← Chapters

နှလုံးခုန်သံ မိုးကြိုးသံလေအလား

Vol. 133 Ch. 1830

နှလုံးခုန်သံ မိုးကြိုးသံလေအလား

Vol. 133 Ch. 1830

တစ္ဆေအိုကြီးကျန့်၏ ခုနစ်ရောင်စုံစိတ်ဝိညာဉ် ပျံသန်းထွက်လာ၏။ သူ့အား ဝတ်ရုံက ခြုံလွှမ်းထားကာ ကောင်းကင်နှင့်မြေကြီးမှ ထွက်ပေါ်လာသော ရွှေရောင်လက်နှင့် အနက်ရောင်လက်တို့က သူ့လက်နှစ်ဖက်နှင့် ထိပ်တိုက်တွေ့သည်။

တုန်ဟည်းသံများ မြည်ဟိန်းထွက်၏။ တစ္ဆေအိုကြီးကျန့်သည် အလွန်အစွမ်းထက်လှသူပင်၊ ခုနစ်ရောင်စုံစိတ်ဝိညာဉ် မရှိလျှင်ပင် သူသည် ဆန်းကြယ်ဒုက္ခအထွတ်အထိပ်အဆင့်နှင့် နီးကပ်သော ကျင့်ကြံသူတစ်ယောက် ဖြစ်နေသေး၏။ သူသည် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့  ခြေလှမ်းတစ်ဝက် လှမ်းထားပြီးသူပင်။

သည့်အပြင် သူ၏စိတ်ဝိညာဉ်မှာ ခုနစ်ရောင်စုံစိတ်ဝိညာဉ်၏ ပေါင်းစပ်ဖို့ ရွေးချယ်ခံထားရ၏။ ထို့ကြောင့် သူ၏ကျင့်ကြံမှုအဆင့်သည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနှင့် အလွန်နီးကပ်နေလေပြီ။

သည်အခိုက်တွင် သူ၏ခန္ဓာနှင့်စိတ်ဝိညာဉ်တို့သည် ကွဲထွက်လာခဲ့ပေပြီ။ ခုနစ်ရောင်စုံစိတ်ဝိညာဉ်က သူ့လက်ကို ဝေ့ယမ်း၏။ ကောင်းကင်ထက်မှ ရွှေရောင်လက်သည် ပျက်စီးသွားသည်။ တစ်ချိန်တည်းမှာ မြေပြင်ထံမှ အနက်ရောင်လက်သည်လည်း တုန်ယင်ကာလွင့်ပြယ်ပျောက်ကွယ်သည်။

တာအိုသခင်အိပ်မက်ပြာ၏ ကုချင်းချိပ်ပိတ်မှုမှာလည်း သူ၏ဖိအားအောက်၌ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

အိပ်မက်ပြာက သွေးအန်ထုတ်လိုက်ရ၏။ ကုချင်းသံ တစီစီမြည်ကာ သူ အပြင်းအထန် ဒဏ်ရာ ရသွားလေပြီ။ သို့ပေမည့် သူသည် ၎င်းကို ထပ်မံ တီးခတ်ဖို့ တုံ့နှေးမနေပေ။ အင်အားစုနှစ်စုကက တစ္ဆေအိုကြီးကျန့်ထံ ပျံသန်းဝင်လာ၏။

အဘိုးအိုမာသည်လည်း ခုနစ်ရောင်စုံစိတ်ဝိညာဉ်က သူ၏မန္တာန်ကို ချိုးဖျက်လိုက်သည့်အတွက် တန်ပြန်ကန်အားကို ခံစားလိုက်ရသည်ပင်။ သူ့ပါးစပ်မှ သွေးများ စီးကျကာ နောက်ဘက် ပေတစ်ထောင်ကျော်ထိ လွင့်ထွက်သွား၏။ သို့သော် သူသည် အံတင်းတင်းကြိတ်ကာ ထပ်မံ တိုးဝင်လာချေသည်။

