ဗဟိုမူလ ဖန်ဆင်းခြင်းကျင့်စဉ်
Vol. 142 Ch. 1832
ချင်မူ အနန္တအဘိုးအို၏ ပိုင်နက်သို့ ရောက်လာသည်။
အနန္တအဘိုးအိုမှာ ပိုပို၍ အင်အားကြီးမားလာချေပြီ။ သူ၏ မှော်စွမ်းအင်က အဆုံးမရှိ တိုးပွားလာခဲ့ပြီး မရေမတွက်နိုင်သော အင်အားကြီးသိုင်းပညာရှင်များက သူ့အား ဝန်းရံထားကြသည်။ သူကား စကြဝဠာ၏ နံပါတ်တစ် အထွတ်အမြတ်နယ်မြေအလားပင်။
မီလော့နန်းတော်နှင့် တျန်းတုမြို့၏ စစ်ပွဲမှာ စကြဝဠာလေးခေတ် ကြာမြင့်ခဲ့သည့်အတွက် မီလော့နန်းတော်မှာ အင်အား အကြီးအကျယ် ချိနဲ့သွားခဲ့သည်။ ကောင်းကင်ဖွင့်လှစ်သူများလည်း မည်သည့်နေရာသို့ ရောက်သွားမှန်း မသိကြချေ။ အနန္တအဘိုးအို တစ်ဦးတည်းသာ အင်အားကြီးမားစွာ ကျန်ရစ်ခဲ့၏။ ထို့အပြင် သူ့တွင် အနာဂတ်နှင့် လှမ်း၍ ချိတ်ဆက်နိုင်သော လောကသစ်ပင် ရှိနေသဖြင့် တာအို မရသေးသော အင်အားကြီးသိုင်းပညာရှင်များပင်လျှင် နောက်စကြ၀ဠာအထိ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်။ ထို့ကြောင့် သူ့အား ထောက်ခံသူများ အလွန်များပြားခဲ့သည်။
တျန်းတုမြို့ ရှုံးနိမ့်သွားပြီးနောက် မီလော့နန်းတော်အရှင်သခင်သည် ကောင်းကင်နတ်အရှင်လင်အား နှိမ်နင်းခဲ့ရာ ကောင်းကင်ဖွင့်လှစ်သူများ ပျောက်ကွယ်သွားခဲ့သည်။ တာအိုဖီဆန်သူဟူ၍ ချင်မူ တစ်ယောက်တည်းသာ ကျန်ရှိတော့၏။
တာအိုသစ်ပင်ကျင့်စဉ်စနစ်ကြောင့် အနန္တအဘိုးအို၏ ကျင့်ကြံခြင်းအခြေခံက ပိုပို၍ ခိုင်မာလာခဲ့သည်။ သူ၏ ခွန်အားက မီလော့နန်းတော်အရှင်သခင်ထက် ကျော်လွန်၍ ပြိုင်ဘက်ကင်း နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်နေပြီဟူသော ကောလာဟလများပင် ထွက်ပေါ်လာခဲ့သည်။
သခင်လေးလေး ကျစ်ရှောင်ပင်လျှင် သူနှင့် အလွန် ရင်းနှီးခဲ့သည်။ သခင်လေးကျစ်ရှောင်က သူ၏ စွမ်းအားကို ငှားယူ၍ စကြဝဠာတွင် ကြီးကျယ်သော လုပ်ငန်းကြီးကို ပြီးမြောက်အောင်မြင်ခဲ့သောကြောင့် ဆယ့်နှစ်စင်းမြောက် စကြ၀ဠာ၏ စကြဝတေးမင်းတစ်ပါး ဖြစ်လာခဲ့၏။
ကျစ်ရှောင်တွင် လုပ်ဆောင်ရန် ကိစ္စများစွာ ကျန်ရှိနေသည်။ အနန္တအဘိုးအို၏ စွမ်းအားကို ငှားယူလျက် အတိတ်သို့ ပြန်ကာ ကွယ်လွန်သွားသော ဇနီးကို ကယ်တင်ရန်ပင် ကြိုးစားခဲ့သေးသည်။ သို့သော် အားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
အနန္တအဘိုးအိုကလည်း ကျစ်ရှောင်ကို သူ၏ ရုပ်သေးရုပ်သဖွယ် သဘောထားကာ စကြဝဠာတစ်ခွင်လုံးကို အုပ်ချုပ်စေခဲ့သည်။
ဤအချိန်တွင် သခင်လေးသုံး လင်းရှောင်က သွေးယဇ်ပူဇော်၍ ဒြပ်ထုစွမ်းအင် လဲလှယ်ခြင်းကျင့်စဉ်ကို တီထွင်ခဲ့သည်။ သွေးယဇ်ပူဇော်ခြင်းနှင့် ဒြပ်ထုစွမ်းအင် လဲလှယ်ခြင်းမှတစ်ဆင့် နောက်စကြဝဠာသို့ သွားရောက်နိုင်ပေလိမ့်သည်။ မီလော့နန်းတော်သည် မဟာပျက်စီးခြင်းကပ်ဘေးနှင့် မွေးဖွားခြင်းကပ်ဘေးတိုင်းတွင် တာအိုသိုင်းပညာရှင်များ ဆုံးရှုံးရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သို့သော် သူက ဤကျင့်စဉ်အား မဖြန့်ဝေသေးချေ။
ချင်မူက အနန္တအဘိုးအိုကို လာတွေ့သည်။ သူသည် တာအိုဖီဆန်သူ ဖြစ်သဖြင့် အနန္တအဘိုးအိုကား သူ့အား အမြင်မကြည်ချေ။ အတိတ်တုန်းက သူတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်ခဲ့သည်။ အနန္တအဘိုးအိုနှင့် ချင်မူ၏ ခင်မင်မှုမှာ ဒုတိယစကြ၀ဠာအစပိုင်းအထိ နောက်ကြောင်းပြန်ကောက်နိုင်သည်။
