ပဋိပက္ခပေါ်လာခြင်း
Vol. 95 Ch. 1333
မုဖူရှန်း၏ခြိမ်းခြောက်မှုကို ကြားသောအခါ ကျောင်းမင်၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားသည်။
"မင်းဒါကိုဘယ်လိုစီစဉ်ခဲ့တာလဲ"
မုဖူရှန်း နောက်ဆုံးမိုးကြိုးတောင်ထိပ်များအား အဆောင်များစွာနှင့် မဖော်ထုတ်နိုင်အောင်ပြုလုပ်ခဲ့ပြီး သူ့ခြေထောက်အောက်တွင်ပင် မြှုပ်ထားခဲ့သေးသည်။
မုဖူရှန်းစကားတစ်ခွန်းမှမပြောဘဲ ပြုံးလိုက်၏။
ရွှမ်ဝူ၏သူတော်စင်သားတော် နှာခေါင်းရှုံ့သည်။
"ဒါကလှည့်စားမှုတစ်ခုထက်မပိုပါဘူး၊ မင်းရဲ့မောက်မာမှုကြောင့်ပဲ မင်းသတိမထားမိခဲ့တာလေ"
သူဆက်လက်ရှင်းပြသည်။
"မင်းမာနတရားရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ မင်းက မိုးကြိုးတောင်ထိပ်ကို တိုက်ခိုက်လိုက်တော့ ပြိုင်ဘက်က နောက်ဆုံးတောင်ထိပ်ကို အဆောင်တွေနဲ့ဖုံးရင်း သူ့နည်းဗျူဟာတွေကို တိတ်တိတ်လေးစတင်ခဲ့တယ်လေ"
"တစ်ချိန်တည်းမှာပဲ သူကအဆောင်တွေကို အဲဒီတောင်ထိပ်တွေအောက်မှာ မြှုပ်နှံထားပြီးသားပဲ၊ မင်းတောင်ထိပ်တွေကို ဖြိုခွဲလိုက်တာနဲ့ အဆောင်တွေကို ကြမ်းပြင်အောက်မှာ ဝှက်ထားခဲ့တယ်၊ ဒါ့အပြင် နောက်ဆုံးမိုးကြိုးတောင်ထိပ်ပေါက်ကွဲမှုက မင်းအာရုံအားလုံးကို ဆွဲဆောင်သွားခဲ့တယ်၊ အဲတော့ မြှုပ်နှံထားတဲ့ အဆောင်တွေကို အသက်သွင်းလိုက်တာနဲ့ မင်းက စက်ဝိုင်းအတွင်း ပိတ်မိနေတော့တာပဲ"
ဒါကိုကြားသောအခါ လူတိုင်း မုဖူရှန်းကို ထူးဆန်းသည့်အမူအရာများနှင့် လှည့်ကြည့်ကြသည်။
ဆိုလိုတာက ကျောင်းမင်က ခွန်အားနည်းပါးသည့်အတွက် လုံး၀ရှုံးနိမ့်ရခြင်းမဟုတ်ဘဲ သူ့မောက်မာမှုကြောင့် တခြားရှုထောင့်များကို သူလုံလုံလောက်လောက် အာရုံမစိုက်ခဲ့သဖြင့် မုဖူရှန်းထောင်ချောက်ထဲသို့ တစ်လှမ်းပြီးတစ်လှမ်း ကျဆင်းသွားရခြင်းပင်။
ဒါကိုကြားသောအခါ ကျောင်းမင်၌ မည်းမှောင်သည့်အမူအရာတစ်ခုရှိနေပြီး သွေးအသွားဓားကို ကိုင်ထားသည့် သူ့လက်က အဆက်မပြတ်တုန်ယင်နေသည်။
သို့စေကာမူ သူ့လက်ရှိအခြေအနေတွင် သူခြေထောက်အောက်က အဆောင်များကို တားဆီးနိုင်လျှင်ပင် သူ့အတွက် ဓားကို ဆက်ကိုင်ရန်ဟူသည် မဖြစ်နိုင်တော့။
သို့စေကာမူ မုဖူရှန်းအတွက်တော့မတူပေ။ သူ့တွင် သေချာပေါက် အဆောင်များထပ်၍ ရှိမည်ဖြစ်လေရာ ယှဉ်ပြိုင်နိုင်စွမ်းရှိနေဆဲပင်။
ဒါကိုတွေးမိသောအခါ ကျောင်းမင် မုဖူရှန်းကို စိုက်ကြည့်ပြီးနောက် အံကြိတ်ရင်း ပြောလိုက်လေသည်။
"ငါအရှုံးကို ၀န်ခံတယ်......"
