← Chapters

ပထမစမ်းသပ်မှု

Vol. 133 Ch. 1835

ပထမစမ်းသပ်မှု

Vol. 133 Ch. 1835

နာရီဝက်မျှ ကြာမြင့်ပြီးနောက် ဝမ်လင်းက တောအုပ်ထဲမှ ထွက်ခွာလာ၏။ သူက တည်ငြိမ်သည့်ပုံ ပေါ်သည်။ သို့သော် သူသည် သက်ပြင်းချလိုက်၏။ စပါးအုံးမြွေသည် အမှန်ပင် တံခါးရှစ်ချပ်ထဲမှ တစ်ခု ဖြစ်လေ၏။ သို့သော် ၎င်းမှာ အစစ်အမှန်တံခါးချပ် မဟုတ်လေပေ။

“ပန်းငါးပွင့်၊တံခါးရှစ်ချပ်။ ငါသာ ဒီတံခါးတွေကို တစ်ချပ်ပြီးတစ်ချပ် စစ်ဆေးကြည့်ရင် တဖြည်းဖြည်းနဲ့ တံခါးချပ်အမှန်ကို တွေ့နိုင်မှာပဲ။ ဒါပေမဲ့ ငါ တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို အပြည့်အစုံ ကျင့်ကြံခဲ့ရင်တောင် ဒါဟာ တတိယစိတ်ဝိညာဉ်ရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲစေဖို့ မလုံလောက်သေးဘူး။ အဲ့လိုသာဆိုရင် ငါဟာ တံခါးချပ်ရှစ်ချပ်ကို ရှာနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး…”

“ခုချိန်မှာ ငါဟာ လအနည်းငယ်ကြာရင် ကျင်းပမယ့် ပြိုင်ပွဲကို စောင့်ဖို့ပဲ ရှိတော့တယ်။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူဟာ အဲ့ပြိုင်ပွဲနဲ့ ပတ်သတ်လို့ လေးလေးနက်နက် မှတ်ဉာဏ်တွေ ပိုင်ဆိုင်ထားတယ်။ ငါသာ ဒီပြိုင်ပွဲအတွင်း အဲ့မှတ်ဉာဏ်ကို ပြောင်းပြန်လုပ်နိုင်ခဲ့ရင် ဒါဟာ အစစ်အမှန်တံခါးချပ် ပေါ်လာစေဖို့ လုံလောက်လိမ့်မယ်…”  ဝမ်လင်းသည် လေထဲ၌ လွင့်မြောကာ စဉ်းစားနေ၏။

သူ၏ပုံရိပ်သည် တိမ်စိုင်တစ်ခုအဖြစ်သို့ ပြောင်းသွားကာ တန်လင်းကလန်ထံသို့ ပျံသန်းဝင်လာသည်။ မကြာမီတွင် အချိန်ကုန်လွန်ကာ နောက်ထပ်သုံးလ ကုန်လွန်သွားပြန်သည်။

တိတိကျကျဆိုပါက သည်လမှာ ဝမ်လင်း တိမ်တာအိုပညာရပ်ကို သင်ယူပြီးသည့် ငါးလမြောက်ပင်။ တန်လင်းကလန်၏ ပြိုင်ပွဲမှာလည်း စတင်မည့်အချိန်အခါပင် ဖြစ်၏။

တန်လင်းကလန်သည် ကလန်ကြီးကိုးခု၊ အင်အားစုဆယ့်သုံးစုတွင် ပါဝင်ပေ၏။ နှစ်သုံးဆယ်ကြာတိုင်း ထိုကလန်က အဆင့်နိမ့်ကျင့်ကြံသူများကြား အတွင်းပြိုင်ပွဲ ကျင်းပကြသည်။ ထိုပြိုင်ပွဲကနေ ပါရမီထူးကဲသူများကို အာရုံစိုက် ရှာဖွေနိုင်ရန် ဖြစ်သည်။

