အပိုင်း(၁၈၃၃)
Vol. 133 Ch. 1833
မိုးများ မြန်ဆန်စွာ ရွာကျနေ၏။ သို့ပေမည့် အမွှေးတိုင်ကိုးတိုင်သည် ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ကာ ငြှိမ်းသေမည့် အရိပ်အယောင် မရှိပေ။ အခိုးအငွေ့များ မြင့်တက်နေဆဲပင်။ မိုးမည်မှျ မြန်မြန် ရွာသွန်းနေပါစေ မီးခိုးငွေ့များကို လွင့်ပြယ်သွားအောင်မလုပ်နိုင်ပေ။
ထိုမီးခိုးငွေ့များက မိုးနှင့်ရောကာ အလွန်လှပသောမြင်ကွင်းပုံရိပ်ကို ဖန်တီး၏။ ၎င်းမှာ အိပ်မက်တစ်ခုအလား။
မိုးရွာသွန်းနေစဉ် ဝမ်လင်း၏ခေါင်းထက်၌ ထီးတစ်ချောင်းမိုးလာ၏။ သူ့နောက်လိုက်လာသော လူငယ်က ဝမ်လင်းကို ထီးမိုးပေးလိုက်ခြင်းပင်။ ထိုလူငယ်က ရွှံ့တွံ့တွံ့အမူအရာ ဖြစ်နေပြီး ထီးမိုးပေးထားလျက် ဝမ်လင်းကို မကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
ကွင်းပြင်ထဲ၌ ကျင့်ကြံသူတစ်ရာနီးပါး ရှိနေသည်။ သူတို့အားလုံးက လှမ်းကြည့်လာ၏။ ထိုအုပ်စုကို ဦးဆောင်သူမှာ ဝတ်ရုံနက်လူငယ်တစ်ယောက်ဖြစ်၏။ သူတို့က မျက်မှောင်ကြုတ်သွားစဉ် တတိယကြိမ်မြောက်ခေါင်းလောင်းသံက မြည်ဟိန်းလာတော့မည် ဖြစ်သည်။
ထိုခေါင်းလောင်းသံ မြည်လာစဉ် လေထဲရှိ အခိုးငွေ့များက ပုံပျက်ယွင်းကာ စုဝေး၍ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ယင်းဝဲကတော့ လှည့်ပတ်နေစဉ် မိုးစက်များကို ဘေးတစ်ဖက်သို့ တွန်းထုတ်၏။ ထိုဝဲကတော့အတွင်း၌ ဝိုးတဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်သည် လှမ်းထွက်လာကာ ကောင်းကင်ထက်၌ ရပ်၏။
“တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့ ဆရာ့ကို ကြိုဆိုပါတယ်…” ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ရာနီးပါးက သူတို့၏လက်နှစ်ဖက်ကို ဆုပ်ကာ ထိုပုံရိပ်ထံသို့ ကြည့်လိုက်ကြ၏။
ထိုသူမှာ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူက ရုပ်မချောပေ။ သို့သော် ထူးခြားသော ဟန်ပန်အသွင် ရှိသည်။
သူသည် ကောင်းကင်ထက်၌ ရပ်၍ အောက်ဘက်ရှိ သူ့တပည့်များကို ကြည့်လိုက်၏။ သူက ဝမ်လင်းနှင့် သူ့နောက်တွင် ထီးမိုးပေးထားသော လူငယ်ကို မြင်သည်။ သူသည် မျက်မှောင်မကြုတ်မိဘဲ မနေနိုင် ဖြစ်သွားပေသည်။ သို့သော် သူသည် မကြာခင် ပြုံးလာ၏။