မုဖူရှန်းညင်သာစွာရယ်မောကာ အဆောင်များကို စတင်စုစည်းသည်။
သူ့နောက်က ရှောင်ဟိုင်နှင့်ဖန်ချန်းတို့မှာ အကြည့်ချင်းဖလှယ်လိုက်မိကြစဉ် တစ်ဦးစီ၏ မျက်လုံး၌ အားကိုးရာမဲ့နေသည့် အကြည့်ကိုမြင်နေရသည်။
တခြားသူများမသိလောက်သော်လည်း သူတို့ကမူ သိကြသည်။
အကယ်၍ မုဖူရှန်းသာ သူ့တကယ့်စွမ်းအားကိုသုံးခဲ့ပါက ပြိုင်ဘက်ကိုအနိုင်ယူရန် ယခုလိုနည်းဗျူဟာမျိုးကို သုံးရန်လိုအပ်လျှင်ပင် မိုးကြိုးတောင်ထိပ်များ၌ အဆောင်များကို ထည့်သွင်းသည့်သူ့လုပ်ရပ်များကို မည်သူမှ သတိထားမိကြမည်မဟုတ်။
ဆိုလိုတာက အဆောင်များကို မြှပ်နှံသည့် ဤလုပ်ရပ်ကပင် မုဖူရှန်း တခြားသူများကို မြင်စေရန်အတွက် တမင်တကာလုပ်ခဲ့ခြင်းဖြစ်သည်။
သူ့လုပ်ရပ်က အပြစ်အနာအဆာပင်မရှိ။
ရှောင်ဟိုင်ရောဖန်ချန်းပါ စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးလိုက်မိကြ၏။
အိမ်ရှေ့မင်းသားမှာ ဤအဓိပ္ပာယ်မဲ့လှသည့် မြင်ကွင်းကိုကြည့်ရင်း အတော်ကြာကြာ တွေးနေသည့်တိုင် အဓိပ္ပာယ်ရှိသည်ဟု မခံစားရပေ။
ငါ့အရင်ခန့်မှန်းချက်က မှားနေတာများလား!
သို့စေကာမူ မုဖူရှန်း၏နည်းစနစ်က ကောင်းစွာ အကောင်အထည်ပေါ်ခဲ့သည်ဟု ဆိုရပေမည်။
ကျောင်းမင်တွင် ဆက်နေရန်မျက်နှာမကျန်တော့သဖြင့် စိတ်မကောင်းစရာအခြေအနေနှင့်အတူ ဤနေရာမှ ထွက်သွားရတော့သည်။
တတိယမင်းသားက ပြုံးနေသေးသော်လည်း မြင်တတ်သူတစ်ယောက်ဆိုပါက သူ့အကြည့်က အရိပ်များနှင့်ဖုံးနေတာကို မြင်နိုင်ပေလိမ့်မည်။
မုဖူရှန်းခပ်ရေးရေးပြုံးပြီးနောက် ဧကရာဇ်ကို ဦးညွတ်သည်။
"ဒီဂျူနီယာက ရှက်စရာကောင်းတဲ့ပြပွဲတစ်ခုကို ပြသခဲ့မိပါတယ်"
ဧကရာဇ်မှာ လက်ဝှေ့ယမ်းရင်း ကျယ်လောင်စွာရယ်မောသည်။
"မဆိုးဘူး၊ ရက်စက်တဲ့အင်အားဆိုတာက ဖြစ်နေကျပါပဲ၊ ဒါပေမယ့်အားနည်းသူတွေက အားကောင်းသူတွေကို အနိုင်ယူတဲ့ ဉာဏ်ရည်နဲ့ကစားတဲ့ တိုက်ပွဲမျိုးက တကယ်ရှားပါးတယ်၊ ဒါက အတော်လေး စိတ်သက်သာရာရစေတယ်"