သို့သော် ချင်မူက တျန်းတုနှင့် အလွန် ရင်းနှီးသွားခဲ့သောကြောင့် သူတို့ဆက်ဆံရေးတွင် အက်ကြောင်း ထင်လာခဲ့၏။ နောက်ပိုင်းတွင် အနန္တအဘိုးအိုက ချင်မူ့အား ဂရုမစိုက်တော့ဘဲ ရန်သူကဲ့သို့ပင် သဘောထားခဲ့လေသည်။
ချင်မူက ချင်လင်ယွင်၏ လက်ကို ဆွဲလျက် လောကသစ်ပင်အောက်သို့ လျှောက်သွားရာ ရုတ်တရက် ဖရိုဖရဲများက လောကသစ်ပင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထူထဲလေးလံလှသော ဖရိုဖရဲချီစွမ်းအင်များက အားလုံးကို အသက်ရှူကြပ်စေခဲ့သည်။
သခင်လေးခုနစ် ဖရိုဖရဲနှင့် အနန္တအဘိုးအိုတို့ တိုက်ပွဲ ဖြစ်ပွားကြလိမ့်မည်ဟု အားလုံး ထင်နေကြ၏။ မီလော့နန်းတော်ပင်လျှင် သတိထားနေသည်။ မီလော့နန်းတော်အရှင်သခင်က တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကာ အဝေးမှ လှမ်းကြည့်နေခဲ့သည်။
သို့သော် ဖရိုဖရဲထဲတွင် မည်သည့်အရာတို့ ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ မသိလိုက်ပေ။
ဖရိုဖရဲချီစွမ်းအင်များ ပျောက်ကွယ်သွားသောအခါ အနန္တအဘိုးအိုနှင့် ချင်မူ၏ ဆက်ဆံရေးမှာ အတိတ်ကအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့၏။ နှစ်ယောက်သား ရယ်မောပြောဆိုနေကြကာ မည်သည့်ကိစ္စမှ ဖြစ်ပွားခဲ့ခြင်း မရှိသကဲ့သို့ပင်။
မဟာဥသျှောင်နှင့် အခြားသူများမှာလည်း ဖရိုဖရဲထဲတွင် ဖြစ်ပျက်ခဲ့သည်များကို မမြင်တွေ့လိုက်ရသဖြင့် မီလော့နန်းတော်အရှင်သခင်ထံ သွားရောက် မေးမြန်းကြသည်။ မီလော့နန်းတော်အရှင်သခင်က ဖြေ၏။ "ဖရိုဖရဲရဲ့ ကောင်းကင်နတ်သိုင်းကို ငါလည်း သေချာနားမလည်ဘူး… ဒါပေမဲ့ အနန္တအဘိုးအိုက တစ်ခုခုကို မေ့သွားတာ ဖြစ်မယ်"
မဟာဥသျှောင်နှင့် အခြားသူများက ဆက်လက် မေးမြန်းကြသော်လည်း မီလော့နန်းတော်အရှင်သခင်သည် အသေးစိတ် မပြောပြချေ။ "ဖရိုဖရဲက မင်းတို့ရဲ့ ညီလေးပဲ… သူက တာအိုရဖို့ ပိုပိုပြီး နီးစပ်လာပြီ… မင်းတို့ သူ့ကို သွားမနှောင့်ယှက်ကြနဲ့… နောက်ရက်အနည်းငယ်မှာ ငါ ဖရိုဖရဲမြစ်ကို ဖြတ်သန်းပြီး အနာဂတ်ဆီ လေ့လာကြည့်မယ်… မင်းတို့ ခုနစ်ကို အမြဲတမ်း သွားမနှောင့်ယှက်ကြနဲ့"
"ခုနစ်က အခုထိ တာအို မရသေးဘူးလား" အားလုံး၏ မျက်လုံးများ တလက်လက် တောက်ပသွားကြသည်။
မီလော့နန်းတော်အရှင်သခင်သည် နောက်ဆုံးတွင် ဖရိုဖရဲမြစ်မှ ခုန်ထွက်၍ မြစ်ရေပြင်ပေါ်သို့ ရောက်လာခဲ့၏။ သူ၏ ကောင်းကင်နတ်သိုင်းများက ခေတ်အဆက်ဆက်ကို ကျော်လွန်ပြီးဖြစ်သည်။ ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ အဆုံးပိုင်းမှသာ မီလော့နန်းတော်၏ ကောင်းကင်နတ်သိုင်းမှာ ဤအဆင့်သို့ ရောက်လာခဲ့၏။ ထို့အပြင် ထိုအချိန်က မီလော့နန်းတော်၏ ကောင်းကင်နတ်သိုင်းက အတိတ်သို့ ပြန်သွားခြင်းသာ ဖြစ်သည်။ အနာဂတ်သို့ ကျော်တက်ခြင်း မဟုတ်ပေ။
မီလော့နန်းတော်အရှင်သခင်ကား အားလုံးထက် များစွာ ကျော်လွန်နေချေပြီ။ သူက မြစ်ပေါ်တွင် ရပ်လျက် အတိတ်မှ အဖြစ်အပျက်အမျိုးမျိုးနှင့် အနာဂတ်မှ အဖြစ်အပျက်အားလုံးကို တွေ့မြင်ခဲ့ရသည်။
သူ့အရှေ့တွင် ဆယ့်နှစ်စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ် ရှိနေပြီး အနောက်တွင်မူ စကြဝဠာဆယ့်တစ်စင်း၏ အတိတ် ရှိနေ၏။
