ချင်မူ၊ တျန်းတု နှင့် ထိုက်ယီ
Vol. 142 Ch. 1830
ချင်မူ၏ လှုံ့ဆော်မှုကြောင့် မဟာဥသျှောင်သည် အဆုံးသတ်မြို့ပျက်သို့ အမှန်တကယ် သွားကြည့်ခဲ့၏။ ဒုတိယစကြဝဠာ၏ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲသို့ မတော်တဆ ခြေချော်ကျကာ သေလုနီးပါး ဒုက္ခရောက်သွားခဲ့သည်။
မီလော့နန်းတော်အရှင်သခင်က သတင်းကြားသည့်အခါ အလျင်အမြန် လာရောက်ကယ်တင်သည်။ ရိုးသားလှသော မဟာဥသျှောင်မှာ ရုပ်ချင်းချွတ်စွတ်တူသည့် ကလေးမလေးနှစ်ဦးအား လက်တစ်ဖက်စီတွင် ပွေ့ထားသည်အား တွေ့လိုက်ရ၏။ သူတို့က ဉာဏ်ကောင်းလှသည့် အဆုံးသတ်မြို့ပျက် နတ်ဘုရားမနှစ်ဦးပင်။
"မင်းကို ဘယ်သူက ဆင်းခိုင်းလို့တုန်းကွ"
မီလော့နန်းတော်အရှင်သခင်ကား ဆူသည်။ "ဒီနေရာက ဘယ်လောက် အန္တရာယ်များလိုက်သတုန်း… မင်းရဲ့ အခု လက်ရှိအစွမ်းအစနဲ့ ဆင်းသွားရင် အသက်ရှင်မှာ မဟုတ်ဘူး"
မဟာဥသျှောင်လည်း အဆုံးသတ်မြို့ပျက် နတ်ဘုရားမ ပေါက်စလေးများကို ချထားလိုက်ပြီး ခေါင်းငုံ့ကာ အမှားဝန်ခံသည်။ "ညီခုနစ်က ကျွန်တော့်ကို သွားကြည့်ခိုင်းလို့ပါ ဆရာ…. ညီခုနစ်တို့သားအဖ ခုနကလေးတင် ဒီမှာ ရှိနေသေးတယ်..."
သူက ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း ချင်မူတို့ သားအဖ၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
"ငါ အလိမ်ခံလိုက်ရတာလား" မဟာဥသျှောင် ခေါင်းကုတ်လိုက်မိသည်။
မီလော့နန်းတော်အရှင်သခင်မှာ မျက်နှာပျက်သွားပြီး လေးနက်စွာ သတိပေးလိုက်သည်။ "မင်းရဲ့ ညီခုနစ်က အစစ်အမှန် ဆိုပေမယ့် သူ့မှာ ဆိုးသွမ်းတဲ့ သဘာဝတချို့ ရှိနေတာ ငါ တွေ့ခဲ့ရတယ်…. လူကောင်းတစ်ယောက်နဲ့ မတူဘူး… အနာဂတ်မှာ မင်း သူ့ကို ထပ်တွေ့နိုင်သေးတယ်…. သူ့ဆီကနေ လုံး၀ ဝေးဝေးနေရမယ် ကြားလား"
မဟာဥသျှောင်မှာ သေရွာမှ ပြန်လာသူပီပီ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
မီလော့နန်းတော်အရှင်သခင်လည်း အဆုံးသတ်မြို့ပျက် နတ်ဘုရားမလေး နှစ်ဦးကို ကြည့်လိုက်ပြီး သူတို့၏ ထူးခြားမှုကို ချက်ချင်း သတိထားမိသွားသည်။ သူက ပြော၏။ "မင်းတို့နှစ်ယောက်က တကယ်တော့ တစ်ယောက်တည်းပဲ… စိတ်တစ်ခု၊ ခန္ဓာနှစ်ခု၊ တာအိုတစ်ခုတည်းနဲ့ အသုံးဝင်ပုံနှစ်မျိုးပဲ… ကိုယ့်ကိုယ်ကိုယ် လူနှစ်ယောက်လို့ ဘယ်တော့မှ မထင်လိုက်နဲ့… လူနှစ်ယောက်လို့ ထင်လိုက်တာနဲ့ ပြဿနာတွေ သေချာပေါက် ပေါ်လာလိမ့်မယ်…. အခုကစပြီး မင်းတို့ ငါနဲ့အတူ လိုက်ကျင့်ကြံကြတော့”
နတ်ဘုရားမလေးနှစ်ဦးသည် ကောင်းချီရသွားသဖြင့် ချက်ချင်း ဦးညွှတ် အရိုအသေပေးလိုက်ကြ၏။ "ဆရာ့အနေနဲ့ နာမည် ပေးတော်မူပါ"
"ရှင်သန်ခြင်းတစ်ခု သေဆုံးခြင်းတစ်ခု… တာအိုက အဆုံး မရှိဘူး… မင်းတို့ကို အနန္တ (ဝူကျိ) လို့ ခေါ်စေမယ်"
မီလော့နန်းတော်အရှင်သခင်က သတိပေး၏။ "မင်းတို့ရဲ့ မောင်ခုနစ် ဖရိုဖရဲကို သတိထား ကြားလား.. သူ လှည့်ဖြားတာ မခံရစေနဲ့"
မိန်းကလေးနှစ်ဦးလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ "ဆရာ၊ ကျွန်မတို့က ဉာဏ်ကောင်း ပါးနပ်ပါတယ်… ဘယ်သူက ကျွန်မတို့ကို လှည့်ဖြားနိုင်မှာလဲ"
မီလော့နန်းတော်အရှင်သခင်က ခေါင်းခါလိုက်ပြီး စိတ်မသက်မသာ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် နှလုံးသားထဲ၌ အနည်းငယ် ထူးဆန်းနေသည်။ ‘အနာဂတ်မှာ ငါ ဘယ်လိုလုပ် ဒီလို တပည့်မျိုး လက်ခံလိုက်ရတာလဲ… သူက လုပ်ချင်ရာ လုပ်တတ်လွန်းတယ်… သတိပေး ဆုံးမမှ ဖြစ်မယ်’