မုဖူရှန်းထပ်မံဦးညွတ်ပြီးနောက် အိမ်ရှေ့မင်းသားနောက်တွင် ထော့နဲထော့နဲထိုင်လိုက်၏။
အိမ်ရှေ့မင်းသားမေးသည်။
"မင်းအဆင်ပြေရဲ့လားညီလေးမု၊ မင်းဒဏ်ရာတွေပြင်းထန်တယ်ဆိုရင် စိတ်ချလက်ချနဲ့ အရင်ထွက်သွားလို့ရပါတယ်"
မုဖူရှန်းခေါင်းခါယမ်းသည်။
"အဆင်ပြေပါတယ်၊ ဆေးလုံးနည်းနည်းသောက်ပြီး ခဏထိုင်နေရင်အဆင်ပြေသွားမှာပါ"
"အာ...." အိမ်ရှေ့မင်းသားခြောက်ကပ်စွာ ရယ်မောလိုက်မိသည်။
သို့သော် သူတို့ရှေ့တည့်တည့်၌ မကျေမနပ်ဖြစ်နေသည့်အသံတစ်သံ မြည်ဟီးလာသည်။
"အကြံအစည်တွေနဲ့ လှည့်ကွက်တွေကိုပဲ သုံးတာက လမ်းမှန်တစ်ခုမဟုတ်ဘူး၊ ဒီကမ္ဘာထဲမှာ အရာအားလုံးက နယ်ပယ်၊ ခွန်အားနဲ့သက်ဆိုင်တယ်၊ လက်သီးခွန်အားက အဆုံးစွန်သောအမှန်တရားပဲ"
သူကရွှမ်ဝူ၏သူတော်စင်သားတော်ပေတည်း။
ရွှမ်ဝူနတ်မင်းဆက်က သူတို့သွေးဆက်နှင့် ဆက်စပ်နေသည့် သိုင်းပညာရပ်များနှင့်အတူ အလွန်အမင်းလေးစားခံရသည်။
သူစကားပြောနေစဉ် မုဖူရှန်းကို ကြည့်မနေသော်လည်း သူ့စကားလုံးများက မုဖူရှန်းကို ဦးတည်နေတယ်ဆိုတာ လူတိုင်းသိကြသည်။
မုဖူရှန်း နှလုံးသားထဲတွင် အားကိုးရာမဲ့နေသလို ခံစားနေရသည်။
"ငါဘာမှလည်းမလုပ်ခဲ့ပါဘူး၊ ဒါတောင် ပစ်မှတ်ထားခံနေရတယ်"
အမှန်တကယ်ပင် 'အလှတရားက ပြဿာနာကို သယ်ဆောင်လာသည်' ဟုသော အမည်နှင့် ထိုက်တန်ပေသည်။
အိမ်ရှေ့မင်းသားကို ထောက်ခံသည့် ၀န်ထမ်းဦးစီးက ထူးမခြားနားစွာပြောသည်။
"ဒါကပါးနပ်နဲ့ကြံစည်မှုတစ်ခုဆိုရင်ရော ဘာအရေးလဲ၊ ဒါကလည်း ခွန်အားပုံစံတစ်ခုပဲ၊ တစ်ယောက်ယောက်ကို အနိုင်မယူနိုင်ဘူးဆိုရင် သူတို့စွမ်းရည်က ပိုကောင်းတယ်လို့ ဆိုလိုတာပဲ"
ရွှမ်ဝူသူတော်စင်သားတော်တဖြစ်လဲ ရွှမ်မင်နှာခေါင်းရှုံ့သည်။
"ပိုမြင့်မားတဲ့စွမ်းရည်တွေတဲ့လား၊ ကျောင်းမင်သာ ဒီလောက်ရဲတင်းခဲ့မယ်ဆိုရင် အရမ်းကြီးမမောက်မာခဲ့ဘူးဆ်ုရင် သူထောင်ချောက်ထဲ ကျသွားမှာတဲ့လား၊ သူဒီတာအိုမိတ်ဆွေလေးလက်ထဲမှာ အနိုင်ယူခြင်းကို ခံရမှာတဲ့လား"
စစ်ရေး၀န်ကြီးဆက်ပြောသည်။