ခုနစ်ရောင်စုံစိတ်ဝိညာဉ်နှင့် တစ္ဆေအိုကြီးကျန့်တို့ ခွဲထွက်လာခိုက်၌ တစ္ဆေအိုကြီးကျန့်သည် ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူနှစ်ယောက်ထံ ပျံသန်းဝင်လာသည်။ သူတို့က လိပ်နက်ဗိုလ်ချုပ်နှင့် ဟင်္သာငှက်ဗိုလ်ချုပ်တို့ဖြင့် တိုက်ခိုက်နေခြင်းပင်။

လိပ်နက်ဗိုလ်ချုပ်နှင့် ဟင်္သာငှက်ဗိုလ်ချုပ်တို့က တစ္ဆေအိုကြီးကျန့်နှင့် သဘောတူညီမှု ရထားပြီး ဖြစ်၏။ သို့တည်းမဟုတ် သူတို့က အကူအညီပေးရန် အတင်းအကြပ် စေခိုင်းခံထားရတာလည်း ဖြစ်နိုင်သည်။ သူတို့သည် တစ္ဆေအိုကြီးကျန့်ကသာ သူတို့၏ တစ်ခုတည်းသော ရွေးချယ်မှုဟု ယုံကြည်ကြ၏။ တစ္ဆေအိုကြီးကျန့်သည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူအသစ် ဖြစ်လာနိုင်သည်ဟူ၍ပင် သူတို့က ယုံကြည်လေ၏။

သည်အခိုက်၌ တစ္ဆေအိုကြီးကျန့်က နီးကပ်လာကာ သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ တိုက်ပွဲ စာလုံးနှစ်လုံး ပျံသန်းထွက်ကာ ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူနှစ်ယောက်ထံသို့ ပေါက်ကွဲ၏။ သူတို့က ဒဏ်ရာအပြင်းအထန်ရကာ နောက်ဆုတ်လိုက်ရသည်။

တစ္ဆေအိုကြီးကျန့်ထံမှ တုန်လှုပ်ဖွယ်တိုက်ပွဲဆန္ဒ ပေါက်ကွဲထွက်လာ၏။ သူသည် တိုက်ပွဲစာလိပ်များ၏ ဖန်တီးသူ ဖြစ်သလို တိုက်ပွဲအနှစ်သာရ ပိုင်ဆိုင်သူလည်း ဟုတ်၏။ သူသည် ခုနစ်ရောင်စုံစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နေခြင်းကြောင့်သာ မဟုတ်ပါက သူ၏စိတ်နေစိတ်ထားနှင့်ဆို ပြတ်ပြတ်သားသားလုပ်မည့်သူမျိုးပင်။

အခုအခါ၌ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် ခွဲထွက်လိုက်ပြီ ဖြစ်ရာ ထိုသက်ရောက်မှုက အတော်များများ လွင့်ပြယ်သွားသဖြင့် သူ၏ အရင်က မောက်မာလွှမ်းမိုးသော နည်းလမ်းများအတိုင်း ပြန်ဖြစ်လာ၏။ အကြမ်းပတမ်း၊မောက်မောက်မာမာတိုက်ပွဲနည်းလမ်း။

“မင်းတို့နှစ်ယောက် ဝင်ပေါက်ရှိ မြန်မြန်သွား၊ ဝမ်လင်းကို သတ်ကြ…”  တစ္ဆေအိုကြီးကျန့်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ဗိုလ်ချုပ်နှစ်ယောက်က ထိုအားကို အသုံးချကာ မြန်ဆန်စွာ ထိုးထွက်လာ၏။ သူတို့သည် တောင်ပျက်စီးပြီးနောက် ပေါ်လာသော ဝင်ပေါက်ထံသို့ တဟုန်ထိုး ဦးတည်လာသည်။

ထိုသို့ပြောလိုက်ပြီးနောက် တစ္ဆေအိုကြီးကျန့်က တဖက်သို့ လှည့်လိုက်ရာ အဘိုးအိုမာသည် ရောက်လာ၏။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်၍ တိုက်ပွဲစတင်တော့သည်။