ပုံရိပ်များက မြစ်အား မကြာခဏ ဖြတ်သန်းသွားကြသည်။ ထိုသူများမှာ အတိတ်သို့ ပြန်လာသူများ ဖြစ်ကြ၏။ သူတို့သည် မီလော့နန်းတော်အရှင်သခင်ကို မမြင်ရသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်ကိုပင် ဖြတ်သန်းသွားကြသည်။
မီလော့နန်းတော်အရှင်သခင်မှာအချိန်တိုအတွင်း အတိတ်စကြဝဠာ ဆယ့်တစ်စင်း၏ အရာအားလုံးကို ထွင်းဖောက် တွေ့မြင်ခဲ့လေသည်။ လောကရှိ အရာအားလုံးကို ထိုးထွင်းသိမြင်သွားခဲ့သော်လည်း အနာဂတ်အကြောင်းကိုတော့ မည်သည်မှ မသိရှိခဲ့ပေ။
သူ လှည့်၍ ရှေ့ဆက်လျှောက်သွားသည်။ ဆယ့်နှစ်စင်းမြောက် စကြဝဠာ၏ ပျက်စီးသွားသော အနာဂတ်ကို ဖြတ်သန်း၍ ဆယ့်သုံးစင်းမြောက် စကြဝဠာသို့ သွားရောက်ခဲ့သည်။
ဆယ့်သုံးစင်းမြောက် စကြဝဠာမှာလည်း အလားတူ ပျက်စီးသွားခဲ့သည်။
သူက ဆယ့်လေးစင်းမြောက် စကြဝဠာ၊ ဆယ့်ငါးစင်းမြောက် စကြဝဠာ၊ ဆယ့်ခြောက်စင်းမြောက် စကြဝဠာများသို့ ထပ်မံ သွားရောက်ခဲ့သည်။
သူ့အနေဖြင့် ဖရိုဖရဲမြစ်ကို ထွင်းဖောက်မမြင်နိုင်သဖြင့် အနာဂတ်စကြဝဠာများရှိ အဖြစ်အပျက်များကို မမြင်တွေ့နိုင်ခဲ့သော်လည်း ဤစကြဝဠာများ၏ ပျက်စီးမှုက သူ၏ ရှုံးနိမ့်မှုကို သက်သေပြနေခဲ့သည်။
ဆယ့်ခြောက်စင်းမြောက် စကြဝဠာမှ ရှေ့သို့ ဆက်သွားပါက မည်သည့်ဖရိုဖရဲမြစ်မှ မရှိတော့ပေ။ သူ မြစ်ရေပြင်ပေါ်မှ လှမ်းမျှော်ကြည့်လိုက်သော်လည်း အနာဂတ် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ မည်သည့်အရာကိုမှ မမြင်တွေ့ခဲ့ရချေ။
မည်သည့် မီလော့နန်းတော်၊ လောကသစ်ပင်၊ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်မှ မရှိပေ။ အမှောင်ထုသာ အဆုံးမရှိ ကျယ်ပြန့်နေကာ အခြားမည်သည့်အရာမှ မရှိချေ။
မီလော့နန်းတော်အရှင်သခင် ချုံးပွဲချ ငိုကြွေးတော့၏။ မြစ်ပေါ်တွင် အားကိုးရာမဲ့သော ကလေးတစ်ယောက်သဖွယ် အော်ဟစ် ငိုကြွေးမိတော့သည်။
သူ၏ ဇွဲလုံ့လအားလုံး၊ ခံယူချက်အားလုံး ပြိုလဲသွားခဲ့လေပြီ။
ဤအခိုက်အတန့်မှာပင် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အမှောင်ထုထဲမှ ရုတ်တရက် ဖရိုဖရဲချီစွမ်းအင်တို့ ထွက်ပေါ်လာသည်။ ခန်းမတစ်ခုသည် ဖရိုဖရဲချီစွမ်းအင်များထဲတွင် မြင့်တက်လာကာ မြစ်ဆယ့်ခြောက်စင်းနှင့် ချိတ်ဆက်သွား၏။
ဤခန်းမကား မီလော့နန်းတော်၊ လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်တို့ကဲ့သို့ပင် အတိတ် စကြ၀ဠာဆယ့်ခြောက်ခု၏ မြစ်အားလုံးပေါ်တွင် ဖြစ်တည်လာခဲ့သည်။
ခန်းမထဲတွင် လူရိပ်တစ်ခု ရပ်နေသည်ကို ဝိုးတဝါး တွေ့မြင်လိုက်ရ၏။
"ဒါက အနာဂတ်ရဲ့ အသက်ဓာတ်လား"
မီလော့နန်းတော်အရှင်သခင် စိတ်လှုပ်ရှားသွားသည်။ ဖရိုဖရဲမြစ်များနှင့် ချိတ်ဆက်နေသော ဖရိုဖရဲချီစွမ်းအင်များမှတဆင့် ထိုခန်းမဆီသို့ လျှောက်သွားမိသည်။
သူက ခန်းမနှင့် ပိုပို၍ နီးကပ်လာသည်။ သူ့ပတ်ပတ်လည်ရှိ ခရမ်းရောင် ချီစွမ်းအင်များက အနာဂတ်မှ လာသော ခုခံမှုကို တားဆီးထားသည်။ ခန်းမမှာ ခမ်းနားထည်ဝါပြီး ရိုးရှင်းကာ ထူးဆန်းသော တာအိုအမျိုးမျိုး ကိန်းဝပ်နေသည်။
သူ ခန်းမထဲသို့ လျှောက်ဝင်သွား၏။ ခန်းမထဲတွင် မည်သူမှ မရှိဘဲ ဖရိုဖရဲမြစ် ဆယ့်ခြောက်စင်းသာ ရှိနေသည်။
ဤမြစ်ဆယ့်ခြောက်စင်းမှာ ခန်းမအပြင်ဘက်မှ မြစ်ဆယ့်ခြောက်စင်းပင်။
