အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း
Vol. 95 Ch. 1331
မုဖူရှန်း၏လက်ရှိစိတ်အခြေအနေကို ဘာက ဖော်ပြနိုင်မည်နည်း။
သူ ကျိုးပိုင်လုဆိုသောနာမည်ကို မည်သောအခါမှ ကိုယ်တိုင်ပင်မပြောခဲ့သလို အဆက်အသွယ်လည်းမလုပ်ချင်ပေ။
ထို့ကြောင့် မည်သည့်အတွက်ကြောင့် ရုတ်တရက်သူ့ထံ ရောက်လာရလေသနည်း။
အနီး၀န်းကျင်က ပြင်းထန်သည့်အကြည့်များကို ခံစားမိသဖြင့် မုဖူရှန်းတစ်ယောက် ချက်ချင်းသေချင်နေသလိုပင် ခံစားနေရသည်။
လှပသည့်လူတစ်ယောက်မှ ဖြစ်စေသည့် ပြဿာနာများက နောက်ဆုံး၌ သူ့အပေါ်ကို ကျရောက်လာလေပြီ။
အိမ်ရှေ့မင်းသားပင်လျှင် အပြုံးနှင့်အတူ ခေါင်းခါယမ်းရင်း သူ့ဘာသာတွေးနေမိသည်။
"ကြည့်ရတာ ငါ့တော်၀င်အစ်မရဲ့ပါးနပ်တဲ့ သဘာ၀က ပြန်အစပျိုးနေပြီထင်တယ်"
ကျောင်းမင်ကလည်း မုဖူရှန်းအားလှမ်းကြည့်ကာ မျက်မှောင်ကြုတ်သည်။
"ဒုတိယမင်းသမီးရဲ့အာရုံကိုတောင် ဖမ်းစားနိုင်တယ်ဆိုတော့ ကြည့်ရတာ ဒီတာအိုမိတ်ဆွေလေးက အတော်လေးအားကောင်းပုံပဲ"
သူတော်စင်သားတော်ရွှမ်မင်၏ အကြည့်ကလည်း မုဖူရှန်းအား မြင်နိုင်ရန် ကြိုးစားနေသည့်အလား သူ့ထံကျရောက်လာသည်။
နှလုံးသားထဲတွင် ခါးသီးစွာပြုံးရင်း မုဖူရှန်းထရပ်သည်။
"ဒုတိယမင်းသမီး ကျုပ်ကို တခြားတစ်ယောက်နဲ့မှားသွားတာဖြစ်လောက်တယ်၊ ကျုပ်အဲလောက်မတော်တာမို့ ကိုယ့်ကိုကိုယ် အရှက်တကွဲမဖြစ်စေချင်ပါဘူး"
သို့သော် ထိုစကားလုံးများအား ပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျောင်းမင်ပြုံးသည်။
"အိုး၊ ဒီတာအိုမိတ်ဆွေလေးက တိုက်ပွဲကို ရှောင်ရှားချင်နေပုံပဲ၊ ဒါက လက်ရည်စမ်းတိုက်ပွဲတစ်ခုသာသာပါပဲ၊ ရှောင်ရှားမယ်ဆိုရင် အိမ်ရှေ့မင်းသားရဲ့မျက်နှာကို ထိခိုက်နိုင်တယ်နော်"
ထိုအချိန်တွင် သူတော်စင်သားတော်ရွှမ်မင်ကလည်း အိမ်ရှေ့မင်းသားနှင့် ဆန့်ကျင်ဘက်တွင်ထိုင်ကာ ခပ်ရေးရေးပြုံးသည်။
"အရှင့်သားပိုစိတ်ချရတဲ့အစေခံတွေကို ရှာဖွေသင့်တယ်၊ မဟုတ်ဘူးဆိုရင် ဒါက အရှင့်သားရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တယ်"
အိမ်ရှေ့မင်းသားရယ်မောလိုက်သည်။
"ညီလေးမုက ငါ့ရဲ့မိတ်ဆွေကောင်းပဲ၊ သူမတိုက်ခိုက်ချင်ဘူးဆိုရင် တိုက်စရာမလိုပါဘူး၊ အိမ်ရှေ့မင်းသားအနေနဲ့ငါက ငါ့မိတ်ဆွေတွေကို အတင်းတိုက်ခိုက်ခိုင်းပြီး တခြားသူတွေရဲ့ အမြင်ကို မှီခိုနေရတုန်းဆိုရင် နောက်ပိုင်းကျရင် ဘယ်သူကများ ငါနဲ့ မိတ်ဆွေဖြစ်ချင်တော့မှာလဲ"
