တစ္ဆေအိုကြီးကျန့်ကို ဆန့်ကျင်သောအုပ်စု
Vol. 133 Ch. 1829
ထိုနှလုံးထံမှ ဝမ်လင်းထံသို့ တိုးဝင်လာသော အော်ရာသည် သူ၏ခန္ဓာကိုယ်တွင်း၌ မိုးကြိုးအလား တဝုန်းဝုန်းဖြစ်နေသည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို လွှမ်းမိုးကာ သူ့အား ပြင်းထန်သောမုန်တိုင်းအတွင်း၌ ရှိနေသလို ခံစားမိစေသည်။
ကလန်သုံးခု၏ ကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်ပြီး ကိုးခုမြောက်ကြယ်များအဖြစ် ရောက်ရှိမည့် လက္ခဏာများ ပြသလာသည်။
ဧရာမနှလုံးကြီး၏ ခုန်သံက ဝမ်လင်း၏နှလုံးနှင့်အတူ ခုန်သည်။ ဝမ်လင်း၏ ကိုယ်တိုင်းရှိ သူ့နှလုံးထဲ၌ ထိုဧရာမနှလုံးကြီး၏ပုံရိပ်ယောင်ပင် ရှိလို့နေသည်။
ထိုဧရာမနှလုံးက သူ၏ကိုယ်ပိုင်နှလုံးခုန်သံနောက်သို့ လိုက်ပါ၏။ သည်ခံစားချက်က ပိုပိုအားကောင်းလာသည်။
အဆုံးသပ်၌ ဝမ်လင်းသည် မည်သည့်အသံကိုမျှ မကြားနိုင်တော့ဘဲ နှလုံးများ၏ခုန်သံကိုသာ ကြားရလေတော့သည်။ ထိုအသံက ဝမ်လင်း အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။ နွေးထွေးသော ခံစားမှုက သူ့နှလုံးထဲရှိ တစစ်စစ်နာကျင်မှုကို တဖြည်းဖြည်း လျော့ပါးလွင့်ပြောက်စေသည်။
ဝမ်လင်း၏စိတ်အတွင်းသို့ ဉာဏ်အလင်းအာရုံလည်း တိုးဝင်လာသည်။ ထိုဉာဏ်အလင်းမှာ နှလုံးခုန်သံများမှ လာခြင်းပင်။ သည်ရှေးသင်္ချိုင်း၏ နောက်ဆုံးအလွှာအတွင်း ဝမ်လင်းသည် သူ၏နှလုံးမှာ ထိုးစိုက်ခံရကာ ပေါက်ကွဲလုမတတ် ဖြစ်ခဲ့ရသည်။
ဝမ်လင်းသည် မန္တာန်၊စွမ်းရည်၊ တာအိုမဟုတ်သော ထိုတိုက်ခိုက်မှုနည်းလမ်းကို ရေးတေးတေး ဖမ်းဆုပ်မိခဲ့သည်။ “သင့်ရဲ့ကိုယ်ပိုင်နှလုံးနဲ့ တခြားသူတွေရဲ့ နှလုံးခုန်သံကိုသက်ရောက်စေပြီး သူတို့နှလုံးခုန်သံကို စည်းချက်ကို ပြောင်းလဲစေမယ်။ ပြီးရင် သူတို့ရဲ့ နှလုံးဟာ ပျက်စီးရလိမ့်မယ်။ ဒါမှမဟုတ် သူတို့ရဲ့ နှလုံးခုန်သံမှာ သင့်ရဲ့နှလုံးခုန်သံနဲ့ သဟဇာတ ဖြစ်စေပြီး ထိန်းချုပ်၊ ပြီးရင် အကြမ်းပတမ်း တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မယ်…”
“ဒီနည်လမ်းတွေဟာ ခုခံတဲ့နည်းလမ်းနဲ့ အလွန်ကွာလှတယ်။ ငါသာ ဒီဉာဏ်အမြင်ကို အသုံးချပြီး ငါ့အပိုင် မန္တာန်တစ်ခုကို ဖန်တီးလို့ ရနိုင်လောက်တယ်…” ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးတို့မှာ တောက်ပနေသည်။ သူသည် နှလုံးထံမှ အော်ရာကို စုပ်ယူနေရင်း သည်အကြံအပေါ် စိတ်ကူးကြံဆကြည့်တော့သည်။