သူ မော့ကြည့်လိုက်၏။ ဖရိုဖရဲမြစ်ဆယ့်ခြောက်စင်း၏ အဆုံးတွင် ဖရိုဖရဲခန်းမတစ်ခု အမှန်တကယ် ရှိနေသည်။ ထိုနေရာတွင် ဝိုးတဝါး လူရိပ်တစ်ခု ရပ်နေ၏။
သူက ရှေ့သို့ ဆက်လျှောက်သွားပြီး မြစ်ဆယ့်ခြောက်စင်းကို ဖြတ်ကျော်ကာ ခန်းမထဲသို့ ဝင်ရောက်သွားသည်။ ခန်းမထဲတွင် မြစ်ဆယ့်ခြောက်စင်းသာ ရှိနေသေးပြီး မြစ်အဆုံးတွင် ဖရိုဖရဲခန်းမတစ်ခု ထပ်မံရှိနေသည်ကို တွေ့လိုက်ရပြန်သည်။
ဤအခိုက်အတန့်တွင် မီလော့နန်းတော်အရှင်သခင်မှာ ခန်းမထဲတွင် ရှိနေသေးသည်လား၊ အပြင်ဘက်တွင် ရှိနေသည်လား မသိတော့ချေ။ ထိုခန်းမထဲမှ လူမှာလည်း ခန်းမထဲတွင် ရှိနေသလား၊ အပြင်ဘက်တွင် ရှိနေသလား မသိတော့ပေ။
“ကမ္ဘာဦးအစ ဖရိုဖရဲသည် ဥကဲ့သို့ ဖြစ်၏... မှောင်မည်းတိတ်ဆိတ်စွာဖြင့် ဟင်းလင်းပြင်တစ်လျှောက် လွှမ်းမိုးတတ်၏... ကျယ်ပြန့်သော မဟာတာအိုကား ကမ္ဘာလောကအား ပိုက်ထွေးလျက် ... မူလချီ၏ လည်ပတ်မှုလည်း အားကောင်းလျက်, လေးလံလျက်...”
သူက စိတ်မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရွတ်ဖတ်လိုက်သည်။ ဤသည်မှာ သူ့အား စိတ်လှုပ်ရှားစေနိုင်သည့် နောက်ထပ် တာအိုကျင့်စဉ် တစ်မျိုးပင်။ အနာဂတ်တွင် တာအိုမိတ်ဆွေတစ်ဦးနှင့် တွေ့ဆုံရမည်ဟု ခံစားရစေ၏။ သူက ခန်းမထဲမှ လူရိပ်ဆီသို့ ဆက်လက် လျှောက်သွားခဲ့သည်။
“စစ်မှန်သော ရေ, စစ်မှန်သော မီးတို့ ကိန်းအောင်းလျက်... ရေခဲသဖွယ် ဝေ့လည်ဖွဲ့တည်လျက်.... မူလအစသည် ဆန်းပြားသော စွမ်းအင်ကို ဖော်ဆောင်၏... စွမ်းအင်သုံးသွယ်သည် တစ်ပြိုင်နက် ကွဲထွက်၍ မဟာဆိတ်ငြိမ်မှုအဆင့်သို့ ရောက်စေ၏”
သူ၏ မဟာတာအိုက တုန်ခါသွားပြီး ခန်းမထဲမှ လူ၏ တုံ့ပြန်မှုကို ရရှိရန် မျှော်လင့်နေသည်။ "ကောင်းလိုက်တဲ့ ဖရိုဖရဲ ခန်းမပဲ…. အချိန်နဲ့ နေရာဟင်းလင်းပြင်ရဲ့ အဆုံးမှာ မားမားမတ်တပ် ရပ်တည်ပြီး ငါ့ကို ဒီနေရာအထိ လမ်းညွှန်ခဲ့တယ်… ဒါက အနာဂတ် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာလား… အနာဂတ်က တာအိုမိတ်ဆွေ၊ မင်း ဒီအဆင့်အထိ ကျင့်ကြံနိုင်တာက တကယ် မလွယ်ကူဘူး… မင်းတို့ရဲ့ စကြဝဠာက မဟာပျက်စီးခြင်းကပ်ဘေးကို မကြုံတွေ့ရသေးဘူး မဟုတ်လား"
"အနာဂတ်မျိုးဆက် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှ ကောင်းကင်နတ်အရှင်ချင်မူ တာအိုနောင်တော်ကို ဂါရဝပြုပါတယ်" ထိုလူရိပ်က သူ့အား အရိုအသေ ပေးလိုက်သည်။
မီလော့နန်းတော်အရှင်သခင်မှာ စိတ်နှလုံး တုန်လှုပ်သွားမိသည်။
သူက ချင်မူ ဟုခေါ်သော ဤလူနှင့် အချိန်အတော်ကြာ စကားပြောဆိုခဲ့ပြီးနောက် ဆယ့်နှစ်စင်းမြောက် စကြ၀ဠာသို့ ပြန်ရောက်လာခဲ့သည်။
" အနာဂတ်ကနေ ဖရိုဖရဲ ပြန်လာတာက အတိတ် စကြဝဠာဆယ့်ခြောက်စင်းကို ဖြတ်သန်းပြီး ဖရိုဖရဲ တာအိုရဖို့ပဲ… သူက သူ့ကိုယ်သူ မီလော့နန်းတော်ရဲ့ ခုနစ်လို့ အမြဲ ပြောနေတာ မဆန်းတော့ဘူး… သူက ခုနစ်ယောက်မြောက် တာအိုရတဲ့သူပေါ့" မီလော့နန်းတော်အရှင်သခင် စိတ်ထဲမှ တွေးလိုက်သည်။