အိမ်ရှေ့မင်းသားက အမှန်တကယ်ပင် အိမ်ရှေ့မင်းသားဟူသော နာမည်နှင့် ထိုက်တန်သည်။
ထိုစကားကိုကြားသောသူတိုင်းမှာ အိမ်ရှေ့မင်းသားအား လေးစားစွာ ကြည့်လိုက်မိကြ၏။
မုဖူရှန်းပင်လျှင် ဤပြောဆိုချက်အတွက် အိမ်ရှေ့မင်းသားအား လက်မထောင်ပြလိုက်မိသည်။
တတိယမင်းသားနှင့် ပဉ္စမမင်းသားတို့၏ ပြိုင်ဘက်ဖြစ်သည့်အပေါ် သူတို့က အိမ်ရှေ့မင်းသားအား လွယ်ကူသည့် အချိန်ပေးမည်မဟုတ်လေရာ တတိယမင်းသား ပြန်ချေပသည်။
"ဒါက ရင်းနှီးတဲ့လက်ရည်စမ်းပွဲသာသာသာပဲ၊ ဒီအတွက် တခြားအင်အားစုတွေနဲ့ ဆက်ဆံရေးတွေကို ထိခိုက်စေချင်တာလား၊ ဒီလိုငြင်းပယ်မှုက အတော်လေးကို မလေးစားရာကျတယ်နော်"
တတိယမင်းသား၏ ထောက်ခံမှုနှင့်အတူ ကျောင်းမင်ရဲရင့်စွာပြောသည်။
"တာအိုမိတ်ဆွေလေး၊ မင်းကအိမ်ရှေ့မင်းသားလက်အောက်မှာရှိပြီး အရှင်မင်းသမီးရဲ့ နှစ်သက်မြတ်နိုးခြင်းကိုလည်း ခံထားရတော့ မင်းမှာထူးခြားတဲ့ အရည်အချင်းတွေရှိမှာပဲလေ၊ ကျောင်းဟွားစံအိမ်ရဲ့ကိုယ်စားပြုအနေနဲ့ ငါမင်းကို ထပ်ပြီးစိန်ခေါ်ပါတယ်"
ထိုသို့ပြောပြီးနောက် ကျောင်းမင် ဦးညွတ်လိုက်လေသည်။
ဒီမြင်ကွင်းကိုမြင်သော် အိမ်ရှေ့မင်းသား အနည်းငယ်မျက်မှောင်ကြုတ်ထားသည်။
ပလ္လင်ပေါ်တွင်ထိုင်နေသည့်ဧကရာဇ်မှာ ဤမြင်ကွင်းကို ကြည့်ရင်းပြုံးရုံသာပြုံးနေပြီး ကြား၀င်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပုံပင်။
တစ်ချိန်တည်းမှာပင် အောက်က ၀န်ကြီးများက စတင်ဆွေးနွေးကြသည်။
"ကြည့်ရတာ တတိယမင်းသားက လက်မလျှော့ပုံပဲ"
"အင်း၊ ဒါပေမယ့် အခုသူတော်စင်သားတော်ရွှမ်မင်ကလည်း တတိယမင်းသားဘက်မှာ ရှိနေတာမလား၊ ရွှမ်ဝူနတ်မင်းဆက်က အခြေခံအားဖြင့် ရန်လိုတဲ့အင်အားစုတစ်ခုဖြစ်တာမို့ ဒီကအခြေအနေတွေကို ပိုဆိုးရွားသွားစေနိုင်တယ်"
"ဒါကတိုက်ဆိုင်မှုတစ်ခုဖြစ်ရမယ်၊ သူတော်စင်သားတော်ရွှမ်မင်က အရှင်မင်းသမီးကို အမြဲလိုလိုလိုက်စားနေပေမယ့် သူမက သူ့ကိုတွေ့ဖို့တောင် သဘောမတူခဲ့ဘူး၊ ဒါပေမယ့်အခု သူက နောက်လူတစ်ယောက်ကို စိတ်၀င်စားနေတာကို ပြသနေတော့ မနာလိုစိတ်နည်းနည်းတော့ရှိမှာပဲလေ"
"ဒါပေမယ့် အရှင်မင်းသမီး အရမ်းတန်ဖိုးထားရလောက်တဲ့အထိ ဒီလူရဲ့ထူးခြားချက်က ဘာလဲဆိုတာ ငါတကယ်မမြင်နိုင်ဘူး၊ သူ့မှာအထူးအားကောင်းတဲ့ အရည်အချင်းတွေမရှိပုံပဲ"
ဤနေရာတွင် မုဖူရှန်း မျက်ခုံးအနည်းငယ်ကြုတ်ကာ မျက်နှာပေါ်၌ ခပ်ရေးရေးအပြုံးတစ်ပွင့်ရှိနေသည့် ကျိုးပိုင်လုအား စိုက်ကြည့်လိုက်မိသည်။
ဒါကငါ့အတိမ်အနက်အတွက် စမ်းသပ်မှုတစ်ခုလား!
