← Chapters

ချင်မူ၊ လင်းရှောင်နှင့် ကျစ်ရှောင်

Vol. 142 Ch. 1831

ချင်မူ၊ လင်းရှောင်နှင့် ကျစ်ရှောင်

Vol. 142 Ch. 1831

"မျက်လုံးတစ်လုံးတည်း ရှိတဲ့ ပိန်ရှည်ရှည် လူထူးဆန်း ဟုတ်စ"

ထိုက်ယီ ခဏ စဉ်းစားလိုက်သည်။ "မင်း ပြောတဲ့ ပိန်ရှည်ရှည် လူထူးဆန်းက လောကသစ်ပင်ရဲ့ အမြစ်တွေကြားကနေ တွယ်ကပ်ပြီး ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာထဲ ဝင်ဖို့ စောင့်နေတဲ့ တစ်ယောက်လား… သူ့ရဲ့ မျက်ခုံးကြားမှာ မျက်လုံးတစ်လုံး ရှိတယ်လေ… ဧရာမ မျက်လုံးကြီး … သူက လောကသစ်ပင်ရဲ့ ဆယ့်နှစ်ခုမြောက် အသက်ရစ်ကွင်းပေါ်မှာ ရှိနေတာ"

ချင်မူ ခေါင်းညိတ်လိုက်သည်။

"ငါ သူ့ကို သိပ်တော့ မမှတ်မိဘူး… ဆယ့်နှစ်စင်းမြောက် စကြ၀ဠာက အထွတ်အမြတ် ပုဂ္ဂိုလ်တစ်ယောက်တော့ ဖြစ်မယ် … အခုက စတုတ္ထမြောက် စကြဝဠာ… ဆယ့်နှစ်စင်းမြောက် စကြ၀ဠာ ရောက်ဖို့ အများကြီး လိုသေးတယ်လေ"

ထိုက်ယီက ပြော၏။ "ဆယ့်နှစ်စင်းမြောက် စကြဝဠာဆီ ရောက်ရင် ငါ သူ့ကို ကူရှာပေးမယ်…. ငါ အနက်ရောင်တောင်တန်းကနေ ထွက်လာပြီးနောက်ပိုင်း ဘာတွေ ဖြစ်ခဲ့သေးလဲ"

ချင်မူက ဂရုမစိုက်ဟန်ဖြင့် ဖြေသည်။ "အသေးအဖွဲ ကိစ္စလေးတွေပါ”

ထိုက်ယီက သူ၏ နားထင်နှစ်ဖက်၌ ထင်ရှားနေသော ဆံပင်ဖြူများကို ကြည့်ပြီး ရုတ်တရက် မေး၏။ "မင်း ဒီကို ပြန်ရောက်လာဖို့ ဘယ်နှနှစ် ကြာခဲ့လဲ…. ဒုက္ခတွေ အများကြီး ခံစားခဲ့ရတယ် မဟုတ်လား"

ချင်မူသည် ချင်လင်ယွင်၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးနေ၏။ သူ၏ အကြည့်များမှာ နူးညံ့နေကာ ခပ်အေးအေး ပြောသည်။ "သိပ်မကြာပါဘူး…. နှစ်ပေါင်း သုံးကုဋေနဲ့ တစ်၀က်လောက်ပါပဲ… ကျွန်တော်နဲ့ သမီး အတိတ်ကို ပြန်လာတာကတော့ နှစ်ပေါင်းကုဋေနှစ်ရာ ကြာခဲ့ပါပြီ"

"ဒါကြောင့်ကိုး... မင်းကို တွေ့တဲ့အချိန်မှာ မင်းက သခင်လေးခုနစ် ဖရိုဖရဲ ဖြစ်ပြီး ကောင်းကင်နတ်အရှင်မူ မဟုတ်မှန်း တန်းခံစားရတာ ဒါကြောင့်ကိုး… ကောင်းကင်နတ်အရှင်မူက မင်းလောက် အတွေ့အကြုံ ရင့်ကျက်မနေဘူး"

ထိုက်ယီက မဟာပျက်စီးခြင်းကပ်ဘေးထဲရှိ တျန်းတုနတ်ဘုရားမြို့ဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် သူသည် ယခင်ဘဝက တာအိုမိတ်ဆွေများစွာနှင့်အတူ မဟာပျက်စီးခြင်းကပ်ဘေးကို ခုခံတိုက်ခိုက်နေ၏။ ဤတိုက်ပွဲ၏ အဖြေကို သူ သိပြီးသားပင်။ တာအိုမိတ်ဆွေများစွာ ကပ်ဘေးထဲတွင် သေဆုံးသွားခဲ့ပြီး မသေဆုံးခဲ့သူများမှာလည်း မွေးဖွားခြင်းကပ်ဘေးထဲတွင် မြှုပ်နှံခံခဲ့ရသည်။