သူ ချင်မူ့ကို သွားရှာသည်။ ချင်မူသည် ဒုတိယစကြဝဠာ၏ ကြယ်တာရာကောင်းကင်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။ အိပ်မက်ကမ္ဘာတို့က ဖရိုဖရဲထဲမှ ပျံ့လွင့်ထွက်လာပြီး စကြဝဠာငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖရိုဖရဲ၏ သမီးတော်မှာ ထိုစကြဝဠာများထဲတွင် ဖြတ်သန်းသွားလာရင်း ပျော်ရွှင်စွာ ဆော့ကစားနေလေသည်။
မီလော့နန်းတော်အရှင်သခင်က အိပ်မက်ကမ္ဘာအရှေ့တွင် ရပ်နေသည်။ ရုတ်တရက် စကြဝဠာတစ်ခုထဲမှ တာအိုသိုင်းပညာရှင် ချင်မူတစ်ယောက်က ခေါင်းပြူထွက်လာသည်။ မီလော့နန်းတော်အရှင်သခင်က ပြုံးလျက် ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။ သို့သော် ထိုတာအိုသိုင်းပညာရှင် ချင်မူက မည်သူမှ နားမလည်သော ဘာသာစကားဖြင့် သူ့အား စိုးရိမ်တကြီး အော်ဟစ်နေသည်ကို တွေ့လိုက်ရ၏။
မီလော့နန်းတော်အရှင်သခင်မှာ သူ ပြောနေသည်အား နားမလည်ချေ။ ရုတ်တရက် ထိုစကြဝဠာငယ်လေး ပျက်စီးသွားပြီး မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရ၏။ စကြဝဠာတစ်ခုလုံးရှိ ချင်မူအားလုံး ပြာကျသွားပြီး ဖရိုဖရဲများသာ ကျန်ရစ်တော့သည်။
ထိုတာအိုသိုင်းပညာရှင် ချင်မူမှာလည်း ပြာကျသွား၏။ သို့သော် မဟာခြုံလွှမ်းကောင်းကင်ဘုံ အပိုင်းအစများနှင့် ညှိုးနွမ်းနေသော တာအိုသစ်ပင်တို့ ကျန်ရစ်ခဲ့သည်။ ထို့နောက် မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်လာပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံ အပိုင်းအစများနှင့် ညှိုးနွမ်းနေသော တာအိုသစ်ပင်တို့မှာလည်း ပျက်စီး ပျောက်ကွယ်သွားကာ မတည်ရှိကြတော့ချေ။
မီလော့နန်းတော်အရှင်သခင်မှာ အတွေးနက်သွားပြီး ပြန်လှည့်သွားသည်။ ထိုအချိန်မှစ၍ မီလော့နန်းတော်တွင် စည်းကမ်းချက်တစ်ခု ရှိလာ၏။
သခင်လေးခုနစ် ဖရိုဖရဲ အိပ်နေလျှင် မည်သူမှ နှောင့်ယှက်ခြင်း မပြုရ။
သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခဲ့သဖြင့် ဒုတိယစကြဝဠာ ကြီးထွားနေဆဲမှာပင် မဟာပျက်စီးခြင်းကပ်ဘေးကို ရင်ဆိုင်ရန် စတင်ပြင်ဆင်ခဲ့သည်။
ဒုတိယစကြဝဠာသည် ရှည်လျားလှသောကြောင့် ဉာဏ်ကောင်း၍ အစွမ်းထက်သော ပုဂ္ဂိုလ်များစွာကို မွေးထုတ်ပေးခဲ့၏။ စိတ်ကို ကိုင်လှုပ်စေနိုင်သည့် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။ ၎င်း၏ ထူးကဲမှုက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာအောက် မနိမ့်ကျခဲ့ချေ။
မီလော့နန်းတော်အရှင်သခင်က တာအိုသင်ကြားပေးခြင်းတာဝန်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်သည်။ ပထမဆုံး ကျောက်စိမ်းမြို့တော်ကို စတင် တည်ဆောက်ခဲ့သည်။ လောကပေါင်းကူးရွှေသင်္ဘောမှာ လောကကို သယ်ဆောင်ကာ ပေါင်းကူးခြင်း ဖြစ်သည်။ ကျောက်စိမ်းမြို့တော်မှာမူ လောကကို ကာကွယ်ပေးခြင်း ဖြစ်၏။
သူက ကျောက်စိမ်းမြို့တော်ကို ပြီးပြည့်စုံအောင် တည်ဆောက်ရာတွင် အာရုံစိုက်ထားပြီး အပြင်လောကမှ ကိစ္စများကို ဂရုမစိုက်ခဲ့ပေ။ မဟာဥသျှောင်သည် တာအိုရရှိပြီးဖြစ်သဖြင့် သူ့ကိုယ်စား ကိစ္စများစွာ လုပ်ဆောင်ပေးနိုင်သည် မဟုတ်လော။
သို့သော် မဟာဥသျှောင်က သခင်လေးခုနစ်တို့ သားအဖအကြောင်း လာရောက် တိုင်ကြားတတ်၏။ သူတို့ သားအဖနှစ်ယောက် နေရာတကာ လှည့်ဖြားလိမ်ညာနေသည့် အကြောင်းများ ညည်းတွားတတ်သည်။