“နှလုံးခုန်တာဟာ အသံလိုပဲ။ ဒါပေမဲ့ ဒီအသံကို ပျံ့နှံ့စေဖို့ အကူအညီတချို့ လိုမယ်။ ငါ့မိုးကြိုးမူလဟာ ကျယ်လောင်တဲ့အသံကိုတွေကို ထုတ်လွှတ်နိုင်ပြီး တူညီတဲ့သက်ရောက်မှု ရှိတယ်။ ငါ့မိုးကြိုးအနှစ်သာရကို ငါ့နှလုံးထဲ သိပ်သည်းစေပြီး ဒီအသံကို ပျံ့လွင့်စေဖို့ အကူအညီ ဖြစ်စေနိုင်ခဲ့မယ်ဆိုရင်…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လေ၏။
“ဒီ့အတွက် အိပ်မက်တာအိုရဲ့ အကူအညီလိုအိပ်လိမ့်မယ်။ ငါ့နှလုံးခုန်သံက အသံနဲ့ အိပ်မက်တာအိုဟာ တစ်ချိန်တည်းမှာ ဝင်ရောက်ရမယ်။ ဒါဟာ ပုံရိပ်ယောင်တွေကို ဖြစ်ပေါ်လာစေပြီး သူတို့ရဲ့ နှလုံးခုန်သံကို ပြောင်းလဲစေမယ်။ ဒါဆို သေချာတဲ့ သက်ရောက်မှုကို ရနိုင်မှာပဲ…” ဝမ်လင်း၏မျက်လုံးသည် ပို၍ တောက်ပလာတော့သည်။
“ငါ့ဆန်းကြယ်မီးနဲ့ ဒါကို ပေါင်းစပ်လိုက်ရင် နှလုံးခုန်သံဟာ သူတို့ရဲ့ စိတ်နှလုံးကို ကသိကအောက် ဖြစ်စေလိုက်တာနဲ့ ဆန်းကြယ်မီးဟာ လောင်ကျွမ်းနိုင်စွမ်း ရှိသွားပြီ…”
ဝမ်လင်းသည် မျက်လုံးမှိတ်ကာ ဆက်လက်၍ ဖြစ်နိုင်ချေများကို ကောက်ချက်ချဆင်ခြင်နေသည်။
ရီစီရုပ်သေးက သူ၏နောက်တွင် ထိုင်နေ၏။ ၎င်း၏အကြည့်က ပို၍ပင် ကြမ်းလာသည်။၎င်းသည် အလိုလို ငြီးသံများကို ထုတ်ဖော်နေ၏။
ဝမ်လင်း၏နှလုံးနှင့် ယဲ့မို၏နှလုံးတို့ ပေါင်းစပ်သွားချိန်၊ ဝမ်လင်းက မန္တာန်သစ်တစ်ခုကို ဆင်ခြင်နေစဉ်၌ ရှေးသင်္ချိုင်း၏ ဒုတိယအလွှာတွင် ဝုန်းဒိုင်းကြဲနေပေသည်။ ထိုနေရာတွင် ကြမ်းလှသော တိုက်ပွဲတစ်ခု ဖြစ်နေသည်။
လောကဆုတ်ပြဲလေမည့်အလား ကျယ်လောင်စွာ ပေါက်ကွဲသံ မြည်ဟိန်း၏။ လေပြင်းများက ထန်ရှန်ကို ကောင်းကင်ထက်သို့ လွင့်ထွက်စေ၊ ပျက်စီးပြိုပျက်သော မြေပြင်ထက်သို့ ပြန်ပြုတ်ကျစေသည်။
လေထဲ၌ ဖုန်မှုန့်များစွာ လွင့်စင်နေသည်။ ထန်ရှန်၏မျက်နှာသည် ဖြူရောကာ သူမသည် ရုန်းကန်၍ ထလာသည်။ သွေးများက သူမ၏ပါးစပ်ထောင့်မှ စီးကျလာ၏။ သူမ၏စိတ်နှလုံးကို တုန်ခါစေ၏။ သူမသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့လေပြီ။
သိပ်မဝေးသောနေရာ၌ ယွမ်ရီဖန်ကလည်း မျက်လုံးမှိတ်ထားသည်။ သူ၏ဒဏ်ရာများမှာလည်း အတော်လေး ပြင်းထန်၏။ တစ္ဆေအိုကြီးကျန့် လက်ဝေ့ယမ်းလိုက်သည့်အခါ သူ၏ဒဏ်ရာများသည် ပေါက်ကွဲထွက်လာကာ သူ့အား သေလုမတတ် ဖြစ်သွားစေသည်။