ဤရလဒ်ကပင် သူ့အား ပြီးပြည့်စုံသော လောကတစ်စင်း ဖန်တီးရန် သန္နိဋ္ဌာန် ချစေခဲ့သည်။

၎င်းရည်ရွယ်ချက်သည် ခုနစ်စင်းမြောက် စကြဝဠာတွင် အမှန်တကယ် ဖြစ်လာလိမ့်မည်။

တျန်းတု လောကဖန်ဆင်းခြင်း... တစ်နည်းဆိုသော် ကောင်းကင်ဖွင့်လှစ်ခြင်း။

ထိုဖြစ်ရပ်သည် လူတိုင်းကို စိတ်လှုပ်ရှားအံ့ဩစေခဲ့သည့် ကြီးကျယ်ခမ်းနားသော လုပ်ရပ်တစ်ခုဟု ဆိုရမည်။ ချင်မူဆိုသော ကောင်းကင်ဖွင့်လှစ်သူက မပါဝင်ဘဲ အပြင်မှသာ ကြည့်နေခဲ့သည်မှလွဲ၍ အခြားသူအားလုံး ဤလောကဖန်ဆင်းခြင်း သို့ ကောင်းကင်ဖွင့်လှစ်ခြင်းတွင် ပါဝင်ခဲ့ကြသည်။

ထို့နောက် တျန်းတုသည် မီလော့နန်းတော်အရှင်သခင်၏ လက်ထဲတွင် သေဆုံးပြီး လင်၏ ကယ်တင်ခြင်း ခံရပေမည်။ မူလဝိညာဉ်အသွင်ဖြင့် အနာဂတ်ဆယ့်ခြောက်စင်းမြောက် စကြဝဠာသို့ ပို့ဆောင်ခံရမည် ဖြစ်သည်။

"သခင်လေး ဖရိုဖရဲ၊ ဒါက မီလော့နန်းတော်အရှင်သခင် ငါ့ကို လျော်ကြေးပေးတာလို့ ပြောခဲ့တာမလား… သူက ငါ့ကို စတုတ္ထ စကြဝဠာကနေ ပြန်စစေချင်တာလား"

ထိုက်ယီ တွေဝေနေပြီး မဟာပျက်စီးခြင်းကပ်ဘေးထဲမှ မီလော့နန်းတော်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ "သူက အဲဒီလောက် စိတ်ကောင်းရှိမှာ မဟုတ်ဘူး"

သူ ချင်မူ့အဖြေကို မစောင့်လိုက်နိုင်ပေ။ လှည့်ကြည့်လိုက်သောအခါ ချင်မူနှင့် ကလေးမလေးတို့က ပျောက်ကွယ်သွားခဲ့လေပြီ။

ငါးစင်းမြောက်စကြ၀ဠာသို့ ရောက်လာသည်။

တျန်းတုသည် ဤခေတ်၏ ထိုက်ငါးပါးအား သွားရောက် ရှာဖွေနေသည်ကို ထိုက်ယီ တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ အနာဂတ်မှ ဧည့်သည်များက ဤခေတ်သို့ လိုက်လာပြီး ထိုက်ယီအား လိုက်လံ သတ်ဖြတ်နေခြင်းပင်။

ထိုသူများသည် အနာဂတ် ဆယ့်ခြောက်စင်းမြောက် စကြဝဠာရှိ မီလော့နန်းတော်မှ အင်အားကြီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် ဖရိုဖရဲမြစ်များကို ဖြတ်ကျော်လျက် ငါးစင်းမြောက် စကြဝဠာသို့ ရောက်လာကာ ဤခေတ်မှ သူတို့၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်ပြီး သူ့အား အသည်းအသန် လိုက်လံ ရှာဖွေနေကြသည်။

သူတို့ထဲတွင် သခင်လေးမဟာဥသျှောင်က မီလော့နန်းတော်၏ ခန်းမသခင်များအား ဦးဆောင်လျက် သူ့အား မျက်ခြေပြတ်မခံပေ။

ထိုက်ယီမှာ ပုန်းအောင်းလိုက်၊ ပုံပြောင်းလိုက် နေရုံမှလွဲ၍ ရွေးချယ်စရာမရှိချေ။

ငါးစင်းမြောက် စကြဝဠာတွင် မီလော့နန်းတော်နှင့် တျန်းတုမြို့သည် အဓိက အထွတ်အမြတ်နယ်မြေနှစ်ခု ဖြစ်ပြီး အလွန်တရာ ကြီးမားသော ခေတ်ပြိုင်အင်အားစုများ ဖြစ်လာကြ၏။ မီလော့နန်းတော်က နောင်မျိုးဆက်များ မြင်တွေ့ရမည့် ပုံစံအဖြစ် ရုပ်လုံးပေါ်နေချေပြီ။ မဟာဥသျှောင်က မဟာဥသျှောင်ခန်းမကို တည်ဆောက်နိုင်ခဲ့ပြီး တာအိုသိုင်းပညာရှင်များစွာက သူ့အား သခင်လေးဟု လေးစားစွာ ခေါ်ဆိုကြသည်။ သူသည် မီလော့နန်းတော်၏ နံပါတ်တစ် သခင်လေး ဖြစ်၏။