ထို့အပြင် တန်လင်းရေကန်အတွင်း၌ ကျင့်ကြံနိုင်မည့် အရည်အချင်း ရှိသူကိုလည်း သည်ပြိုင်ပွဲတွင် ရွေးချယ်သည် ဖြစ်ရာ သည့်အတွက် ဒီပြိုင်ပွဲမှာ အလွန်ပြင်းထန်ကြမ်းတမ်း၏။

ကျင့်ကြံသူလောကသည် အားကြီးသူနိုင်စတမ်းသာ ဖြစ်၏။ စည်းမျဉ်းအရ သတ်ဖြတ်၍ မရသော်လည်း ဒဏ်ရာများနှင့် သေဆုံးမှုများက ဖြစ်ပျက်တတ်သည်သာ။ လူတစ်ယောက်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း မပြုပါက ကလန်အနေဖြင့် ထိုသူ့ကို စိတ်ထဲထားမည် မဟုတ်ပေ။

တန်လင်းကလန်၌ မျိုးနွယ်(၃၂၁)ခု ရှိ၏။ မျိုးနွယ်တိုင်းက လူသုံးယောက်ကနေ ငါးယောက်အထိ စေလွှတ်ကြသည်။ အနိုင်ရသောမျိုးနွယ်က ဆုလဒ်ကြီးကြီးမားမား ရလိမ့်မည်ပင်။ ထို့အတွက် ပြိုင်ပွဲက ကြမ်းလှပေမည်။

လူတစ်ထောင်ကျော် ပါဝင်သော ထိုပြိုင်ပွဲသည် အချိန်တချို့ ကြာပေလိမ့်မည်။ တန်လင်းကလန်၌ ထိုသို့ သက်ဝင်လှုပ်ရှားသောအချိန်မှာ ရှားပေ၏။ တန်လင်းကလန်က ကြီးမားလွန်းရာ သို့ဖြစ်၍ လူအများသည် တစ်ယောက်နှင့်တစ်ယောက် မသိကြပေ။ ပြိုင်ပွဲက လူများကို ပိုမိုသိဖို့အတွက် အချိန်ကောင်းလည်း ဖြစ်သည်။

သည်နေ့၌ စုတောက်၏ဆရာက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာ၏။ သူက တပည့်အားလုံးကို ဆင့်ခေါ်ကာ ပြိုင်ပွဲဝင်ရန် သုံးယောက် ရွေးချယ်သည်။ ဝမ်လင်းနှင့် ကျိုးလီတို့က ရွေးချယ်ခံရပြီးသာ ဖြစ်၏။ တခြားတစ်ယောက်ကမူ အတော်လေးလှသော အမျိုးသမီးပင်။

ထိုအမျိုးသမီးက ချင်မေဟုခေါ်၏။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ(စုတောက်)သည် ထိုအမျိုးသမီးနှင့် ပတ်သတ်၍ လေးလေးနက်နက်မှတ်ဉာဏ်များ ရှိထား၏။ သူက သူမကို လေးစားမှုအချို့ပင် ရှိခဲ့သည်။ သို့ပေမည့် ပြိုင်ပွဲပြီးသည့်နောက် သူမက ကျိုးလီနှင့် တာအိုလက်တွဲဖော် ဖြစ်လာခဲ့ကာ စုတောက်၏အတွေးများကို ဖြတ်တောက်ပစ်ခဲ့သည်။

အပြင်လူများသည် နောက်တချိန်၌ စုတောက်က တဖြည်းဖြည်း ပြတ်သားကာ လှည့်ဖြားဉာဏ်များလှသော ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ဖြစ်လာလိမ့်မည်ဟု ယုံကြည်ဖို့ ခက်ခဲ့ပေမည်သာ။ သို့သော် ဝမ်လင်းကမူ နားလည်၏။ သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သူ့ကိုယ်သူကို ပြန်မြင်ယောင်မိ၏။ သူသည် ယနေ့၌ အတိတ်နှင့်လုံးဝ ကွဲပြားသူ တစ်ယောက် ဖြစ်လာခဲ့ပြီ မဟုတ်လား။

