အပိုင်း(၁၈၃၂)
Vol. 133 Ch. 1832
လှိုဏ်ဂူလောက၏ ဗဟိုချက်၌ အနက်ရောင်အခိုးငွေ့များ ဝန်းရံထားသော မီးပြင်းဖိုအတွင်း၌ ပန်းပွင့်ငါးခု၊ တံခါးချပ်ရှစ်ခု အစီအရင် ရှိနေလေသည်။
ထိုပန်းပွင့်ငါးပွင့်သည် ဖူးပွင့်ခဲ့ပြီး ဖြစ်ကာ တတိယမြောက်ပန်းတစ်ခုသာ သွေ့ခြောက်ခဲ့၏။ သို့ပေမည့် တံခါးချပ်ရှစ်ခုကမူ ငါးခုမြောက်ပန်းပွင့်အတွင်း၌ ပေါင်းစပ်လို့နေသည်။ ၎င်းမှာ ထိုလောကအတွင်းရှိ မည်သည့်အရာမဆို ဖြစ်နိုင်၏။ မြက်တစ်ပင်၊ လူတစ်ယောက်၊ သားရဲတစ်ကောင် မည်သည့်အရာမျို ထိုတံခါးချပ်တစ်ခု ဖြစ်နေနိုင်၏။
ထို့အတွက်ကြောင့် ငါးခုမြောက်ပန်းအတွင်း အစစ်အမှန်တံခါးကို ရှာရခြင်းသည် သိသာစွာပင် ခက်ခဲပေမည်။
ဝမ်လင်းထံ၌ မည်သည့်သဲလွန်စမျှ ရှိမနေပေ။ သို့သော် သူသည် ဒီလှိုဏ်ဂူလောက၏နောက်ဆုံးအလွှာ၊ ငါးခုမြောက်ပန်းပွင့်ထဲသို့ ဝင်ရောက်ရမည်သာ။
ငါးခုမြောက်ပန်းသည် ဖူးပွင့်ဖို့အတွက် တတိယစိတ်ဝိညာဉ် လိုအပ်၏။ တတိယစိတ်ဝိညာဉ်တွင် မှတ်ဉာဏ်အားလုံး ပါဝင်ကာ ငါးခုမြောက်ပန်းက သည်မှတ်ဉာဏ်များကို စုပ်ယူလိုက်သည်နှင့် ၎င်းပန်းမှာ ပြောင်းလဲသွားပေမည်။ ၎င်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ မှတ်ဉာဏ်များကို အသုံးပြုကာ လောကတစ်ခုကို ဖန်တီးလိမ့်မည်။
ကောင်းကင်သည် အပြာရောင်မဟုတ်ဘဲ တိမ်စိုင်တိမ်နက်များဖြင့် ပြည့်ဖုံးနေ၏။ ၎င်းတိမ်စိုင်များနောက်တွင် နေကိုးစင်း ရှိနေ၏။ ထိုနေများက ပူပြင်းသော အလင်းကို ပေးစွမ်းနေသည်။ သို့သော် မြေပြင်ထုမှာ ကြီးမားလွန်း၏။ နေကိုးစင်းဖြင့်ပင် နေရာတော်တော်များများသို့ နေအလင်း မရောက်နိုင် ဖြစ်ရသည်။
အစိုဓာတ် ပါသော လေတို့က သည်မြေပြင်တခွင် တိုက်ခတ်နေ၏။ လေများ တဝီဝီ တိုက်ခတ်လို့နေစဉ် သစ်ရွက်များမှာ တရှဲရှဲ လွင့်ဝဲသည်။
တောင်တန်းများကြား အဆောက်အဦများစွာနှင့် ကျောက်စိမ်းနန်းတော်များ ရှိသည်။ အဆောက်အာတစ်ထောင်ကျော်က တောင်များနှင့် ထပ်နေသဖြင့် အဝေးမှဆိုပါက နန်းတော်နှင့်အဆောက်အဦများသည် တောင်များပေါ်၌ တည်ထားသည်လော၊ တောင်များထံမှ ထွင်းထုထားသည်လော ပြောဖို့ ခက်ပေမည်။
နန်းတော်နှင့် အဆောက်အဦတစ်ခုချင်းစီသည် ကွာခြားလေ၏။ ယင်းတို့က သည်တောင်ကြောတခွင် ပျံ့နှံ့ တည်ရှိသည်။
ထိုတောင်ကြောကို ခပ်ပါးပါးတိမ်လွှာထုတစ်ခုက ထွေးခြုံထားကာ ပေါ်လိုက်ပျောက်လိုက် ဖြစ်စေသဖြင့် ဆန်းကြယ်စွာ ထင်ရစေသည်။ တိမ်စိုင်များကြား ဖြတ်သန်းပျံသန်းနေသော ကြိုးကြာအုပ် အကောင်တစ်ရာလောက်လည်း ရှိလို့နေသည်။