ထာဆန်လည်း ရှိသေး၏။ သူ့ကို တိုက်ပွဲ ဟူသော အနက်ရောင်စာလုံးသုံးလုံးက ဝန်းရံထားကာ အတွင်း၌ လုံးဝချိပ်ပိတ်ထားသည်။ကောင်းကင်သည် မှိန်ဖျော့ကာ မုန်တိုင်းများ တဝုန်းဝုန်း။ သည်လောက၌ ပုံရိပ်များစွာ ရှိလို့နေသည်။
လိပ်နက်ဗိုလ်ချုပ်နှင့် ဟင်္သာငှက်ဗိုလ်ချုပ်တို့က ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူနှစ်ယောက်နှင့် တိုက်ခိုက်နေ၏။ သူတို့၏ တိုက်ပွဲမှာ ကြမ်းလှသည်။ အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်လှမည်။
သို့သော် သူတို့နှင့်ယှဉ်ပါက အစစ်အမှန်တိုက်ပွဲကား အကွာအဝေးတစ်ခု၌ ဖြစ်ပွားနေ၏။
ထိုနေရာတွင် တစ္ဆေအိုကြီးကျန့်ကို တာအိုသခင်အိပ်မက်ပြာနှင့် အဘိုးအိုမာတို့က ယှဉ်တိုက်ခိုက်နေ၏။
တာအိုသခင်အိပ်မက်ပြာ၏ အမူအရာသည် သုန်မှုန်နေ၏။ သူ၏ခြေလှမ်းများမှာ အနည်းငယ်လေးလံနေသည်။ သူ၏မန္တာန်အများစုသည် ခုခံကာကွယ်မှု ဖြစ်ကာ သူသည် တစ္ဆေအိုကြီးကျန့်အနားသို့ မသွားနိုင်ပေ။ အဘိုးအိုမာသည် အကူအညီမဲ့စွာ ကြည့်မိ၏။ သို့သော် သူ၏တိုက်ခိုက်မှုများမှာ လောကကို တုန်ယင်စေသည်။
သူ လုပ်ဆောင်ရပေမည်။ သူသည် ရွှမ်လော၏ တောင်းဆိုမှုကြောင့် ဒြပ်စင်ငါးခုဂြိုဟ်မှ လူများနှင့်အတူ သည်နေရာသို့ ရောက်လာခဲ့ရခြင်းပင်။ သူသာ ထိုသို့ မလုပ်ဆောင်ပါက သူသည် ရွှမ်လောကို ဒေါသထွက်သွားစေနိုင်သည်။ ထိုအခါကျလျှင် ရလဒ်မှာ သူ ဒီလှိုဏ်ဂူလောကထဲမှ ထွက်မသွားနိုင်တော့တာပါ ဖြစ်နိုင်လိမ့်မည်။
တစ္ဆေအိုကြီးကျန့်၏ မျက်လုံးများက အေးစက်နေ၏။ ထိုနှစ်ယောက်သာ သူ့ကို လမ်းမပိတ်ထားပါက သူသည် နောက်ဆုံးအလွှာသို့ ဝင်ရောက်ကာ ဝမ်လင်းကို သတ်၍ တတိယစိတ်ဝိညာဉ်ကို ယူနိုင်တော့မည်ပင်။ သို့ပေမည့် ထိုနှစ်ယောက်က ရင်ဆိုင်ရန် ခက်ခဲနေသည်။ သူတို့က သူ့ကို အချိန်ဆွဲဖို့ ဒဏ်ရာအရခံကာ လုပ်ဆောင်နေသည် မဟုတ်လား။
ထို့အတွက်ကြောင့် အချိန်တိုအတွင်း သူက နောက်ဆုံးအလွှာသို့ တရကြမ်း မဝင်ရောက်နိုင် ဖြစ်နေသည်။
သုံးယောက်သား တိုက်ခိုက်နေကြစဉ် အဘိုးအိုမာက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၏။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူရောနေသည်။ သူက နတ်ဘုရားအာရုံသတင်းစကားကို မြန်မြန်ပို့လွှတ်ကာ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူအိပ်မက်ပြာ၊ ငါ အစွမ်းထက်ဆုံးမန္တာန်ကို အသုံးပြုတော့မယ်…”