မီလော့နန်းတော်အရှင်သခင်လည်း အကြောင်းစုံကို မေးမြန်းလိုက်ရာ အားလုံးမှာ အသေးအဖွဲ ကိစ္စများသာ ဖြစ်ကာ ကြီးကြီးမားမား မရှိပေ။ သူက ပြော၏။ "သူ့ကို လျစ်လျူရှုထားလိုက်… သူက မင်းရဲ့ ညီလေးပဲဟာ … သူ့ကို သိပ်လည်း အမြင်စောင်းမနေပါနဲ့"
"သူက ကျွန်တော့်ထက် ဂိုဏ်းကို ဝင်တာ စောတယ်လေ… ဘာလို့ ညီလေးလို့ ခေါ်ရမှာလဲ"
မဟာဥသျှောင်က မကျေမနပ် ပြောသည်။ "သူ့ စွမ်းဆောင်ရည်က ကျွန်တော့်ထက် မြင့်တယ်…. အစ်ကိုကြီး ဖြစ်သင့်တာပေါ့"
"သူက အနာဂတ်က ပြန်လာတာ … ကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ ရင့်ကျက် တည်ငြိမ်နေပြီ… မင်းကသာ ပေါ့ပေါ့ဆဆနဲ့ စိတ်လိုလက်ရ လုပ်တုန်းပဲ"
မီလော့နန်းတော်အရှင်သခင်က ပြော၏။ "သူ လုပ်တဲ့ကိစ္စတွေကို ငါ ကြည့်တာတော့ လှည့်ဖြားလိမ်ညာနေသလို ထင်ရပေမယ့် အမှား မလုပ်ခဲ့ဘူး… မင်းကသာ ရည်ရွယ်ချက်ကောင်းပေမယ့် မကောင်းတဲ့ကိစ္စတွေ လုပ်တတ်တယ်… မင်း ညီလေးဆီကနေ ပိုပြီး သင်ယူသင့်တယ်"
ထို့နောက်တွင် မဟာဥသျှောင်မှာ အမှန်တကယ်ပင် များစွာ တည်ငြိမ်သွားခဲ့သည်။ ကိစ္စများကို အသေအချာ စဉ်းစားပြီးမှ လုပ်ဆောင်တော့၏။
ဒုတိယစကြဝဠာမှာ နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။
မီလော့နန်းတော်အရှင်သခင်က အားလုံးကို ကယ်တင်ချင်ခဲ့သော်လည်း ထပ်မံ ကျရှုံးခဲ့ပြန်သည်။ ကျောက်စိမ်းမြို့တော်ထဲတွင် မဟာဥသျှောင်အပါအဝင် တာအိုသိုင်းပညာရှင် အနည်းငယ်ကိုသာ ကာကွယ်နိုင်ခဲ့သည်။ သခင်လေးနှစ်မှာမူ အဆုံးသတ်မြို့ပျက်ထဲတွင် ပုန်းအောင်းနေခဲ့သဖြင့် မဟာပျက်စီးခြင်းကပ်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
မီလော့နန်းတော်အရှင်သခင်က စုတ်ပြတ်နေသော ကျောက်စိမ်းမြို့တော်ထဲမှ တစ်ယောက်တည်း ထွက်ခွာလာသည်။ မဟာပျက်စီးခြင်းကပ်ဘေး ဒုတိယစကြဝဠာအား ရက်စက်စွာ ဖျက်ဆီးနေသည်ကို ကြည့်ရင်း ကူကယ်ရာမဲ့သည့် ခံစားချက်ကို နက်ရှိုင်းစွာ ခံစားလာရ၏။
ထိုအချိန်တွင် သူက သူ၏ ခုနစ်ယောက်မြောက်တပည့် ဖရိုဖရဲက သူ့သမီးကို လက်ဆွဲကာ ဒုတိယစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် လွတ်လပ်စွာ သွားလာနေသည်ကို တွေ့လိုက်ရသည်။ ထိုကလေးမလေးက မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူနေလေသည်။
ဒုတိယစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ပထမစကြဝဠာ၌ မရှိခဲ့သော အရာများစွာ တည်ရှိနေသည်။ အမှိုက်စွန့်ပစ်ရာ နေရာတစ်နေရာ ရှိပြီး ဖရိုဖရဲဟင်းလင်းပြင် တစ်ခုလည်း ရှိနေ၏။
သားအဖနှစ်ယောက်မှာ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် အလုပ်ရှုပ်နေကြကာ မည်သည်တို့ လုပ်နေမှန်း မသိပေ။
မီလော့နန်းတော်အရှင်သခင်၏ သဘောထားကြီးမှုမှာ အံ့ဩဖွယ် ကောင်းလှသော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် ဒေါသထွက်လာမိသည်။ ချင်မူတို့ သားအဖကို သွားတွေ့ကာ ဝမ်းနည်းဒေါသဖြင့် မေး၏။ "မင်း အတိတ်ပြန်လာတာ ဘာလာလုပ်တာလဲ… ဘာလို့ မဟာပျက်စီးခြင်းကပ်ဘေး ဖြစ်နေတာကို ရပ်ကြည့်နေရတာလဲ .. ဘာလို့ လောကကို မကယ်တင်ခဲ့တာလဲ"
ချင်မူတို့သားအဖ ရပ်တန့်သွားသည်။ ချင်မူက အရိုအသေပေးလိုက်၏။ "ဆရာ၊ ကျွန်တော် ဒီတစ်ခေါက် လာတာက ဘေးကနေ ကြည့်ပြီး လူတချို့နဲ့ အရာတချို့ လာရှာတာပါ…ကျွန်တော် အတိတ်မှာ ဝင်မစွက်ဖက်ပါဘူး…. ပြီးတော့ ကျွန်တော်လည်း သူတို့ကို မကယ်တင်နိုင်ပါဘူး"