“စုတောက်…ကျိုးလီ၊ မင်းတို့နှစ်ယောက် ဆရာနဲ့ ခန်းမထဲ လိုက်ခဲ့ကြ။ ကျန်တဲ့သူတွေကတော့ ထွက်သွားနိုင်ပြီ…” ထိုသက်လတ်ပိုင်းလူ၏ စကားများက ပျော့ပြောင်း၏။ သူက လေထဲသို့ ခြေလှမ်းကာ ခန်းမထံ လျှောက်လှမ်းသွားသည်။
ဝတ်ရုံနက်လူငယ်က အလေးအနက်အသွင်ဖြင့် ခေါင်းညိတ်ပြ၏။ သူက ဝမ်လင်းကို ကြည့်လိုက်ပြီးနောက် ခန်းမထံသို့ လျှောက်လာသည်။
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ သူသည် တတိယစိတ်ဝိညာဉ်ထံမှ ရခဲ့သော မှတ်ဉာဏ်များထဲ၌ သူ့ဆရာက သူ့အပေါ် အတော်လေး ကောင်းပေ၏။ သူ့ဆရာက အမြဲတမ်းလိုလို တံခါးပိတ်ကျင့်ကြံနေခြင်းကြောင့်သာ မဟုတ်ပါက ကလန်၌ သူသည် မမျှမတ ဆက်ဆံခံရလိမ့်မည် မဟုတ်ပေ။
အစောပိုင်းနှစ်များတုန်းက ခုနစ်ရောင်စုံ(စုတောက်)၏ စိတ်နေစိတ်ထားက လူရှိန်တတ်ပေ၏။
ကျိုးလီကမူ သူသည် အလွန်ပါရမီရှိသော ခုနစ်ရောင်စုံ၏ စီနီယာအစ်ကိုပင်။ အပြင်ပိုင်း၌ သူက သဘောကောင်းဟန် ရသော်လည်း အမှန်တွင်မူ ခုနစ်ရောင်စုံကို ကြိတ်၍ အထင်သေးသည်။ သူက ခုနစ်ရောင်စုံကို လူအများ အနိုင်ကျင့်သည်ကို မသိချင်ယောင် ဆောင်ထားတတ်သည်။
ဝမ်လင်းကလည်း လူတိုင်း၏ မနာလိုသောအကြည့်အောက်မှာပင် ခန်းမထံ လျှောက်လာ၏။ ခန်းမထဲ၌ သက်လတ်ပိုင်းလူက ကုလားထိုင်တစ်ခုပေါ်၌ ထိုင်နေပြီး ကျိုးလီက သူ့ဘေးတစ်ဖက်တွင် တရိုတသေ ရပ်နေသည်။
“ဆရာက အချိန်အတန်ကြာတဲ့အထိ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာအုံးမှာ မဟုတ်သေးဘူး။ ငါ ကိစ္စအချို့ အထိုင်ချပြီးရင် ပြန်ပြီးတံခါးပိတ် ကျင့်ကြံတော့မှာ…”
သူက ထိုသို့ပြောလိုက်၏။ သူ၏အကြည့်က ကျိုးလီနှင့်ဝမ်လင်းတို့ထံ ကျရောက်သွားပြီးနောက် ငြိမ်သက်စွာဖြင့် သူ စဉ်းစားနေသည်။
ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များထံမှ သည်မြင်ကွင်းကို မြင်၏။ ဝမ်လင်းက စုတောက်၏ဆရာသည် ကိစ္စအနည်းငယ်ကို ပြောပြပြီးနောက် သူက စုတောက်နှင့်ကျိုးလီတို့ကို ပညာရပ်တစ်ခု သင်ပေးမည်ကို သိနေသည်။
