← Chapters

ချင်မူ

Vol. 142 Ch. 1834

ချင်မူ

Vol. 142 Ch. 1834

ဖရိုဖရဲခန်းမဆောင်ထဲတွင် ချင်မူသည် ခိုင်ဧကရာဇ်ချင်ယဲ့နှင့် အချိန်ကြာမြင့်စွာ စကားပြောဆိုခဲ့ပြီးနောက် နောက်ဆုံးတွင် ကျန့်ကျီအား ခိုင်ဧကရာဇ်ကို ပြန်လည်ပို့ဆောင်ခိုင်းလိုက်၏။

"ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဆင်ပြေလောက်မှာပါနော်" ချင်မူက ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

“နေကောင်းကျန်းမာပါရဲ့လား” ဆိုသည့် စကားမှာ သူ ခိုင်ဧကရာဇ်ချင်ယဲ့နှင့် တွေ့ဆုံစဉ်က ပထမဆုံး ပြောလိုက်သော စကား ဖြစ်၏။ ခိုင်ဧကရာဇ်ချင်ယဲ့အတွက် ထိုစကားမှာ နှုတ်ဆက်စကားသက်သက် ဖြစ်သော်လည်း ချင်မူ့အတွက်မူ အဓိပ္ပာယ်များစွာ ရှိနေသည်။

သူ့အနေဖြင့် ခိုင်ဧကရာဇ်နှင့် အခြားသူများထံမှ စကြဝဠာ ဆယ့်ခြောက်စင်း၊ နှစ်ပေါင်းကုဋေ သိန်းနှင့်ချီ ကြာမြင့်သည်အထိ ခွဲခွာခဲ့ရသည် မဟုတ်ပါလော။ အဆုံးမရှိသော မုန်တိုင်းများကို ဖြတ်ကျော်ခဲ့ပြီး စကြဝဠာ ဆယ့်ခြောက်စင်း၏ မွေးဖွားပျက်စီးခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရသည်။

သူ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာထက်ပင် ပိုမို ခမ်းနားကြီးကျယ်ပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ချင်မူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မိတ်ဆွေဟောင်းများအား မေ့သွားမည်ကို အလွန် စိုးရိမ်ခဲ့မိသည်။ ပြောရလျှင် သူသည် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာတွင် နှစ်ပေါင်း သုံးကုဋေနှင့် တစ်ဝက်သာ နေထိုင်ခဲ့ရ၏။ ယခု အတိတ်တွင် နေထိုင်ခဲ့သေသာ နှစ်ကုဋေသိန်းပေါင်းများစွာနှင့် ယှဉ်ပါက အလွန်တရာ တိုတောင်းလွန်းပေသည်။

သို့သော် ထိုနေရာက သူ၏ မွေးရပ်မြေပင်။

"ထာဝရငြိမ်းချမ်းရေးအင်ပါယာ သေချာပေါက် အဆင်ပြေမှာပါ"

ချင်မူက ပြုံးလိုက်ပြီး စိတ်ဓာတ်မြှင့်တင်ကာ ဖရိုဖရဲခန်းမထဲမှ ထွက်လာခဲ့သည်။ "လင်ယွင်၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ငါတို့ အကြာကြီး ပြင်ဆင်ခဲ့ကြတာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဆင်မပြေစရာအကြောင်း မရှိဘူး"

သူ ခန်းမအရှေ့တွင် ရပ်လျက် မီလော့နန်းတော်ဆီသို့ လှမ်းကြည့်လိုက်ရာ မီလော့နန်းတော်၏ တံခါးမှာ ပိတ်ထားဆဲပင်။

"ဆရာ၊ ဆရာ မြင်ခဲ့တဲ့ အနာဂတ်က ဘယ်တော့မှ ဖြစ်မလာခဲ့ဘူး"

ချင်မူ တိုးညှင်းစွာ ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ ဆရာ ဆယ့်ခြောက်စင်းမြောက် စကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးထဲ ပြန်လှည့်လာတဲ့အချိန်မှာ အနာဂတ်က ဆရာ မြင်ခဲ့တဲ့ ပုံစံ မဟုတ်တော့လို့ပဲ… ဒါပေမဲ့ ဆရာ ပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ မှန်ပါတယ်… ကျွန်တော် ဆရာ့ကို ကျော်တက်ချင်ရင် ပထမစကြဝဠာဆီ ပြန်သွားရမယ်… ပထမစကြဝဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေး မဟုတ်ဘဲ ပထမစကြဝဠာရဲ့ မွေးဖွားခြင်းကပ်ဘေးထဲ ပြန်သွားရမှာ… စကြဝဠာ ဆယ့်ခုနစ်စင်းမှာ မွေးဖွားခြင်းကပ်ဘေး ဆယ့်ခြောက်ခုပဲ ရှိတာက တကယ် ထူးဆန်းတယ်..."

အတိတ်က ချင်မူသည် ပထမစကြဝဠာသို့ ပြန်သွားရန် အနည်းငယ် လိုအပ်နေခဲ့သေးသည်။ ယခုမူ သူ့တွင် လုံလောက်သော ရင့်ကျက်မှု ရှိနေပြီ ဖြစ်၏။

ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးရှိ မီလော့နန်းတော်ထဲတွင် တာအိုအသံများအား နေရာအနှံ့ ကြားရနိုင်သည်။ ပထမစကြဝဠာ မွေးဖွားခြင်းကပ်ဘေးမှ ထုတ်လွှတ်သည့် တုန်ခါလှိုင်းများကို ချင်မူ၏ ဖရိုဖရဲတာအို ရှာဖွေနေခြင်းကြောင့် ဖြစ်သည်။

မွေးဖွားခြင်းကပ်ဘေး ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲလိုက်သော ကပ်ဘေးကြီး ဖြစ်သည်။ ပထမစကြဝဠာတွင် နှစ်ပေါင်းကုဋေရှစ်ရာ ရှည်ကြာသော သမိုင်းကြောင်း ရှိခဲ့သဖြင့် ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် မည်သူမှ ထိုတုန်ခါလှိုင်းများကို အာရုံခံနိုင်မည် မဟုတ်ပေ။ သို့သော် ဖရိုဖရဲအတွက်မူ ကောင်းကင်နှင့် မြေကြီး ခွဲထွက်မှုမှ ဖြစ်ပေါ်လာသော တုန်ခါလှိုင်းများမှာ အမြဲတမ်း ရှိနေသည်။

ထိုတုန်ခါလှိုင်းများမှာ စကြဝဠာတွင် နက်ရှိုင်းစွာ ခတ်နှိပ်ခံရထားပြီး နှိုင်းယှဉ်မရနိုင်အောင် သေးငယ်သွားသည်။ မဟာပျက်စီးခြင်းကပ်ဘေးပင်လျှင် ဖျက်ဆီး၍ မရနိုင်ပေ။

အချိန်အတော်ကြာပြီးနောက် ချင်မူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဖရိုဖရဲစက်ဝန်းများ လည်ပတ်လာပြီး အတိတ်၏ အချိန်နှင့်နေရာဟင်းလင်းပြင်များကို အပြင်းအထန် ဖောက်ထွက်ကာ ပထမစကြဝဠာ၏ နှစ်ပေါင်းကုဋေရှစ်ရာ သမိုင်းကြောင်းအား ဖြတ်သန်းသွား၏။

ချင်မူသည် စက်၀န်းများကို ဖြတ်သန်းလာရင်း နောက်ဆုံးတွင် ပထမစကြဝဠာ၏ ရှည်လျားလှသော အချိန်ကာလထဲသို့ ရောက်သွားလေသည်။

ပထမစကြဝဠာ၏ ခမ်းနားကြီးကျယ်သော မြင်ကွင်းက သူ၏ မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။ သူသည် ဘ၀ပြန်၀င်စားခြင်းသံသရာ၏ ဖရိုဖရဲစက်၀န်းထဲတွင် အချိန်နောက်ပြန်သွား၍ အတိတ်မှ ဝမ်းနည်းဖွယ်၊ ဂုဏ်ယူဖွယ် ကောင်းသော အဖြစ်အပျက် အမျိုးမျိုးကို မြင်တွေ့ခဲ့ရချေပြီ။

ချင်မူက ရပ်တန့်မနေဘဲ ဆက်လက် ဖြတ်သွားနေသည်။

နောက်ဆုံးတွင် သူ့ခွန်အား ကုန်ခမ်းလုနီးပါဖြစ်လာသည့်အချိန်၌ ပထမစကြဝဠာ ပွင့်မလာသေးသော အချိန်ကာလသို့ ရောက်လာခဲ့၏။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ မဟာပျက်သုဉ်းခြင်းဖြစ်စဉ်အအား ဖြေရှင်းရန် နည်းလမ်းကို ဤနေရာတွင် ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေလိမ့်မည်။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၊ ချင်မူ ထွက်ခွာသွားပြီးနောက်...

ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မီလော့နန်းတော်၏ တာအိုသိုင်းပညာရှင်များ၊ ခန်းမသခင်များ အကြားစစ်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲပင်။ ကျောက်စိမ်းမြို့တော်တွင် သခင်လေးသုံးလင်းရှောင်နှင့် သခင်လေးလေးကျစ်ရှောင် မရှိတော့သလို ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင်လည်း ချင်မူ မရှိတော့ပေ။ စစ်ပွဲက အကြိမ်ကြိမ် ဖြစ်ပွား‌နေသေးသည်။

ကျောက်စိမ်းမြို့တော်သည် ကမ္ဘာဦးဘုံအနီးသို့ပင် တိုက်ခိုက်ရောက်ရှိလာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကား ဤမျှ အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ပြုပြင်ပြောင်းလဲမှုမှာ တဟုန်ထိုး ပြန်လည် အသက်ဝင်လာတော့သည်။

နှစ်ပေါင်း သိန်းသန်းရာချီ ကြာပြီးနောက် တာအိုဘိုးဘေးလန်ယွီတျန်းသည် သခင်လေးမဟာဥသျှောင်၏ ထုံထျန်းရေတွင်း ကောင်းကင်နတ်သိုင်းကို နားလည်သွားပြီး ချိုးဖျက်ခဲ့၏။ မဟာဥသျှောင်၏ ထူးဆန်းသော ရတနာကို ဖြေရှင်းလိုက်သဖြင့် မီလော့နန်းတော်မှ ခန်းမသခင်များနှင့် တာအိုသိုင်းပညာရှင်များမှာ အားကိုးစရာ မရှိ ဖြစ်သွားကြသည်။

ထိုအချိန်တွင် အနန္တအဘိုးအို ပြန်လည်ထွက်ပေါ်လာပြီး ကမ္ဘာဦးဘုံ၏ နောက်ကျောရှိ သားရဲကမ္ဘာအား သိမ်းပိုက်လိုက်သည်။ လောကသစ်ပင်၏ အမြစ်များက အချိန်နှင့် နေရာဟင်းလင်းပြင်များကို ထိုးဖောက်သွားကာ အတိတ်စကြ၀ဠာများမှ အင်အားကြီးမားသော သိုင်းပညာရှင်များကို ဆက်တိုက် ဆင်းသက်လာစေသည်။

အတိတ်စကြ၀ဠာမှ အင်အားကြီးသိုင်းပညာရှင်များ တာအိုရရှိသွားကြသည့်အလျောက် အန္တိမဟင်းလင်းပြင်ထဲတွင် မဟာခြုံလွှမ်းကောင်းကင်ဘုံများ ပိုမိုဖြစ်တည်လာကာ နှစ်ဖက်အင်အားစုများအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလာစေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် နှစ်ဖက်ညှပ် တိုက်ခိုက်ခံရပြီး သုံးပွင့်ဆိုင်စစ်ပွဲ ဖြစ်ပေါ်လာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုမှာ အရှိန်အဟုန်ဖြင့် ဆက်လက် ရှင်သန်လာသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ တာအိုသိုင်းပညာရှင်များ ပိုမို များပြားလာသည့်အခါ အင်အားစုကြီးနှစ်ခုလုံးကို ဖိနှိပ်ထားနိုင်ခဲ့၏။

ဤအချိန်တွင် သခင်လေးနှစ်သည် လူပြန်၀င်စားပြီးနောက် ဒုတိယအကြိမ် တာအိုရသွားခဲ့၏။ သူမက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ပြန်လည်တည်ဆောက်ကာ နေရာအနှံ့ လိုက်လံ သတ်ဖြတ်သည်။ အင်အားစုသုံးခုလုံးမှ တာအိုသိုင်းပညာရှင်များတွင် သူမကို ယှဉ်နိုင်သူ ရှားပါးလှသည်။

သခင်လေးနှစ် တစ်လောကလုံး၌ ပြိုင်ဘက်ကင်းတော့မည့်အချိန်တွင် သခင်လေး မဟာဥသျှောင်နှင့် ထိုက်ယီတို့က အံ့မခန်း အတိုက်အခိုက်စွမ်းရည်များကို ထုတ်ဖော်ပြသကာ သခင်လေးနှစ်အား တိုက်ခိုက်ကြ၏။

သခင်လေးနှစ်သည် ပြိုင်ဘက်ကင်း မဟုတ်တော့သော်လည်း မဟာဥသျှောင်နှင့် ထိုက်ယီတို့ကလည်း သူမကို မည်သည်မှ မလုပ်နိုင်ချေ။

တစ်ဖက်တွင် မီလော့နန်းတော်က အခြေချ၍ ကောင်းကင်ဘုံအချို့ကို သိမ်းပိုက်ခဲ့သည်။ ထူးချွန်သော သိုင်းပညာရှင်များကို ရွေးချယ်၍ လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ သင်ကြားပေးပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာတွင် ခြေကုပ်ယူနိုင်ရန် ကြိုးစားကြသည်။

အနန္တအဘိုးအိုကလည်း သားရဲကမ္ဘာတွင် အခြေချကာ အုပ်စိုးထားသည်။ သုံးပွင့်ဆိုင်စစ်ပွဲအပြင် သခင်လေးနှစ်၊ မဟာဥသျှောင်နှင့် ထိုက်ယီတို့၏ ထိပ်တိုက်တွေ့မှုများကြောင့် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာမှာ ‌အရောင်အသွေးစုံလင်၍ ပိုမိုတောက်ပလာ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မီလော့နန်းတော်နှင့် အနန္တအဘိုးအိုကို အမြစ်ပြတ် ချေမှုန်းရန် ကြိုးစားခဲ့သည်။ သို့သော် အောင်မြင်လုနီးပါးအချိန်တိုင်း အနန္တအဘိုးအိုက မီလော့နန်းတော်ကို ကူညီလိုက်၊ မီလော့နန်းတော်က အနန္တအဘိုးအိုကို ကူညီလိုက် ဖြစ်နေတတ်သည်။

မဟာဥသျှောင်နှင့် ထိုက်ယီတို့ကလည်း မီလော့နန်းတော် သို့မဟုတ် အနန္တအဘိုးအိုဘက်မှ ပါဝင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်တတ်ကြသေးသည်။

သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သေရေးရှင်ရေး ကြုံတွေ့ရသောအခါ သခင်လေးနှစ် သို့မဟုတ် မဟာဥသျှောင်နှင့် ထိုက်ယီတို့က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လာရောက် ကူညီကြပြန်၏။

၎င်းက လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် အခြားသူများကို ရူးမတတ် ဖြစ်စေသည်။

အချိန်က ညှာတာမှုကင်းမဲ့ပြီး ဒြပ်ဝတ္ထုများ ဆင့်ကဲပြောင်းလဲလာ၏။ အန္တိမဟင်းလင်းပြင်ထဲတွင် မဟာခြုံလွှမ်းကောင်းကင်ဘုံများစွာ ရှိနေသော်လည်း ဟင်းလင်းပြင်ပြန့်ကားလာမှုကို တားဆီး၍ မရပေ။

ကောင်းကင်ဘုံများ ပိုပို၍ ကျယ်ပြန့်လာသည်။ ကောင်းကင်ဘုံ တစ်ခုနှင့်တစ်ခု အကွာအဝေးမှာလည်း ပိုမို ဝေးကွာလာ၏။ ရွှမ်တုသည် အလွန်တရာ ကျယ်ပြန့်လာပြီး ဝင်ရိုးစွန်းလေးခုနှင့် ကောင်းကင်ဘုံ အသီးသီးကို လွှမ်းခြုံထားသည်။ ကြယ်တာရာအသစ်များ အဆက်မပြတ် ပေါ်ထွက်လာပြီး ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်တွင် ပြည့်နှက်နေတတ်သည်။

နက်ရှိုင်းဆန်းကြယ်သော ကောင်းကင်နတ်သိုင်းများကို ပိုင်ဆိုင်ထားသည့် ကောင်းကင်နယ်စားမင်းပင်လျှင် ဤမျှ ကျယ်ပြန့်သော ရွှမ်တုကို စီမံခန့်ခွဲနိုင်ခြင်း မရှိတော့ပေ။ ထိုအခါ မီလော့နန်းတော်နှင့် အနန္တအဘိုးအိုတို့က အခွင့်ကောင်းယူ၍ ရွှမ်တုအား ကျူးကျော်ကာ နယ်မြေများ သိမ်းပိုက်ကြ၏။

ဤသည်မှာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏သက်တမ်း နှစ်ပေါင်းကုဋေတစ်ရာ ပြည့်သည့်အချိန် ဖြစ်သည်။ စကြဝဠာ၏ ကျယ်ပြန့်မှုက ပထမစကြဝဠာထက် ကျော်လွန်သွားခဲ့လေပြီ။

