အသုံးချမှုတို့က အမြဲတမ်း အနည်းငယ်မျှ လိုအပ်နေခဲ့သည်။ မဟာဥသျှောင်ကြောင့် အကြိမ်ကြိမ် ချုပ်နှောင်ခံရတတ်သည်။ နောက်ဆုံးတွင် ဖမ်းဆီးခံရပြီး တာအိုအသုဘ နတ်ခေါင်းတလားထဲသို့ အထည့်ခံလိုက်ရ၏။
"အစ်ကိုကြီး၊ ဆရာက အစ်ကိုကြီးကို အဆုံးသတ်မြို့ပျက်ဆီ သွားကြည့်ဖို့ ခေါ်သွားဖူးလား" ချင်မူက ပြုံးစစဖြင့် မေးလိုက်သည်။
သူ၏ အပြုံးမှာ ကောက်ကျစ်စဉ်းလဲသည်ဟု မဟာဥသျှောင် ခံစားမိသော်လည်း သူ၏ညီလေး ဖြစ်သည် မဟုတ်ပါလော။ သူ့ကို အန္တရာယ်ပေးလိမ့်မည် မဟုတ်ချေ။
သူက ခေါင်းခါ၍ ဖြေ၏။ "ဟင့်အင်း"
"ဘာလို့ သွားမကြည့်တာလဲ" ချင်မူက စိတ်ရှည်စွာ မေးလိုက်သည်။