"ကြည့်ရုံသက်သက်လား"
မီလော့နန်းတော်အရှင်သခင် မျက်ရည်ကျလာသည်။ ဒုတိယစကြဝဠာမှ သက်ရှိများစွာကို ပြန်တွေးလိုက်မိ၏။ သူတို့အားလုံး မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် မြှုပ်နှံခံလိုက်ရသဖြင့် သူ၏ နှလုံးသားထဲတွင် ဝမ်းနည်းစိတ်တို့ ကြီးစိုးသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက မေးလေသည်။ "အနာဂတ်က ဘယ်လိုနေလဲ"
"အနာဂတ်က သိပ်ကောင်းပါတယ်”
ချင်မူက ဖရိုဖရဲချီစွမ်းအင်တစ်မျှင်ကို ယူ၍ ဖျာတစ်ချပ် ပြုလုပ်ကာ ပေးလိုက်သည်။ "ဆရာ၊ တတိယစကြဝဠာမှာ သတ္တဝါတွေ ရှိနေသေးတယ်…. ဆရာ လောကထဲ ဝင်ရောက်ပြီး သူတို့ကို ကယ်တင်ဖို့ လိုအပ်နေတုန်းပဲ"
တတိယစကြဝဠာ၏ မွေးဖွားခြင်းကပ်ဘေး မပေါက်ကွဲမီ မီလော့နန်းတော်အရှင်သခင်သည် သူ၏ တာအိုနှလုံးသားနှင့် ခံယူချက်ကို ပြန်လည် ရရှိခဲ့၏။ သူ နောက်လှည့် ကြည့်လိုက်ရာ ဒုတိယစကြဝဠာ၏ အဆုံးမရှိသော သမိုင်းကြောင်းကို တွေ့လိုက်ရပြီး ရှေ့သို့ ကြည့်လျှင်ဆော့ တတိယစကြဝဠာတွင် ဖြစ်ပျက်တော့မည့် အနာဂတ်ကို တွေ့လိုက်ရလေသည်။
သူ့အနေဖြင့် တတိယစကြဝဠာ၏ အရာအားလုံးကို မမြင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အနာဂတ်ဆိုသည်မှာ ဒြပ်မှုန်များ၏ ဆင့်ကဲပြောင်းလဲမှု မဟုတ်ပါလော။ ဒြပ်မှုန်တစ်ခု၏ မည်သည့် လှုပ်ရှားမှုမဆို မရေမတွက်နိုင်သော ဖြစ်နိုင်ခြေတို့အား ပေါက်ဖွားလာစေနိုင်သဖြင့် သူ၏ ကြီးမားသော ဉာဏ်ပညာပင်လျှင် အနာဂတ်ကို တစ်ချက်တည်းဖြင့် ထွင်းဖောက်မမြင်နိုင်ပေ။
သူ လုံလောက်အောင် မသန်မာသေးသော်လည်း အနာဂတ်ကို ကြည့်ချင်မိသည်။ အနာဂတ်ကို ထွင်းဖောက်ကြည့်ရှု၍ သူ အောင်မြင်ခြင်း ရှိ၊ မရှိ သိချင်မိသည်။
ဤအချိန်တွင် ဖရိုဖရဲ သားအဖနှစ်ယောက်မှာလည်း မွေးဖွားခြင်းကပ်ဘေး၏ အကြိုကာလသို့ ဝင်ရောက်သွားသည်။ အနာဂတ် မြင်ကွင်းမှာ ဖရိုဖရဲဖြစ်၍ ကျယ်ပြန့်သွားသည်။
မီလော့နန်းတော်အရှင်သခင်မှာ သားအဖနှစ်ယောက်ကို မျက်စောင်းထိုး ကြည့်ရန်သာ အချိန်ရလိုက်ပြီး မွေးဖွားခြင်းကပ်ဘေး ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် ကပ်ဘေးကြီးထဲတွင် မဟာဥသျှောင် သေဆုံးမသွားစေရန် အစွမ်းကုန် ကာကွယ်ပေးရုံသာ တတ်နိုင်တော့၏။
ထိုအခိုက်အတန့်ရှိ မဟာဥသျှောင်မှာ မွေးဖွားခြင်းကပ်ဘေးကို ခုခံနိုင်စွမ်း မရှိသေးပေ။ နှစ် အတွက်မူ စိုးရိမ်စရာ မလိုပေ။
ထိုက်ငါးပါး ဆင့်ကဲပြောင်းလဲပြီး တတိယစကြဝဠာ ရောက်လာသည်။ အနန္တအဘိုးအိုက ချင်မူတို့ သားအဖနှင့်
စကားစမြည် ပြောနေ၏။ အနန္တအဘိုးအိုက သက်ပြင်းချလိုက်သည်။ "ခေတ်နှစ်ခေတ် ကြာသွားပြီကွာ… မင်းတို့ သားအဖပဲ ငါ့ရဲ့ မိတ်ဆွေဟောင်းတွေလို့ သတ်မှတ်လို့ရတယ်… မီလော့က သိပ်အလုပ်များတယ်… မဟာဥသျှောင်ကလည်း အ,နေတဲ့သူလိုပဲ… အနန္တ ဆိုတဲ့ ကောင်မလေးက ငါနဲ့ နာမည်လာတူနေသလို မုန်းဖို့လည်း ကောင်းလွန်းတယ်… မင်းတို့ သားအဖပဲ ကြည့်ပျော်ရှုပျော် ရှိတာ"
သူတို့သည် မီလော့နန်းတော်အရှင်သခင် မဟာဥသျှောင်နှင့် အနန္တအား ခေါ်ဆောင်လျက် လောကအသစ်ထဲတွင် လမ်းလျှောက်နေသည်ကို ကြည့်နေကြ၏။ စကြဝဠာအသစ်မှာ ခြောက်ကပ်နေသော်လည်း အသက်စွမ်းအင်တို့က ဝိုးတဝါး ပြည့်နှက်လာနေသည်။