သခင်လေးအနန္တမှာမူ မဟာဥသျှောင်နှင့် တစ်ခေတ်တည်းတွင် မီလော့နန်းတော်သို့ ဝင်ရောက်ခဲ့သော်လည်း သခင်လေး ဖြစ်မလာခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မီလော့နန်းတော်တွင် မထင်မရှား ဖြစ်နေခဲ့သည်။ သူမသည် တာအိုမရရှိသေးသလို၊ စွမ်းဆောင်ရည်မှာလည်း အခြား တာအိုသိုင်းပညာရှင်များကိုပင် မမီသေးပေ။

ဤအထွတ်အမြတ်နယ်မြေကြီးနှစ်ခုအပြင် တတိယအထွတ်အမြတ်နယ်မြေ တစ်ခုလည်း ရှိသေးသည်။ လောကသစ်ပင် အနန္တအဘိုးအိုပင်။

ငါးစင်းမြောက် စကြ၀ဠာ၏ အနန္တအဘိုးအိုထံတွင် နောက်လိုက်များ အလွန်များပြားနေပြီ ဖြစ်၏။ အင်အားကြီးပုဂ္ဂိုလ်များစွာက သူ၏ တပည့်အဖြစ် ခံယူကာ အကာအကွယ်ပေးရန် တောင်းဆိုကြသည်။ အနန္တအဘိုးအို၏ လက်အောက်မှ အင်အားစုမှာ မီလော့နန်းတော်နှင့် တျန်းတုမြို့ထက်ပင် ပိုမို ကြီးမားနေသည်။

ထိုက်ယီ လောကထဲတွင် လှည့်လည်သွားလာရင်း ရံဖန်ရံခါ ချင်မူနှင့် တွေ့ဆုံတတ်သည်။ သို့သော် ဤအခိုက်အတန့်တွင် ချင်မူမှာ မီလော့နန်းတော်တွင်ဖြစ်စေ၊ တျန်းတုမြို့တွင်ဖြစ်စေ နာမည်ကောင်း မရှိချေ။ သူ့အား ကလိမ်ကကျစ်ကောင်၊ လူလိမ်ဟု ဆဲရေးတတ်ကြသည်။

အထွတ်အမြတ်နယ်မြေ သုံးခုကြားတွင် မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ပွားတတ်၏။ ကောင်းကင်နှင့် မြေကြီး ပြိုကျလုမတတ် တိုက်ခိုက်ကြသော်လည်း မီလော့နန်းတော်အရှင်သခင်ဖြစ်စေ၊ တျန်းတုအရှင်သခင်ဖြစ်စေ ထိန်းချုပ်ထားကြပြီး မိမိတို့ဘက်မှ တာအိုသိုင်းပညာရှင်များကို ထိန်းထားကြသည်။

အနန္တအဘိုးအိုကမူ တျန်းတုမြို့နှင့်ပတ်သက်၍ အလွန်တရာ စိတ်မအေးသောကြောင့် အပြင်းအထန် လိုက်လံ တိုက်ခိုက်တတ်သည်။

ထိုက်ယီလည်း သုံးပွင့်ဆိုင် အင်အားစုများ၏ တိုက်ပွဲတွင် မပါဝင်မိစေရန် အစွမ်းကုန် ကြိုးစားနေရသည်။ သို့သော် သခင်လေးမဟာဥသျှောင်က သူ့အား မျက်စိကျနေပုံရပြီး ဆယ့်ခြောက်စင်းမြောက်စကြ၀ဠာမှ သူ၏ ရုပ်ခန္ဓာကိုယ်ထဲသို့ မကြာခဏ ဆင်းသက်လာကာ သည်းကြီးမည်းကြီး လိုက်လံ သတ်ဖြတ်တတ်သည်။

ခြောက်စင်းမြောက် စကြ၀ဠာသို့ ရောက်လာသည်။

ထိုက်ယီမှာ ပုံစံပြောင်းလဲ၍ ခြောက်စင်းမြောက် စကြ၀ဠာထိ လိုက်လံသတ်ဖြတ်နေသော မဟာဥသျှောင်၏ ရန်မှ ရှောင်တိမ်းနေရ၏။ ဤအချိန်တွင် သူ ချင်မူနှင့် ထပ်မံ တွေ့ဆုံပြန်သည်။