ပတ်ဝန်းကျင်က ပြောင်းလဲပေးနိုင်၏။ အတွေ့အကြုံက လူတစ်ယောက်၏ စိတ်နေစရိုက်ကိုပါ ပြောင်းလဲသွားစေနိုင်သည်။

ဝမ်လင်းက စဉ်းစားနေစဉ် သာပျော်ဖွယ်အသံတစ်သံ သူ့နားထဲ ဝင်ရောက်လာ၏။ “ဂျူနီယာမောင်လေးစု၊  နင် တိမ်တာအိုကောင်းကင်ဘုံပညာရပ်ကို ကျင့်ကြံခွင့်ရခဲ့တဲ့အပေါ် ငါ ဂုဏ်မပြုရသေးဘူး။ အဲ့အချိန်တည်းက ငါ နင့်အရိပ်အယောင်ကို လုံးဝ ရှာမရခဲ့တာ။ ခုမှပဲ နင့်ကို မြင်ရတော့တယ်…”

ထိုသို့ ပြောလာသူက ချင်မေပင်။ သူမက ဝမ်လင်းကို ပြုံး၍ ကြည့်၏။ သူမ၏စကားများက ညင်သာပြီး သူမ၏ကိုယ်သင်းရနံ့က ဝမ်လင်း၏မျက်နှာထံ လေအဝှေ့တွင် လာရိုက်ခတ်၏။

ဝမ်လင်းက ခပ်ရေးရေး ပြုံး၏။ သူက အလွန်တည်ငြိမ်စွာ ရှိနေပြီး စကားမဆိုပေ။

သို့ပေမည့် သူ၏အပြုံးက ချင်မေ၏စိတ်နှလုံးကို တုန်ယင်သွားစေသည်။ သူမ၏မှတ်ဉာဏ်ထဲ၌ စုတောက်မှာ အမြဲရှက်ရွှံ့တတ်သူ တစ်ယောက်သာ ဖြစ်ခဲ့၏။ သူမက သူ့ကို စကားပြောလျှင်ပင် တွန့်ဆုတ်ကာ မည်သို့လုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတတ်သူပင်။

သို့ပေမည့် အခု သူ့အပြုံးထံမှ ခံစားမှုက အရင်နှင့် လုံးဝ ကွာခြားနေ၏။ စုတောက်က အလွန်ချော၏။ အခု ဝမ်လင်း၏အပြုံးနှင့် ပေါင်းစပ်လိုက်သည်ဖြစ်ရာ တမူထူးသော စွဲဆောင်နိုင်မှုတစ်ခုကို ဖြစ်သွားစေသည်။

သိပ်မဝေးသောနေရာ၌ ကျိုးလီက သည်အဖြစ်ကို ကြည့်နေကာ သူ၏မျက်လုံးတို့သည် သုန်မှုန်နေ၏။ သူသည် လွန်ခဲ့သောငါးလက အတိုင်း ရှိနေသော်လည်း သူ၏မျက်လုံးထဲရှိ သွေးစင်းကြောင်းနှင့် အားနည်းမှုတို့က သူ၏အတွင်းစိတ် ပူလောင်မှုကို ပြသနေပေသည်။

ချင်မေက စကားပြောရန် ဟန်ပြင်လိုက်၏။ သို့သော် သူမ၏ဆရာက လက်ဝေ့ယမ်းလိုက်ရာ သူတို့သုံးယောက်ကို တိမ်စိုင်တစ်ခုက ထွေးခြုံသွားသည်။ ထိုတိမ်စိုင်က တန်လင်းကလန်၏ ပင်မကလန်ထံသို့ ဦးတည်ပျံသန်းသည်။