သခင်လေးများ၏ လမ်းစဉ်တို့သည် အခြား တာအိုသိုင်းပညာရှင်များနှင့် မတူပေ။ သခင်လေးဆိုသည်မှာ နယ်ပယ်တစ်ခုတွင် မီလော့နန်းတော်အရှင်သခင်ပင် မအောင်မြင်နိုင်သော အောင်မြင်မှုမျိုး ရရှိထားသူများ ဖြစ်ကြသည်။ ချင်မူသည် အတိတ်သို့ ပြန်လာခဲ့သည့်အတွက် ဖရိုဖရဲတာအိုက နေ့စဉ်နှင့်အမျှ ရင့်ကျက်လာနေသော်လည်း စကြဝဠာ ဆယ့်ခြောက်စင်းကို မဖြတ်သန်းဖူသရွေ့ အစစ်အမှန် တာအိုရရှိနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ စွမ်းဆောင်ရည်မှာ အနည်းငယ် လိုအပ်နေသေးကာ မီလော့နန်းတော်၏ အစစ်အမှန်သခင်လေးဟု သတ်မှတ်၍ မရသေးချေ။
"ဖရိုဖရဲက ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာက လာတာ… ငါ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာရဲ့ မွေးဖွားခြင်းကပ်ဘေးမှာ အနာဂတ်ကို ကြည့်လိုက်တာနဲ့ အနာဂတ်က ကောင်း၊ မကောင်း သိရမှာပဲ" မီလော့နန်းတော်အရှင်သခင် ပြုံးလိုက်သည်။
ချင်မူသည် အနန္တအဘိုးအို၏ လက်အောက်မှ ပိန်ပိန်ရှည်ရှည် လူထူးဆန်းနှင့် တွေ့ဆုံခဲ့၏။ ထိုသူ၏ အမည်က ရုံကျဲ့ဟု ခေါ်သည်။ ရုံကျဲ့ ဆိုသည်မှာ မျက်နှာအလယ်၌ မျက်လုံးရှိဟု အဓိပ္ပာယ်ရ၏။ သူသည် နာမည်နှင့်လိုက်အောင် မျက်ခုံးကြားတွင် မျက်လုံးတစ်လုံးတည်းသာ ရှိပြီး မျက်နှာတစ်ခြမ်းလုံးကို ဖုံးလွှမ်းထားသည်။
ချင်မူက ညင်သာစွာ ပြုံးပြလိုက်သည်။ ရုံကျဲ့အား သူ၏ မျက်လုံးကို မည်သို့ကျင့်ကြံရမည်လဲ လမ်းညွှန်ပေးခဲ့ရာ ရုံကျဲ့မှာ အလွန်တရာ ကျေးဇူးတင်ခဲ့လေသည်။
ချင်မူနှင့် ချင်လင်ယွင်တို့က လေနှင့်အတူ မြောလွင့်ထွက်ခွာလာ၏။
"ဖေဖေ၊ သမီးတို့ ဘယ်သွားကြမှာလဲဟင်”
"ကောင်းကင်နတ်အရှင်လင်ကို သွားရှာမလို့ကွယ့်"
ရက်အနည်းငယ်ကြာပြီးနောက် မဟာဥသျှောင်က မီလော့နန်းတော်အရှင်သခင်အား လျှောက်တင်သည်။ "ဆရာ၊ ခုနစ်က ကျွန်တော့်ရဲ့ ကျောက်ပြားတောအုပ်ထဲ ကျူးကျော်ဝင်ရောက်ပြီး တာအိုဖီဆန်သူလင်ကို ကယ်ထုတ်သွားတယ်"
မီလော့နန်းတော်အရှင်သခင်က ပြော၏။ "စွန့်ပစ်မြေတစ်ခုလုံးက သူ့ရဲ့ ကောင်းကင်နတ်သိုင်းကြောင့် ဖြစ်ပေါ်လာတာပဲ… သူ ကယ်ချင်ရင် အလွယ်တကူ ကယ်ထုတ်သွားနိုင်တာပေါ့"
မဟာဥသျှောင်မှာ မကျေမနပ် ဖြစ်သွားပြီး ဆက်ပြောသည်။ "ဆရာ၊ တာအိုဖီဆန်သူ လင်ကို ဆရာ ကိုယ်တိုင် နှိမ်နင်းခဲ့တာလေ"
မီလော့နန်းတော်အရှင်သခင်က တုံ့ပြန်၏။ "တာအိုဖီဆန်သူလား… ဘာကြောင့် တာအိုဖီဆန်သူလို့ ခေါ်တာလဲ… မဟာဥသျှောင်၊ မင်း နောက်ထပ် တစ်ဆင့် မတက်လှမ်းနိုင်တာက ဒီအချက်ကြောင့်ပဲ… သေချာ စဉ်းစားကြည့်… စဉ်းစားလို့ ရသွားရင် နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်လိမ့်မယ်"
မဟာဥသျှောင်မှာ စဉ်းစား၍ မရခဲ့ပေ။
ဆယ့်နှစ်စင်းမြောက် စကြ၀ဠာ အဆုံးပိုင်းတွင် မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ကွဲထွက်လာခဲ့သည်။ တာအိုဖီဆန်သူလင်က အနန္တအဘိုးအို၏ ရှေ့မှောက်သို့ သတ်ဖြတ်ဝင်ရောက်လာခဲ့ကာ သူ့အား အပြင်းအထန် ဒဏ်ရာရစေခဲ့၏။ ထို့နောက် ချင်မူက အနန္တအဘိုးအိုအား လာရောက်ကယ်တင်ခဲ့ပြီး တာအိုဖီဆန်သူလင်အား ခြောက်လှန့်၍ ထွက်ပြေးစေခဲ့သည်။
ဤတိုက်ပွဲတွင် အနန္တအဘိုးအိုမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ အင်အားကြီးသိုင်းပညာရှင်များစွာက နောက်စကြ၀ဠာသို့ ခိုးဝင်လိုသော်လည်း ဤတိုက်ပွဲကြောင့် တစ်စုံတစ်ခု မှားယွင်းခဲ့သည်။ အနန္တအဘိုးအို၏ အမြစ်များမှာ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာသို့ ချိတ်ဆက်သွားပြီး ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာမှ လောကသစ်ပင်အား စောင့်ရှောက်နေသော အင်အားကြီးသိုင်းပညာရှင်တစ်ယောက်ကြောင့် မရေမတွက်နိုင်အောင် သတ်ဖြတ်ခံခဲ့ရသည်ကို သတိထားမိခဲ့ကြ၏။