"စစ်မြေပြင်ဆိုတာက ခွန်အားသက်သက်ပဲမလား၊ ၀န်ထမ်းဦးစီးအရှင်ရဲ့ ထုတ်ပြန်ချက်တွေက တရားရုံးပြင်ပက ကြမ်းတမ်းတဲ့ အမှန်တရားတွေကို မသိဟန်ဆောင်နေသလိုပဲ"
၀န်ထမ်းဦးစီ၏အမူအရာက ကြည့်ရဆိုးသွားသည်။
သူတော်စင်သားတော်ရွှမ်မင်မှာ ထိုအခွင့်အရေးကို ဖမ်းဆုပ်ရင်း ဆက်လက်ဖိနှိပ်သည်။
"ကျုပ်သာ ဒီတိုက်ပွဲမှာရှိနေမယ်ဆိုရင် ဒီတာအိုမိတ်ဆွေလေးမှာ အဲဒီလှည့်စားတဲ့ နည်းလမ်းတွေကို သုံးဖို့အခွင့်အရေးတောင် ရှိမှာမဟုတ်ဘူး"
ထိုသို့ပြောနေစဉ် သူတော်စင်သားတော်ရွှမ်မင်မှာ ကျိုးပိုင်လုအား စိုက်ကြည့်လိုက်သည်။
ယင်းနောက်တွင် အိမ်ရှေ့မင်းသားပါးစပ်ဟပြီး တစ်ခုခုပြောတော့မည့်အချိန် သူ့နောက်က ကျယ်လောင်သည့်အသံတစ်သံကို ကြားလိုက်ရသည်။ သူချက်ချင်းလှည့်လိုက်သောအခါ ရှောင်ဟိုင် စားပွဲရှည်ကို အပိုင်းပိုင်းကြေမွအောင်ရိုက်နှက်ပစ်ပြီး ဒေါသတကြီးထရပ်လိုက်၏။
"ဒီလိုဆိုရင် တိုက်ခိုက်ကြရအောင်"
မုဖူရှန်းဒါကိုသည်းခံနိုင်သော်လည်း ရှောင်ဟိုင်ကမူ မသည်းခံနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ သူ့အတွက် မကျေနပ်ချက်တိုင်းကို နေရာ၌ ချက်ချင်းဖြေရှင်းသင့်သည်။ မည်သောအခါမှ တစ်ညလုံးနှောင့်နှေးနေသည်အထိ မဆွဲဆန့်ထားသင့်ပေ။
မုဖူရှန်း ရှောင်ဟိုင် အင်္ကျီလက်ကို ဆွဲပြီး အသံပို့လွှတ်လိုက်၏။
"အစ်ကို၊ စစ်ရေးလေ့ကျင့်မှုပြီးတဲ့အထိ စောင့်ကြရအောင်"
သို့သော်နောက်ပြန်လှည့်မကြည့်ဘဲ ရှောင်ဟိုင် အသံပို့လိုက်သည်။
"ငါတို့မှာ မင်းရှိနေတာပဲမလား၊ ငါ့ခွန်အားကို ငါထုတ်ဖော်လိုက်ပြီး သူတို့တန်ပြန်ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တောင် နောက်ဆက်တွဲတွေကို မင်းကိုင်တွယ်နိုင်တာပဲလေ၊ ညီလေး၊ ငါမင်းကိုယုံပါတယ်ကွာ"
မုဖူရှန်းသွေးအန်လုမတတ်ဖြစ်သွားရသည်။
ဘာလို့ကျွန်တော်ရဲ့လျို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ အတင်းတွန်းအားပေးနေရတာလဲ!