ထိုကြိုးကြာများပေါ်၌ လူများ ထိုင်နေသည်ဟု ထင်ရ၏။ သို့သော် တိမ်စိုင်များကြောင့် သူတို့ကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။
ထိုတောင်တန်းအတွင်း၌ ရေများစီးဆင်းနေသေး၏။ ထိုရေတို့က နှစ်ပေါင်းများစွာ စီးဆင်း၍ ရှည်လျားသောမြစ်တစ်စင်းအသွင် ဖြစ်ပေါ်ကာ တောင်တန်းအောက်ခြေသို့ စုန့်ဆင်းကာ ရေကန်တစ်ခု ဖြစ်ပေါ်သည်။ ထိုရေကန်ကနေ တဆင့် အခွဲများစွာ ဆက်၍ စီးဆင်း၏။
ဝမ်လင်းသည် မြစ်ဘေးရှိ ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်နေ၏။ သူက ထိုမြစ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။ အဝေးရှိ တောင်ထိပ်ထံမှ ခေါင်းလောင်းသံတစ်သံ ပဲ့တင်ထပ်လာသည်။ သို့သော် သူက ဂရုမစိုက်လေပေ။
သူ ဒီငါးခုမြောက်ပန်းပွင့်လောကထဲသို့ ရောက်နေသည်မှာ နှစ်လကျော် ရှိနေလေပြီ။ သို့သော် သူက တံခါးချပ်အစစ်နှင့် ပတ်သတ်၍ မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့သေးပေ။
ထိုမြစ်သည် ကြည်လင်၏။ သူ့၏အရိပ်ရောင်ပြန်ဟပ်နေသည်ကိုပါ မြင်ရသည်။ သူသည် ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်း ပေးစွမ်းသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ၎င်းဝတ်ရုံသည် အကာအကွယ်များ ပါဝင်သည်။ သူသည် လက်ကောက်ဝတ်၌ အနီရောင်ကြိုးတစ်ခုကို ဝတ်ဆင်ထားသလို ထိုကြိုးပေါ်၌ ကျောက်စိမ်းပြားတစ်ခု ချိတ်ဆွဲထားသေးသည်။
ထိုကျောက်စိမ်းပြားသည် သလင်းကဲ့သို့ ကြည်လင်၏။ သာမန်မဟုတ်ပေ။ ၎င်းသည် တဖျတ်ဖျတ် တောက်ပကာ အလွန်လှသည်။
သို့ပေမည့် မြစ်အတွင်းရှိ ရောင်ပြန်ဟပ်နေသော ဝမ်လင်း၏ပုံပန်းအသွင်မှာ ပုံမှန်တွေ့နေကျ ဝမ်လင်းနှင့် မတူပေ။ ယခု သူ၏ပုံပန်းသွင်ပြင်မှာ အနီရောင်နှုတ်ခမ်း၊ သွားဖြူဖြူ၊ ဓားအလား တန်းမတ်သော မျက်ခုံး၊ ကြယ်ကဲ့သို့ မျက်လုံးတစ်စုံ ပိုင်ဆိုင်ထား၏။ အထူးသဖြင့် သူ၏မျက်လုံးတို့မှာ နက်ရှိုင်းကာ အဆုံးမဲ့စွမ်းအား ပါဝင်နေသည့်နှယ်။
သူ၏ပုံပန်းသွင်ပြင်အရ အသက်ဆယ့်ရှစ်၊ဆယ့်ကိုး ပတ်လည်လောက်သာ ရှိလေအုံးမည်။
မြစ်ပြင်ရှိ သူ၏ရောင်ပြန်ပုံရိပ်ကို ကြည့်ကာ ဝမ်လင်းသည် ထူးဆန်းသောအမူအရာ ဖြစ်နေဆဲပင်။ သူက သည်နေရာတွင် ကုန်ဆုံးနေသည်မှာ အချိန်နှစ်လ ရှိခဲ့လေပြီ။
“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်အတိုင်း ဖြစ်ပေါ်နေတဲ့ ငါးခုမြောက်ပန်းပွင့်လောကထဲ ဝင်လာတဲ့နောက် ငါဟာ သူ ဖြစ်လာခဲ့တယ်…”