မီလော့နန်းတော်အရှင်သခင် မြင်တွေ့ခဲ့ရသည့်အတိုင်း ကြီးမားကျယ်ပြန့်သော စကြဝဠာကြီးက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာကို ပထမစကြဝဠာကဲ့သို့ပင် တောက်ပစေခဲ့သည်။ သူရဲကောင်းများ နေရာအနှံ့ ပေါ်ထွက်လာကြသော်လည်း မည်သူမှ စကြဝဠာတစ်ခုလုံးကို စည်းလုံးအောင် မထိန်းသိမ်းနိုင်ကြပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်ဘုံပင်လျှင် ဤမျှ ကျယ်ပြောသော စကြဝဠာကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ချေ။

ဤအခြေအနေကို အနန္တအဘိုးအို အမြင်ချင်ဆုံး ဖြစ်သည်။ သူ၏ လောကသစ်ပင် လွှမ်းခြုံထားသော ဧရိယာမှာ အလွန် ကျယ်ပြန့်သည့်အလျောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ မအုပ်ချုပ်နိုင်သော နေရာများက သူ၏ပိုင်နက် ဖြစ်လာ၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပိုမို ကြီးမားကျယ်ပြန့်လာသော စကြဝဠာကို အနန္တအဘိုးအိုပင်လျှင် ရင်ဆိုင်ရန် ခက်လာသည်။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ ကျယ်ပြန့်မှုမှာ ပထမစကြဝဠာထက် ကျော်လွန်သွားသော်လည်း ဆက်လက် ပြန့်ကားနေဆဲပင်။

အင်အားစုများကြား စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေသော်လည်း တိုက်ပွဲအကြိမ်အရေအတွက်မှာ တဖြည်းဖြည်း ကြဲလာသည်။ အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ချက်ကို တွေ့ရှိလိုက်သောကြောင့် ဖြစ်၏။

စကြဝဠာ ပိုမို ကျယ်ပြန့်လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်များမှာ ပိုမို ပါးလွှာလာသည်။ အင်အားစုများအကြား စစ်ပွဲအများစုသည် ခံယူချက်အတွက် တိုက်ခိုက်ခြင်း မဟုတ်တော့ဘဲ ဝိညာဉ်စွမ်းအင် ပြည့်ဝသော အထွတ်အမြတ်နယ်မြေများကို လုယူရန်အတွက် တိုက်ခိုက်ခြင်း ဖြစ်လာကြ၏။

ဤသို့ဖြင့် စကြဝဠာထဲတွင် နှစ်ပေါင်းကုဋေများစွာ ကြာသည်အထိ တာအိုသိုင်းပညာရှင် အသစ်များ ပေါ်မလာတော့ပေ။

နှစ်ပေါင်းကုဋေနှစ်ရာသို့ ရောက်သောအခါ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့က သခင်လေးနှစ်၊ မဟာဥသျှောင်နှင့် ထိုက်ယီတို့ကို သွားရောက် ရှာဖွေပြီး စကြဝဠာ၏ အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ သုံးယောက်လုံးကို နားချပြီးနောက် အနန္တအဘိုးအိုအား အတူတကွ သွားရောက် ရှာဖွေကြ၏။ နောက်ဆုံးတွင် အနန္တအဘိုးအိုနှင့်အတူ ကျောက်စိမ်းမြို့တော်သို့ ရောက်လာကြသည်။

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အကြီးအကဲများသည် ဟင်းလင်းပြင် ပြန့်ကားလာမှုအား မည်သို့ ဖြေရှင်းရမည်ကို နောက်ဆုံးတွင် ထိုင်ဆွေးနွေးကြချေပြီ။

"ငါတို့ အချင်းချင်း အမြင်မတူတာတွေကို ဘေးဖယ်ထားကြစို့... တာအိုသိုင်းပညာရှင်တွေရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံတွေကို အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်လိုက်မှပဲ ဟင်းလင်းပြင် ပြန့်ကားတာကို တည်ငြိမ်အောင် လုပ်နိုင်မယ်"

အနန္တအဘိုးအိုက ပြော၏။ "ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ်ကလည်း တာအိုကျင့်စဥ်စနစ် တစ်မျိုးပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ တာအိုသိုင်းပညာရှင်တွေက အတွင်းမှာ တာအိုရရှိကြတာ… အပြင်မှာ တာအိုရရှိအောင် ပြောင်းလဲပြီး ကိုယ်ပိုင် မဟာခြုံလွှမ်းကောင်းကင်ဘုံကို အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်လို့ ရတယ်… သခင်လေးနှစ်ရဲ့ အဆုံးသတ်မြို့ပျက်တာအိုက အန္တိမဟင်းလင်းပြင်ကို ဝါးမြိုနိုင်တယ်… ငါနဲ့ မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေပါ ပေါင်းလိုက်ရင် ပြန့်ကားနေတဲ့ အရှိန်ကို သေချာပေါက် တားဆီးနိုင်မှာပါ"

ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အကြီးအကဲများ ပူးပေါင်းလိုက်ကြသည်။ သမိုင်းတလျှောက် မီလော့နန်းတော်၏ ပထမဆုံး မဟာမိတ်ဖွဲ့ခြင်းဟု ခေါ်ဆိုကြ၏။

မဟာခြုံလွှမ်းကောင်းကင်ဘုံများ တစ်ခုပြီးတစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး စကြဝဠာ၏ အန္တိမဟင်းလင်းပြင်ထဲတွင် တံဆိပ်ခတ်နှိပ်လိုက်ကြသည်။ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်များက မဟာပျက်သုဉ်းခြင်း ရောက်ရှိလာမည့်အရေးကို တားဆီးရန် ကြိုးစားကြခြင်းပင်။ ဤသည်က သူတို့၏ ပထမဆုံးအကြိမ် ကြိုးစားခြင်း ဖြစ်၏။

သို့သော် အန္တိမဟင်းလင်းပြင်၏ ပြောင်းလဲမှုမှာ သူတို့ မျှော်လင့်ထားသလို ရပ်တန့်မသွားပေ။ တာအိုသိုင်းပညာရှင်များ၏ ဖိနှိပ်မှုကြောင့်လည်း ဖရိုဖရဲ ဖြစ်မသွားခဲ့ချေ။

ဟင်းလင်းပြင်၏ စွမ်းအားများ ဆက်လက် တိုးတက်လာနေ၏။ အန္တိမဟင်းလင်းပြင်နှင့် အခြား ဟင်းလင်းပြင် ၃၅ လွှာက ပေါင်းစည်းသွားသည်။ ထောင်သောင်းချီသော တာအိုသိုင်းပညာရှင်များ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများမှာ အန္တိမဟင်းလင်းပြင်ကို ဖိနှိပ်နိုင်ရန် မဆိုထားနှင့်၊ သူတို့၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများပင်လျှင် ဆွဲဆုတ်ခံရပြီး ဟင်းလင်းပြင် ပြန့်ကားမှုနှင့်အတူ ပြန့်ကားသွားကြ၏။

မီလော့နန်းတော်၏ ဒုတိယအကြိမ် မဟာမိတ်ဖွဲ့ပွဲတွင် သခင်လေးနှစ်က ပြောသည်။ "အဆုံးသတ်မြို့ပျက်တာအိုကို ကျင့်ကြံရင် ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်တယ်… ဒါမှသာ ပြန့်ကားနေတဲ့ ဟင်းလင်းပြင်ကို ဆက်တိုက် ဝါးမြိုပြီး ဟင်းလင်းပြင်ပြန့်ကားမှုကို ရပ်တန့်နိုင်လိမ့်မယ်"

သူမသည် မည်သည်မှ ထိမ်ချန်မထားဘဲ သူမ၏ အဆုံးသတ်မြို့ပျက်တာအိုအား တစ်လောကလုံးကို သင်ကြားပေးလိုက်၏။

တာအိုသိုင်းပညာရှင်များ၏ ဒုတိယအကြိမ် ကြိုးစားမှု စတင်လေသည်။ သို့သော် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များစွာ ဟင်းလင်းပြင်ထဲတွင် ပေါ်ထွက်လာပြီး ဟင်းလင်းပြင်ကို ဝါးမြိုရန် ကြိုးစားသောအခါ အငွေ့ပျံ၍ ပြိုကွဲသွားကြသည်။

နှစ်ပေါင်းခုနစ်ကုဋေ ကြာပြီးနောက် ဒုတိယအကြိမ် ကြိုးစားမှု ဖျက်ဆီးခံလိုက်ရသည်။

တတိယအကြိမ် မီလော့နန်းတော် မဟာမိတ်ဖွဲ့ပွဲတွင် လန်ယွီတျန်းက ပြော၏။ "ထာဝရငြိမ်းချမ်းရေးအင်ပါယာက အတွင်းမှာ တာအိုရရှိတာ ဖြစ်လို့ အတွင်းမှာ စကြဝဠာကို သိုဝှက်ထားနိုင်တယ်… ဟင်းလင်းပြင် ဖြစ်သွားတာကို ရှောင်လွှဲနိုင်တယ်"