သို့သော် ဤနေရာ၌ မုဖူရှန်း အကူအညီမဲ့စွာလက်လျှော့ရုံသာ တတ်နိုင်တော့သည်။
သူတော်စင်သားတော်ရွှမ်မင် ရှောင်ဟိုင်အားကြည့်ရင်း အေးစက်စွာနှာမှုတ်သည်။
"လူတိုင်းငါနဲ့ယှဉ်ပြိုင်ဖို့ မထိုက်တန်ဘူး"
ရှောင်ဟိုင် 'အိုး' ဟုသာတုံ့ပြန်သည်။
"ဘာလဲ၊ မင်းကြောက်နေတာလား"
ဒါကိုကြားသောအခါ သူတော်စင်သားတော်ရွှမ်မင် အနည်းငယ်မျက်လုံးကျဉ်းလိုက်မိပြီး လေးလံသည့်အပြာရင့်ရောင်အော်ရာတစ်ခုက သူ့ကိုယ်ထဲကနေ ထွက်လာသည်။
"ဒါဆိုကြိုးစားကြည့်ပေါ့"
သို့စေကာမူ သူတို့နှစ်ယောက် အနီရောင်ကော်ဇော၏ အလယ်ဗဟိုသို့ ဦးတည်သွားတော့မည့်အချိန်တွင် ပလ္လင်ပေါ်ရှိ ဧကရာဇ်ပြောလိုက်သည်။
"တော်လောက်ပြီ၊ ဒီမှာရပ်ကြတော့" ဧကရာဇ်တည်ငြိမ်စွာပြောသည်။
"ဒါကစားတော်ပွဲလေးတစ်ခုမို့ ယှဉ်ပြိုင်တာကလည်း အပျော်ကိုတိုးမြှင့်ပေးဖို့အတွက်ပဲ၊ ရှေ့ဆက်နေမယ်ဆိုရင် သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်၊ ဒီလိုဆိုအဆင်မပြေဘူး"
"စစ်ရေးလေ့ကျင့်မှုက စတင်တော့မယ်၊ မင်းက အိမ်ရှေ့မင်းသားဘက်က ရွေးချယ်ခံရတဲ့ ပါ၀င်သူတစ်ယောက်ဖြစ်လောက်တာမို့ ဒီမှာထိခိုက်ဒဏ်ရာရမယ်ဆိုရင် လာမယ့်စစ်ရေးလေ့ကျင့်မှုတွေမှာ သက်ရောက်မှုရှိလာနိုင်တယ်"
"ယှဉ်ပြိုင်မှုကို ဒီနေ့ဒီမှာအဆုံးသတ်ကြတော့"
ဧကရာဇ်စကားပြောလာသောအခါ တိုက်ပွဲက ဆက်လက်ဆောင်ရွက်၍မရတော့။
သူတော်စင်သားတော်ရွှမ်မင်မှာ သူ့ကိုယ်ထဲက အပြာရင့်ရောင်အော်ရာကို ပြန်လည်ရုပ်သိမ်းလိုက်သဖြင့် ဤလေးလံသည့် ခံစားချက်က စတင်ပျောက်ကွယ်သွား၏။
ထို့နောက် သူရှောင်ဟိုင်အားကြည့်ရင်း အေးစက်သောအပြုံးနှင့်အတူ သွားအစုံကို ပြသလိုက်သည်။
"မင်းမှာ ငါ့စွမ်းအားကိုမြင်နိုင်ဖို့အတွက် အခွင့်အလမ်းရှိလာမှာပါ" ထိုသို့ဆိုပြီးနောက် သူတော်စင်သားတော် ဒဏ်ရာများကို ကုသရန်အတွက် တရားထိုင်နေသည့် မုဖူရှန်းအားလည်း လှည့်ကြည့်ကာပြုံးသည်။
"မင်းလည်းအတူတူပဲ"
ယင်းနောက်တွင်သာ သူထိုင်သည်။
ရှောင်ဟိုင်အေးစက်စွာနှာခေါင်းရှုံ့ရင်း အသစ်စီစဉ်ထားသည့်ထိုင်ခုံထံပြန်သွားသည်။
ဤထူးဆန်းသည့်လေထုအတွင်း စားတော်ပွဲက အဆုံးသတ်သွားပြီးနောက် ကျိုးပိုင်လု သူမဘာသာအစောကြီးထွက်သွားသည်။
မုဖူရှန်းနှင့် သူ့အုပ်စုကလည်း အိမ်ရှေ့မင်းသားနှင့်အတူ နန်းတော်ကနေ ထွက်လာသည်။
အိမ်ရှေ့မင်းသားပြောသည်။
"ငါ့နေရာကိုလာမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ၊ ဒါကမင်းတို့ကို စစ်ရေးလေ့ကျင့်မှုရဲ့ အသေးစိတ်အကြောင်းအရာတွေကို ပြောပြဖို့ အခွင့်အလမ်းကောင်းတစ်ခုပဲလေ"