ကျင့်ကြံမှုအဆင့်နိမ့်သော တပည့်များ၏ ပြိုင်ပွဲကို ပင်မကလန်၏ အဓိကကွင်းပြင်၌ ကျင်းပ၏။ တခြားအချိန်ဆိုပါက မျိုးနွယ်တိုင်း၏ တပည့်များသည် ဆင့်ခေါ်ခြင်းမခံရပါက သည်နေရာသို့ လာခွင့်မရှိချေ။

ပြိုင်ပွဲအတွင်း၌သာ မျိုးနွယ်ပေါင်းစုံ၏ တပည့်များသည် ဒီနေရာသို့ လာရောက်နိုင်ကြ၏။

သည်ကွင်းပြင်က ကြီးမားခြင်း မရှိပေ။ သို့သော် ပြိုင်ပွဲဝင်လူတစ်ထောင်အတွက်တော့ လုံလောက်အောင် ကြီးမားကျယ်ပြန့်သည်။ တန်လင်းကလန်မှာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတွင် ပါဝင်ရာ သူတို့၏နည်းလမ်းများသည် ခန့်မှန်း၍ မရနိုင်ပေ။

ကလန်အကြီးအကဲတိုင်းက မျိုးဆက်တိုင်း၌ အတားအဆီးများ ချခင်းထားတတ်၏။ သည်ပြိုင်ပွဲတစ်ခုချင်းစီအတွင်း ထိုအတားအဆီးများ၏ အစိတ်အပိုင်းအနည်းငယ်ကို အသက်သွင်းတတ်သည်။ ထိုအခါ ကလန်က ဖန်တီးထားသော တန်လင်းအက်ကြောင်းထံ ဦးတည်သော အက်ကွဲကြောင်းတစ်ခု ပွင့်ဟလိမ့်မည်ပင်။

ဤသည်က ပြိုင်ပွဲ၏ ပထမဆုံးစမ်းသပ်မှုအတွက် တိုက်ပွဲကွင်းပြင်ပင်။

သည်အခိုက်၌ ကွင်းပြင်အထက်ရှိ ကောင်းကင်ကို ဖြတ်သန်း၍ အလင်းတန်းများ ပျံသန်းနေသည်။ အလင်းတန်းတစ်ခုချင်းစီ၌ သူတို့၏တပည့်များကို ခေါ်ဆောင်လာသော မျိုးနွယ်တိုင်း၏ ဆရာများ ပါဝင်ကြသည်။

ဤပြိုင်ပွဲက အဆင့်နိမ့်တပည့်များ၏ ပြိုင်ပွဲနှင့် ကလန်၏ အနာဂတ်မျိုးဆက်များကို ရှာဖွေမည့် အခွင့်အရေးလည်း ဖြစ်သောကြောင့် တန်လင်းကလန်သည် အပြင်လူများကို လုံးဝ မဖိတ်ပေ။ ဤက ကလန်၏အတွေးရေးကိစ္စသာ။

သို့ပေမည့် ကလန်ခေါင်းဆောင်၊အကြီးအကဲများသည် ရှိနေကြမည် ဖြစ်သည်။ သူတို့က အဆင့်နိမ့်တပည့်များကြား၌ မည်သူက အမြင့်ရောက်မည်ကို မြင်ချင်ကြသည်။

ဝမ်လင်း ကွင်းပြင်ထဲ ရောက်လာသည့်အခါ၌ ပြိုင်ပွဲဝင်တပည့်အများစု ရှိနေကြပြီး ဖြစ်၏။ လူများနေသော်လည်း သည်နေရာ၌ ရှုပ်ထွေးဆူညံနေခြင်း မရှိပေ။