အဘိုးအိုမာနှင့် ယှဉ်ပါက တာအိုသခင်အိပ်မက်ပြာက ပို၍ စိတ်ပူနေ၏။ သို့သော် သူက ခုနစ်ရောင်စုံစိတ်ဝိညာဉ်ကို ချိပ်ပိတ်ဖို့ ကုချင်းပေါ်၌ အာရုံအပြည့်နှစ်ထားရ၏။ ထို့အတွက် လိပ်နက်နှင့်ဟင်္သာငှက်တို့ကို တားဖို့ သူ့ထံ၌ အရံအင်အား မရှိလေတော့ပေ။

ထန်ရှန်က သတိလစ်မသွားသေးပေ။ သူမက အံတင်းတင်းကြိတ်ကာ လေထဲသို့ ခုန်တက်၍ လိပ်နက်နှင့် ဟင်္သာငှက်တို့ကို တားဆီးဖို့ ကြိုးစားသည်။

မနီးမဝေးရှိ ထာဆန်ကလည်း တိုက်ပွဲစာလုံးသုံးလုံး၏ ချိပ်ပိတ်ထားခြင်းကို ခံထားရ၏။ သည်အခိုက်၌ သူက မာန်သွင်းကာ ထိုစာလုံးများကို ချိုးဖျက်ပစ်တော့သည်။ ယင်းချိပ်ပိတ်မှု ပျက်စီးသွားသည်နှင့် သူသည် လိပ်နက်နှင့်ဟင်္သာငှက်တို့ထံ တရကြမ်း တိုးဝင်လာချေသည်။

သို့ပေမည့် သူနှင့် ထန်ရှန်တို့သည် ထိုဗိုလ်ချုပ်နှစ်ယောက်ထက် နှေးနေသေးသည်သာ။ သူတို့နှစ်ယောက် ပျက်စီးသွားသော တောင်ဝင်ပေါက်သို့ ရောက်လာကာ ဝင်တော့မည့်အခါ၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။

အမြန်ဆုံးမှာ လိပ်နက်ဖြစ်၏။ သူက ဟင်္သာငှက်ထံ ပေသုံးဆယ်ခန့် ပို၍ ရှေ့ရောက်နေသည်။ သူ နီးကပ်လာချိန်၌ သူက မိုးခြိမ်းသံအလား နှလုံးခုန်သံကို ကြားလိုက်ရသည်။ ဤသည်က သူ၏နှလုံးကို ဗရမ်းဗတာ ခုန်ပေါက်သွားစေသည်။

သည်ရုတ်ချည်းဆန်သော နှလုံးခုန်သံက သူ့စိတ်နှလုံးထဲ၌ နာကျင်မှုကို ထိုးဆွစေသည်။ လိပ်နက်၏အမူအရာသည် ပြောင်းလဲသွားပြီး သူ၏နားထဲ၌ ကျယ်လောင်စွာ မြည်ဟိန်းသံ ပဲ့တင်ထပ်သည်။ သူ့ရင်ဘက်ထံမှ ပြင်းထန်စွာ နာကျင်ရကာ သူ၏စိတ်နှလုံးကို ဧရာမလက်ကြီးဖြင့် ဆွဲကိုင်ခံရတော့မည့်အလား။

ထိုအခါ လိပ်နက်ဗိုလ်ချုပ်သည် နာကျင်စွာအော်ဟစ်၍ ရှေ့သို့ ဆက်တိုးရာကနေ ရပ်တန့်သည်။ သူ နောက်ဆုတ်ရန် ဟန်ပြင်စဉ်မှာပင် လေဟာနယ်အတွင်းမှ အနက်ရောင်လက်တစ်ဖက်ပေါ်လာကာ သူ့ရင်ဘက်ပေါ်သို့ ဖိချသည်။

ဘန်းခနဲ ပေါက်ကွဲကာ လိပ်နက်ဗိုလ်ချုပ်သည် သွေးအန်ထုတ်လိုက်ရကာ သူ၏နောက်ရှိ ဟင်္သာငှက်ဗိုလ်ချုပ်ထံသို့ လွင့်ထွက်သွားသည်။