ထိုအခါ တာအိုသခင်အိပ်မက်ပြာက လက်ဝေ့ယမ်းလိုက်ရာ သူ့အား အပြာရောင်အလင်း ဝန်းရံစေလျက် တစ္ဆေအိုကြီးကျန့်ထံ ဝင်ရောက်လာတော့သည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ တစ္ဆေအိုကြီးကျန့်ကသူ့ညာလက်ကို ဝေ့ယမ်း၏။ တိုက်ပွဲ စာလုံး ပေါ်လာကာ မြန်ဆန်စွာ ချဲ့ကားထွက်လာသည်။ ကြောက်မက်ဖွယ်အားတစ်ခုက ပျံ့လွင့်လာပြီး အပြာရောင်အလင်းသည် တွန့်ခေါက်ပုံပျက်ကာ မြန်ဆန်စွာ ပျက်စီးခြင်းဆိုက်သည်။
“ပိုးဖလံတွေက လမင်းနဲ့ လာယှဉ်ဝံ့နေတာပဲ…” တစ္ဆေအိုကြီးကျန့်က အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ အဘိုးအိုမာထံ တိုးဝင်လာသည်။ သူသည် အိပ်မက်ပြာနှင့် ပတ်သတ်၍ စိတ်မပူပေ။ တကယ်တော့ အိပ်မက်ပြာက ဆန်းကြယ်ဒုက္ခအဆင့်များကို မကျော်ဖြတ်ရသေးသည် မဟုတ်လား။
အဘိုးအိုမာကမူ မတူပေ။ တစ္ဆေအိုကြီးကျန့်သာ သတိမမူမိပါက သူသည် အဘိုးအိုမာကြောင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်မည်။
အဘိုးအိုမာက နောက်သို့ ဆုတ်၍ ကောင်းကင်ထက်သို့ ညွှန်၏။ သူက တစ္ဆေအိုကြီးကျန့် အိပ်မက်ပြာကို ကျော်လွန်ကာ သူ့ထံ တိုးဝင်လာသည်ကို မြင်သည့်အခါ သူ၏အမူအရာသည် ချက်ခြင်း သုန်မှုန်သွားတော့၏။ သူက မန္တာန်တစ်ခုအသုံးပြုရန် ဟန်ပြင်နေချိန်လည်း ဖြစ်သည်။
“ဒီအိပ်မက်ပြာက ခဏလေးတောင် မဟန့်တားထားနိုင်ဘူးပဲ…”
သို့ပေမည့် သူ ဖြစ်စေ၊ တစ္ဆေအိုကြီးကျန့်ဖြစ်စေ သူတို့က အိပ်မက်ပြာကို လျှော့တွက်ခဲ့ကြခြင်းပင်။ သူသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှတစ်ယောက်၊ အုပ်စိုးသူပင် ရှိန်ရသည့်တစ်ယောက် ဖြစ်၏။ သူသည် ဆန်းကြယ်ဒုက္ခအဆင့်များကို မဖြတ်သန်းရသေးသော်လည်း သူ့ကိုယ်ပိုင်နည်းလမ်းများနှင့်သူ ရှိသည်။
သည်အခိုက်၌ အိပ်မက်ပြာက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ ထိုအနှစ်သာရသွေးက ပျက်စီးသွားသော အပြာရောင်အလင်းနှင့် ပေါင်းစပ်ကာ ရှေးဟောင်းကုချင်းတစ်လက် ဖြစ်ပေါ်သည်။
ထိုကုချင်းက နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်နှယ် ရှေးကျသောအော်ရာကို ပေးစွမ်းသည်။ ၎င်းသည် မမြင်ရနိုင်ပေ။ တာအိုသခင်အိပ်မက်ပြာ၏ သွေးထဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် သိုလှောင်ထားခြင်းပင်။ ခုချိန်၌ ၎င်းသည် လောကတွင် တဖန် ပေါ်လာခဲ့ပြီ။ ၎င်း၏စွမ်းအားကို လှစ်ဟပြပေတော့မည်။