သို့သော် ဤအချိန်တွင် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာသည် နှစ်ပေါင်းကုဋေသုံးရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာလည်း အလွန်အမင်း ပါးလွှာနေချေပြီ။ တာအိုသိုင်းပညာရှင်အသစ်များ မဆိုထားနှင့် နတ်ဘုရားအသစ်များပင် ပို၍ နည်းပါးလာ၏။ ကောင်းကင်နတ်သိုင်းသိုင်းပညာရှင်များက လောကတွင် အင်အားအကြီးဆုံးသူများ ဖြစ်လာကြသည်။

တာအိုသိုင်းပညာရှင် အသစ် မရှိတော့ပေ။

တတိယအကြိမ် မဟာမိတ်ဖွဲ့ပြီးနောက် အထွတ်အမြတ်နယ်မြေများကို လုယူသော စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် အထွတ်အမြတ်နယ်မြေလုပွဲများ ပြီးဆုံးသွား၏။

စစ်ပွဲများကို ပြီးဆုံးစေခဲ့သည်မှာ အကြီးအကဲများ၏ ဆင်ခြင်နိုင်စွမ်းကြောင့် မဟုတ်ဘဲ စကြဝဠာ၏ ကျယ်ပြန့်မှုကြောင့် ဖြစ်သည်။

ပြန့်ကားနေသော စကြဝဠာကြောင့် စစ်ပွဲ ဆင်နွှဲရန် မလွယ်ကူတော့ပေ။

တစ်ချိန်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအား များစွာတိုးတက်စေခဲ့သော စွမ်းအင်အကူးအပြောင်းတံတားများလည်း အသုံးမဝင်တော့ပေ။ အနီးဆုံး ကောင်းကင်ဘုံနှစ်ဘုံအကြားမှ စွမ်းအင်အကူးအပြောင်းတံတား ပြတ်တောက်သွားသည်နှင့်အမျှ အခြား ကောင်းကင်ဘုံများသို့ သွားရောက်နိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။

ကောင်းကင်ဘုံများကြားမှ ဆက်နွယ်မှုများ တဖြည်းဖြည်း ပြတ်တောက်သွားသည်။

မျှော်လင့်ချက်ကင်းမဲ့မှုက ကောင်းကင်ဘုံ အားလုံးတွင် လွှမ်းခြုံသွားချေပြီ။

ထိုအချိန်တွင် ထော့ကျိုးက လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့ကို လာရှာပြီး ပြောသည်။ "ငါ အကယ်ခံရပြီးတဲ့နောက် အနန္တအဘိုးအိုနဲ့ မီလော့နန်းတော်ဆီက ထူးဆန်းတဲ့ ရတနာတွေအများကြီး သွားခိုးပြီး မူအာရဲ့ ဖရိုဖရဲဟင်းလင်းပြင်မှာ ဝှက်ထားခဲ့ဖူးတယ်… အဲဒီ ရတနာတွေက ဝိညာဉ်စွမ်းအင်တွေ ထုတ်လွှတ်ပေးနိုင်ပြီး မဟာပျက်သုဉ်းခြင်းကို ခဏတာ အချိန်ဆွဲပေးနိုင်တယ်"

ရှုရှန်းဟွာက ခေါင်းခါလိုက်သည်။ "ရတနာ ဘယ်လောက်များများ အချိန်ခဏလေးပဲ ဆွဲထားနိုင်မှာ"

"မူအာရဲ့ ရတနာတွေ ဆိုရင်ရော"

ထော့ကျိုးက ပြော၏။ "မူအာ ငါ့ကို ပြောဖူးတယ်… သူနဲ့ ဖရိုဖရဲသမီးတော်တို့က စကြဝဠာခေတ် ဆယ့်ခြောက်စင်းရဲ့ မဟာပျက်စီးခြင်းကပ်ဘေးတွေထဲမှာ ဖရိုဖရဲမြစ်ထဲက ရတနာတွေကို စုဆောင်းခဲ့ပြီး ဖရိုဖရဲဟင်းလင်းပြင်နဲ့ စွန့်ပစ်မြေတွေထဲမှာ ဝှက်ထားခဲ့တယ်တဲ့… အနာဂတ်မှာ အရေးပေါ် လိုအပ်လာရင် သုံးလို့ ရအောင်လို့တဲ့"

ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့လည်း ၎င်းကို ကြားလျှင် စိတ်လှုပ်ရှားသွားပြီး ဖရိုဖရဲနေရာဟင်းလင်းပြင်နှင့် စွန့်ပစ်မြေတို့ဆီသို့ အသီးသီး သွားရောက်ကြသည်။

သူတို့သည် အင်အားအကြီးဆုံး တာအိုသိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ထိုနေရာနှစ်ခုသို့ ရောက်ရှိရန် နှစ်ပေါင်းသိန်းချီ ကြာမြင့်ခဲ့၏။

ဖရိုဖရဲနှင့် သူ့သမီးတော်တို့ ဝှက်ထားခဲ့သော ရတနာများမှာ ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ အသက်ကယ်ဆေး ဖြစ်လာခဲ့သည်။ ထို ဖရိုဖရဲရတနာများကို ယူဆောင်၍ အထွတ်အမြတ်နယ်မြေများသို့ ပြန်လည် သယ်ဆောင်လာသောအခါ အထွတ်အမြတ်နယ်မြေများ၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီး စကြဝဠာ၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်ခဲ့၏။

သို့သော် ဖရိုဖရဲ၏ ရတနာများ ဖြစ်နေလျှင်တောင်မှ ဝိညာဉ်စွမ်းအင် ကုန်ခမ်းမည့်နေ့ ရောက်လာဦးပေလိမ့်မည်။

ထိုနေ့ရက်သည် အနှေးနှင့်အမြန် ရောက်လာမည်ဖြစ်သည်။

နှစ်ပေါင်းကုဋေလေးရာသို့ ရောက်သောအခါ စကြဝဠာထဲမှ ကြယ်တာရာအများစု ငြိမ်းသေသွားပြီး အငွေ့ပျံသွားကြ၏။ အထွတ်အမြတ်နယ်မြေများသာ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လျက် အသက်ဆက်နေကြသည်။

ယနေ့တွင် စကြဝဠာထဲမှ ထူးဆန်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက စကြဝဠာ အနှံ့အပြားသို့ ပျံ့နှံ့သွားသည်။

လန်ယွီတျန်းက ထိုတုန်ခါမှုကို အာရုံခံမိပြီး ရှုရှန်းဟွာအား ပြော၏။ "လောကသစ်ပင် ပြိုလဲသွားပြီ… အနန္တအဘိုးအိုဟာ ဟင်းလင်းပြင်ရဲ့ စွမ်းအားကြောင့် ဖြဲဆုတ်ခံလိုက်ရပြီး တာအိုအဖြစ် ပြောင်းလဲသွားပြီ"

ရှုရှန်းဟွာသည် စကြဝဠာ၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည့် ဝမ်းနည်းမှုကို ခပ်ရေးရေး ခံစားလိုက်ရပြီး ခေါင်းခါကာ ပြော၏။ "အနန္တအဘိုးအိုက တာအို ပျက်စီးသွားတာ မဟုတ်ဘူး… သူ့ရဲ့ တာအိုအခြေခံက မခိုင်မာဘူး… မဟာတာအိုဟာ ဟင်းလင်းပြင်ကြောင့် အငွေ့ပျံပြီး မရှိတော့ဘူး"

ဤရန်သူအပေါ် သူတို့နှစ်ယောက်မှာ ဝမ်းနည်းမှုသာ ခံစားရပြီး အငြိုးအတေး မရှိတော့ပေ။

အနန္တအဘိုးအို ရှိနေခြင်းကြောင့် ဤစကြဝဠာမှာ အချိန်အတော်ကြာ ဆက်လက် တည်ရှိနိုင်ခဲ့ခြင်းပင်။

အနန္တအဘိုးအိုသာ မရှိခဲ့လျှင် မဟာပျက်သုဉ်းခြင်းမှာ ပိုမို စောစီးစွာ ရောက်လာပေလိမ့်မည်။

အနန္တအဘိုးအို သေဆုံး၍ တာအို ပျောက်ကွယ်ပြီးနောက် ‌ဟင်းလင်းပြင်ထဲမှ ထူးဆန်းသော တုန်ခါမှုများ ပျံ့နှံ့လာသည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သည် ဟင်းလင်းပြင် စွန့်ပစ်မြေထဲတွင် စကြဝဠာအသစ်များ တစ်ခုပြီးတစ်ခု မွေးဖွားလာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားကြ၏။

သခင်လေးမဟာဥသျှောင်နှင့် ထိုက်ယီတို့က သူတို့ကို လာတွေ့ပြီး ပြောသည်။ "အဲဒါက ထိုက်ယီရဲ့ ရုပ်ခန္ဓာပဲ….. သူနဲ့ ကောင်းကင်ဖွင့်လှစ်သူတွေဟာ အတိတ်စကြဝဠာ ဆယ့်ခြောက်စင်းထဲမှာ ဖရိုဖရဲ ဖမ်းချုပ်တာ ခံထားရတာ... သူတို့ကို ဖရိုဖရဲက စွန့်ပစ်မြေထဲ ပို့ထားပြီး မွေးဖွားခြင်းကပ်ဘေးတွေကို ရှောင်တိမ်းစေခဲ့တာ… အခုတော့ မွေးဖွားခြင်းကပ်ဘေးက သူတို့ကို မှီသွားပြီ"