ဤသည်မှာ တန်လင်းကလန်၏ အစွမ်းထက်ဆုံးမန္တာန် သုံးခုထဲမှ တစ်ခု ဖြစ်သော တိမ်တာအိုကောင်းကင်ဘုံပညာရပ် မိတ်ဆက်ပင်။ လူတစ်ယောက်သည် ထိုပညာရပ်၏ အထွတ်အထိပ်သို့ ရောက်သွားပါက ၎င်း၏အနှစ်သာရကို သင်ယူနိုင်မည်ပင်။
ထိုမိတ်ဆက်ပညာရပ်က တိုတောင်း၏။ သို့သော် ၎င်းမှာ ဆန်းပြားသည်။ လူတိုင်းလည်း ၎င်းပညာရပ်ကို မကျင့်ကြံနိုင်ပေ။ ထိုမိတ်ဆက်ပညာရပ်ကို အသုံးပြုသည်နှင့် တိမ်စိုင်များ ပေါ်လာလိမ့်မည်ပင်။ ထိုတိမ်စိုင်များက ပါးလှပ်ပါကာ ထိုသူသည် ဒီပညာရပ်ကို သင်ယူဖို့ သင့်တော်လိမ့်မည် မဟုတ်ပေ။ တိမ်စိုင်များသည် ထူထဲပါက အရိပ်တစ်ခုသည် ယင်းတို့အတွင်း၌ ပေါ်လာမည် ဖြစ်ပြီး ဤသည်က အကောင်းဆုံး ဖြစ်၏။
အထူးသဖြင့် ၎င်းတိမ်စိုင်များ ဖွဲ့စည်းဖို့ ကြာချိန်မှာ စမ်းသပ်မှုတစ်ခုပင်။ တန်လင်းကလန်၌ မရေမတွက်နိုင်သော နှစ်များစွာအတွင်း အမြန်ဆုံး အရည်အချင်း ရှိခဲ့သူမှာ အသက်ရှုချိန် ခုနစ်ရှိုက်စာ ကြ၏။ အနှေးဆုံးကတော့ နာရီအတော်ကြာသည်။
အတိတ်တုန်းက ခုနစ်ရောင်စုံက သည်ပညာရပ်ကို သင်ကြားခဲ့ချိန်၌ သူသည် ကျိုးလီ၏ အေးစက်စက် အကြည့်ခံခဲ့ရသဖြင့် တုန့်နှေးခဲ့ရ၏။ ထိုအခါ သူ၏အမြန်နှုန်းသည် လျှော့ကျသွားခဲ့ကာ သူသည် စက်ဝန်းတစ်ခု ပြီးမြောက်ဖို့ အသက်အခါနှစ်ဆယ်ရှိုက်စာမျှ ကြာခဲ့သည်။
ကျိုးလီကမူ အသက်ရှုစာ ဆယ့်တစ်ကြိမ်ဖြင့် ပြီးမြောက်ခဲ့သည်။
ကျိုးလီ၏ အေးစက်စက်အကြည့်ကြောင့် သူ၏စိတ်မှာ အာရုံမစိုက်နိုင် ဖြစ်ခဲ့ရ၏။ သူက တိမ်စိုင်များစွာကို မထုတ်လွှတ်နိုင် ဖြစ်ခဲ့ရပြီး ကျိုးလီ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ကျိုးလီ၏ တိမ်စိုင်များအတွင်း၌ အရိပ်တစ်ခုပေါ်လာခဲ့ကာ စုတောက်၏ တိမ်စိုင်များကို ဝါးမြိုခဲ့ဖူးသည်။
ခုနစ်ရောင်စုံ(စုတောက်)၏ ဆရာက ဤအဖြစ်ကို တွေ့မြင်သည့်အခါ သက်ပြင်းချမိခဲ့၏။ သူက စုတောက်ကို တန်လင်းကလန်၏ မဟာမန္တာန်သုံးခုထဲမှ တစ်ခုကို သင်မပေးခဲ့တော့ပေ။ သို့သော် သူက ခုနစ်ရောင်စုံကို အဆင့်နိမ့် ကောင်းကင်ဘုံပညာရပ်ကိုတော့ သင်ပေးခဲ့သည်။