ထိုက်ကျိ၏ စွမ်းအားက ဤစကြဝဠာအသစ်တွင် သက်ရှိသတ္တဝါတို့ ဖြစ်ပေါ်လာစေသည်။
ထိုက်ကျိသည် အရာအားလုံး၏ မိခင်ဖြစ်၏။
မီလော့နန်းတော်အရှင်သခင်က ဤမျိုးဆက်၏ ထိုက်ကျိရှေးဟောင်းနတ်ဘုရားကို တွေ့ဆုံခဲ့သည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားသည် မွေးဖွားလာသည်နှင့် တာအို ရရှိခဲ့ပြီး လူငယ်တစ်ဦး ဖြစ်ကာ သူ့ကိုယ်သူ တျန်းတုဟု အမည်ပေးခဲ့လေသည်။
တျန်းတုသည် သူနှင့် အချိန်အတော်ကြာ လိုက်ပါကျင့်ကြံခဲ့သော်လည်း မီလော့နှင့် ခံယူချက် မကိုက်ညီသဖြင့် မီလော့နန်းတော်မှ ထွက်ခွာသွားပြီး ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ခဲ့သည်။
ချင်မူက သမီးဖြစ်သူ ချင်လင်ယွင်ကို ခေါ်လာသည်။ တျန်းတုက တျန်းတုမြို့အား တည်ထောင်ခဲ့သည်။ တျန်းတုသည် ကျောက်စိမ်းမြို့တော်၏ အပျက်အစီးများကို တွေ့မြင်ခဲ့သည့်အပြင် မီလော့နန်းတော်အရှင်သခင်ထံမှ မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးအကြောင်းကိုလည်း ကြားသိခဲ့ရ၏။ ထို့ကြောင့် ကိုယ်ပိုင် အတွေးအခေါ်များ ရှိလာကာ ကပ်ဘေးကြီးနှစ်မျိုးလုံးကို ကျော်ဖြတ်နိုင်မည့် နတ်ဘုရားမြို့တစ်မြို့အား တည်ဆောက်ရန် ကြံရွယ်ခဲ့သည်။
ချင်မူတို့ သားအဖမှာ တျန်းတုမြို့တွင် နေရာနှစ်နေရာ ရရှိခဲ့ပြီး တျန်းတုမြို့ရှိ တာအိုသိုင်းပညာရှင်များစွာနှင့် အလွန်ရင်းနှီးကာ ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
မဟာဥသျှောင်မှာ အတော်လေး မကျေမနပ်ဖြစ်သဖြင့် မီလော့ထံ တိုင်ကြား၏။
"မင်း စိတ်ငြိမ်ငြိမ်ထားကွ… မင့်ညီလေး လုပ်တဲ့ အရာတွေမှာ သူ့အကြောင်းပြချက်နဲ့ သူ ရှိတယ်… လိုက်တွက်ချက်မနေနဲ့… မီလော့နန်းတော်နဲ့ တျန်းတုမြို့က ခံယူချက် မတူညီပေမယ့် နှစ်ခုလုံးက အနာဂတ်အတွက်ပဲ… ကွာခြားမှု မရှိဘူး"
မဟာဥသျှောင်မှာ အနည်းငယ် ပို၍ တည်ငြိမ်သွားပြန်သည်။
တတိယစကြဝဠာသည် မကြာမီ ပျက်စီးယိုယွင်းသည့် အဆင့်သို့ ရောက်လာ၏။ တျန်းတုမြို့မှ တာအိုသိုင်းပညာရှင်များမှာ ကျရောက်လာတော့မည့် မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးအတွက် အလုပ်များနေကြသည်။ အချင်းချင်း ငြင်းခုံလျက် နည်းလမ်းပေါင်းများစွာကို စဉ်းစားကြသည်။ ချင်မူတို့ သားအဖကတော့ နေရာသာ ယူထားပြီး မည်သည့် အကြံဉာဏ်မှ မပေးခဲ့ပေ။
နောက်ဆုံးတွင် ချင်မူတို့သားအဖမှာ တျန်းတုမြို့မှ မောင်းထုတ်ခံလိုက်ရတော့သည်။
တျန်းတုမှာ အတော်လေး နှမြောတသ ဖြစ်နေသည်။ "တာအိုမိတ်ဆွေဖရိုဖရဲ၊ သူတို့က ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို မသိကြဘူး…. ခင်ဗျားရဲ့ အရည်အချင်းက ကျုပ်နဲ့ ဆရာ့ထက်တောင် သာနိုင်တယ်ဆိုတာ ကျုပ် သိတယ်… သူတို့က ခင်ဗျားကို လူယုတ်မာတစ်ယောက်လို့ ထင်ကြပေမယ့် ခင်ဗျားရဲ့ စကားတစ်ခွန်းတိုင်းနဲ့ လုပ်ရပ်တိုင်းက အဓိပ္ပာယ် နက်နဲတယ်လို့ ကျုပ် ခံစားရတယ်… ဒါပေမဲ့ ကျုပ်လည်း ခင်ဗျားကို ခေါ်မထားနိုင်တော့ဘူး… ထွက်ခွာသွားခွင့်ပဲ ပေးရတော့မယ်… တျန်းတုမြို့ရဲ့ တံခါးကို ခင်ဗျားအတွက် အမြဲတမ်း ဖွင့်ထားပြီး ကြိုဆိုနေပါ့မယ်"
ချင်မူက တုံ့ပြန်လိုက်သည်။ "စိတ်မပူပါနဲ့ တာအိုနောင်တော်… ကျွန်တော် ပြန်လာခဲ့ပါ့မယ်"
တတိယစကြဝဠာ ပျက်စီးသွားပြီး တျန်းတုမြို့လည်း လုံးဝ ပျက်စီးသွားသည်။ ကျောက်စိမ်းမြို့တော်မှာလည်း အကြီးအကျယ် ဆုံးရှုံးခဲ့ပြီး တာအိုသိုင်းပညာရှင်တချို့သာ အသက်ရှင်ကျန်ရစ်၏။ ပျက်စီးနေသော တာအိုသစ်ပင်နှင့် တာအိုသစ်သီး အချို့သာ ကျန်ရစ်တော့သည်။