ထိုရှေးကုချင်းမှာ တာအိုသခင်အိပ်မက်ပြာ၏အစွမ်းထက်ဆုံးရတနာ၊ သူ၏ဝှက်ဖဲပင်။ အုပ်စိုးသူ တာအိုသခင်အိပ်မက်ပြာကို ရှိန်ရသည့်အကြောင်းရင်းလည်း ဖြစ်သည်။ သည်ကုချင်းကို တစ်ကြိမ်သာ အသုံးပြုခဲ့ဖူး၏။ ထိုတိုက်ပွဲကလည်း တာအိုသခင်အိပ်မက်ပြာကို ကျော်ကြားစေခဲ့သည်။ ကုချင်းမှ ဂီတသည် မရေမတွက်နိုင်သော ခန္ဓာကိုယ်များကို မြှုပ်နှံ့ပစ်ခဲ့ပြီးပင်။
သူသည် မည်သည့်ဆန်းကြယ်ဒုက္ခကိုမျှ မဖြတ်ကျော်ရသေးသော်လည်း သည်ကုချင်းအတွက် သူ၏ စတေးမှုနှင့်အားစိုက်ထုတ်မှုက ဆန်းကြယ်ဒုက္ခအဆင့်များကို ဖြတ်သန်းပြီးသလိုပင်။ ဤကုချင်း၏ ဇစ်မြစ်မှာလည်း ဆန်းကြယ်ပေ၏။
၎င်းသည် ဤလှိုဏ်ဂူလောကမှ မဟုတ်သလိုမျိုး ခံစားရစေသည်။
ကုချင်း ပေါ်လာသည့်အခါ တာအိုသခင်အိပ်မက်ပြာ၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ပြည့်လာ၏။ သူက သူ့ဇနီးကို လွမ်းဆွတ်မိသည်။ သူ့ဇနီးက သူ၏သိုလှောင်နေရာလွတ်ထဲ၌ ရှိနေသော်လည်း သူ့အဖို့ သူမကို ပြန်ကောင်းမွန်အောင် မလုပ်နိုင်တော့ပေ။ သက်ပြင်းချကာ အိပ်မက်ပြာက ကုချင်းနောက်တွင် ထိုင်ချ၍ ကုချင်းကြိုးကို ညင်ညင်သာသာ တီးခတ်လိုက်၏။
ထန်..။
ကုချင်းသံ ပဲ့တင်ထပ်လာ၏။ အိပ်မက်ပြာကို ကျော်၍ လှမ်းလာသော တစ္ဆေအိုကြီးကျန့်မှာ ရုတ်တရက်ဘေးသို့ သုံးလှမ်းဆုတ်ကာ လှည့်ကြည့်လာသည်။
သူ ခေါင်းလှည့်လိုက်သည့်အခိုက်၌ ကုချင်းဂီတသံ လှိုင်းထလေပြီ။ ကုချင်းမှ ဂီတသံသည် တစ္ဆေအိုကြီးကျန့်ကို ဝန်းရံကာ သူ၏ဆုတ်လမ်းကို ချိပ်ပိတ်၏။
အဘိုးအိုမာ၏ မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်လာ၏။ သူက တာအိုသခင်အိပ်မက်ပြာထံသို့ ကြည့်ကာ သူ၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားမိသည်။ သူသည် ထိုကုချင်းကို မည်သည့်ကုချင်းမှန်း မသိပေ။ သို့သော် သူသည် ၎င်းမှာ သာမန်ထက်ထူးကဲသည်ကို ပြောနိုင်၏။
သည်အခိုက်၌ သူက တုံ့နှေးမနေ၊ ကောင်းကင်ထက်သို့ ညာလက်ဖြင့် ညွှန်လိုက်၏။
“ဒြပ်စင်ငါးခု၊ရွှေရောင်ကောင်းကင်ဘုံသား။ သိပ်သည်းစေ၊ ရွှေရောင်ကောင်းကင်…”
ရွှေရောင်အလင်းများ အဘိုးအိုမာထံမှ ထွက်ပေါ်ကာ ကောင်းကင်ယံသို့ ပျံ့လွင့်၏။ ပြိုကျနေသော ကောင်းကင်မှာ ရွှေရောင်အလင်း၏ ဖုံးအုပ်ခြင်း ခံရသည်။
သံစဉ်ကိုးပုဒ်၊ သင်္ကေတသုံးခုအလား။