ဝမ်လင်းသည် ဤအဖြစ်သနစ်ကို သူ ရခဲ့သော မှတ်ဉာဏ်များအတွင်းမှ သိခဲ့ခြင်းပင်။ ၎င်းသည် ပြောင်းလဲဖို့ မဖြစ်နိုင်သလောက်ပင်။
ယနေ့၌ သည်မြင်ကွင်းက ထပ်မံ ပေါ်လာခဲ့လေပြီ။ ဝမ်လင်းက နေရာတွင် ရပ်နေကာ ငြိမ်သက်စွာ စဉ်းစားနေသည်။ သူသည် ထိုမှတ်ဉာဏ်အတိုင်း လိုက်ပြီး အတိတ်တုန်းက ခုနစ်ရောင်စုံ ခံခဲ့ရသလိုမျိုး ပြန်ကြုံရမလား၊ သို့မဟုတ် မှတ်ဉာဏ်ကို ဆန့်ကျင်ကာ အရာအားလုံးကို ပြောင်းပစ်ရမလား မသိ ဖြစ်နေ၏။
အကျိုးအကြောင်းသင့်တာကတော့ သူသည် ခုနစ်ရောင်စုံ၏ မှတ်ဉာဏ်အတိုင်း လိုက်သင့်၏။ ထိုမှသာ သူသည် တတိယစိတ်ဝိညာဉ်နှင့် ပိုပေါင်းစပ်နိုင်မည်ပင်။ သူက လုံလောက်အောင် ပေါင်းစပ်မိပြီး အစစ်အမှန်တံခါးချပ် မည်သည့်နေရာတွင် ရှိသည်ကိုပါ သိကောင်းသိလာနိုင်၏။
သို့သော် ဤသို့ ဖြစ်လာမည်၊ မဖြစ်လာမည်ကိုမူ သူ မသိနေပေ။ ထို့အပြင် ဝမ်လင်းက တတိယစိတ်ဝိညာဉ်နှင့် အပြည့်အဝ မပေါင်းစပ်ချင်ပေ။ သူသာ ထိုသို့လုပ်ခဲ့ပါက ရွှယ်ချင်းသည် လုံးဝ နိုးထလာနိုင်တော့မည် မဟုတ်ပါ။ ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်နှင့် ရွှယ်ချင်း ပျောက်ကွယ်သွားမည် ဖြစ်၏။ ဝမ်လင်းက ခုနစ်ရောင်စုံအသစ်တစ်ယောက် ဖြစ်လာလိမ့်မည်သာ။
ထို့အပြင် ဝမ်လင်းက ထိုသို့ မပြုလုပ်ချင်ပါ။
“ဒီပညာရပ်က တန်လင်းကလန်ရဲ့ အစွမ်းထက်ဆုံး ပညာရပ်သုံးခုထဲက တစ်ခုပဲ။ ဒါကို တိမ်တာအိုကောင်းကင်ဘုံပညာရပ်လို့ ခေါ်တယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က ဒါကို သင်ယူဖို့ လုံလောက်အောင် မမြင့်မားသေးတဲ့အတွက် မိတ်ဆက်ပဲ အရင်သင်ယူရမယ်။ ဒါပေမဲ့ အဲ့လိုသင်ယူမှာမှာ အတားအဆီးတစ်ခုရှိတယ်။ အဲ့တာကတော့ မျိုးဆက်တစ်ဆက်မှာ ဒီပညာရပ်ကို တစ်ယောက်ကပဲ သင်ယူနိုင်မှာ ဖြစ်တယ်။ ဒီကနေ့ ငါ့အနေနဲ့ မင်းတို့နှစ်ယောက်ထဲမှာ ဒီပညာရပ်ကိုသင်ယူဖို့ ဘယ်သူက အသင့်တော်ဆုံး ဖြစ်မလဲ ရွေးချယ်မယ်…”
ထိုသက်လတ်ပိုင်းလူ၏ အသံ ထွက်ပေါ်လာ၏။ သူက တိမ်စိုင်များကို သိပ်သည်းစေဖို့နှင့် ကြာချိန်အပါအဝင် ရွေးချယ်မည့်နည်းလမ်းကို ပြောပြလိုက်သည်။
ကျိုးလီက ခေါင်းငုံ့လိုက်၏။ သူ၏မျက်လုံးထဲရှိ လိုအင်ဆန္ဒများကို ဖုံးကွယ်ထားဖို့ ခက်ပေမည်။