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက နေရာတွင် ထိုင်ကာ ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ၏နားထဲ၌ အဝေးမှ ခေါင်းလောင်သံက ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ…ဒီနေရာဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေပဲ။ ငါဟာ ခုနစ်ရောင်စုံရဲ့ မှတ်ဉာဏ်ကနေ တဆင့် အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို အရင်ဆုံး ခြေလှမ်းမိလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…” ဝမ်လင်းသည် ကောင်းကင်ထက်ရှိ နေကိုးစင်းကို ကြည့်ကာ ခါးသီးဟန် ပြုံး၏။
သည်လောကမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏အပိုင်၊ သူ၏မှတ်ဉာဏ်များကြောင့် ဖြစ်ပေါ်နေခြင်းသာ။ သည်နေရာရှိ အရာအားလုံးသည် ပုံရိပ်ယောင်ဟု ပြောနိုင်။ သို့ပေမည့် ယင်းတို့သည် တည်ရှိနေသော အရာများလည်း ဖြစ်သည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ကလန်တွေဟာ ဒီလှိုဏ်ဂူလောကက ယှဉ်နိုင်တဲ့အရာတွေ မဟုတ်ဘူး…” ဝမ်လင်းသည် သူ ဝတ်ဆင်ထားသော တာအိုဝတ်စုံကို ထိကြည့်လိုက်၏။ ၎င်းပေါ်ရှိ အကာအကွယ်သည် အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားပြည့် တိုက်ခိုက်မှုကို တားဆီးပေးနိုင်ပေသည်။
“ဒါပေမဲ့လည်း ငါ တံခါးချပ်အစစ်ကို ဘယ်လိုရှာရမလဲ။ ဖြစ်နိုင်တာက တတိယစိတ်ဝိညာဉ်ကပဲ ဒါကို သိလောက်မယ်။ ငါ့ပုံပန်းသွင်ပြင်ဟာလည်း ခုဆို တတိယစိတ်ဝိညာဉ်ကြောင့် ပြောင်းလဲနေတာ။ ဒါပေမဲ့ ငါဟာ တတိယစိတ်ဝိညာဉ်နဲ့ အပြည့်အဝ မပေါင်းစပ်ရသေးဘူးလို့ ပြောနိုင်တယ်…”
“ငါ တတိယစိတ်ဝိညာဉ်နဲ့လည်း အပြည့်အဝ ပေါင်းစပ်လို့ မဖြစ်ဘူး…” ဝမ်လင်းသည် ရေထဲသို့ လက်ဆန့်ထုတ်လိုက်ရာ ရေအချို့သည် ပြန့်ကြဲသွားသည်။ သို့ပေမည့် ထိုအခိုက်တွင် သူက မျက်မှောင်ထပ်ကြုတ်မိသည်။
“စုတောက်…မင်းတော်တော် သတ္တိသိပ်ရှိနေတယ်ပေါ့။ ခေါင်းလောင်းသံ နှစ်ကြိမ်မြည်တာတောင် တံခါးပိတ်ကျင့်ကြံရာကနေ ခုမှ ထွက်လာတ ဆရာ့ကို မင်းက လေးစားမှု လာမပြဘူး…” ဝမ်လင်း၏နောက်မှ ရှတတအသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်လင်းကဲ့သို့ပင် အပြာရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ထိုသို့လှမ်းပြောရင်း တောင်ပေါ်မှ ဆင်းလာ၏။ သူက အသက်နှစ်ဆယ်ခန့် ရှိလောက်မည်။ သူသည် ဝမ်လင်းကို အေးစက်စက် စိုက်ကြည့်လိုက်၏။