ရှောင်ဟိုင်ရုတ်တရက်ထရပ်သည်။
"ငါမင်းအတွက်တိုက်ခိုက်မယ်"
သို့သော် မုဖူရှန်း ရှောင်ဟိုင်၏ပခုံးကို ဖိလိုက်ကာ မျက်နှာပေါ်က ခါးသီးသည့်အပြုံးက ပျောက်ကွယ်သွားပြီး အေးစက်သည့်အမူအရာတစ်ခုက အစားထိုးသွား၏။
သူတို့အားလုံးက သူ့အတိမ်အနက်ကို စမ်းသပ်ချင်ကြလေရာ သူကလည်း သူတို့အစီအစဉ်အတိုင်း လိုက်ပါဆောင်ရွက်ရပေတော့မည်။
"စီနီယာအစ်ကို၊ ကျွန်တော်လုပ်ပါရစေ"
ရှောင်ဟိုင်မျက်မှောင်ကြုတ်ကာမေးသည်။
"ဒါပေမယ့် မင်းက မင်းရဲ့အရည်အချင်းတွေကို ဖုံးကွယ်ထားသင့်တာမလား....."
မုဖူရှန်းအလယ်ဗဟိုသို့လျှောက်သွားစဉ် အသံပို့လွှတ်လိုက်သည်။
"သူ့ကိုတိုက်ခိုက်ဖို့အတွက် ကျွန်တော့်ဝှက်ဖဲကို သုံးဖို့လိုတယ်လို့ ဘယ်သူပြောလဲ၊ ဒါပေမယ့် သူညစ်ပတ်တဲ့လှည့်ကွက်တွေ ဒါမှမဟုတ် အကူအညီတောင်းခံတာတစ်ခုခု လုပ်ရင်တော့ ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူးပေါ့"
မုဖူရှန်းအလယ်ဗဟိုသို့ ချဉ်းကပ်လာတာကို မြင်သောအခါ လူတိုင်းသိချင်စိတ်နှင့် လှမ်းကြည့်နေကြ၏။
ကျောင်းနင်ကလည်း မျက်နှာပေါ်၌ အေးစက်သည့်အပြုံးနှင့်အတူ မုဖူရှန်းထံ ချဉ်းကပ်လာသည်။
"အများကြီးကျေးဇူးတင်ပါတယ်" ကျောင်းမင် လက်နှစ်ဖက်ကိုအတူတကွဆုပ်လိုက်၏။
မုဖူရှန်းကလည်း ပြန်နှုတ်ဆက်သည်။
သူတို့နောက်တွင် ဖန်ချန်း ရှောင်ဟိုက်ကို ကြည့်ရင်း စိတ်ထဲကအသံပို့လွှတ်လိုက်၏။
"အစ်ကိုရှောင်ဟိုင်၊ အစ်ကိုမုဘယ်လို တိုက်ခိုက်မှာလဲ"
တွေးပင်မတွေးဘဲ ရှောင်ဟိုင်ပြောသည်။
"ညီလေးမု အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ဒီအခြေအနေမှာ သူသေချာပေါက် အစွမ်းကုန်သုံးမှာမဟုတ်ဘူး၊ ဒါပေမယ့် သူ့ပြိုင်ဘက်ကိုလည်း သူထိန်းချုပ်ထားတယ်ဆိုတာကို သဘောပေါက်ခွင့်ပေးမှာလည်း မဟုတ်ဘူး၊ ဒီတော့ ဒီယှဉ်ပြိုင်မှုက အရမ်းခက်ခဲပုံဟန်ဆောင်ပြီး သူ့ပြိုင်ဘက်ကို အနိုင်ယူဖို့ ခက်ခက်ခဲခဲကြိုးစားလိမ့်မည်၊ မဟုတ်ဘုးဆိုရင် သရေကျအောင် ကြိုးစားလိမ့်မယ်"
ဖန်ချန်းခေါင်းညိတ်သည်။
"ဒါကတကယ်ကို စီနီယာအစ်ကိုမုရဲ့ စရိုက်နဲ့ကိုက်ညီတယ်"
ရှောင်ဟိုင်ပြောဆိုခဲ့တာက အတိအကျမုဖူရှန်းတွေးနေသည့်အရာပင်။