ထိုက်ယီက ပြော၏။ "ငါနဲ့ တျန်းတုရဲ့ ရုပ်ခန္ဓာလည်း အဲဒီမှာပဲ… ငါတို့ရဲ့ ရုပ်ခန္ဓာတွေက မွေးဖွားခြင်းကပ်ဘေးကို ကြုံတွေ့နေရတာ… ဒါက ဖရိုဖရဲရဲ့ အရံအစီအစဉ်… ဒီနည်းလမ်းကို သုံးပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးနေတာပဲ”

မဟာဥသျှောင်က ပြောသည်။ "ငါ အရင်တုန်းက သူ ဘာလို့ ဒီကိစ္စတွေ လုပ်ခဲ့လဲဆိုတာ စဉ်းစားလို့ မရခဲ့ဘူး… ဘာလို့ မဟာပျက်စီးခြင်းကပ်ဘေးထဲမှာ ရတနာတွေ အများကြီး စုဆောင်းခဲ့တာလဲ… ဘာလို့ ကောင်းကင်ဖွင့်လှစ်သူတွေနဲ့ ထိုက်ယီကို ဒီလောက်ထိ ပစ်မှတ်ထားခဲ့တာလဲ… ဘာလို့ အဲဒီ အတိတ်သိုင်းပညာရှင်တွေ ခေါင်းတလားထဲ ထည့်ခဲ့တာလဲ… အခုတော့ နားလည်သွားပြီ"

သူကား ခံစားချက်များ ရောပြွန်းနေ၏။ ဖရိုဖရဲသည် ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးတည်းက ကြိုတင်စီမံခဲ့ခြင်းပင်။ ၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းကုဋေနှစ်သိန်းမှ ကိစ္စဖြစ်၏။

မဟာဥသျှောင်ကို ပို၍ပင် ခံစားချက်များ ပြင်းထန်လာစေသည်က ဤသည်မှာ ချင်မူ ပြောခဲ့သည့် မီလော့နန်းတော်အရှင်သခင် မမြင်တွေ့ခဲ့ရသော အနာဂတ်၊ ပြောင်းလဲသွားသော အနာဂတ် ဖြစ်နေခြင်းပင်။

ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ စိတ်နှလုံး တုန်လှုပ်သွားကြသည်။

ဟင်းလင်းပြင် စွန့်ပစ်မြေထဲမှ မည်သည့်အရာမှ မွေးဖွားခြင်းကပ်ဘေးကို မရှောင်လွှဲနိုင်ကြပေ။ အချိန်မည်မျှ နောက်ကျမှ ရောက်လာမလဲဆိုသည့် မေးခွန်းသာ ရှိ၏။

ချင်မူက ဤအတိတ်စကြ၀ဠာသိုင်းပညာရှင်များ၊ တျန်းတု ကောင်းကင်ဖွင့်လှစ်သူများ၊ ထိုက်ယီ၏ ရုပ်ခန္ဓာနှင့် တျန်းတု၏ ရုပ်ခန္ဓာတို့ကို မွေးဖွားခြင်းကပ်ဘေး ကြုံတွေ့စေခဲ့သည်။ ပျက်သုဉ်းတော့မည့် ဤစကြဝဠာအတွက် နောက်ဆုံး၀ိညာဉ်စွမ်းအင်များ ဖြည့်ဆည်းပေးရန် ဖြစ်သည်။

သို့သော် ဤနောက်ဆုံး ဝိညာဉ်စွမ်းအင်တို့ကလည်း ဆယ့်ခုနစ်စင်းမြောက် စကြဝဠာ၏ သက်တမ်းကို သိပ်ကြာကြာ ဆွဲဆန့်မပေးနိုင်ခဲ့ပေ။

နှစ်ပေါင်းကုဋေငါးရာ ကြာသောအခါ နောက်ဆုံးသော နေလုံးကြီး ငြိမ်းသေသွားသည်။ ကျန်ရှိနေသေးသော အထွတ်အမြတ်နယ်မြေများမှာလည်း ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ကုန်ခမ်းသွားကြချေပြီ။

ကမ္ဘာဦးဘုံ၊ ရွှမ်တု၊ ယိုတု၊ ကောင်းကင်ယင်ကမ္ဘာ အားလုံး မရှိတော့ပေ။ ကောင်းကင်ဘုံ အသီးသီးမှာ ဟင်းလင်းပြင်ထဲတွင် ပြိုကွဲပျောက်ကွယ်သွားကြသည်။

စကြဝဠာထဲမှ ထူးဆန်းသော တုန်ခါမှုများ ထပ်မံ ထွက်ပေါ်လာ၏။ သခင်လေး ဟာဥသျှောင်နှင့် ထိုက်ယီတို့က ဘာမှ မပြောကြပေ။ လန်ယွီတျန်း တစ်ယောက်သာ ပြောလိုက်သည်။ "သခင်လေးနှစ်ဆိုတဲ့ ရန်သူတော်ဟောင်းကြီး ဟင်းလင်းပြင်ထဲမှာ အငွေ့ပျံသွားပြီ… ဒီလောကရဲ့ အထွတ်အမြတ်နယ်မြေဆိုလို့ ကျောက်စိမ်းမြို့တော်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာပဲ ကျန်တော့တယ်"

ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဘိုးဘေးနန်းတော် ဒယ်အိုးကြီးထဲတွင် နေထိုင်ကြပြီး ကျောက်စိမ်းမြို့တော်မှာ မီလော့နန်းတော်အရှင်သခင်နှင့် သခင်လေးများ တည်ဆောက်ထားသော ရတနာဖြစ်သည်။ ၎င်းတို့က ဤစကြဝဠာ၏ နောက်ဆုံး အထွတ်အမြတ်နယ်မြေနှစ်ခု ဖြစ်လာကာ သက်ရှိများအား ဆက်လက် ရှင်သန်နိုင်စေသည်။

သို့သော် ဤအထွတ်အမြတ်နယ်မြေ နှစ်ခုရှိ တာအိုသိုင်းပညာရှင်များပင်လျှင် သူတို့၏ မဟာတာအိုများ တဖြည်းဖြည်း ဟင်းလင်းပြင် ဖြစ်လာသည်ကို ခံစားမိကြသည်။

သူတို့၏ မဟာတာအိုများလည်း အနှေးနှင့် အမြန် တစ်စစီ ပြိုကွဲသွားပြီး သေမျိုးများ ဖြစ်လာပေလိမ့်မည်။ အခြားသေမျိုးများကဲ့သို့ပင် ဟင်းလင်းပြင် ဖြစ်သွားကြပေမည်။

သခင်လေးနှစ် အငွေ့ပျံသွားပြီးနောက် ဘိုးဘေးနန်းတော်ဒယ်အိုးကြီးနှင့် ကျောက်စိမ်းမြို့တော်တို့သည်လည်း စတင် ကွဲအက်ပြန့်ကားလာသဖြင့် အားလုံး အဆုံးမရှိသော မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားလိုက်ကြရသည်။

သူတို့ လှမ်းကြည့်လိုက်ရာ စကြဝဠာတစ်ခုလုံး မှောင်မည်းနေချေပြီ။

အမှောင်ထုသည် ကောင်းကင်အား လွှမ်းမိုးထား၏။

"ဖရိုဖရဲဟင်းလင်းပြင်က မပွင့်သေးဘူးလား" တစ်ခေါင်းလုံး ဆံပင်ဖြူနေသော ရှုရှန်းဟွာက ရေရွတ်လိုက်သည်။ သူလည်း အိုမင်းလာပြီဖြစ်သည်။

ချင်မူ ချန်ထားခဲ့သော စွန့်ပစ်မြေမှာ လုံးဝ ပျောက်ကွယ်သွားခဲ့၏။ လက်ရှိစကြဝဠာတွင် ကျောက်စိမ်းမြို့တော်နှင့် ဒယ်အိုးကြီးအပြင် ဖရိုဖရဲနေရာဟင်းလင်းပြင်သာ ကျန်ရစ်တော့သည်။

သခင်လေးနှစ် သေဆုံးပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်လင်တို့ ပြန်ရောက်လာကြသည်။

"မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းလည်း ဟင်းလင်းပြင်ကို မပြောင်းလဲနိုင်ဘူး… ငါ့ရဲ့ တာအိုကလည်း ဟင်းလင်းပြင် ဖြစ်နေပြီ"