“ငါ မင်းကို လာဖမ်းတာ။ ပြီးရင် ကလန်ရဲ့ စည်းမျဉ်းအရ စီနီယာအစ်ကိုကြီးရဲ့ အမိန့်အောက်မှာ မင်းကို အပြစ်ပေးရမယ်…” ထိုလူငယ်က နှာခေါင်းရှုံ့ကာ ဝမ်လင်းထံ နီးကပ်လာ၏။ သူက ဝမ်လင်း၏ဆံပင်ထံ လက်လှမ်းလိုက်ကာ ဝမ်လင်းကို ဆံပင်ကနေဆွဲ၍ တောင်ပေါ်ရှိ ခန်းမထံ ဆွဲခေါ်သွားတော့မည့် ပုံပင်။
သူ့လက် နီးကပ်လာသည်နှင့် ဝမ်လင်းက လှည့်၍ ထိုလူငယ်ကို အေးတိအေးစက် ကြည့်လိုက်သည်။ ထိုအကြည့်က ယင်းလူငယ်ကို တုန်ယင်သွားစေသည်။
ထိုလူငယ်၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွား၏။ သူသည် နေရာတွင်ပင် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။ ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်လိုက်မှ သူသည် အသက်ရှုထုတ်မိနိုင်တော့၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိကာ ချော်လဲမတတ် ဖြစ်သွားစေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်သည်။
“မင်း…မင်း…”
ငါးခုမြောက်ပန်းပွင့်လောကအတွင်း၌ ဝမ်လင်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ ငယ်ဘဝပုံပန်းအသွင် ရှိနေကာ သူ၏အစောပိုင်းမှတ်ဉာဏ်များကို ရရှိခဲ့ပေပြီ။ ဝမ်လင်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ငယ်ရွယ်စဉ်က သူသည် အားနည်းသောစရိုက်ရှိကာ နောက်ပိုင်းကြီးပြင်းလာသည့်အခါကဲ့သို့ ရည်မှန်းချက် မရှိသလို ရက်စက်တတ်သူလည်း မဟုတ်မှန်း သိလာခဲ့သည်။
ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် ထိုအသက်အရွယ်၌ပင် ပါရမီအလွန်ရှိကာ ကလန်၏ အကာအကွယ်ပေးမှု ရသင့်၏။ သို့ပေမည့် သူ့ဆရာက အမြဲတမ်းလိုလို တံခါးပိတ်ကျင့်ကြံနေတတ်ရာ သူ၏ပါရမီက တခြားသူများအတွက် မနာလိုစရာ ဖြစ်လာခဲ့၏။ ကလန်၌ သူ့ဘဝသည် မကောင်းမွန်ခဲ့ပေ။
သူ၏ရှေ့ရှိ သည်လူငယ်မှာ သူ့ကို အနိုင်ကျင့်သူများထဲမှ တစ်ယောက် ဖြစ်၏။ သူတို့က ဒီအနိုင်ကျင့်မှုကို ပေါ်ပေါ်ထင်ထင် မလုပ်ဘဲ ကြိတ်၍ လုပ်တတ်ကြသည်။ သူတို့က ကလန်၏စည်းမျဉ်းကို အကြောင်းပြကာ ငယ်ရွယ်သောခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကို အပြစ်ပေးခဲ့ကြ၏။
ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူသည် နောက်ဆယ်နှစ်ကျော်သည့်အထိ ဘိုးဘေး၏ အာရုံစိုက်မှုကို မရခဲ့သေးပေ။ နောက်ပိုင်းတွင်တော့ သူသည် ကလန်၌ ဖြည်းဖြည်းချင်း တက်လှမ်းလာခဲ့၏။