“ဒြပ်စင်ငါးခု၊ မြေပြင်ကောင်းကင်ဘုံသား။ သိပ်သည်းစေ၊ အနက်ရောင်မြေကြီးထု…” အဘိုးအိုမာက သူ့ဘယ်လက်ဖြင့် မြေပြင်ထက်သို့ ညွှန်၏။ မြေပြင်ထု တုန်ဟည်းကာ အနက်ရောင်ပြောင်း၏။
သည်ဒြပ်စင်ငါးခုမန္တာန်နှစ်ခုကို အသုံးပြုပြီးနောက် အဘိုးအိုမာသည် အလွန်ပင်ပန်းသွားဟန် ပေါ်၏။ သူက ထိုမန္တာန်နှစ်ခုကို ထပ်မံအသုံးမပြုချင်တော့ပေ။ သူ့လက်နှစ်ဖက်ဖြင့် ကောင်းကင်နှင့်မြေကြီးကို ညွှန်ကာ ရုတ်တရက် လှုပ်ရှား၏။
သည်အခိုက်တွင် တာအိုသခင်အိပ်မက်ပြာ၏ ကုချင်းသံမှာ ပို၍ ပြင်းထန်လာပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ဂီတသံအတွင်းရှိ တစ္ဆေအိုကြီးကျန့်ကို ချိပ်ပိတ်သည်။ တစ္ဆေအိုကြီးကျန့်၏ မျက်လုံးမှာ လက်ခနဲ ဖြစ်သွားပြီး သူ့ညာလက်ကို ဝေ့ယမ်း၏။ ရွှေရောင်တိုက်ပွဲစာလုံး ပေါ်လာချေပြီ။ သည်စာလုံးမှာ ပျက်စီးသွားပြီး သူ့ပတ်လည်ရှိ ချိပ်ပိတ်မှုကို လှုပ်ခါစေသည်။
ကုချင်းသံက ရုတ်တရက် ကျယ်လောင်လာကာ လှိုင်းဂယက်များသည် ပဲ့တင်ထပ်၍ ၎င်းက တိုက်ပွဲစာလုံးပျက်စီးမှုကို ခုခံ၏။ တစ်ချိန်တည်းမှာ အဘိုးအိုမာ၏ မန္တာန်က တစ္ဆေအိုကြီးကျန့်ထံသို့ ရွှေ့လျားလာ၏။
ရွှေရောင်ကောင်းကင် တုန်ဟည်းကာ ရွှေရောင်လက်တစ်ဖက်က တစ္ဆေအိုကြီးကျန့်ထံ ဆန့်ထွက်လာသည်။ မကြာမီတွင် အနက်ရောင်လက်တစ်ဖက်က မြေပြင်နက်ထံမှ ထိုးထွက်လာသည်။ ရွှေရောင်လက်ကဲ့သို့ပင် ၎င်းသည်လည်း တစ္ဆေအိုကြီးကျန့်ထံ ချဉ်းကပ်လာ၏။
တစ္ဆေအိုကြီးကျန့်၏ မျက်လုံးထဲ၌ အေးစက်မှု ဖျတ်ခနဲ ပေါ်သည်။ မန္တာန်များ နီးကပ်လာစဉ် သူက သူ့နှဖူးကို ထိ၏။ စိတ်ဝိညာဉ်တစ်ခုနှင့် တူသော ပုံရိပ်တစ်ခုက တစ္ဆေအိုကြီးကျန့် နောက်တွင် ပေါ်လာသည်။ ထိုအရိပ်သည် ခေါင်းအစခြေအဆုံး ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏သုန်မှုန်နေသော မျက်လုံးတစ်စုံကိုသာ လှစ်ဟပေါ်စေသည်။
ဤသည်မှာ တစ္ဆေအိုကြီးကျန့်၏ ခန္ဓာကိုယ်မှ ခွဲထွက်လာသော ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်တည်း။
ထိုစိတ်ဝိညာဉ်က ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏လက်နှစ်ဖက်ကို ဖြန့်ကား၏။ သူ့ဆံပင်များမှာ တလွင့်လွင့် ဖြစ်၏။ သူ့လက်နှစ်ဖက်ဖြင့် ရွှေရောင်လက်နှင့်အနက်ရောင်လက်တို့ကို ထိပ်တိုက်တွေ့လေသည်။
ထိုစဉ် နောက်ဆုံးအလွှာ၏ ဝင်ပေါက်မှ ရှေးတောက်အော်ရာ ပျံ့လွင့်လာ၏။ နှလုံးခုန်သံတစ်သံ စတင်ပဲ့တင်ထပ်သည်။
ဤသည်မှာ ဝမ်လင်း၏နှလုံးခုန်သံတည်း။