သို့အတွက်ကြောင့် မမြင်ရသောဖိအားတစ်ခုက လူတိုင်း၏စိတ်နှလုံးထဲ၌ သူ့အလိုလို လွင့်ပျံ့နေသည်။ ထိုဖိအားက လူများ ပိုမို ရောက်လာလေလေ တိုးလာလေပင်။ သူတို့၏နှလုံးခုန်သံများသည်ပင် မြန်လာပြီး မည်သူကမျှ ဆူညံဆူညံမလုပ်ဝံ့ကြပေ။

နာရီဝက်မျှ ကြာပြီးနောက် မျိုးနွယ်(၃၂၁)ခု၏ တပည့်များအားလုံး ရောက်လာကြ၏။ သူတို့အားလုံးက စိတ်ပူပန်ကာ ငြိမ်သက်စွာ ရှိနေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ဆက်ရှိနေ၏။ သို့သော် သူ့ဘေးရှိ ချင်မေက ဆက်၍ မပြုံးနိုင်တော့ပေ။ သူမက အနည်းငယ် ပူပန်နေ၏။ ကျိုးလီသည်လည်း ပူပန်နေသည်ပင်။

ဝမ်လင်း၏ တည်ငြိမ်မှုက ချင်မေကို တုန်လှုပ်စေသည်။ သို့သော် အချို့အကြောင်းပြချက်ကြောင့် သူမသည်လည်း တဖြည်းဖြည်း တည်ငြိမ်သွား၏။

“ငါ့တန်လင်းကလန်ဟာ မျိုးဆက်အလိုက် ပါရမီရှိတဲ့သူတွေကို မွေးထုတ်ပေးခဲ့ပြီး ငါတို့ကလန်ဟာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုထဲက တစ်ခု ဖြစ်လာခဲ့တယ်။ ဒီဂုဏ်ပုဒ်ကို ရခဲ့တာဟာ မင်းတို့ရဲ့ စီနီယာတွေရဲ့ သွေးချေးနဲ့ မင်းတို့ မျိုးဆက်ကို လက်ဆင့်ကမ်းပေးခဲ့လို့ပဲ…”

“ဒီနေ့ မင်းတို့မျိုးဆက်ရဲ့ ပြိုင်ပွဲနေ့ပဲ။ တန်လင်းကလန်ရဲ့ အနာဂတ်ကို မြင်ရဖို့ ငါ မျှော်လင့်မိတယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ ပြတ်သားမှုနဲ့ အလျှော့မပေးတတ်တဲ့ စိတ်ဝိညာဉ်ကို ငါ မြင်ရဖို့ မျှော်လင့်တယ်…”

“ဒီပြိုင်ပွဲရဲ့ ပထမဆုံးစမ်းသပ်မှုဟာ တန်လင်းအက်ကြောင်းထဲ ဝင်ရောက်ဖို့ပဲ။ အချိန်အကန့်အသတ်ဟာ သုံးရက်။ ဒီသုံးရက်အတွင်း လုပ်ရမှာက မင်းတို့တစ်ယောက်နဲ့တစ်ယောက် တုန်ကင်အမှတ်အသားတွေကို လုယူဖို့ပဲ ဖြစ်တယ်။ တုန်ကင်အရေအတွက် အများဆုံးရတဲ့ အယောက်သုံးဆယ်ဟာ ဒီစမ်းသပ်မှုကို အောင်မယ်…”

ခွန်အားပြည့်အသံ ပဲ့တင်ထပ်လာ၏။ ကောင်းကင်ထက်၌ ရွှေရောင်အလင်း လင်းလက်ကာ ပုံရိပ်တစ်ရာနီးပါး ပေါ်လာကြသည်။ ထိုသူတို့သည် တန်လင်းကလန်၏ အစွမ်းထက်ကျင့်ကြံသူများပင်။ သူတို့က ကောင်းကင်ထက်၌ ထိုင်ချကာ အောက်ဘက်ရှိ တပည့်တစ်ထောင်ထံသို့ ကြည့်၏။