ကောင်းကင်နတ်အရှင်လင်က ပြောသည်။ "ငါ့ရဲ့ ကောင်းကင်နတ်သိုင်းကို သုံးပြီး ကျောက်စိမ်းမြို့တော်နဲ့ ဒယ်အိုးကြီးကို ထိန်းထားပေးလို့ ရတယ်… ဒါပေမဲ့ ဘယ်လောက်ကြာကြာ ခံမလဲ ဆိုတာ ငါလည်း အာမ,မခံနိုင်ဘူး"

ကောင်းကင်နတ်အရှင်လင် ရောက်လာခြင်းက ဟင်းလင်းပြင် ပြောင်းလဲမှုကို အချိန်ကြာမြင့်စွာ နှောင့်နှေးစေခဲ့သော်လည်း အချည်းနှီးသာ ဖြစ်သည်။

နှစ်ပေါင်းကုဋေခြောက်ရာ ကြာသောအခါ သူမ၏ ကောင်းကင်နတ်သိုင်းမှာ သက်ရောက်မှု မရှိတော့ချေ။ ဒယ်အိုးကြီးနှင့် ကျောက်စိမ်းမြို့တော်တို့ စတင်ပြိုကွဲကာ မဟာတာအိုများ ဟင်းလင်းပြင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ဖရိုဖရဲဟင်းလင်းပြင်ကတော့ မပွင့်သေးပေ။

ကောင်းကင်နတ်အရှင်လင်၏ ကောင်းကင်နတ်သိုင်း သက်ရောက်မှု ပျောက်ကွယ်သွားပြီးနောက် မပြောင်းလဲသော ဒြပ်ထုစွမ်းအင် ကောင်းကင်နတ်သိုင်းမှာ လုံးဝ အသုံးမဝင်တော့ပေ။ ဤကောင်းကင်နတ်သိုင်းမှာ စွမ်းအားအလုံးစုံ ဆုံးရှုံးသွားခဲ့လေပြီ။

ထိုအချိန်တွင် ဟင်းလင်းပြင်ထဲ၌ ဖရိုဖရဲချီစွမ်းအင်များ လှုပ်ခတ်လာပြီး ကျယ်ပြောလှသော ဖရိုဖရဲမြစ်ကြီးများ လှိမ့်ဝင်လာကာ ဤစကြဝဠာအတွက် နောက်ဆုံး စွမ်းအင်များကို ဖြည့်ဆည်းပေးလိုက်သည်။

ချင်လင်ယွင်သည် ကျန့်ကျီကို ခေါ်လျက် ဖရိုဖရဲမြစ်ပေါ်မှ လျှောက်လာသည်။ သူမက ကွဲအက်နေသော ဒယ်အိုးကြီးဘေးသို့ ရောက်လာပြီး ပြော၏။ "ဖေဖေက ပြောတယ်… အတိတ်စကြဝဠာ ဆယ့်ခြောက်စင်းကို စတေးလိုက်ရင် မဟာပျက်သုဉ်းခြင်းကို ခဏတာ ရပ်တန့်နိုင်တယ်တဲ့"

သခင်လေးမဟာဥသျှောင် သက်ပြင်းချလိုက်သည်။ ဖရိုဖရဲသမီးတော် ရောက်လာခဲ့လေပြီ။

သူ နောက်ကိစ္စတစ်ခုကို နားလည်သွားသည်။

ချင်မူက ကိုယ်ဝန်ရှိနေသော လင်ယွိရှို့ကို ဖရိုဖရဲမြစ် ၁၆ စင်းအား အဘယ်ကြောင့် ဖြတ်ကျော်စေခဲ့သနည်း။

ချင်လင်ယွင်သည် မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် မွေးဖွားလာသည့်အတွက် မဟာပျက်စီးခြင်းကပ်ဘေး ၁၆ ခု၏ စွမ်းအားကို စုပ်ယူထားသည် မဟုတ်လော။ သူမ၏ အသက်တစ်နှစ်က စကြဝဠာတစ်ခေတ်နှင့် ညီမျှသည်။ သူမသည် မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ကြီးပြင်းလာသူ ဖြစ်၏။ သူမ တစ်ယောက်တည်းသာလျှင် ဖရိုဖရဲမြစ် ၁၆ စင်းကို ဆွဲယူလာပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာအတွက် နောက်ဆုံးစွမ်းအင် ဖြည့်ဆည်းပေးနိုင်သူ ဖြစ်သည်။

သို့သော် စကြဝဠာဆယ့်‌ခြောက်ခုလုံး ၎င်းဖြစ်စဥ်ထဲတွင် ပျက်စီးသွားရပေလိမ့်မည်။

သူ နောက်ထပ် ကိစ္စတစ်ခုကိုလည်း နားလည်လိုက်၏။ မီလော့နန်းတော်အရှင်သခင်က သူတို့အား ကိုယ်ပိုင်စကြဝဠာများသို့ ပြန်ခိုင်းပြီး ဆယ့်ခုနစ်စင်းမြောက် စကြဝဠာသို့ မသွားရန် ပြောခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မီလော့နန်းတော်အရှင်သခင်သည် ဤအနာဂတ်ကိုလည်း မြင်တွေ့ခဲ့သောကြောင့် ဖြစ်နိုင်၏။

သူတို့ ကိုယ်ပိုင်စကြဝဠာများသို့ ပြန်သွားကြလျှင် ပျက်သုဉ်းခြင်းက အနည်းငယ် နောက်ကျမှ ရောက်လာပေလိမ့်မည်။

သို့သော်…

မဟာဥသျှောင် ရုတ်တရက် ကြက်သီးထသွားမိသည်။ "ဒါဆို… ဆရာက ဒီမြင်ကွင်းကို မြင်ခဲ့တယ်ဆိုရင် အနာဂတ်က ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး ဆိုတဲ့ သဘောလား… ဆယ့်ခုနစ်စင်းမြောက် စကြဝဠာရဲ့ ကြိုးစားမှု အားလုံး၊ ဖရိုဖရဲရဲ့ ကြိုးစားမှု အားလုံးကို ဆရာ မြင်ခဲ့ပြီးသားပေါ့… အနာဂတ်က ဘယ်တော့မှ မပြောင်းလဲခဲ့ဘူးပဲ”

သူ့မှာ ၀မ်းနည်းပူဆွေးသွားပြီး ကျောက်စိမ်းမြို့တော်ထဲသို့ ပြန်ဝင်ကာ သေဆုံးသွားခဲ့သည်။

သူသည် နောက်ဆုံးတွင် မီလော့နန်းတော်အရှင်သခင်ကဲ့သို့ပင် တာအိုနှလုံးသား သေဆုံးသွားခဲ့၏။ သို့သော် မည်သူကမှ သူ့အား ဆရာ့ကို လိုက်တုသည်ဟု မလှောင်ပြောင်ကြတော့ပေ။

မဟာဥသျှောင်၏ ဈာပနမှာ ရိုးရှင်းလှသည်။ လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့လည်း သွားရောက်ခဲ့ကြ၏။ ထိုက်ယီက ထိုနေရာတွင် ကောင်းကင်နှင့် မြေကြီး မည်းမှောင်လာသည်အထိ မချိတင်ကဲ ငိုကြွေးနေသည်။ ဘဝနှစ်ခုဆက်တိုက် ပြိုင်ဘက်ဖြစ်ခဲ့သူသည် နောက်ဆုံးတွင် ပူဆွေးလျက် သေဆုံးသွားခဲ့လေပြီ။

လန်ယွီတျန်းက ပတ်ဝန်းကျင်အား ကြည့်လိုက်၏။ ကျောက်စိမ်းမြို့တော်နေရာအနှံ့တွင် ဆံပင်ဖြူနေသော အဘိုးအို၊ အဘွားအိုများသာ ရှိတော့သည်။ တစ်ချိန်က သူ့ပြိုင်ဘက်များသည်လည်း အိုမင်းသွားကြလေပြီ။

"သမီးရဲ့ မေမေလားဟင်" ချင်လင်ယွင်မှာ ကုတင်ပေါ်တွင် လှဲလျောင်းနေသော လင်ယွိရှို့ကို တွေ့လျှင် မေးလိုက်သည်။

လင်ယွိရှို့မှာ သူမကို ဖက်ကာ ဝမ်းသာအားရ ငိုကြွေးတော့သည်။ သူမ၏ အသက်မှာလည်း ကုန်ဆုံးတော့ပေမည်။ သေခါနီးဆဲဆဲအချိန်မှ သူမ၏ သွေးသားအရင်းကို တွေ့မြင်ခဲ့ရရှာသည်။

"သမီး မေမေ့ကို ဖေဖေ ပြန်လာတဲ့နေ့အထိ ကာကွယ်ပေးမယ်"

ချင်လင်ယွင်ကား ယုံကြည်ချက် အပြည့် ရှိနေသည်။ "ဖရိုဖရဲမြစ် ၁၆ စင်းက ဆယ့်ခုနစ်စင်းမြောက် စကြဝဠာကို အချိန်အကြာကြီး ထိန်းထားနိုင်မှာပါ"

ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ် ဟင်းလင်းပြင် ဖြစ်သွားခြင်းမှာ သူမ ထင်ထားသည်ထက် ပိုမိုမြန်ဆန်ခဲ့သည်။ ဤစကြဝဠာသည် ခိုး၀င်လာသူများကြောင့် မူလကတည်းက စွမ်းအင် သိပ်မရှိခဲ့ချေ။

နှစ်တစ်သန်း ကြာပြီးနောက် ဆယ့်ခြောက်စင်းမြောက် စကြဝဠာသည် ဟင်းလင်းပြင်ထဲတွင် ခင်းထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်သွား၏။ ပန်းချီကားထဲမှ လူများနှင့် အရာဝတ္ထုများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်သည်။

အထွတ်အမြတ်နယ်မြေနှစ်ခုမှ လူများ မော့ကြည့်လိုက်လျှင် ထိုပန်းချီကားကို မြင်တွေ့နိုင်သည်။ နောက်ထပ် နှစ်အနည်းငယ် ကြာသောအခါ ဆယ့်ခြောက်စင်းမြောက် စကြဝဠာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ပန်းချီကားထဲမှ လူများနှင့် အရာဝတ္ထုများ ပျောက်ကွယ်သွားကြသည်။

ဆယ့်ငါးစင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်မှာ အချိန်အနည်းငယ် ပိုမိုကြာမြင့်စွာ တည်ရှိနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ထိုပုံရိပ်များလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ထိုက်ယီသည် ဆယ့်သုံးစင်းမြောက် စကြဝဠာ၏ ပုံရိပ်ထဲတွင် သခင်လေးဝူကျုံးကို တွေ့လိုက်ရသည်။ ဝူကျုံးသည်လည်း ဟင်းလင်းပြင် ပြန့်ကားလာမှုနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။

ဆယ်စင်းမြောက်စကြ၀ဠာသို့ မဟာပျက်သုဉ်းခြင်း ရောက်လာသောအခါ ကောင်းကင်နတ်အရှင်ယွဲ့က မော့ကြည့်လိုက်သည်။ သခင်လေးကျစ်ရှောင်နှင့် ဇနီးဖြစ်သူတို့သည် ဟင်းလင်းပြင်ထဲတွင် ပွေ့ဖက်ထားကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေပြီး အလွန် ပျော်ရွှင်နေပုံပင်။

ကောင်းကင်နတ်အရှင်ယွဲ့မှာ ဗျပ်စောင်းသံကို ခပ်ရေးရေး ပြန်ကြားလိုက်ရသည်။ ယင်းက သူမ၏ နှလုံးထားထဲအထိ နက်ရှိုင်းစွာ ဝင်ရောက်ကာ သူမတွင် မရှိသော ခံစားချက်များ ပါဝင်နေသည်။

ဖရိုဖရဲမြစ်တစ်ခုပြီးတစ်ခု ဟင်းလင်းပြင် ဖြစ်သွားသည်နှင့်အမျှ ချင်လင်ယွင်လည်း တဖြည်းဖြည်း အားနည်းလာသည်။ ဖရိုဖရဲမြစ်များ ပျောက်ကွယ်သွားခြင်းက သူမ၏ စွမ်းအားများကို ဆုံးရှုံးစေခဲ့သည်။

"ဖေဖေ ပြန်လာမှာပါ… သူ ပြောဖူးတယ်… ဖရိုဖရဲနေရာဟင်းလင်းပြင်က မီးပန်းတွေလို ပေါက်ကွဲထွက်လာလိမ့်မယ်တဲ့… အဲဒါက ဟင်းလင်းပြင်ထဲမှာ အတောက်ပဆုံး အလင်းရောင် ဖြစ်လာမှာတဲ့" သူမက အားနည်းစွာဖြင့် လင်ယွိရှို့ကို ပြောပြနေသည်။

ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသည်လည်း တဖြည်းဖြည်း ဟင်းလင်းပြင် ဖြစ်လာသည်။ ၎င်းမှာ ဤစကြဝဠာ၏ နောက်ဆုံး အကာအကွယ်ပင်။

သို့သော် ပထမစကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသည်လည်း ဟင်းလင်းပြင်၏ ပျက်သုဉ်းခြင်းကို မတားဆီးနိုင်ပေ။ ချင်လင်ယွင်လည်း ပို၍ အားနည်းလာသည်။ ဟင်းလင်းပြင် မီလော့နန်းတော်သို့ ကျူးကျော်လာသောအခါ နောက်ဆုံးတွင် ခုခံမှုနှင့် ကြုံတွေ့လိုက်ရသည်။

အရိုးစုတစ်စုက မီလော့နန်းတော်တွင် စောင့်ရပ်နေသည်။ သူ၏ တာအိုသစ်ပင်က တောက်ပနေပြီး တာအိုသစ်သီးများက အလင်းရောင်များ ဖြာထွက်လျက် ဟင်းလင်းပြင် ကျူးကျော်မှုကို တားဆီးနေသည်။

"ဆရာ" ထိုက်ယီက ထိုအရိုးစုကို ဦးညွှတ်လိုက်သည်။

ကျောက်စိမ်းမြို့တော်ထဲမှ အသက်ရှင်ကျန်ရစ်နေသေးသော တာအိုသိုင်းပညာရှင်များလည်း ထိုအရိုးစုကို ဦးညွှတ်လိုက်ကြပြီး မျက်ရည်များ စီးကျလာကြတော့သည်။

နောက်ဆုံးတွင် မီလော့နန်းတော်အရှင်သခင်၏ အရိုးစုနှင့် တာအိုသစ်ပင်၊ တာအိုသစ်သီးများမှာလည်း ဟင်းလင်းပြင်ကို မတားဆီးနိုင်တော့ပေ။ သူလည်း ဟင်းလင်းပြင် ဖြစ်သွားခဲ့သည်။ ပထမစကြဝဠာ၏ နှစ်ပေါင်း ကုဋေရှစ်ရာ ရှည်ကြာသော သမိုင်းကြောင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဟင်းလင်းပြင်ထဲတွင် ပြန့်ကားသွားပြီး တစတစ မှေးမှိန်သွား၏။

ပန်းချီကားထဲမှ မီလော့နန်းတော်အရှင်သခင်မှာ ပြိုင်ဘက်ကင်း ခမ်းနားထည်ဝါနေသည်။ သူ၏ အကြည့်များက ဖရိုဖရဲနေရာဟင်းလင်းပြင်ကို ကြည့်နေပုံရသည်။ ဖရိုဖရဲနေရာဟင်းလင်းပြင် ရှိနေသေးသော်လည်း ပွင့်မလာသေးပေ။

သူ၏ အကြည့်များ မှေးမှိန်သွားပြီး ပထမစကြဝဠာ၏ ပန်းချီကားနှင့်အတူ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။

ကျောက်စိမ်းမြို့တော်ထဲတွင် ခန်းမသခင်များနှင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြသည်။ သူတို့ ဦးညွှတ်လိုက်သော အခိုက်အတန့်မှာပင် သူတို့၏ ခန္ဓာကိုယ်များက ဟင်းလင်းပြင် အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကျောက်စိမ်းမြို့တော်သည်လည်း ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ ဒယ်အိုးကြီးဘေးတွင် ပြန့်ကားသွားပြီး တဖြည်းဖြည်း မှုန်ဝါးလာတော့သည်။

"ရှင်သန်နိုင်မယ့် လမ်းတစ်လမ်း ရှိသေးတယ်"

အိုမင်းနေပြီ ဖြစ်သော လန်ယွီတျန်းက စိတ်ဓာတ်ကို မြှင့်တင်လိုက်ပြီး ရေရွတ်နေသည်။ "ဘိုးဘေးနန်းတော် တာအိုကျင့်စဥ်စနစ်က အတွင်းမှာ တာအို ရရှိတာ… ငါတို့ ကိုယ့်ကိုယ်ကိုယ် ဘိုးဘေးနန်းတော် မဟာခြုံလွှမ်းကောင်းကင်ဘုံအဖြစ် ပြောင်းလဲပြီး သက်ရှိအားလုံးကို ငါတို့ရဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှာ နေထိုင်စေလို့ ရတယ်… အသက်ဆက်ရှင်သန်စေလို့ ရတယ်… ဒီလိုဆိုရင် ငါတို့ အကြာကြီး တောင့်ခံထားနိုင်မယ်"

"သိပ်အကြာကြီးတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး… ငါတို့လည်း မကြာခင် ဟင်းလင်းပြင် ဖြစ်သွားကြမှာပဲ"

တာအိုသိုင်းပညာရှင်တချို့က ခေါင်းခါလိုက်သည်။ "သေမျိုးတွေအတွက် ဒီလို လုပ်ရတာက..."