သူတို့က ထိုလူအား ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာ၏ အမဲလိုက်မုဆိုးဟု ခေါ်ဆိုကြသည်။
ဤအကြောင်းနှင့် အနန္တအဘိုးအိုမှာလည်း ချင်မူနှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်လာခဲ့လေသည်။
နောက်ပိုင်းတွင် ချင်မူ့ဘေးတွင် ပိန်လှီနေသော လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအချိန်မှစ၍ ဆယ့်သုံးစင်းမြောက် စကြ၀ဠာတွင် သူခိုး သောင်းကျန်းခဲ့လေသည်။ လူများစွာ အခိုးခံခဲ့ရသည်။ အနန္တအဘိုးအိုကတော့ အဆိုးဆုံးပင်။
မီလော့နန်းတော်လည်း အခိုးခံခဲ့ရသည်။ မဟာဥသျှောင်က အမိန့်ထုတ်၏။ "သူခိုးက မီလော့နန်းတော်မှာပဲ"
မဟာဥသျှောင်ကိုယ်တိုင် သူခိုးကို လိုက်လံ ရှာဖွေပြီး ဖမ်းဆီးခဲ့သည်။ ထိုသူကား ပိန်လှီလှီ အဘိုးအိုတစ်ယောက် ဖြစ်ပြီး သူ့အား ကျောက်ပြားတောအုပ်ထဲသို့ ပို့ဆောင်ကာ ဖိနှိပ်ထားခဲ့သည်။
ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာ၌...
ချင်မူ ထွက်ခွာသွားပြီး ဒုတိယမြောက်နှစ်သို့ ရောက်ချေပြီ။ သခင်လေး မဟာဥသျှောင်က ချင်မူ ဆယ့်ခုနစ်စင်းမြောက်စကြ၀ဠာမှ အမှန်တကယ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှ စိတ်ချသွားခဲ့သည်။ သူက ကောင်းကင်ဖွင့်လှစ်သူများအား သူ၏ တာအိုသစ်ပင်ဖြင့် သွန်းလုပ်ထားသော သစ်သားလှေပေါ်သို့ တင်ကာ ထိုက်ယီသည် လှေဦးတွင် တာဝန်ယူ စောင့်ကြပ်၏။ သခင်လေး မဟာဥသျှောင်က သူတို့အား ထွက်ခွာခွင့်ပေးလိုက်ပြီး ပြောသည်။ "တာအိုမိတ်ဆွေတို့၊ မင်းတို့ ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာဆီ ပြန်ရောက်တဲ့အခါ သခင်လေး ဖရိုဖရဲကို သတိထားကြပါ"
ထိုက်ယီက ပြော၏။ "စိတ်ချပါ၊ ကျုပ် သူ့ရဲ့ ပုံစံအမှန်ကို သိပြီးသားမို့လို့ သတိထားနေပြီးသားပါ"
မဟာဥသျှောင်က သူတို့အား ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာသို့ ပို့ဆောင်လိုက်သောကြောင့် ဖရိုဖရဲချီစွမ်းအင်များက အချိန်နှင့် နေရာဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာခဲ့သည်။
မဟာဥသျှောင်က သက်ပြင်းချလိုက်ပြီး ကမ္ဘာဦးဘုံသို့ ပြန်ကာ တာအိုအဖြစ် ပြောင်းလဲ၍ လူပြန်ဝင်စားခဲ့လေသည်။
မဟာဥသျှောင် လူပြန်ဝင်စားသွားပြီးနောက်မှာပင် ကျောက်ပြားတောအုပ်ကြီး ပြိုကျသွားသည်။ ပိန်လှီလှီ အဘိုးအိုတစ်ယောက်သည် ကျောက်ပြားတောအုပ်ထဲမှ ထွက်လာကာ လျှပ်တပြက် ပျောက်ကွယ်သွားခဲ့၏။
"ငါ ပြန်လာပြီကွ" ရယ်သံကြီးက ဟင်းလင်းပြင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ဆယ့်သုံးစင်းမြောက်စကြ၀ဠာအရောက်တွင် မီလော့နန်းတော်၌ သခင်လေးတစ်ပါး ထပ်မံ ပေါ်ထွက်လာခဲ့သည်။ သခင်လေး၀ူကျုံးပင်။ ချင်မူက မီလော့နန်းတော်သို့ ထပ်မံ ပြန်လာပြီး သခင်လေး၀ူကျုံးနှင့်အတူ သောက်စား ပျော်ပါးရင်း စကားပြောဆိုခဲ့သည်။