တျန်းတုမှာ ဖရိုဖရဲထဲတွင် အော်ဟစ် ငိုယိုနေသည်။ မီလော့နန်းတော်အရှင်သခင်က မဟာဥသျှောင်ကို ခေါ်လာကာ သူ့ကို နှစ်သိမ့်ပေးသည်။ ဘ၀တူချင်း သနားနေပုံပင်။
ထိုအချိန်တွင် ချင်မူတို့သားအဖ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် အလုပ်ရှုပ်နေကြသည်ကို သူတို့ တွေ့လိုက်ရပြန်သည်။ ချင်လင်ယွင်ဆိုသော ကလေးမလေးမှာ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူရင်း အလုပ်ရှုပ်နေပြန်၏။
တျန်းတုမှာ ဒေါသတကြီးဖြင့် သွားရောက် မာန်မဲတော့မည့်အချိန်တွင် မီလော့က သူ့ကို တားလိုက်သည်။ "သူက အနာဂတ်က လာတာ… ကိစ္စတချို့ကို ပြောလို့ မရဘူးလေ"
"ပြန်လာရင်လည်း ဘာမှမပြောရင် ဘယ်လို အသုံးဝင်မှာလဲ" တျန်းတုမှာ ဒေါသ မပြေသေးပေ။
မီလော့မှာ မျက်နှာပျက်သွားသည်။ တျန်းတုသည် မဟာပျက်စီးခြင်းကပ်ဘေးထဲ၌ စွန့်ပစ်မြေနှင့် ဖရိုဖရဲဟင်းလင်းပြင်ကို တွေ့လိုက်ရသည်။ သားအဖနှစ်ယောက်က ဖရိုဖရဲထဲတွင် မွေးဖွားလာသော အရာအချို့ကို ထိုနေရာနှစ်ခုသို့ သယ်ယူ ပို့ဆောင်နေကြ၏။
"မင်း သူ့ကို နိုင်မှာ မဟုတ်ဘူး"
မီလော့က သတိပေးသည်။ "ငါတောင် သူ့ရဲ့ စွမ်းဆောင်ရည်ကို ထွင်းဖောက် မမြင်နိုင်ဘူး"
တျန်းတုမှာ တိတ်ဆိတ်သွား၏။
"ဖရိုဖရဲ၊ အနာဂတ်က ဘယ်လိုနေလဲ" မီလော့နန်းတော်အရှင်သခင်က ချင်မူ့ကို ထပ်မေးလိုက်သည်။
"အနာဂတ်က သိပ်ကောင်းပါတယ်"
တျန်းတုက နှာခေါင်းရှုံ့လိုက်၏။
သို့သော် စတုတ္ထစကြဝဠာတွင် ချင်မူ ရောက်လာပြန်သည်။ တျန်းတုက သူ့ကို အပြစ်မတင်သလို ဂရုစိုက်ရန်လည်း အချိန်မရှိပေ။ တျန်းတုတွင် လုပ်စရာ အရေးကြီးကိစ္စများ ရှိနေသည်။ သူက မီလော့နန်းတော်အရှင်သခင်ထက် လက်ဦးပြီး စတုတ္ထစကြဝဠာ၏ ထိုက်ငါးပါးကို သူ့လက်အောက်သို့ သိမ်းသွင်းလိုက်တော့သည်။
သူ၏ခံယူချက်က ဆရာ၏ ခံယူချက်ထက် ပိုကောင်းမွန်ပြီး သူ၏ သဘောထားကြီးမှုကလည်း ဆရာ့ထက် ပိုသာလွန်ကြောင်း သက်သေပြလိုသည်။
တျန်းတုမြို့မှာ အင်အားကြီးမားလာသည်နှင့်အမျှ သူ့တွင် နောက်လိုက်များစွာ ရှိလာ၏။ တျန်းတုမြို့၏ ကျင့်စဥ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းများမှာလည်း တဖြည်းဖြည်း ကိုယ်ပိုင်စနစ်တစ်ခု ဖြစ်ပေါ်လာသည်။ မီလော့နန်းတော်၏ ကောင်းကင်နတ်သိုင်းများနှင့် ကွာခြားချက်မှာ ပိုမို ကြီးမားလာသည်။
မဟာဥသျှောင်မှာ မကျေမနပ် ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် တျန်းတုမြို့က အပြင်လူများကို မီလော့နန်းတော်မှာ လမ်းမှန်မဟုတ်ဘဲ၊ တျန်းတုမြို့ကသာ လမ်းမှန်ဖြစ်သည်ဟု ပြောဆိုနေသောကြောင့်ပင်။
သူက သွားရောက်ငြင်းခုံသော်လည်း တျန်းတုမြို့သားများ၏ ရိုက်နှက်ခြင်း ခံလိုက်ရသည်။ မီလော့နန်းတော်အရှင်သခင်ထံ ပြန်လည်တိုင်ကြားသောအခါ မီလော့နန်းတော်အရှင်သခင်က ပြော၏။ "ငါတို့နှစ်ယောက်လုံး အတူတူ ကျော်ဖြတ်ဖို့ ကြိုးစားနေကြတာ… ဘယ်သူက မှန်မှန်မှားမှား ဘာကွာလို့လဲ"
နှစ်အနည်းငယ် ကြာပြီးနောက် မဟာဥသျှောင်က မီလော့အား ပြောသည်။ "ညီခုနစ်က ပြဿနာ လိုက်ရှာနေပြန်ပြီ… လူတွေ မကျေမနပ် ဖြစ်နေကြပြီ… သူ မကောင်းမှုတွေ အများကြီး ကျူးလွန်နေတယ်လို့ လာတိုင်ကြားကြတယ်’