အကြည့်များစွာက ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။

ဝမ်လင်းသည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ မှတ်ဉာဏ်ထဲ၌ သည်တူညီသောစကားများကို ကြားခဲ့ပြီးသားပင်။ ထိုမှတ်ဉာဏ်များထဲ၌ ကောင်းကင်ထက်ရှိ ရွှေရောင်ပုံရိပ်များသည်ပင် အတူတူ ဖြစ်နေ၏။ ကွာခြားသည်ဟူ၍ မှတ်ဉာဏ်ထဲ၌ အကြည့်အများစုက ကျိုးလီကို ကြည့်ခဲ့ခြင်းသာ။

မှတ်ဉာဏ်ထဲ၌ စုတောက်ကမူ အကြည့်အနည်းငယ်ကို ရရှိသော်လည်း သူ၏စိတ်က တုန်ယင်၍ ထိုအကြည့်များအောက်၌ ခေါင်းငုံ့ခဲ့သည်။

ကျိုးလီသည် တုန်ယင်နေသော်လည်း သူက ရင်ကော့ကာ ခေါင်းမငုံ့ခဲ့ပေ။ သူ၏ ပါရမီနှင့် တိမ်တာအိုပညာရပ်ကို သင်ယူနိုင်သည့် အရည်အချင်းကြောင့် ဤအခါသည် သူ တောက်ပရမည့်အချိန်ပင်။ သို့သော် အရာအားလုံးသည် မှတ်ဉာဏ်ထဲကလို မဟုတ်တော့၊ ပြောင်းလဲသွားခဲ့လေပြီ။

ထိုအကြည့်များက ကျိုးလီကို ကျော်လွန်ကာ သူမည်မျှ ရုန်းကန်နေပါစေ အရေးမပါတော့ပေ။ အကြည့်အများစုက သူ့ကို ကျော်၍ ဝမ်လင်းထံသို့သာ စုဝေးကုန်သည်။

ဝမ်လင်းကမူ တည်ငြိမ်စွာ ရှိနေ၏။ ထိုအကြည့်များက သူ့အပေါ် မည်သို့မျှ သက်ရောက်မှု မရှိသည့်အလား။

ကျိုးလီက လက်သီးတင်းကြပ်စွာ ဆုတ်၍ ခေါင်းငုံ့သွား၏။ သူ၏မျက်လုံးထဲတွင် မနာလိုမှုနှင့် မကျေမနပ်မှုတို့ ပြည့်နေသည်။ လွန်ခဲ့သောငါးလကျော်က မည်သို့ဖြစ်ခဲ့သည့်အတွက် သည်ကြောင်တောင်တောင် စုတောက်က ခုလောက်ထိ ပြောင်းလဲလာခဲ့သည်ကို သူ နားမလည်နိုင် ဖြစ်မိ၏။ သူ့စိတ်ထဲ၌ သူ ပိုင်ဆိုင်သင့်သည်ဟု ထင်ရသော အရာအားလုံးကို စုတောက်က ရယူနေခဲ့ပေပြီ။

“ဝင်ကြ…”  သည်အခိုက်၌ ခွန်အားပြည့်အသံတစ်သံ ပဲ့တင်ထပ်လာကာ  ငါးရောင်စုံအလင်းသည် ကွင်းပြင်အထက်၌ လင်းလက်၏။ ဧရာမဝဲကတော့တစ်ခု ပေါ်လာသည်။ ထိုဝဲကတော့ တုန်ဟည်းနေရင်း အစိမ်းသပ်သပ်လောကတစ်ခု ပေါ်လာချေသည်။

ထိုဝဲကတော့ ပေါ်လာသည်နှင့် တပည့်အားလုံးသည် အလင်း၏ ဝန်းရံခြင်းခံရကာ ထိုအလင်းက သူတို့ကို ဝဲကတော့ထဲသို့ ဆွဲခေါ်သွားသည်။