သို့ပေမည့် အခုဝမ်လင်းသည် စုတောက်(ဝါ)ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ မဟုတ်ပေ။ ထို့ကြောင့် သူသည် ဒီဇာတ်လမ်းကို ပုံမှန်အတိုင်း ဖြတ်သန်းစေခွင့် ပြုမည် မဟုတ်ပေ။ ထိုလူငယ်က ကြောက်လန့်တကြား နောက်ဆုတ်သွားစဉ် ဝမ်လင်းက ရှေ့သို့ လှမ်းကာ သူ၏ဘေးနားတွင် လာရပ်၏။ ထိုလူငယ်၏မျက်နှာသည် ဖြူရောကာ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။ သူက မည်သို့ဖြစ်ပျက်နေသည်ကို စိတ်ကူးကြည့်၍ပင်မရ ဖြစ်နေ၏။
သူသည် ဒီစုတောက်က ရုတ်တရက် မတူကွဲပြားသောသူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သည့်မတိုင်ခင်တုန်းက စုတောက်ကို သူ ဆန္ဒရှိသလို အနိုင်ကျင့်၍ ရခဲ့သည်သာ။
“မင်း…” ထိုလူငယ်က စကားပြောရန် ဟန်ပြင်၏။ သို့သော် သူ့အသံမှာ ရုတ်တရက် ရပ်သွားသည်။ ဝမ်လင်းက သူ၏လည်ပင်းကို ဆုပ်ကိုင်ကာ လေထဲသို့ ပိတ်မြှောက်လုက်၏။ သူ၏အသက်ရှုခြင်းပါ ရပ်သွားသည်။ သူ့မျက်နှာက နီရဲလာပြီး သူက ဝမ်လင်းလက်ထဲကနေ လွတ်အောင် ရုန်းကန်သည်။
သူမည်မျှ ရုန်းကန်ပါစေ ဝမ်လင်းသည် ပြုတ်တူအလား သူ့ကို ချုပ်ကိုင်ထားသည်သာ။
ဝမ်လင်းက ထိုလူငယ်၏လည်ပင်းကို ကိုင်၍ သူ့ထံ ဆွဲကပ်၏။ သူက ထိုလူငယ်ကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောချလိုက်သည်။ “ငါ့ကို လာရန်မစနဲ့။ နောက်တစ်ကြိမ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး…”
ထိုလူငယ်၏အမြင်သည် ဝေဝါးသွား၏။ သူသည် ကြောက်လွန်းသဖြင့် သတိလစ်မတတ် ဖြစ်နေသည်။ သူသည် ခေါင်းညိတ်နိုင်စွမ်းပင် မဲ့ရ၏။ သို့သော် သူ၏ပုံစံအရ သူသည် နောင်တွင် ဝမ်လင်းကို လုံးဝ မစော်ကားဝံ့တော့တာ ရှင်းလင်းနေသည်။
ဝမ်လင်းက သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပေးလိုက်၏။ သူက ထိုလူငယ်၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ “တောင်ပေါ်ကို ငါနဲ့ လိုက်ခဲ့…” ထိုသို့ပြော၍ ဝမ်လင်းသည် တောင်ထိပ်ရှိ ခန်းမထံ ဦးတည်၍ လျှောက်လှမ်းလာသည်။
ထိုလူငယ်က သူ့လည်ပင်းကိုယ်သူ ထိကာ ကသောကမြော အသက်ရှုလိုက်ရ၏။ သူ၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့သာ ရှိတော့သည်။ သည်အခိုက်၌ သူသည် သည်စုတောက်မှာ သူ့ကို သတ်လိုက်သလို ခံစားမိရသည်။ ထို့နောက်တွင် သူသည် ဝမ်လင်းနောက်သို့ ခပ်သုတ်သုတ် လိုက်ပါလာတော့သည်။
ထိုတောင်တက်လမ်းက လေပြင်းများ တိုက်ခတ်နေ၏။ ခြေလှမ်းတိုင်းက တိမ်များဆီသို့ လျှောက်လှမ်းနေသည့်အလား။ ဝမ်လင်းသည် တောင်ပေါ်သို့ တက်လာစဉ် လေကြောင့် သူ့ဆံပင်ရှည်တို့မှာ လွင့်ဝဲနေ၏။ မြေသင်းရနံ့က သူ့နှလုံးသားအတွင်းသို့ ဝင်ရောက်လာကာ သူ့အားအလွန်သက်တောင့်သက်သာ ဖြစ်စေသည်။
