မချိုးဖျက်နိုင်သောကံကြမ္မာ
Vol. 95 Ch. 1334
လူအုပ်စုတစ်စုက အဇူရာနဂါးခြံ၀င်းသို့ ရောက်လာသည်။
အိမ်ရှေ့မင်းသား မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေသေးသည့် မုဖူရှန်းကို ကြည့်ရင်း သူ့စိုးရိမ်ပူပန်မှုကို ဖော်ပြသည်။
"ညီလေးမုအနားယူသင့်တယ်ထင်တယ်၊ နောက်ကျမှ မင်းရဲ့ညီအစ်ကိုတွေကို အဲဒါတွေကို ပြန်ပြောပြခိုင်းလို့ ရတာပဲလေ"
မုဖူရှန်း ငြင်းဆန်ရန်အတွက် ခေါင်းခါယမ်းတော့မည့်အချိန် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။
"ကောင်းပါပြီ၊ ဒါဆိုကျွန်တော်အရင် သွားလိုက်ပါမယ်"
ရှောင်ဟိုင်နှင့်ဖန်ချန်းတို့က မုဖူရှန်းနှင့် ပတ်သက်၍ တစ်ခုခုမှားနေသလို ခံစားမိကြသော်လည်း သူတို့အများကြီးမပြောကြပါ။
ဒါကိုမြင်သော် အိမ်ရှေ့မင်းသား ဘေးတွင် ရပ်နေသည့် အကြီးအကဲချူကို စိုက်ကြည့်လိုက်၏။ အကြီးအကဲချူမှာ နားလည်သွားသဖြင့် ရှေ့တိုးပြီး လှပအဖိုးတန်သည့် သစ်သားသေတ္တာလေးတစ်လုံးကို ထုတ်ယူကာ မုဖူရှန်းအားလက်ကမ်းပေးသည်။
"ဒါကအိမ်ရှေ့မင်းသားပြင်ဆင်ပေးထားတဲ့ ဘိုးဘေးနယ်ပယ်အဆင့် ပြန်လည်ကုသဆေးလုံးပါ၊ မင်းပိုမြန်မြန်သက်သာလာအောင် ကူညီပေးနိုင်တယ်"
မုဖူရှန်းမငြင်းတော့ဘဲ သူတို့ကို ကျေးဇူးတင်ပြီးနောက် လှမ်းယူရင်း အဇူရာနဂါးခြံ၀င်းမှ ထွက်သွားလေတော့သည်။
ထို့နောက်ချက်ချင်းဆိုသလို အိမ်ရှေ့မင်းသား ရှောင်ဟိုင်၊ ဖန်ချန်းတို့နှင့် စစ်ရေးလေ့ကျင့်မှုအကြောင်း အသေးစိတ်အချက်အလက်များအား စတင်ဆွေးနွေးသည်။
"ငါထိန်းချုပ်တဲ့တစ်ခုတည်းသောစစ်တပ်က အဇူရာနဂါးစစ်တပ်ပဲ"
"စစ်ရေးလေ့ကျင့်မှုတစ်ခုလုံးကို အဆင့်သုံးဆင့်ခွဲခြားထားတယ်၊ ပထမအဆင့်က အုပ်စုလိုက်လေ့ကျင့်မှုဖြစ်ပြီး ဒုတိယအဆင့်က တပ်ဖွဲ့တွေကိုအမိန့်ပေးခြင်းပဲ၊ ဒီအဆင့်နှစ်ဆင့်အတွက် မင်းတို့ကို မလိုအပ်သေးပါဘူး"
"ဒါပေမယ့် တတိယအဆင့်ကတော့ မင်းတို့အကူအညီကိုလိုအပ်တယ်"
ထို့သို့ပြောနေရင်း အိမ်ရှေ့မင်းသား သဲစားပွဲတစ်လုံးကိုထုတ်ယူကာ ရှည်လျားစွာ ထိုးထွက်နေသည့်နေရာအား ညွှန်ပြသည်။
"ဒါကတားမြစ်နေရာအများအပြားရှိတဲ့ ကျိုးလုံတောင်တန်းပဲ၊ ငါတို့နတ်မင်းဆက်ကတောင် ဒါကို အပြည့်အ၀မစူးစမ်းရသေးဘူး၊ တတိယအဆင့်အတွက် တည်နေရာကို ဒီမှာသတ်မှတ်ထားတယ်"
ကျိုးလုံတောင်တန်းကို နဂါးကိုးကောင်နတ်မင်းဆက်၏ နဂါးသွေးကြောအဖြစ်လည်း မှတ်ယူနိုင်သည်။ မင်းဆက်တိုင်းက နတ်မင်းဆက်တစ်ခုဖြစ်လာရန်အတွက် နတ်တစ်ပိုင်းအဆင့်နဂါးသွေးကြောတစ်ခုရှိရန် လိုအပ်သည်။