“ကောင်းကင်ဘုံတာအိုဟာ ထိခိုက်ခဲ့တယ်။ ဒါကို ပြန်ပြုပြင်ဖို့ အချိန်ကြာအုံးမှာ…”
ထိုသက်လတ်ပိုင်းလူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထို့နောက် သူက မိတ်ဆက်ပညာရပ်ကို စသင်ပေးသည်။ ထို့နောက်တွင် သူလက်ဝေ့ယမ်းလိုက်ရာ တိမ်စိုင်နှစ်ခု ပျံသန်းထွက်ကာ ဝမ်လင်းနှင့် ကျိုးလီတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြ၏။
“ဒီတိမ်စိုင်တွေက မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြပြီ။ မင်းတို့နှစ်ယောက် ချက်ခြင်း ထိုင်ချပြီး တတ်နိုင်သမျှ တိမ်စိုင်တွေကို လှည့်ပတ်သင့်တယ်။ အရင်ဆုံးအောင်မြင်တဲ့သူက အသားစီးရလိမ့်မယ်။ ဒီဖြစ်စဉ်အတွင်း မင်းတို့နှစ်ယောက်လုံး အာရုံစိုက်ထားပါ။ တခြား မလိုအပ်တဲ့အတွေးတွေ နှောက်ယှက်တာ မခံရစေနဲ့…” သက်လတ်ပိုင်းလူ ထိုသို့ပြောလိုက်သည့်နောက် ကျိုးလီက ချက်ခြင်း ထိုင်ချလိုက်၏။
ဝမ်လင်းသည်လည်း ထိုင်ချလိုက်၏။ သူက သူ၏ခန္ဓာကိုယ်တွင်းရှိ တိမ်စိုင်ကို စက်ဝန်းတပတ်ပြည့်အောင် လှည့်ပတ်ရန် ဟန်ပြင်လိုက်စဉ် ကျိုးလီက ဝမ်လင်းထံ ကြည့်လာ၏။ သူ၏အကြည့်မှာ ချိန်းခြောက်ဟန် ပါသည်။
သက်လတ်ပိုင်းလူက ဤသည်ကို မြင်သည်။ သူက မျက်မှောင်ကြုတ်သွားမိ၏။ သူက ဘာမှတော့ မပြောပေ။ ထိုအစား သူက ဝမ်လင်းကို ကြည့်သည်။
ဝမ်လင်းသည် စိတ်ထဲ၌ သက်ပြင်းချမိ၏။ ထိုအကြည့်က အတိတ်တုန်းက စုတောက်ကို အာရုံစိုက်မှု ပျက်ပြားစေခဲ့ခြင်း မဟုတ်လား။ သို့ပေမည့် ယနေ့တွင်မူ သူသည် စုတောက်မဟုတ်၊ဝမ်လင်း မည်၏။ ကျိုးလီ၏ အကြည့် ကျရောက်လာသည့်အခါ ဝမ်လင်း၏အကြည့်က အေးစက်လာကာ သူက ဘာမထီဟန်ဖြင့် ကျိုးလီထံ ပြန်ကြည့်သည်။
ထိုအကြည့်က ကျိုးလီကို တုန်ယင်သွားစေ၏။ သူက ဝမ်လင်း၏မျက်လုံးထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိကာ သူ၏စိတ်ကိုလည်း တုန်ယင်မိစေသည်။
သည်အခိုက်အတန့်တွင် ဝမ်လင်းသည် မျက်လုံးမှိတ်ထား၏။ တိမ်စွမ်းအင်က သူ၏ခန္ဓာကိုယ်တွင်း၌ မြန်မြန်ဆန်ဆန် လှည့်ပတ်သည်။ ကျိုးလီသည်လည်း သူ့မျက်လုံးကို အလျင်အမြန် ပိတ်လိုက်၏။
အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ အသက်တစ်ရှိုက်၊ နှစ်ရှိုက်၊ သုံးရှိုက်။
ရှစ်ကြိမ်မြောက် အသက်ရှုချိန်သို့ ကျရောက်လာသည့်အခါ တိမ်စိုင်များသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သက်လတ်ပိုင်းလူ၏ မျက်လုံးသည် တလက်လက် ဖြစ်လာကာ ရုတ်တရက် သူက ထရပ်သည်။
ဝမ်လင်း၏ခန္ဓာကိုယ် ပတ်လည်ရှိ တိမ်စိုင်များသည် ပို၍ပင် သိပ်သည်းလာကာ သည်ခန်းမနေရာအများစုကို ခြုံလွှမ်းသည်။ တိမ်စိုင်များသည် တဝီဝီလည့်ပတ်ကာ ယင်းတို့အတွင်းမှ ခပ်ဖျော့ဖျော့ ဟိန်းမြည်သံများကိုပါ ကြားရနိုင်၏။
သည်အခိုက်၌ အသက်ရှုချိန် နှစ်ဆယ်ကြိမ်စာမြောက် ဖြစ်လာပြီ။ ကျိုးလီက တိမ်စိုင်ကို တစ်ပတ်လှည့်လည်နိုင်ရုံသာ ရှိသေးပြီး တိမ်စိုင်အချို့ကိုသာ ထုတ်လွှတ်နိုင်သေးသည်။ ဝမ်လင်းနှင့် ယှဉ်ပါက ပမွှားအတိုင်းအတာသာ ဖြစ်နေ၏။
တိမ်စိုင်များ ကျိုးလီ၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်မှ တိမ်စိုင်များသည် ဝုန်းဒိုင်းကြဲလာကာ ဧရာမနဂါးဦးခေါင်းအသွင် ဖြစ်ပေါ်သည်။
ထိုနဂါးက ကြမ်းကြုတ်ကာ ကျိုးလီကို ဝါးမြို၏။ ကျိုးလီပတ်လည်ရှိ တိမ်စိုင်များသည် ထိုနဂါး၏ မြန်ဆန်စွာ စုပ်ယူခြင်းကို ခံရသည်။ သူက သွေးအန်ကာ အားနည်းသွားရလေသည်။
ထိုမှတ်ဉာဏ်ကို ပြောင်းလဲလိုက်ပေပြီ။ ၎င်းသည် ပြောင်းပြန်ဖြစ်သွားသည်နှင့် သည်ခန်းမမှာ တွန့်ခေါက်ပုံပျက်လာ၏။ သက်လတ်ပိုင်းလူက ဝမ်လင်းကိုသာ ကြည့်နေပြီး ကျိုးလီကို လုံးဝ လစ်လျူရှုထားသည်။ သူ၏ပုံရိပ်လည်း စတင်၍ ပုံပျက်ယွင်းလာ၏။
တစ်ချိန်တည်းမှာ ခန်းမအပြင်ဘက်ရှိ ကွင်းပြင်၊ ကွင်းပြင်၏ အပြင်ဘက်ရှိ တောင်၊ တောင်အပြင်ဘက်ရှိ တောင်တန်း၊ ထိုတောင်တန်းအပြင်ဘက်ရှိ တန်လင်းကလန်သည်လည်း စတင်ပုံပျက်ယွင်းလာ၏။ လောကတစ်ခုလုံး ပျက်စီးလေတော့မည့်အလား။
မှတ်ဉာဏ် ပြောင်းလဲခဲ့ရပြီးနောက် သည်တုန်လှုပ်ဖွယ် မြင်ကွင်းက ရုတ်ချည်း မြင့်တက်လာခဲ့ခြင်းပင်။
“ကောင်းတယ်။ စုတောက်။ မင်းဟာ ဆရာ့အနေနဲ့ တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို သင်ပေးခဲ့တဲ့ သူတွေထဲမှာ ဒုတိယမြောက်လူပဲ…”