အကယ်၍ သူတို့ကမုဖူရှန်း၏ အရည်အသွေးအတိမ်အနက်ကို တိုင်းတာလိုပါက မုဖူရှန်းကလည်း ဤအခွင့်အလမ်းကို ယူရင်း သူ့ပြိုင်ဘက်များအား သူ့တွင် ရှိသည့်စွမ်းအားအကုန်က ဒီမျှသာဟု ယုံကြည်သွားစေရန်အတွက် လုပ်ဆောင်မည်သာ။
ဒါကပြိုင်ဘက်ကို စိတ်ရှုပ်ထွေးသွားစေနိုင်သည်။
ဤအခိုက်အတန့်၌ ကျောင်းမင် တခြားဓားများနှင့်မတူသည့် ဓားသွားကျယ်ဓားတစ်လက်ထုတ်ယူလိုက်၏။
ဓားပေါ်၌ ရှည်လျားသည့်သွေးနက်အစက်အပျောက်များနှင့် ဖုံးထားသည့် ချွန်ထက်သောအနားသတ်များရှိသည်။
ဓားကိုထုတ်လိုက်သည့်အခိုက်အတန့်၌ သွေးရနံ့က ခန်းမတစ်ခုလုံးထဲတွင် ပြည့်နှက်သွား၏။
ဓားနောက်ဘက်ကိုထိတွေ့ရင်း ကျောင်းမင်ပြုံးကာပြောသည်။
"ဓားသွားမှာမျက်စိမပါဘူး၊ ဂရုစိုက်ပါ တာအိုမိတ်ဆွေလေး၊ မင်းမကိုင်တွယ်နိုင်တော့ဘူးလို့ ခံစားရတာနဲ့ အရှုံးပေးပြီလို့ အော်လိုက်ရုံပဲ၊ မဟုတ်ဘူးဆိုရင် ငါ့ဓားကို ရုပ်သိမ်းဖို့ နှောင့်နှေးနေနိုင်ပြီး မင်းသွေးကလည်း ဒီအနားသတ်ဓားမှာ ပေကျံသွားနိုင်တယ်"
ထိုအချိန်တွင် မုဖူရှန်း တောင်ထိပ်ရှစ်သွယ်မိုးကြိုးအကျဉ်းထောင်ကို ထုတ်ယူလိုက်သည်။
တောင်ထိပ်ရှစ်သွယ်မိုးကြိုးအကျဉ်းထောင်ကို သေမျိုးနယ်မြေ၌ ထိပ်တန်းအဆင့်လက်နက်တစ်ခုအဖြစ် မှတ်ယူ၍ရသေးသည်။
သို့စေကာမူ ခေးအောစ့်နယ်မြေ၌ ၎င်းက သာမန်နတ်ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုသာ။
"မင်းလှုပ်ရှားလို့ရပြီ"
ဤစကားလုံးများ မုဖူရှန်းထံမှထွက်လာသည်နှင့် ကျောင်းမင်နှာခေါင်းရှုံ့ကာ သူ့ရယ်မောသံက ပဲ့တင်ထပ်နေပြီး သွေးအရိပ်တစ်ခုအဖြစ် ပြောင်းရင်း မုဖူရှန်းထံ တိုး၀င်သွား၏။
လက်ကိုင်ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ရင်း ချွန်ထွက်သည့်လွှသွားပုံဓားသွားက မုဖူရှန်းခေါင်းထိပ်သို့ ပိုင်းဖြတ်လာသည်။
ဓားသွားမရောက်လာခင်မှာပင် သွေးနှင့် လေမုန်တိုင်းတစ်စင်းတိုက်ခတ်လာသည်။ ငရဲမှ သွေးဆာနေသည့်နတ်ဆိုးတစ်ကောင်က မုဖူရှန်းအား ပိုင်းဖြတ်လာသည့်အလားပင် ထင်ရသည်။
ကျယ်ပြန့်သည့်ခန်းမအတွင်း သွေးစွန်းနေသည့်လေထုက တိုက်ခတ်နေပြီး ဧကရာဇ်ဘေးနှစ်ဘက်စလုံးတွင် နဂါးဖီးနစ်ဗျပ်စောင်းကို တီးခတ်နေသော ဂီတပညာရှက်နှစ်ဦးမှာ ရုတ်တရက်ကြိုးများအား တီးခတ်ရင်း ဤသွေးစွန်းသည့်လေထုကို တားဆီးကာကွယ်ထားသည်။