တပည့်တစ်ထောင်ကျော်က ဝဲကတော့အတွင်းသို့ ဝင်ရောက်သွားကြ၏။ သည်ကွင်းပြင်သည် ငြိမ်သက်သွားကာ ထိုတပည့်များကို ခေါ်ဆောင်လာသော သူတို့၏ဆရာများသာ ကျန်ခဲ့၏။ သူတို့က တလေးတစား လက်နှစ်ဖက်ဆုပ်ကာ ကောင်းကင်ထက်၌ ထိုင်၍ ပြိုင်ပွဲကို လေ့လာစောင့်ကြည့်နေသော ရွှေရောင်ပုံရိပ်များထံသို့ နှုတ်ဆက်ကြ၏။

လူတိုင်း ဝဲကတော့အတွင်းသို့ ဝင်ရောက်သွားသည့်နောက် ထိုဝဲကတော့သည် လည်ပတ်နေရာကနေ ရပ်တန့်ကာ ကြေးမုံတစ်ခုအဖြစ်သို့ ပြောင်းသွား၏။ ၎င်းက အတွင်းရှိ အရာအားလုံးကို ဖော်ပြသည်။ နတ်ဘုရားအာရုံ ဝင်ရောက်လိုက်သည်နှင့် သူတို့က အတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထိုနည်းလမ်းဖြင့် တန်လင်းကလန်မှ အစွမ်းထက်ကျင့်ကြံသူများသည် နောင်မျိုးဆက်အတွက် ပါရမီရှိသူများကို ရှာဖွေကြသည်။

ထိုပေါ်လာသော တစိမ်းပြင်ပြင်လောကမှာ နက်မှောင်သော ကုန်းမြေတစ်ခု ဖြစ်နေ၏။ ကောင်းကင်သည် မှိန်ဖျော့ကာ အဆုံးမဲ့ဖုန်မှုန်နှင့်မြူများက သည်ကုန်းမြေကို ဖုံးလွှမ်းထားသလိုပင်။ ဤသည်မှာ တန်လင်းကလန်က ဖန်တီးထားသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ဖြစ်သည်။

ဝမ်လင်း ပေါ်လာသည့်အခါ သူက လူတရပ်စာမြက်ပင်များ ဖုံးနေသော ကွင်းပြင်၌ ဖြစ်၏။ သူ ပေါ်လာသည့်နေရာမှာ ခုနစ်ရောင်စုံ၏ မှတ်ဉာဏ်ထဲက နေရာနှင့် အတိအကျ တူသည်။

အတိတ်တုန်းက စုတောက်သည် ပထမစမ်းသပ်မှုမှာတင် သူ့တုန်ကင် ဆုံးရှုံးကာ ကျရှုံးခဲ့၏။ သူက သူ၏မျိုးနွယ်မှ ကျိုးလီနှင့် တခြားသူများ မားမားရပ်ကာ တောက်ပခဲ့သည်ကိုသာ စောင့်ကြည့်ရုံ တတ်နိုင်ခဲ့သည်။

ထိုအဖြစ်အပျက်က စုတောက်ကို ကြီးစွာ တုန်လှုပ်စေခဲ့၏။ စုတောက်သည် သည်နေရာတွင် ကျိုးလီ၏ ရက်ရက်စက်စက် အနိုင်ကျင့်တာကိုလည်း ခံခဲ့ရသည်။ သူ အသတ်မခံခဲ့ရသော်လည်း ထိုအဖြစ်ကို စုတောက်သည် လုံးဝ မမေ့နိုင်ခဲ့ပေ။ ဤသည်မှာ သူ၏ စိတ်နေစရိုက် ပြောင်းလဲခြင်း၏ အစလည်း ဖြစ်သည်။

ဝမ်လင်းသည် မှိန်ဖျော့နေသော ကောင်းကင်ထက်သို့ ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ “ငါ ရောက်လာခဲ့ပြီ။ အရာအားလုံး ပြောင်းလဲသွားတော့မယ်…”

All Chapters