ဟင်္သာငှက်ဗိုလ်ချုပ်သည် ခဏတာ မင်သက်သွားပြီးနောက် နှလုံးခုန်သံကို ကြားလိုက်ရ၏။ ထိုသည်က သူ၏စိတ်နှလုံးကို ဗရမ်းဗတာ ဖြစ်သွားစေသည်။ သူ့ရင်ဘက်ထဲမှ စူးစူးနစ်နစ် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့မျက်နှာသည် ဖြူရောကာ တုံ့နှေးခြင်းမရှိ‌ နောက်ဆုတ်သည်။

သို့ပေမည့် သူ နောက်ဆုတ်လိုက်စဉ် ကြမ်းကြုတ်မှုအပြည့် စူးစူးရှရှအော်သံက ဝင်ပေါက်ထံမှ သွေးဆာမှုအပြည့်ဖြင့် ထွက်ပေါ်လာသည်။ အရိပ်တစ်ခု ပျံသန်းထွက်လာကာ ဟင်္သာငှက်ဗိုလ်ချုပ်ရှေ့တွင် ပေါ်လာ၏။

ဟင်္သာငှက်ဗိုလ်ချုပ်သည် ထိုအနက်ရောင်အရိပ်ကို တွေ့မြင်သည့်နောက် သူသည် သွေးအန်လိုက်ရ၏။ အနက်ရောင်အရိပ်သည် သူ့အား အပြင်းအထန် ရိုက်ချကာ သူသည် တလိမ့်ခေါ်ကွေး လွင့်ထွက်သွားရ၏။

သို့ရာတွင် ထိုအရိပ်နက်က ဟင်္သာငှက်ဗိုလ်ချုပ်ထံသို့ နီးကပ်စွာ လိုက်ပါလာကာ သူ့အား ပွေ့ဖက်သည်။ ထိုအရိပ်က ကြမ်းကြုတ်ဟန်ဖြင့် ပြုံး၍ ဟင်္သာငှက်ဗိုလ်ချုပ်၏ လည်တိုင်ကို ကိုက်ခဲလိုက်သည်။

ဟင်္သာငှက်ဗိုလ်ချုပ်၏ ထိတ်လန့်တကြားအော်သံမှာ ကြောက်မက်ဖွယ် ကောင်းနေ၏။ သူ၏ခန္ဓာကိုယ်သည် မြန်ဆန်စွာ သွေ့ခြောက်လာပြီး ထိုအရိပ်နက်က သူ၏သွေးများစွာကို စုပ်ယူသွားခဲ့သည်။ အဖြစ်အပျက်များသည် မြန်လွန်းလှ၏။ စိတ်ကူးနိုင်သည်ထက်ပင် မြန်နေသည်။ အနက်ရောင်အရိပ်က ၎င်း၏ခြေထောက်ကို ပင့်မြှောက်ကာ ဟင်္သာငှက်ဗိုလ်ချုပ်ကို ကန်ထုတ်လိုက်သည်။ ဟင်္သာငှက်ဗိုလ်ချုပ်သည် မြေပြင်ထက်သို့ လွင့်ထွက်သွား၏။ ထိုအရိပ်နက်က သည်ကန်အားကို အသုံးပြုကာ လေထဲသို့ ပျံတက်လာသည်။

၎င်းမှာ ရီစီရုပ်သေးပင်။

သည်ရုတ်တရက် ပြောင်းလဲမှုက ထန်ရှန်နှင့် ထာဆန်တို့ကို ရပ်တန့်သွားစေသည်။ ဤအဖြစ်အပျက်က အဘိုးအိုမာ၊ တာအိုသခင်အိပ်မက်ပြာ၊ တစ္ဆေအိုကြီးကျန့်နှင့် ခုနစ်ရောင်စုံစိတ်ဝိညာဉ်တို့ကိုပါ အာရုံစိုက်မိလာစေသည်။