ချင်မူ့ဘေးမှ ကလေးမလေးမှာ ကြီးလာပုံမရချေ။ ပထမဆုံး တွေ့ဆုံစဉ်ကအတိုင်း ဖြူအိနေသော အသားအရောင်လေးဖြင့် ချစ်စဖွယ် ကောင်းနေဆဲ ဖြစ်ပြီး ချင်မူ့နောက်၌ တကောက်ကောက် ပါနေတတ်သည်။

"မီလော့နန်းတော်ရဲ့ တတိယသခင်လေး လင်းရှောင် မီလော့နန်းတော်ထဲ ဝင်သွားပြီ"

ထိုက်ယီက မျက်လုံးများ အရောင်လက်နေသည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟာဥသျှောင်က လင်းရှောင်နဲ့ ပူးပေါင်းပြီး ငါ့ကို လိုက်သတ်တယ်... ဖရိုဖရဲ၊ မင်း ဘာအကြံအစည်မှ မရှိဘူးလား… တတိယသခင်လေး လင်းရှောင်က ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာရဲ့ သွေးယဇ်ပူဇော်ပွဲကို ဦးဆောင်တဲ့ တရားခံနော်"

ချင်မူက အံ့အားသင့်စွာ မေးလိုက်သည်။ "အစ်ကိုသုံးက ခြောက်စင်းမြောက် စကြ၀ဠာကလား… သွားကြည့်ဦးမယ်"

ထိုက်ယီလည်း သူ ထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ မီလော့နန်းတော်သည် သူ့အား နေရာတကာ လိုက်လံ သတ်ဖြတ်နေသဖြင့် အလွန်ပင်ပန်းရ၏။ ချင်မူသာ လင်းရှောင်ကို လုပ်ကြံနိုင်လျှင် သူ၏ဖိအားများ အနည်းငယ် လျော့ကျသွားပေလိမ့်မည်။

ရက်အနည်းငယ် ကြာသောအခါ ချင်မူကား လင်း‌ရှောင်နှင့်အတူ သောက်စားပျော်ပါးရင်း အလွန်ရင်းနှီးသော ညီအစ်ကိုများသဖွယ် ရယ်မော ပြောဆိုနေသည်ကို ထိုက်ယီ တွေ့လိုက်ရသည်။

ထိုက်ယီမှာ ဆွေ့ဆွေ့ခုန်သွားပြီး သွားရောက်မေးမြန်းရန် ပြင်လိုက်စဉ် သခင်လေးမဟာဥသျှောင်က မီလော့နန်းတော်မှ သိုင်းပညာရှင်တစ်အုပ်နှင့်အတူ သူ့အား လိုက်လံသတ်ဖြတ်ပြန်သည်။ ချင်မူကမူ ဘေးမှနေ၍ အားပေးနေလေသည်။

ထိုက်ယီမှာ နောက်တစ်ကြိမ် ပုံစံပြောင်း၍ ထွက်ပြေးရပြန်သည်။

နောက်ပိုင်းတွင် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များက လင်းရှောင်အား ချင်မူ၏ လုပ်ရပ်များနှင့်ပတ်သက်၍ သတိပေးကြသည်။ ထို့မှသာ လင်းရှောင်သည် ချင်မူနှင့် တဖြည်းဖြည်း အနေခွာသွားခဲ့သည်။

ခြောက်စင်းမြောက် စကြ၀ဠာတွင် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ သခင်လေးအနန္တ တာအိုရသွားပြီး မီလော့နန်းတော်၏ ဒုတိယသခင်လေး ဖြစ်လာကာ အနန္တခန်းမကို ကျင့်ကြံနိုင်ခဲ့သည်။

ချင်မူကလည်း သွားရောက်ဂုဏ်ပြုရင်း ခပ်တိုးတိုး မေးသည်။ "မမကြီးနှစ်၊ အဆုံးသတ်မြို့ပျက် နတ်ဘုရားမ ဘယ်နှစ်ယောက် စားလိုက်တာလဲ"

"ခုနစ်၊ နင် ပေါက်ပန်းလေးဆယ် လျှောက်မပြောနဲ့ … ငါ နားမလည်ဘူး" သခင်လေးနှစ်၏ မျက်လုံးများက တလက်လက် တောက်ပနေလေသည်။

ရက်အနည်းငယ် ကြာသောအခါ ထိုက်ယီသည် သခင်လေးအနန္တ၏ လိုက်လံသတ်ဖြတ်ခြင်း ခံနေရသော ချင်မူနှင့် မမျှော်လင့်ဘဲ ဆုံခဲ့ရပြီး နှစ်ယောက်အတူ ထွက်ပြေးခဲ့ရသည်။

"မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆို သူ့ကို ကြောက်စရာ မလိုပါဘူး… ဘာလို့ ပြန်မတိုက်တာလဲ" ထိုက်ယီက နားမလည်နိုင်စွာ မေး၏။

ချင်မူက ပြုံးနေပြီး ပြန်မဖြေခဲ့ပေ။

ချင်လင်ယွင်က အသံလေး တစာစာဖြင့် ပြောလိုက်သည်။ "ဖေဖေက ပြောတယ်… သူ့လက်ထဲမှာ သေသွားတဲ့ လူတွေကို သူ ဘယ်တော့မှ ပြန်မတိုက်ဘူးတဲ့"

ထိုက်ယီ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး အယိုင်ယိုင်အနဲ့နဲ့ဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရသည်။

နောက်ဆုံးတွင် ခြောက်စင်းမြောက်စကြ၀ဠာ၏ အဆုံးသတ်သို့ ရောက်လာပြီး မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲထွက်လာသည်။ ထိုက်ယီမှာ လိုက်လံ သတ်ဖြတ်ခံနေရဆဲ ဖြစ်သဖြင့် ပုံစံပြောင်း၍ တျန်းတုမြို့ထဲတွင် ပုန်းအောင်းနေခဲ့၏။ ချင်မူနှင့် ထပ်မံ ဆုံခဲ့ပြန်သည်။

ချင်မူနှင့် ချင်လင်ယွင်တို့ သားအဖသည် ဤဘဝတွင် တျန်းတုနတ်ဘုရားမြို့သို့ ရောက်လာကြ၏။ တျန်းတုမြို့၏ ရှေးအကျဆုံး ဝါရင့်ပုဂ္ဂိုလ်များအနေဖြင့် လောကတွင် ပြိုင်ဘက်ကင်း‌အောင် ကြီးကျယ်သည့် လုပ်ငန်းကြီး ပြီးမြောက်အောင် တျန်းတုမြို့အား ကူညီမည်ဟု ပြောဆိုကြသည်။

တျန်းတုမြို့သားများမှာ အင်မတန် သံသယဝင်ကုန်ကြကာ အုတ်အော်သောင်းနင်း ဆူညံလာကြ၏။ အချို့က သူသည် မီလော့နန်းတော်မှ စေလွှတ်လိုက်သော သူလျှိုဟု ပြောကြပြီး အချို့ကတော့ အနန္တအဘိုးအိုနှင့် အလွန် ရင်းနှီးသဖြင့် အနန္တအဘိုးအို၏ သူလျှိုဟု သမုတ်ကြသည်။

"ဟေ့ကောင်တွေ နေဦးဟ.... မကြာခဏ မီလော့နန်းတော်နဲ့ အနန္တအဘိုးအိုတို့ဆီမှာ သတင်းနှိုက်ရအောင် ငါတို့ တျန်းတုမြို့က လွှတ်ထားတဲ့ သူလျှို ဖြစ်မနေဘူးလား" တစ်စုံတစ်ယောက်က အံ့ဩဖွယ် စကားတစ်ခွန်းကို ဆိုလိုက်သည်။

ထိုအခိုက်အတန့်တွင် တျန်းတုအရှင်သခင်က မဟာပျက်စီးခြင်းကပ်ဘေးထဲမှ မိန်းကလေးတစ်ယောက်ကို ခေါ်လာပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "အားလုံးကို မိတ်ဆက်ပေးပါရစေ… ဒါကတော့ လင်ပါ… သူက ငါတို့နဲ့ ခံယူချက်တူညီတဲ့ တာအိုမိတ်ဆွေပဲ"

တျန်းတုမြို့သားအားလုံး တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်လင်၏ အကြည့်က နှင်းစက်များပေါ် ဖြာကျသော နေရောင်ခြည်ကဲ့သို့ စူးရှထက်မြက်နေပြီး လူအုပ်ကြီးကို ဖြတ်ကျော်၍ ချင်မူ၏မျက်နှာပေါ်သို့ ကျရောက်လာ၏။