“ကောင်းကင်ဘုံစွမ်းအင်ဟာ သက်ရှိတွေကို အားအင်ဖြစ်စေတာပဲ။ ဒီမှာဆို လူတွေအနေနဲ့ ကောင်းကင်ဘုံသား ဖြစ်လာအောင် ကျင့်ကြံဖို့ ပို သင့်တောမယ်။ မြက်ပင်နဲ့ သစ်ပင်ပန်းမန်တွေတောင် စိတ်ဝိညာဉ် ရလာနိုင်တယ်။ သားရဲတွေတောင် လူသားအသွင် ပြောင်းနိုင်လောက်တယ်…”
ဝမ်လင်းသည် သည်ကောင်းကင်ဘုံစွမ်းအင်နှင့် ရနံ့သည် အတုအယောင်မှန်း သိသော်လည်း ဤဖြစ်တည်မှုများသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ အမှန်တကယ် ဤသို့ဖြစ်လိမ့်မည်ဟု ဆိုလိုနေပေသည်။
၎င်းမှာ သည်လှိုဏ်ဂူလောကနှင့် လုံးဝ ကွာခြားပေသည်။
ကောင်းကင်ထက်၌ အနက်ရောင်တိမ်စိုင်များ ရှိနေ၏။ ယင်းတို့သည် ပိုစုဝေးလာကာ ထိတိုက်မိကြ၏။ ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ လျှပ်စီးများသည် တိမ်စိုင်များကြား ငွေရောင်မြွေများကဲ့သို့ လှုပ်ရှားကုန်သည်။
“မိုးရွာတော့မှာပဲ…” ဝမ်လင်းသည် တောင်ထိပ်ပေါ်သို့ ရောက်လာ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်စဉ် တောင်ထိပ်ဖျားရှိ ခမ်းနားထည်ဝါသော အဆောက်အဦခန်းမတစ်ခုကို လှမ်းမြင်သည်။ ထိုခန်းမက ပေတစ်ထောင်ကျော်ကာ ဧရာမသားရဲကြီးတစ်ကောင် နေရာတွင် ရပ်နေသည့်နှယ်။
ထိုခန်းမ၏အပြင်ဘက်၌ ပေတစ်ထောင်ကျော် ကြီးမားသော ကွင်းပြင်ကျယ်တစ်ခု ရှိသည်။ ထိုကွင်းပြင်၏အလယ်တွင် မီးပြင်းဖိုကြီးတစ်ခု ရှိသည်။ လက်မောင်းလုံးခန့် ထူထဲသော အမွှေးတိုင်ကိုးခုက ၎င်းပေါ်ရှိ လောင်ကျွမ်းလျက်ရှိကာ မီးခိုးငွေ့များသည် လေထဲသို့ ပျံဝဲတက်နေသည်။
သည်အခိုက်တွင် ကျင့်ကြံသူတစ်ရာနီးပါးသည် ထိုကွင်းပြင်ပေါ်တွင် ရပ်နေကြသည်။ သူတို့က နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု ဖွဲ့ကာ တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုနေသည်။
ဝမ်လင်း ထိုကွင်းပြင်သို့ ဝင်ရောက်လာခိုက်၌ ကောင်းကင်ထက်ရှိ မိုးကြိုးသည် တုန်ဟည်းလာကာ မိုးစက်များ စတင်ကျဆင်းလာသည်။ မိုးများသည် လိုက်ကာစအသွင် ဖြစ်ပေါ်ကာ ထိုလူများ၏ပုံရိပ်များကို ဝေဝါးသွားစေသည်။
ကွင်းပြင်ထက်သို့ မိုးများ ကျဆင်းလာကာ မိုးသံသည် ကျယ်လောင်၏။ ချက်ခြင်းပင် ကွင်းပြင်တစ်ခုလုံး ကျဆင်းနေသော မိုးစက်များဖြင့် ဖုံးလွှမ်းခံရကာ မိုးစက်များကျဆင်းချိန်၌ လှိုင်းဂယက်များ ဖြစ်ပေါ်သည်။