လူတိုင်း၏အကြည့် စုဝေးလာစဉ် ဝမ်လင်း၏ပုံရိပ်သည် နောက်ဆုံးအလွှာရှိ ဝင်ပေါ်ထံမှ တဖြည်းဖြည်း ပေါ်လာ၏။ ဝမ်လင်းကို တွေ့မြင်သူတိုင်းမှာ ပင့်သက်ရှိုက်မိကုန်၏။ အကြောင်းမှာ သူ၏ပုံပန်းသွင်ပြင်သည် ကြီးစွာ ပြောင်းလဲသွားသည်။

သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ သို့သော် သူ၏ဝတ်ရုံ၌ သွေးများ စွန်းပေနေသည်။ သူ့ဆံပင်မှာ အဖြူရောင်ဖြစ်နေဆဲပင်။ သို့သော် သူ့ဆံပင်မှာ ရှုပ်ပွနေ၏။ သူ့ဆံပင် တစိတ််တပိုင်းက ပုခုံးထက်ကနေ ဝဲကျနေသည်။

သူ၏ဆံပင်ဖြူနှ့င်အဝတ်အစားများသည် မပြောင်းလဲသွားပေ။ သို့သော် သူ့ဝတ်ရုံအောက်ရှိ အရေပြားမှာ တုန်လှုပ်ဖွယ်မှော်စာလုံးများဖြင့် ပြည့်ဖုံးနေသည်။ ထိုစာလုံးများသည် ဝမ်လင်း၏အရေပြားပေါ်၌ တဖျတ်ဖျတ် လင်းလက်နေ၏။ ရှေးဟောင်းအော်ရာကိုလည်း ပေးစွမ်းနေသည်။

သူ့မျက်နှာမှာလည်း ထိုစာလုံးများဖြင့် ဖုံးနေသည်။ ၎င်းမှာ အလွန်အကြမ်းဆန်၏။ သူ၏မျက်လုံးများထံမှ ငွေရောင်တောက်ပမှုကိုပါ ပေးစွမ်းနေသည်။ သူသည် လောကတခွင်လုံးကို အထက်စီးမှ ရှုမြင်လေသည့်အလား။

သူ၏ငွေရောင်မျက်လုံးထံမှ အေးစက်မှုနှင့် ရက်စက်မှု လှစ်ဟပေါ်သည်။ ထိုမျက်လုံးထဲ၌ လူတစ်ယောက်၏ စိတ်နှလုံးကို အေးစိမ့်သွားစေနိုင်သည့် သတ်ဖြတ်လိုစိတ် ကိန်းအောင်းနေသည်။

ထာဆန်ကို အတုန်လှုပ်စေဆုံးကတော့ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြား၌ လှည့်ပတ်နေသော ကြယ်ကိုးလုံးပင်။ သူ၏ညာမျက်လုံး၌လည်း ရှေးဟောင်းမိစ္ဆာကြယ်ကိုးလုံး ရှိနေပြန်၏။ သူ့ဘယ်မျက်လုံးထဲတွင်သာ ရှေးဟောင်းနတ်ဆိုးကြယ်ရှစ်လုံး ရှိနေသည်။

သူ၏ဘယ်မျက်လုံးမှာ လတ်ဆတ်သောသွေးများ စိမ့်ထွက်ကာ သူ့ရင်ဘက်ပေါ်ရှိ ဝတ်ရုံဖြူပေါ်သို့ ကျဆင်းနေသည်။

“မင်း…မင်း ယဲ့မိုရဲ့ အမွေအနှစ်အားလုံးကို ရသွားပြီလား…”  တစ္ဆေအိုကြီးကျန့်၏ အမူအရာမှာ ပြောင်းလဲသွားသည်ည။ သူက ဝမ်လင်းထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိ၏။ ထိုခံစားမှုက သူ့စိတ်နှလုံးကိုပါ တုန်ယင်စေသည်။