မီလော့နန်းတော်အရှင်သခင်လည်း ချင်မူ၏ လုပ်ရပ်များကို စစ်ဆေးကြည့်ပြီး ပြုံးလိုက်၏။ "အားလုံးက အရေးမကြီးတဲ့ အသေးအဖွဲ ကိစ္စတွေပဲ… မဟာဥသျှောင်၊ နှလုံးသားကို တည်ငြိမ်အောင် ထား"
နောက်ထပ် နှစ်အနည်းငယ် ကြာသောအခါ အနန္တအဘိုးအိုက မီလော့နန်းတော်အရှင်သခင်ထံ လာတွေ့ပြီး တျန်းတုသည် မကောင်းမှုများ ကျူးလွန်ကာ တာအိုဖီဆန်သူ ဖြစ်ကြောင်း သတိပေး၏။ "တာအိုမိတ်ဆွေ၊ သူတို့က မင်းရဲ့ လမ်းမှန်ကို ဖျက်ဆီးချင်နေတာ”
မီလော့နန်းတော်အရှင်သခင်က ပြုံး၏။ "ကောင်းကင်အောက်က လမ်းစဉ်နဲ့ ကျင့်စဉ်အားလုံး မီလော့ကနေ လာတာပါ… ဒီစကားက နည်းနည်း ဘက်လိုက်တယ်… တာအိုနောင်တော်၊ သူတို့ကမှ လမ်းမှန်လည်း ဖြစ်နေနိုင်တာပဲ"
အနန္တအဘိုးအို လက်လျှော့လိုက်ရသည်။
စတုတ္ထစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေး ကျရောက်လာသည်။ တျန်းတုမြို့သားများက တျန်းတုကို လျှောက်တင်ကြ၏။ "အဲဒီ သားအဖနှစ်ယောက် ထွက်ပြေးသွားပြီ”
"သူတို့ကို ဂရုစိုက်မနေနဲ့…. ငါတို့ ကပ်ဘေးကြီးကို တိုက်ရိုက် ရင်ဆိုင်မယ်"
"ဖေဖေ၊ သမီးတို့ ဒီကို ဘာလာလုပ်တာလဲဟင်" ချင်လင်ယွင်မှာ နားမလည်နိုင်ချေ။ ချင်မူသည် သူမအား ကပ်ဘေး ပေါက်ကွဲထွက်ရာ နေရာသို့ ခေါ်ဆောင်လာသဖြင့် အလျင်အမြန် မေးလိုက်သည်။
"လူတစ်ယောက်ကို စောင့်နေတာ”
ချင်မူက မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲထွက်ရာနေရာသို့ စူးစိုက်ကြည့်နေသည်။ ထိုနေရာတွင် ဖရိုဖရဲချီစွမ်းအင်များ လှည့်ပတ်နေပြီး မြစ်တစ်စင်း ဖွဲ့တည်နေသည်ကို တွေ့လိုက်ရ၏။ မကြာမီ မဟာပျက်စီးခြင်းကပ်ဘေးက စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ဘုံအားလုံးကို လွှမ်းခြုံသွားပေတော့မည်။
ရုတ်တရက် လူတစ်ယောက် ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျလာသည်။
ထိုသူသည် ဘီလူးကြီးတစ်ကောင်ဖြစ်ပြီး ပုဆိန်ကြီးတစ်လက် ကိုင်ထား၏။ သူက မဟာပျက်စီးခြင်းကပ်ဘေးထဲမှ စတုတ္ထစကြဝဠာထဲသို့ ကျရောက်တော့မည့်အချိန်တွင် မှော်စွမ်းအင်ကို အသက်သွင်းလျက် ကပ်ဘေးအပြင်ဘက်သို့ ခုန်ထွက်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
ထိုအခိုက်အတန့်တွင် ချင်မူက လက်လှမ်း၍ ဖမ်းဆွဲလိုက်သည်။ သူ၏ လက်ဖဝါးက ကပ်ဘေးထဲသို့ ကျရောက်သွားသဖြင့် အရိုးစုဖြစ်သွားသော်လည်း ထိုဘီလူးကြီးကို အတင်းအကြပ် ဆွဲကိုင်လျက် ကပ်ဘေးထဲသို့ ဆွဲသွင်းလိုက်သည်။
ဘီလူးကြီး၏ ဦးခေါင်းမှာ ဖရိုဖရဲမြစ်၏ မြစ်ရေပြင်ပေါ်တွင် ရှိနေဆဲပင်။ သူက ခေါင်းမော့၍ လှေပေါ်မှ ဝေစွေ့ဖုန်းနှင့် ရှုကျွင်းတို့ကို ပြုံးပြနေသည်။ "မြေပုံအတိုင်း လိုက်ပြီး ငါ့ကို ကယ်ကြ" ထိုသို့ပြောပြီးသည်နှင့် ချင်မူ့ကြောင့် မြစ်ထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
ဘီလူးကြီးက စတုတ္ထစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ကျရောက်သွားပြီး ပုဆိန်အား လွှဲရမ်းလိုက်သည်။ ချင်မူက လက်မြှောက်တားဆီးကာ ပြုံးပြ၏။ "ထိုက်ယီ၊ ကျွန်တော်လေ"
ဘီလူးကြီးထိုက်ယီမှာ ကြောင်အသွားပြီး အော်ဟစ်လိုက်သည်။ "မင်း... မင်း ငါ့ကို ကပ်ဘေးထဲ ဆွဲသွင်းလိုက်တာလား"
ချင်မူလည်း လက်ညှိုးဆန့်၍ သူ၏ လည်ပင်းပေါ်မှ ထိုက်ယီ နတ်ပုဆိန်ကို ဂရုတစိုက် တွန်းဖယ်လိုက်သည်။ သူက ပြုံးလျက် ပြောသည်။ "တာအိုနောင်တော်၊ မီလော့နန်းတော်အရှင်သခင်ကလည်း စေတနာကောင်းနဲ့ပါ… စိတ်အေးအေး ထားပါဦး..."