ချင်မူ၏ မျက်နှာတွင်မူ အပြုံးပန်းများ ဝေဆာနေသည်။

တျန်းတုမြို့သည် ကောင်းကင်အား ဖွင့်လှစ်၍ ခုနစ်စင်းမြောက် စကြဝဠာကို ဖန်ဆင်းခဲ့၏။ ချင်မူက ပါဝင်ခဲ့ခြင်း မရှိဘဲ ဘေးမှသာ ကြည့်ရှုနေခဲ့သည်။ တျန်းတုအရှင်သခင်နှင့် ကောင်းကင်ဖွင့်လှစ်သူ သုံးဆယ့်ခြောက်ယောက်၏ ပုံရိပ်များမှာ အချိန်နှင့် နေရာဟင်းလင်းပြင်ထဲတွင် ထာဝရ စွဲထင်ကျန်ရစ်ခဲ့ပြီး မပျက်စီးနိုင်သော ပန်းချီကားတစ်ချပ် ဖြစ်သွားခဲ့သည်။ သို့သော် ပန်းချီကားထဲတွင် သူတို့သားအဖနှစ်ယောက် မပါသလို ထိုက်ယီလည်း ပါဝင်ခဲ့ခြင်း မရှိပေ။

ခုနစ်စင်းမြောက် စကြ၀ဠာတွင် တျန်းတုမြို့သည် မီလော့နန်းတော်နှင့် အနန္တအဘိုးအိုတို့အပေါ် အလုံးစုံ ဖိနှိပ်ထားနိုင်ခဲ့သည်။ ကောင်းကင်ဖွင့်လှစ်သူများက မီလော့နန်းတော်နှင့် အနန္တအဘိုးအိုတို့အား နည်းမျိုးစုံဖြင့် ဖိနှိပ်ကြ၏။ တျန်းတုမြို့မှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။ တျန်းတုအရှင်သခင်မှာ ၎င်းကို သတိမပြုမိခဲ့ပေ။ သို့မဟုတ် သတိပြုမိခဲ့သော်လည်း ဂရုမစိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သူနှင့် ကောင်းကင်နတ်အရှင်လင်တို့သည် တစ်ထေရာတည်း တူ၏။ တာအိုမှလွဲ၍ အခြား မည်သည့်အရာမှ စိတ်မ၀င်စားချေ။

ခုနစ်စင်းမြောက် စကြ၀ဠာသည် မူလကတည်းက သူနှင့် တျန်းတုမြို့၏ စမ်းသပ်ရာနေရာ မဟုတ်လော။ ခုနစ်စင်းမြောက် စကြ၀ဠာမှ သက်ရှိအားလုံးမှာလည်း အစမ်းသပ်ခံ အရာများသာ ဖြစ်သည်။ သူ ထိုသို့တွေးသလို ကောင်းကင်ဖွင့်လှစ်သူများကလည်း ဤသို့ပင် တွေးကြသည်။

ထိုက်ယီ လောကထဲတွင် လှည့်လည်သွားလာနေသည်။ သူ၏ ယခင်ဘဝနှင့် ကောင်းကင်ဖွင့်လှစ်သူများ၏ လုပ်ရပ်များကို ကြည့်ရှုကာ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ "ဆရာ၊ ဆရာ မှန်ပါတယ်… ကျွန်တော် မှားခဲ့တယ်..."

ဤဘဝတွင် သူပင်လျှင် နောက်တစ်ကြိမ် တာအို မရနိုင်ခဲ့ချေ။

အတိတ်စကြဝဠာခေတ်တိုင်းတွင် သူ တာအိုရနိုင်ခဲ့ပြီး တာအိုသစ်သီး တစ်လုံးစီ ထပ်မံ ဖော်ဆောင်နိုင်ခဲ့သည်။ ခုနစ်စင်းမြောက် စကြ၀ဠာတွင်မူ သူသည်ပင် တာအိုသစ်သီး မကျင့်ကြံနိုင်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအပေါင်းအား ကောင်းကင်ဖွင့်လှစ်သူများက ထိန်းချုပ်ထားသောကြောင့်ပင်။

ကောင်းကင်ဖွင့်လှစ်သူများ တာအို ရစေချင်သူသာ တာအိုရနိုင်သည်။ တစ်စုံတစ်ယောက်၏ တာအိုကို ဖျက်ဆီးပစ်ချင်လျှင်လည်း ဖျက်ဆီးပစ်နိုင်၏။

ခုနစ်စင်းမြောက် စကြ၀ဠာ၏ ယိုယွင်းပျက်စီးမှုမှာ ထင်ထားသည်ထက် စောစီးစွာ ဖြစ်ပေါ်လာသည်။ မီလော့နန်းတော်အရှင်သခင်က တျန်းတုမြို့သို့ သုံးကြိမ်တိတိတိ လာရောက်လည်ပတ်ခဲ့ပြီး စတုတ္ထအကြိမ်တွင်တော့ တျန်းတုအရှင်သခင်ကို သတ်ဖြတ်သွားခဲ့သည်။

ထိုအချိန်တွင် ချင်မူက လင်းရှောင်၏ ဘေးတွင် ရပ်နေခဲ့သည်။ လင်းရှောင်၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပနေပြီး မီလော့နန်းတော်အရှင်သခင် တျန်းတုအရှင်သခင်ကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သော သိုင်းပညာများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