သူသာမက ဝမ်လင်း၏ငွေရောင်မျက်လုံးကို တွေ့မြင်သူတိုင်းမှာ တုန်ယင်ကုန်သည်။ တာအိုသခင်အိပ်မက်ပြာက တခြားသူများထက်စာလျှင် တော်သေး၏။ တကယ်တော့ သူသည် ဝမ်လင်း၏အကြီးအကဲတစ်ယောက် ဖြစ်သည် မဟုတ်လား။ သို့ပေမည့် အဘိုးအိုမာကမူ ထိုငွေရောင်မျက်လုံးကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးထဲ၌ တုန်ယင်မှုကို ခံစားမိခဲ့ပေသည်။

“ငွေရောင်မျက်လုံးတွေ…”  ကောင်းကင်ဘုံဘိုးဘေး ဆင်းသက်လာချိန်၌ သံစဉ်ကိုးခု၊ သင်္ကေတသုံးခု ရှိလိမ့်မည် ဟူသော ကောလဟာလ ရှိပေသည်။ ရွှေရောင်ကောင်းကင်သည် ထိုသင်္ကေတသုံးခုထဲမှ တစ်ခု ဖြစ်၏။ သံစဉ်ကိုးခုနှင့်သင်္ကေတသုံးခုတို့သည် ရှေးဘိုးဘေးဆင်းသက်လာချိန်၌လည်း ဖြစ်ပျက်သည်ဟူသော ကောလဟာလ ရှိပြန်သည်။ သံစဉ်ကိုးပုဒ်မှာ ရှေးလူများအတွက် ဖြစ်၍ သင်္ကေတသုံးခုသည် ကောင်းကင်ဘုံသားများအတွက် ဟူ၏။

“အရင်တုန်းက သံစဉ်ကိုးပုဒ်ထဲမှာ နှစ်ခုဟာ ငွေရောင်မျက်လုံးနဲ့ ရွှေရောင်ခန္ဓာ လို့ ငါ ကြားခဲ့ဖူးတယ်။ ဒီ…ဒီဝမ်လင်းဟာ ယဲ့မိုရဲ့ အမွေအနှစ်ကိုပဲ ရထားတာလေ။ သူ့မှာ ဘယ်လိုလုပ် ငွေရောင်မျက်လုံး ပိုင်ဆိုင်ထားနိုင်မှာလဲ။ ယဲ့မိုမှာတောင် အဲ့လို  မပိုင်ဆိုင်ထားဘူး…”

လူတိုင်း တုန်လှုပ်နေကြစဉ် မဟာအင်ပါယာရွှမ်လောသည် အကွာအဝေးတစ်ခုကနေ ဝမ်လင်းထံသို့ လှမ်းကြည့်၏။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ရှိနေသည်။ သူသည် ဝမ်လင်း၏ ငွေရောင်မျက်လုံးကို နောက်ဆုံးအလွှာထဲတွင် ပထမဆုံးမြင်ခဲ့ရချိန်က သူ့စိတ်ထဲ၌ လှိုင်းထန်မိသွားသည်။

သူက ၎င်းကို ခုထပ်မံ မြင်ရချိန်၌လည်း အတူတူသာပင်။

“ရှေးဘိုးဘေးရဲ့ စိတ်ဝိညာဉ်သွေး…ဒါက သူ့ကို သံစဉ်ကိုးခုထဲက ပထမဆုံးဖြစ်တဲ့ ငွေရောင်မျက်လုံးကို ပိုင်ဆိုင်စေတာပဲ…”

လူတိုင်းသည် တုန်လှုပ်စွာ ခံစားမိနေစဉ် ဝမ်လင်း၏အကြည့်က မြေပြင်ထက်သို့ ဖြတ်သန်းလာပြီး ရွှမ်လောရှိနေသော နေရာ၌ ခဏတာ ရပ်တန့်သွားသည်။ သူ၏ငွေရောင်မျက်လုံးဖြင့် သူသည် တစ်စုံတစ်ခုကို ခပ်ရေးရေး တွေ့မြင်သည်။ သို့သော် သူကိုယ်တိုင်ကလွဲ၍ မည်သူကမျှ သူ တွေ့မြင်ခဲ့ရသည့်အရာကို မသိကြပေ။