ထိုသက်လတ်ပိုင်းလူက ရယ်မောနေရင်း သူ၏ပုံရိပ်သည် ပျက်ယွင်းသည်။ သူက ကြောက်လန့်တကြား ဖြစ်နေသော ကျိုးလီကို ကြည့်ကာ ထပ်မံ၍ ပြောလိုက်၏။
“ကျိုးလီ…မင်းမှာ တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို သင်ယူဖို့ အရည်အချင်း မရှိပေမဲ့ ဆရာ့အနေနဲ့ မင်းကို ခုနစ်ရောင်စုံကောင်းကင်ဘုံပညာရပ် သင်ပေးမယ်…”
သက်လတ်ပိုင်းလူ၏ ထိုစကားလုံးများ ပဲ့တင်ထပ်လာသည့်အခါ ဝမ်လင်း၏စိတ်ထဲ၌ ဆုတ်ဖြဲခံရသော နာကျင်မှု ပေါ်လာသည်။ အရာအားလုံးသည် ပျက်စီးလေတော့မည့်အလား။ တံခါးရှစ်ချပ်၏ အော်ရာသည် ရုတ်ချည်း ပေါ်လာသည်။ သို့သော် မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွားသည်။ ထို့နောက်တွင် တွန့်ခေါက်ပုံပျက်ယွင်းမှု လွင့်ပြယ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
သို့ပေမည့် ဝမ်လင်း၏စိတ်ထဲ၌ လှိုင်းထန်မိနေ၏။
“ငါ နားလည်ပြီ။ ရှေ့နောက်ပြောင်းလဲမှုကို ဖန်တီးဖို့အတွက် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်တွေကို ပြောင်းလဲတာ။ အဲ့အခါကျရင် ရှုပ်ထွေးသွားတဲ့အခိုက်အတန့်မှာ ငါ့အနေနဲ့ တံခါးရှစ်ချပ်ကို အာရုံခံမိနိုင်လိမ့်မယ်။ ရှေ့နောက်ပိုမညီလေလေ၊ ရှုပ်ထွေးလေလေ ခံစားချက်က ပိုရှင်းလင်းလေပဲ…။ ငါ ဒီခံစားချက်ကို အသုံးပြုပြီး တံခါးချပ်အစစ်အမှန်ကိုတောင် ရှာနိုင်လောက်တယ်…”
ငါ နားလည်ပြီ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်တွေကို ပြောင်းလဲတာဟာ
“ဒါဟာ ငါ့ရဲ့ တခြားနည်းလမ်းပဲ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်တာ…”
“စုတောက်…မင်း ဒီမန္တာန်ကို လေ့ကျင့်ရမယ်။ ငါးလအတွင်း တန်လင်းကလန်ရဲ့ မင်းတို့ မျိုးဆက်တွေကြားမှာ ပြိုင်ပွဲတစ်ခု စတင်မယ်။ ထိပ်ဆုံးဆယ်ယောက်ဟာ တန်လင်းရေကန်ထဲ ဝင်နိုင်မှာ ဖြစ်တယ်။ မင်းသာ ဝင်နိုင်ခဲ့ရင် မင်းရဲ့ အနာဂတ်အောင်မြင်မှုဟာ တိုင်းတာလို့မရ ဖြစ်လိမ့်မယ်…”
အရာအားလုံးသည် ပြောင်းလဲခဲ့လေပြီ။
ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်လိုက်၏။