ချင်မူကမူ ကောင်းကင်နတ်အရှင်လင်ကို ကြည့်နေခဲ့သည်။ ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထုစွမ်းအင် ကောင်းကင်နတ်သိုင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တျန်းတု၏ မူလဝိညာဉ်ကို မည်သူမှ မသိအောင် တိတ်တဆိတ် ကယ်တင်လိုက်၏။ တျန်းတုကား ထိုက်ယီထံမှ ခွဲထုတ်ခံလိုက်ရချေပြီ။

တျန်းတုမြို့နှင့် မီလော့နန်းတော်၏ စစ်ပွဲကြီး စတင်ခဲ့ပြီး ခုနစ်စင်းမြောက် စကြ၀ဠာအဆုံးမှ ဆယ်စင်းမြောက် စကြဝဠာအထိ ဆက်လက် ဖြစ်ပွားခဲ့သည်။

ကောင်းကင်ဖွင့်လှစ်သူ လင်သည် ပြိုင်ဘက်ကင်း အတိုက်အခိုက်စွမ်းရည်ကို ပြသကာ မီလော့နန်းတော်တွင် သေဆုံးဒဏ်ရာရမှုများစွာ ဖြစ်စေခဲ့သည်။ မီလော့နန်းတော်၏ အရိပ်မည်းကြီး ဟုပင် တင်စား ခေါ်ဝေါ်ခြင်း ခံခဲ့ရ၏။ သို့သော် လင်က တစ်ယောက်တည်း လှုပ်ရှားတတ်ပြီး မီလော့နန်းတော်၏ သခင်လေးခုနစ် ဖရိုဖရဲနှင့်သာ အလွန် ရင်းနှီးခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဖွင့်လှစ်သူများ၏ စွန့်ပစ်ခြင်း ခံခဲ့ရလေသည်။

အင်အားစုကြီးနှစ်စုအကြား တိုက်ပွဲသည် ခုနစ်စင်းမြောက် စကြ၀ဠာမှ ဆယ်စင်းမြောက် စကြ၀ဠာအထိ စကြဝဠာတစ်ခုလုံး လွှမ်းခြုံထားသော စစ်ပွဲကြီးဟု ခေါ်ဆိုနိုင်သည်။ အင်မတန် ရက်စက်ကြမ်းတမ်းခဲ့၏။ လင်းရှောင်က တာအိုရရှိခဲ့ပြီး နတ်ကောင်းကင်ခန်းမကို တည်ထောင်သည်။ သို့သော် ၎င်းကြောင့်ပင် ကောင်းကင်ဖွင့်လှစ်သူများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံရကာ အကြိမ်ကြိမ် ဒဏ်ရာရခဲ့လေသည်။

စစ်ပွဲကြီးမှာ အကြီးမားဆုံးသော စစ်ပွဲကြီးပင်။ စကြဝဠာ ဆယ့်ခုနစ်စင်းတွင် ၎င်းနှင့် နှိုင်းယှဉ်နိုင်သော စစ်ပွဲဟူ၍ မရှိချေ။

ဆယ်စင်းမြောက် စကြဝဠာတွင် မီလော့နန်းတော်မှာ အကြီးအကျယ် အင်အားချိနဲ့သွားခဲ့သည်။ မဟာဥသျှောင်၊ အနန္တနှင့် လင်းရှောင်တို့မှာ ကောင်းကင်နတ်အရှင်လင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့ကြ၏။ မီလော့နန်းတော်အရှင်သခင်ကိုယ်တိုင် ထွက်လာပြီး ကောင်းကင်ဖွင့်လှစ်သူလင်ကို နှိမ်နင်းခဲ့ရသည်။ ထိုအချိန်မှသာ တျန်းတုမြို့မှ ကောင်းကင်ဖွင့်လှစ်သူများ၏ အင်အားကို ဖိနှိပ်ထားနိုင်ခဲ့ပြီး တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်သွားစေခဲ့သည်။

ထိုက်ယီက ကျစ်ရှောင်ကို သွားကြည့်သည်။ ထိုအချိန်တွင် ကျစ်ရှောင်သည် ဓားပညာကိုသာ စိတ်ဝင်စားသော ဓားသမားတစ်ယောက် ဖြစ်နေသေး၏။ သူ၏ ဇနီးမှာမူ ထူးချွန်ထက်မြက်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုက်ယီသည် ကျစ်ရှောင်၏ အိမ်တွင် ဧည့်သည်အဖြစ် ရောက်နေသော ချင်မူတို့သားအဖနှင့်ပင် ဆုံခဲ့၏။ သူတို့က အချင်းချင်း နားလည်စွာဖြင့် နှုတ်ဆက်ကြပြီး ကျစ်ရှောင်တာအိုအောင်မြင်ခြင်းတေးသံ မွေးဖွားလာပုံကို တွေ့မြင်ကြည့်ရှုခဲ့ကြသည်။