နတ်ပုဆိန်ကို သူ တွန်းဖယ်လိုက်သော်လည်း ချက်ချင်းပင် သူ၏ လည်ပင်းပေါ်သို့ ပြန်ရောက်လာသည်။
ကပ်ဘေးကြီးမှာ အလုံးစုံ ပေါက်ကွဲထွက်လာပြီး စတုတ္ထစကြဝဠာ ပျက်စီးသွား၏။
ချင်မူက ချက်ချင်း ပြောသည်။ "ခင်ဗျားရဲ့ တျန်းတုခန္ဓာကိုယ်က ဒီမှာ ရှိတယ်… ကျွန်တော် ခင်ဗျားကို ဖရိုဖရဲသင်္ကေတတစ်ခု ပေးမယ်… အဲဒါက ခင်ဗျားရဲ့ မူလဝိညာဉ်ကို ငါးစင်းမြောက် စကြ၀ဠာမှာ ပြန်လည်မွေးဖွားဖို့ ကူညီပေးနိုင်တယ်… ဒါကြောင့် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး… ခင်ဗျား ဒီအခွင့်အရေးကို အသုံးချပြီး တျန်းတုမြို့ရဲ့ လုပ်ရပ်တွေကို ကြည့်လို့ရတယ်"
တျန်းတုမြို့မှာ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပါသွားတော့မည် ဖြစ်သဖြင့် သူက စကားဆက်မပြောတော့ဘဲ ဖရိုဖရဲသင်္ကေတကို ဘီလူးကြီးထိုက်ယီ၏ ခန္ဓာကိုယ်ပေါ်သို့ ခတ်နှိပ်လိုက်၏။
တျန်းတုမြို့ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပါသွားသည်။ ဘီလူးကြီးထိုက်ယီမှာ အံ့ဩ တုန်လှုပ်သွားသည်။ သူ ပျောက်ကွယ်သွားလိမ့်မည် ထင်ခဲ့သော်လည်း ရှိနေသေးသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်သည်။
"ဖရိုဖရဲ"
သူက ထိုက်ယီနတ်ပုဆိန်ကို သိမ်းကာ ချင်မူ့ကို သင်္ကာမကင်း ကြည့်လိုက်၏။ "သခင်လေး ဖရိုဖရဲလား"
ချင်မူက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ထိုက်ယီက သက်ပြင်းတစ်ချက် ချကာ ပြော၏။ "မင်း ငါ့ကို စတုတ္ထစကြဝဠာထဲ ဆွဲသွင်းလိုက်တော့ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာက မင်းအပေါ် သိပ်ဖိအားကြီးသွားလိမ့်မယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာတောင် ဒါကြောင့် ပျက်စီးသွားနိုင်တယ်… တာအိုမိတ်ဆွေ၊ မင်း..."
"ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ တိုက်ပွဲတွေအားလုံး ကျွန်တော် ကျော်ဖြတ်ခဲ့ပြီးပြီ"
ချင်မူက ချင်လင်ယွင်၏ လက်ကို ဆွဲကိုင်ထားသည်။ "ခင်ဗျား ထွက်သွားပြီးတဲ့နောက်မှာ ကိစ္စတချို့ ဖြစ်ပျက်ခဲ့တယ်…” သူက မှင်သေသေ ပြော၏။ “ကျွန်တော် ဒီတစ်ခေါက် ပြန်လာတာက အဲဒီ ကိစ္စတွေကို ပြီးမြောက်အောင် လုပ်ပြီး အနာဂတ်ရဲ့ နိဗ္ဗာနဟင်းလင်းပြင်အခြေအနေကို အပြီးတိုင် ဖြေရှင်းဖို့ပဲ… ကျွန်တော် လူတစ်ယောက်ကိုလည်း ရှာရဦးမယ်… မျက်လုံးတစ်လုံးတည်း ရှိတဲ့ ပိန်ရှည်ရှည် လူထူးဆန်းတစ်ယောက်… ခင်ဗျား သူ့ကို သိမှာပါ.”