"နတ်ဘုရားဆိုတာ လူသားတွေကို အကျိုးပြုဖို့ပဲလေ"

ရှုရှန်းဟွာက တောက်ပစွာ ပြုံးလိုက်၏။ "တာအိုမိတ်ဆွေတို့၊ တာအိုနောင်တော်တို့၊ ငါတို့က နတ်ဘုရားတွေလေ… နောက်ဆုံးလက်ကျန် နတ်ဘုရားတွေပဲ"

တာအိုသိုင်းပညာရှင်များ တိတ်ဆိတ်သွားကြသည်။

ခဏကြာသောအခါ ဘိုးဘေးနန်းတော် မဟာခြုံလွှမ်းကောင်းကင်ဘုံ တစ်ခုပြီးတစ်ခုသည် မှောင်မိုက်နေသော စကြဝဠာ ဟင်းလင်းပြင်ထဲတွင် လင်းလက်လာကြ၏။ သူတို့၏ စွမ်းအားများ မရှိတော့သဖြင့် ဒယ်အိုကြီးမှာ အဆုံးမရှိ ကျယ်ပြန့်သော ပန်းချီကားတစ်ချပ် အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဘိုးဘေးနန်းတော် မဟာခြုံလွှမ်းကောင်းကင်ဘုံများက ကိုယ်တိုင်ပိတ်လှောင်ထားသော စကြဝဠာငယ်လေးများကို ဖွဲ့တည်လိုက်ကြသည်။ စကြဝဠာငယ်လေးများထဲတွင် သက်ရှိများ ဆက်လက် ရှင်သန်နေကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ တာအိုသိုင်းပညာရှင်များက သူတို့၏ နောက်ဆုံး စွမ်းအားများဖြင့် ထိုသန့်ရှင်းစင်ကြယ်သော နယ်မြေတစ်ခုချင်းစီကို ကာကွယ်ပေးထားကြ၏။

မှောင်လာလျှင် အပြင်မထွက်နှင့်

၎င်းမှာ တာအိုသိုင်းပညာရှင်များက ပိတ်လှောင်ထားသော စကြဝဠာငယ်လေးများထဲတွင် နေထိုင်ကြသော သက်ရှိများအပေါ် ထုတ်ပြန်ထားသည့် သတိပေးချက်ပင်။

မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲတွင် ထိုအလင်းရောင်လေးများက မှိတ်တုတ်မှိတ်တုတ် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြသည်။ ဟင်းလင်းပြင် ပြန့်ကားလာသည်နှင့်အမျှ အလင်းရောင်များက ပိုပို၍ သေးငယ်လာပြီး တစ်ခုနှင့်တစ်ခု ဝေးကွာလာကာ တဖြည်းဖြည်း မမြင်ရနိုင်သည်အထိ ဖြစ်ကုန်ကြ၏။

နှစ်ပေါင်းကုဋေရှစ်ရာ ကြာပြီး‌နောက် ဆယ့်ခုနစ်စင်းမြောက် စကြဝဠာကား အလုံးစုံသော အမှောင်ထုထဲ ကျရောက်သွားခဲ့လေပြီ။

ဒြပ်ဝတ္ထုများ မပြောင်းလဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဒြပ်ဝတ္ထုအားလုံး ဟင်းလင်းပြင်ကြောင့် ဆွဲဖြဲခံခဲ့ရသည်။ စကြဝဠာတစ်ခုလုံး အဆုံးမရှိ ပြန့်ကားသွားပြီး မည်သည့် သက်ရှိအရိပ်အယောင်မှ မရှိတော့ချေ။

အလင်းရောင်၊ အသံ၊ အရောင်… မည်သည့်အရာမှ မရှိတော့။

အဆုံးမရှိ အေးစက်တိတ်ဆိတ်သော ဟင်းလင်းပြင်ကြီးသာ ရှိတော့သည်။

မျှော်လင့်ချက်မဲ့သော ဤအေးစက်တိတ်ဆိတ်မှုထဲတွင် ဖရိုဖရဲနေရာဟင်းလင်းပြင်လည်း တစတစ မှုန်ဝါးလာ၏။ ဟင်းလင်းပြင်နှင့်အတူ ပျောက်ကွယ်သွားတော့မည့်အလားပင်။

ဒြပ်ဝတ္ထု မရှိတော့သဖြင့် အချိန်လည်း ပျောက်ကွယ်သွားလေပြီ။

ရုတ်တရက် အဆုံးမရှိသော အမှောင်ထုထဲတွင် အလင်းရောင်တစ်ချက် တောက်ပလင်းလက်လာပြီး ဟင်းလင်းပြင်ဖြစ်သွားသော စကြဝဠာကို ထွန်းလင်းသွားစေသည်။

ဖရိုဖရဲနေရာဟင်းလင်းပြင်ရှိ မရေမတွက်နိုင်သော ဖရိုဖရဲအိပ်မက်ကမ္ဘာများ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသော အလင်းရောင် ဖြစ်၏။ ဖရိုဖရဲအိပ်မက်ကမ္ဘာများ တစ်ခုပြီးတစ်ခု ကွဲကြေပျက်စီးသွားကြပြီး မီးပန်းများကဲ့သို့ လှပစွာ ပေါက်ကွဲနေသည်။

ဖရိုဖရဲနေရာဟင်းလင်းပြင် နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့လေပြီ။

လူရိပ်တစ်ခုသည် ဖရိုဖရဲနေရာဟင်းလင်းပြင် ပျက်စီးရာနေရာမှ ထွက်လာပြီး အဆုံးမရှိသော အမှောင်ထုထဲတွင် လမ်းလျှောက်နေသည်။ သူ လှမ်းမျှော်ကြည့်လိုက်ရာ အမှောင်ထုမှ လွဲ၍ မည်သည်ကိုမှ မမြင်ရချေ။

အမှောင်ထုသာ ကြီးစိုးနေ၏။

သူက ဟင်းလင်းပြင်ထက်တွင် လမ်းလျှောက်ရင်း အသံကုန် အော်ဟစ်နေသည်။

လူတွေ ရှိကြသေးလား

တစ်ယောက်ယောက် ရှိသေးလား

ငါ ပြန်ရောက်ပြီ … ဘယ်သူရှိသေးလဲ

ဟင်းလင်းပြင်ထဲတွင် မည်သည့် အလင်းရောင်မှ မရှိတော့။

လင်ယွင်.. ဖေဖေ ပြန်လာပြီလေ

ယွိရှို့… ကိုယ် ပြန်ရောက်ပြီလေကွာ

လန်ယွီတျန်း… ရှုရှန်းဟွာ .. ငါ ပြန်ရောက်ပြီကွ

ချင်ယဲ့… ကျွန်တော် ပြန်လာပြီလေ

......

ချင်မူ အချိန်အကြာကြီး လမ်းလျှောက်နေခဲ့သည်။ အကြိမ်ကြိမ် အော်ဟစ်ခေါ်ဆိုသော်လည်း မည်သည့် တုံ့ပြန်သံမှ ပြန်မရခဲ့ပေ။

သူ မျှော်လင့်ချက် ကုန်ခမ်းသွားတော့မည့်အချိန်တွင် မှောင်မိုက်သော ဟင်းလင်းပြင်ထဲ၌ အလင်းစက်လေး တစ်စက် လင်းလက်လာသည်။ တာအိုသိုင်းပညာရှင်တစ်ယောက်၏ ဘိုးဘေးနန်းတော် မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်၏။ အထီးကျန်သော်လည်း ဇွဲကောင်းစွာဖြင့် ဟင်းလင်းပြင်ထဲတွင် တည်ရှိနေဆဲပင်။

ချင်မူ၏ ခြေလှမ်းများ ရပ်တန့်သွား၏။ ခြောက်သွေ့နေသော တာအိုနှလုံးသားမှာ ပြန်လည် ရှင်သန်လာချေပြီ။

"ငါ ဒီမှာ ရှိသေးတယ်..."

ထိုဘိုးဘေးနန်းတော် မဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ အားနည်းသော တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာ၏။

"ငါတို့ရော ဒီမှာ..."

အမှောင်ထုထဲတွင် နောက်ထပ် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု လင်းလက်လာပြန်သည်။ နောက်ထပ် ဘိုးဘေးနန်းတော် မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခု ဖြစ်၏။

"ငါတို့ရော"

"ငါတို့လည်း ဒီမှာဟေ့"

"ငါတို့ မင်း ပြန်လာတာ စောင့်နေကြတာကွ”

မှောင်မိုက်သော ဟင်းလင်းပြင်ထဲတွင် အလင်းစက်တစ်စက်ပြီးတစ်စက်က မီးအိမ်များကဲ့သို့ တစ်လုံးပြီးတစ်လုံး လင်းလက်လာကြသည်။ အလင်းစက်လေးများက ကြယ်တာရာများကဲ့သို့ နေရာအနှံ့ ပြန့်ကြဲနေလေသည်။

ချင်မူ ပြုံးလိုက်မိလေ၏။

..................

နွားကျောင်းသားလေးရဲ့ ဒဏ္ဍာရီ ဤတွင် ပြီးပါပြီ။

ဖတ်ရှုပေးသော စာဖတ်ပရိသတ်အပေါင်းအား ကျေးဇူးတင်ပါတယ်။

All Chapters