စစ်မှန်သော ကျစ်ရှောင်တာအိုအောင်မြင်ခြင်းတေးသံက သုံးယောက်လုံးကို လက်ခုပ်တီး၍ အချိန်အတော်ကြာ အတွေးနက်စေခဲ့သည်။

"ကျစ်ရှောင်လို အလေးမထားတတ်တဲ့သူက ဒီလို ဇနီးမျိုး ရထားတာ အားကျစရာပဲ… သူ အခုထိ မီလော့နန်းတော်ကို မဝင်ရသေးဘူး… မင်း တစ်ခုခု ချန်ထားခဲ့ဖို့ အစီအစဉ် မရှိဘူးလား" ထိုက်ယီ၏ အကြည့်များ ဖြတ်ပြေးသွားပြီး ချင်မူ့ကို မေးလိုက်သည်။

ချင်မူ ခေါင်းခါ၏။ "ကျွန်တော် ဒီတစ်ခေါက် လာတာက ဒီနာမည်ကြီး တေးသံကို နားထောင်ဖို့ သက်သက်ပဲ… ကျွန်တော်နဲ့ ကျစ်ရှောင်တိုက်ပွဲမှာ ကျွန်တော် နိုင်ဖို့ လက်တစ်ကမ်းပဲ လိုခဲ့တယ်… နောက်ဆုံးမှာတော့ ဒီတေးသံကြောင့် ရှုံးနိမ့်ခဲ့ရတယ်... ကျစ်ရှောင်ရဲ့ ဇနီးက ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ပါ … သူ့ကို မတွေ့ဘဲ မနေနိုင်ခဲ့ဘူး"

ထိုက်ယီမှာ ကျစ်ရှောင်ကို တိုက်ခိုက်ရန် ကြံရွယ်လိုက်သော်လည်း ချင်မူက တားဆီးလိုက်သည်။ "ကျစ်ရှောင်လည်း ဒီတေးသံမှာ ရှုံးနိမ့်ခဲ့ရတာပဲ"

ထိုက်ယီ နားမလည်နိုင်တော့ချေ။

နောက်ပိုင်းတွင် ဆယ်စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲထွက်လာခဲ့သည်။ မဟာပျက်စီးခြင်းကပ်ဘေး အပြင်းထန်ဆုံးအချိန်တွင် ကျစ်ရှောင်တာအိုအောင်မြင်ခြင်းတေးသံမှာ ထပ်မံ ပေါ်ထွက်လာခဲ့ပြန်၏။ ထိုက်ယီက အသံကြားရာသို့ လိုက်လာခဲ့သည့်အခါ ချင်မူနှင့် ထပ်မံ တွေ့ဆုံပြန်သည်။

ချင်မူက ချင်လင်ယွင်၏ လက်လေးကို ဆွဲကိုင်လျက် ကပ်ဘေးထဲတွင် ရပ်နေသည်။ ထိုဇနီးမောင်နှံ ကပ်ဘေးမီးတောက်များထဲတွင် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ထားသည်ကို ကြည့်နေခဲ့သည်။ ထိုတစ်ခဏတာသည် ထာဝရ ကြာမြင့်ခဲ့၏။

ဤအခိုက်အတန့်ရှိ ကျစ်ရှောင်မှာ ဆယ့်ခုနစ်စင်းမြောက်စကြ၀ဠာမှ ကျစ်ရှောင် ဖြစ်သည်။ သူသည် ဤအခိုက်အတန့်တွင် သူ၏ ဇနီးနှင့်အတူ ထာ၀ရ တည်ရှိနေရန် ရွေးချယ်ခဲ့ချေပြီ။

ဆယ့်တစ်စင်းမြောက် စကြ၀ဠာမှ ကျစ်ရှောင်ကမူ မီလော့နန်းတော်သို့ ဝင်ရောက်ခဲ့သည်။ မီလော့နန်းတော်၏ လမ်းစဉ်နှင့် ကျင့်စဉ်များက သူ့အား သခင်လေး လေး ဖြစ်လာစေခဲ့သည်။

ဆယ့်နှစ်စင်းမြောက်စကြ၀ဠာ ရောက်ရှိလာချိန်တွင် ထိုက်ယီက ချင်မူ့ကို သွားရှာသည်။ "အဲဒီ ပိန်ပိန်ရှည်ရှည် လူထူးဆန်းကို တွေ့ပြီ… သူက အနန္တအဘိုးအိုရဲ့ လက်အောက်မှာပဲ"

All Chapters