မုဖူရှန်းမျက်ခုံးအနည်းငယ်ပင့်ကာ သွေးစွန်းနေသည့်လေပွေကို ကြည့်နေစဉ် သူ့လက်ထဲက တောင်ထိပ်ရှစ်သွယ်မိုးကြိုးအကျဉ်းထောင်က ချက်ချင်းဆိုသလို လေထုအား ဆန့်ကျင်ထိမှန်သည်။
အထက်တွင် မိုးကြိုးစွမ်းအားစီးကြောင်းများက တဟုန်ထိုးစတင်တိုးလာခဲ့သည်။
ဒါက ရှေးဟောင်းနတ်မိုးကြိုးမဟုတ်ဘဲ မုဖူရှန်း မိုးကြိုးကြမ်းပင်လယ်၌ စုဆောင်းထားတဲ့ မိုးကြိုးသာဖြစ်သည်။
တောင်ထိပ်ရှစ်သွယ်မိုးကြိုးအကျဉ်းထောင်က ကောင်းကင်ယံ၌ ပေါက်ကွဲရန်အသင့်ဖြစ်နေပြီး ကျောင်းမင်၏ဓားကြီးကို ပိတ်ဆို့ထားသည်။
"အိုး၊ မင်းကမိုးကြိုးစွမ်းအားကို ကောင်းကောင်းကျွမ်းကျင်ထားတာပဲ၊ ဒါပေမယ့် ဒါပဲဆိုရင်တော့ ငါ့ကိုစိတ်ပျက်စေမိပြီ" ကျောင်းမင်နောက်တစ်လှမ်းဆုတ်ကာ ဒူးနှင့်ခါးကိုကွေးရင်း ဓားရှည်ကို ဓားထိုးသည့်အနေအထားတွင် ကိုင်ပြီး ချက်ချင်းဆိုသလို တောင်ထိပ်ရှစ်သွယ်မိုးကြိုးအကျဉ်းထောင်အား ထိုးစိုက်ပစ်သည်။
မုဖူရှန်းလက်ဝှေ့ယမ်းလိုက်စဉ် မိုးကြိုးအကျဉ်းထောင်တစ်ခုက ဓားရှည်နှင့် ထိတွေ့သွားပြီး သွေးရောင်အရိပ်က ၎င်းအား ထိုးဖောက်နေ၏။
တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် အဆောင်တစ်ခုပေါ်လာပြီး အပေါ်သို့ ပစ်လွှတ်လိုက်လေရာ ကျောင်းမင်ခေါင်းထက်တွင် ဝံပျံနေသည့် မိုးကြိုးလှံတစ်စင်းကို ဖန်တီးသည်။
သို့သော်ဤအရာအားလုံးက ကျောင်းမင်၏မျက်လုံးထဲတွင် မထင်မရှားဖြစ်နေပုံပင်။
အေးစက်စွာနှာမှုတ်ရင်း ကျောင်းမင် ခြေထောက်နှင့် ပြင်းထန်စွာ တက်ဆောင့်ပစ်သည်။
သူ့လက်ထဲက လွှသွားပုံဓားက ပြင်းထန်သည့်သွေးလေနှင့်အတူ ပေါက်ကွဲကာ မိုးကြိုးတောင်ထိပ် ထိုးဖောက်သွားစဉ် သူကိုယ်ကို အမြန်နောက်လှည့်ပြီး လက်ကိုင်ကိုကိုင်ထားသည့်လက်အစုံအား အပေါ်၌ ကွေ့ရင်း ပြင်းထန်စွာ ပိုင်းဖြတ်ပစ်သည်။
မိုးကြိုးတောင်ထိပ်က တိုက်ရိုက်နှစ်ပိုင်းပြတ်သွားပြီး လခြမ်းကွေ့ပမာဓားချက်က အဆောင်မှဖန်တီးထားသည့် မိုးကြိုးလှံကိုပါ ရိုက်ခွဲပစ်သည်။
"ဒါပဲလား" ကျောင်းမင်လှည့်ကာ မုဖူရှန်းအား မျက်မှောင်တစ်ချက်ကြုတ်ပြီး ကြည့်ရင်းမေးသည်။
"မင်းမှာရှိတာဒါပဲဆိုရင် အရှင်မင်းသမီးရဲ့ အာရုံစိုက်မှုကို ဘယ်လိုရခဲ့တာလဲ"