ဆယ့်လေးစင်းမြောက် စကြ၀ဠာတွင် သခင်လေးကျန့်ကျီ ပေါ်ထွက်လာခဲ့သည်။ ကျန့်ကျီမှာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်တွင် မွေးဖွားခဲ့သော အဆုံးသတ်မြို့ပျက် နတ်ဘုရားမတစ်ဦး ဖြစ်၏။ ချင်မူက ထပ်မံ ရောက်လာပြီး သခင်လေးကျန့်ကျီနှင့်အတူ စကားစမြည် ပြောခဲ့ပြန်သည်။
သခင်လေးများသည် ဤညီမငယ်လေးကို အရိပ်တကြည့်ကြည့် ဂရုစိုက်ကြသဖြင့် ချင်မူကြောင့် ကျန့်ကျီ အကျင့်ပျက်သွားမည် စိုးသောကြောင့် သူ့အား မောင်းထုတ်ခဲ့ကြ၏။
ဆယ့်လေးစင်းမြောက် စကြ၀ဠာ၏ အဆုံးပိုင်းတွင် ချင်မူက ချင်လင်ယွင်ကို ခေါ်လျက် မဟာပျက်စီးခြင်းကပ်ဘေး ပေါက်ဖွားရာ နေရာသို့ ရောက်လာသည်။ ချင်လင်ယွင်က စပ်စပ်စုစု မေးလိုက်၏။ "ဖေဖေ၊ သမီးတို့ ဒီတစ်ခေါက်ရော ဘာလုပ်ကြမှာလဲ"
"မိတ်ဆွေဟောင်း တစ်ယောက်ကို လာကြိုတာကွယ့်"
ချင်မူက ပြုံးလျက် ဖရိုဖရဲမြစ်အား မော့ကြည့်နေသည်။
ဗျပ်စောင်းသံက မြစ်ထဲမှ ပျံ့လွင့်လာပြီး အမျိုးသမီးတစ်ယောက်သည် မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲသို့ ကျရောက်လာ၏။
ချင်မူက လက်မြှောက်၍ ထိုအမျိုးသမီးကို ပွေ့လိုက်သည်။ ချင်လင်ယွင်က ရှေးဟောင်းဗျပ်စောင်းတစ်လက်ကို ပိုက်လျက် ရှေ့သို့ တိုးလာပြီး အသံစူးစူးလေးဖြင့် မေးလိုက်လေသည်။ "သမီးရဲ့ မေမေလားဟင်"
ထိုအမျိုးသမီးသည် ဗျပ်စောင်းကို သိမ်းလိုက်ပြီး သူမ၏ ပါးလေးကို ညင်သာစွာ ဆွဲညှစ်လိုက်၏။ သူမက ပြုံးလျက် ဖြေသည်။ "မင်းရဲ့ မေမေ မဖြစ်လိုက်တဲ့သူပေါ့ကွယ်... တို့နာမည်က ယွဲ့တဲ့… ဒေါ်လေးယွဲ့လို့ ခေါ်လို့ ရတယ်နော်"
သူမက မော့ကြည့်လိုက်ပြီး ချင်လင်ယွင်၏ နောက်မှ ချင်မူ့ကို အပြုံးမဟုတ်သော အပြုံးဖြင့် ကြည့်ကာ ပြောသည်။ "မူ၊ နင် ကတိမဖျက်ဘူးပဲ… ဒီကို ရောက်နေတာ ဘယ်လောက် ကြာပြီလဲ"
"ဆယ့်လေးနှစ် ကြာပြီ"
ချင်မူက ချင်လင်ယွင်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ သူ၏ အကြည့်များက နူးညံ့ညင်သာနေသည်။ "လင်ယွင်လေး ဆယ့်လေးနှစ် ပြည့်သွားပြီ"
ဖရိုဖရဲအတွက် စကြ၀ဠာတစ်ခုက တစ်နှစ် ဖြစ်၏။
ချင်လင်ယွင်အတွက်မူ သူမသည် ဆယ့်လေးနှစ်အရွယ်သို့ ရောက်ပြီ ဖြစ်သည်။
"လင်ယွိရှို့ လိုက်မလာဘူးလား" ကောင်းကင်နတ်အရှင်ယွဲ့က ဟိုဟိုသည်သည် ကြည့်လိုက်၍ မျက်ဝန်းများ တောက်ပလာသည်။
ချင်မူက ပြုံးသည်။ "မလိုက်လာဘူး… ဒါပေမဲ့ ကျွန်တော် ကောင်းကင်နတ်အရှင်လင်ကို ရှာတွေ့ထားတယ်"
ကောင်းကင်နတ်အရှင်လင် ရောက်လာပြီး မကျေမနပ် ဖြစ်နေသော ကောင်းကင်နတ်အရှင်ယွဲ့ကို ခေါ်သွားသည်။
"လင်ယွင်လေးက မေမေလေး လိုချင်နေသလိုပဲနော်" သူမက ကောင်းကင်နတ်အရှင်လင်အား ပြော၏။
ကောင်းကင်နတ်အရှင်လင်က ချေပသည်။ "တစ်ယောက်သောသူကတော့ မလိုချင်ဘူး"
ကောင်းကင်နတ်အရှင်ယွဲ့သည် သူမနှင့် အခင်မင်ဆုံး ဖြစ်ပြီး ဘာမဆို ပြောနိုင်သဖြင့် ဒေါသထွက်စွာ မေးလိုက်၏။ "နင်က သူမှ မဟုတ်တာ…. သူ မလိုချင်ဘူးလို့ နင် ဘယ်လို သိမှာလဲ"
"ငါ မေးကြည့်ပြီးပြီ" ကောင်းကင်နတ်အရှင်လင်က ခပ်အေးအေး ဖြေသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ ဒေါသထွက်သွားပြီး ဗျပ်စောင်းကို ဖြစ်သလို တဒေါင်ဒေါင် တီးခတ်နေတော့၏။
ဆယ့်ငါးစင်းမြောက် စကြ၀ဠာ၏ မွေးဖွားခြင်းကပ်ဘေး မကျရောက်ခင်အချိန်တွင် မီလော့နန်းတော်အရှင်သခင်က အနာဂတ်ကို လှမ်းမျှော်ကြည့်နေဆဲပင်။ သို့သော် ချင်မူက ချင်လင်ယွင်ကို ခေါ်လာပြီး ဖရိုဖရဲတစ်လွှာဖြင့် သူ၏ အမြင်ကို ဖုံးကွယ်သွားခဲ့သည်။
ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ မွေးဖွားခြင်းကပ်ဘေး မကျရောက်ခင် ချင်မူ ထပ်မံရောက်လာပြီး သူ၏ အမြင်ကို ကာသွားပြန်၏။
မီလော့နန်းတော်အရှင်သခင်မှာ သူ၏အမြင်အာရုံ အကာခံရခြင်းကို ကျင့်သားရနေပြီ ဖြစ်သဖြင့် ဘာမှ မပြောတော့ပေ။
နောက်ဆုံးတွင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာမှာ နှစ်ပေါင်း သန်းခြောက်ရာသာ ကြာမြင့်ပြီးနောက် ပျက်စီးသွားခဲ့သည်။
ဤတစ်ကြိမ်တွင် ချင်မူက သူ၏ အမြင်ကို လာကာပြန်၏။ မီလော့နန်းတော်အရှင်သခင်က ပြောသည်။ "ဖရိုဖရဲ၊ အရင်တုန်းက မင်းက ငါ အနာဂတ်ကို ကြည့်မှာ အမြဲတမ်း တားဆီးခဲ့တယ်…. ဒါပေမဲ့ ဒီတစ်ခေါက်တော့ မင်း ငါ့ရဲ့ အမြင်ကို မတားဆီးနိုင်တော့ဘူး… ငါက ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာရဲ့ အနာဂတ် အားလုံးကို အကုန် ကြည့်မှာ… မင်း တားဆီးနိုင်မှာ မဟုတ်ဘူး… အနာဂတ်က ဘယ်လိုနေလဲဆိုတာ ငါကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ချင်တယ်"
"ဆရာ၊ ပထမစကြ၀ဠာကနေ အခုအချိန်အထိ ဘယ်သူမှ ဆရာ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး…. ဒါပေမဲ့ တပည့်က တာအိုရသွားပြီ… ကျွန်တော် ကြိုးစားကြည့်ချင်တယ်"
ချင်မူက ချင်လင်ယွင်၏ လက်ကို လွှတ်လိုက်သည်။ "ဆရာက အတိတ်စကြဝဠာ ဆယ့်ခြောက်စင်းမှာ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ပဲ… အနန္တအဘိုးအို၊ တျန်းတုအရှင်သခင်၊ ကောင်းကင်နတ်အရှင်လင်တောင်မှ ဆရာ့ဆီမှာ တစ်ချက်တည်းနဲ့ ရှုံးသွားကြတယ်.. ဒါပေမဲ့ ကျွန်တော်က မတူဘူး… ကျွန်တော်က အနာဂတ်စကြ၀ဠာရဲ့ အင်အားအကြီးဆုံး ပုဂ္ဂိုလ်ပဲ"
သူ၏ ခန္ဓာကိုယ်က မားမားမတ်မတ် ရပ်နေသည်။ မွေးဖွားခြင်းကပ်ဘေး မကျရောက်ခင် ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာတွင် ဖရိုဖရဲများ ဖုံးလွှမ်းနေသည်။
ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေး ရောက်ရှိလာသည့်အချိန်တွင် သူ တာအိုရရှိခဲ့ပြီးဖြစ်သည်။ ယခု သူကား အင်အားအကြီးဆုံး ဖြစ်နေလေပြီ။
သူသည် တာအိုအဆင့် ကောင်းကင်ဘုံ ၄၀ အား ကျော်လွန်နိုင်မည့် လမ်းစဉ်ကို ခပ်ရေးရေး တွေ့မြင်နေရပြီဖြစ်၏။
သူ၏ ယွမ်သင်္ကေတမှာ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ၏ လောင်းရိပ်အောက်မှ အလုံးစုံ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ သူ့တွင် မီလော့နန်းတော်အရှင်သခင်နှင့် တိုက်ခိုက်ရန် ယုံကြည်မှု အပြည့်အဝ ရှိနေ၏။
"ဆရာ၊ ဆရာက ကျွန်တော့်ရဲ့ တာအိုကျင့်စဉ်ကို နက်နဲတဲ့ ဗဟိုမူလ ဖန်ဆင်းခြင်းကျင့်စဉ် လို့ ပြောခဲ့ဖူးတယ်… ကျွန်တော် ဆရာ ပြောတဲ့ အဲဒီအဆင့်နဲ့ သိပ်နီးစပ်နေပြီ"
ချင်မူ၏ နှလုံးသားထဲတွင် အလွန်တရာ ခိုင်မာသော ယုံကြည်ချက်များ ထွက်ပေါ်လာပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ကျွန်တော် ဆရာ့ကို အနာဂတ်ကို မြင်ခွင့်ပေးမှာ မဟုတ်ဘူး"
နှစ်ပေါင်းလေးကုဋေ ကြာသည်အထိ သူသည် အတိတ်ကို ပြောင်းလဲရန် မကြိုးစားခဲ့ဖူးပေ။ သို့သော် ယခု ပြောင်းလဲကြည့်ချင်သည်။ သူ၏ ဆရာ၊ မီလော့နန်းတော်အရှင်သခင်၏ ကံကြမ္မာကို ပြောင်းလဲပစ်ချင်၏။