သူ့အကြည့်က ဝေ့ခတ်ကျရောက်ပြီးနောက် တစ္ဆေအိုကြီးကျန့်ထံမှ ကွဲထွက်လာသော ခုနစ်ရောင်စုံစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။ ထိုဝတ်ရုံရှည်ဖြင့် ခန္ဓာကိုယ်ကို ကြည့်ကာ ဝမ်လင်းသည် ၎င်းထံသို့ လက်ညွှန်လိုက်သည်။

သူ လက်ညွှန်လိုက်သည်နှင့် နှလုံးခုန်သံတစ်သံသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ်သည်။ ဝမ်လင်း၏နှလုံးထံမှ ထွက်ပေါ်လာသော အသံသည် မြန်ဆန်စွာပင် သည်လောကကို ခြုံလွှမ်းသည်။

တစ္ဆေအိုကြီးကျန့်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူသည် ချက်ခြင်းပင် ခုနစ်ရောင်စုံစိတ်ဝိညာဉ်ထံသို့ ပျံသန်းဝင်လာသည်။ ဝမ်လင်း၏မျက်လုံးရှေ့မှာပင် သူတို့သည် တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားကြသည်။

ဝမ်လင်းသည် သူ့ကို မဟန့်တားပေ။ သူ့အတွက် ဟန့်တားဖို့လည်း မလိုပေ။

ထိုသို့ ပေါင်းစပ်ပြီးနောက် ခုနစ်ရောင်စုံစိတ်ဝိညာဉ်သည် တစ္ဆေအိုကြီးကျန့်ကို ဝန်းရံကာ သူ၏နောက်ရှိ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ သူသည် နှာခေါင်းရှုံ့ကာ ဝမ်လင်းထံသို့ တိုးဝင်လာချေသည်။ တာအိုသခင်အိပ်မက်ပြာနှင့် အဘိုးအိုမာတို့က ကူညီပေးရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်း၏စကားလုံးများသည် နှလုံးခုန်သံများကြား၌ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

“စီနီယာနှစ်ယောက်၊ သင်တို့ ခက်ခက်ခဲခဲ ကြိုးစားပေးခဲ့ကြပြီ။ ဒီတိုက်ပွဲကို ငါပဲ အဆုံးသပ်လိုက်တော့မယ်…”  ဝမ်လင်းသည် သူတို့၏ဒဏ်ရာများကို မြင်ပေသည်။သူက သူ ဒီအမွေအနှစ်ကို ရလာပြီးနောက် သူ မည်မျှ သန်မာလာပြီကိုလည်း သိချင်မိသေးသည်။ သူ ထိုသို့ ပြောလိုက်ပြီးနောက် သူ၏နှလုံးခုန်သံသည် ကြောက်မက်ဖွယ် ကောင်းလာတော့သည်။

တုန်ဟည်းသံက လူတစ်ယောက်၏ နှလုံးခုန်သံကို သက်ရောက်စေသည်။ တစ္ဆေအိုကြီးကျန့်သည် နီးကပ်လာနေ၏။ သည်ကြောက်မက်ဖွယ်တုန်ဟည်းသံသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေ၏။ သူ၏စိတ်နှလုံးပေါ်သို့လည်း တိုက်ရိုက် ကျရောက်သည်။

တစ္ဆေအိုကြီးကျန့်က ရုတ်တရက် ရပ်တန့်သွား၏။ သူ့စိတ်နှလုံးမှ ခပ်စူးစူးနာကျင်မှုကို ခံစားရသည်။ သူ၏စိတ်နှလုံးသည် ဗရမ်းဗတာ ဖြစ်လာကာ ပျက်စီးလေတော့မည့်အလား။

“ဒီမန္တာန်က ဘယ်လိုအမျိုးအစားလဲ…” တစ္ဆေအိုကြီးကျန့်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့ရင်ဘက်ပေါ်သို့ ဖိနှိပ်၍ သူ၏နှလုံးထဲရှိ နာကျင်မှုကို ဖိနှိပ်ဖို့လုပ်သည်။

All Chapters