နတ်တပိုင်းအဆင့်နဂါးသွေးကြောတစ်ခုက နတ်မင်းဆက်၏ကံကြမ္မာကို တိုးမြှင့်စေသည်သာမက မင်းဆက်ကို ကြွယ်၀စေရန်အတွက် မိုးနှင့်မြေ၏ ဝိဉာဉ်စွမ်းအင်ကိုပါ စုစည်းပေးသည်။
"ဆယ်နှစ်တစ်ခါ ကျိုးလုံတောင်တန်းက နဂါးကိုးကောင်ဝိဉာဉ်တွေကို ပျိုးထောင်ပေးတယ်၊ စည်းမျဉ်းတွေကတော့ ရိုးရှင်းတယ်၊ နဂါးဝိဉာဉ်တွေပိုရတဲ့ဘက်က နိုင်မယ်" အိမ်ရှေ့မင်းသားရှင်းပြသည်။
ထို့နောက် ရှောင်ဟိုင်နှင့်ဖန်ချန်းတို့ကို လှမ်းကြည့်လိုက်စဉ် အိမ်ရှေ့မင်းသား၏ အမူအရာက လေးနက်လာသည်။
"ဒါပေမယ့် ငါမင်းတို့ကို သတိပေးချင်တာက အဇူရာနဂါးစစ်တပ်ရဲ့ခွန်အားက စံချိန်မှီစစ်တပ်များစွာထံမှာ ပျမ်းမျှထက် နည်းနည်းလေးပဲပိုမြှင့်တာ၊ ထိပ်တန်းအဆင့်တပ်ခွဲအားလုံးနီးပါးက ပထမမင်းသားရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး ငါတို့သာ သူတို့နဲ့တွေ့ဆုံရမယ်ဆိုရင် ဆုံးရှုံးမှုတွေက ကြီးမားနိုင်တယ်၊ ဒီတော့ ငါမင်းတို့ကို ထပ်မေးချင်တယ်၊ မင်းတို့ဒီတာ၀န်ကို လက်ခံမှာသေချာပြီလား"
အများကြီးတွေးမနေဘဲ ရှောင်ဟိုင်ပြောသည်။
"ကျုပ်တို့လက်ခံပြီးမှတော့ လမ်းတစ်၀က်ကနေ ထွက်သွားဖို့ အကြောင်းရင်းမရှိပါဘူး"
ယင်းနောက်တွင် ဖန်ချန်းမေးသည်။
"တခြားစစ်တပ်တွေမှာ ပြင်ပအထောက်အကူတွေရှိလား"
အိမ်ရှေ့မင်းသားခေါင်းညိတ်သည်။
"သေချာပေါက်ရှိမှာပေါ့"
"မင်းတို့သဘောတူပြီးပြီဆိုတော့ ငါမင်းတို့ကို ကတိတစ်ခုပေးမယ်၊ ဒါက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ တာ၀န်ကို ပြီးမြောက်ခြင်းအတွက် ဆုလာဘ်ကို မင်းတို့ကိုပေးမှာပါ" အိမ်ရှေ့မင်းသားအပြုံးဖြင့်ပြောသည်။
အိမ်ရှေ့မင်းသားအတွက် ဤစစ်ရေးလေ့ကျင့်မှုပြိုင်ပွဲကို အနိုင်ရရန်ဟူသည် ဒုတိယပန်းတိုင်သာဖြစ်သည်။
အရေးအကြီးဆုံးအရာက ရှောင်ဟိုင်နှင့် ကျန်သောသူများ၏ ခင်မင်ရင်းနှီးမှုကို ရယူရန်ပင်။
မူလစောင့်ကြပ်ရေးတာ၀န်ပြီးဆုံးသွားပြီးနောက် အိမ်ရှေ့မင်းသား ရှောင်ဟိုင်နှင့် ကျန်သောသူများအကြောင်း သူ့သတင်းလမ်းကြောင်းများကနေတဆင့် စုံစမ်းခဲ့ပြီး သူတို့က ဝိဉာဉ်အနှစ်သာရကျောင်းတော်၌ ပထမအကြီးအကဲကိုယ်တိုင်ကိုယ်ကျ စုဆောင်းထားတဲ့ အထူးလူသစ်များဖြစ်နေတာကို သိလိုက်ရသည်။
ထို့ကြောင့် ပထမအကြီးအကဲနှင့် သူတို့ဆက်ဆံရေးက အတော်လေးကောင်းမွန်သည်။
သူတို့၏ခင်မင်ရင်းနှီးမှုကို ရယူခြင်းအားဖြင့် သူတို့အနာဂတ်အောင်မြင်မှုအပေါ် လောင်းကြေးထပ်ရာရောက်မည့်အပြင် ဝိဉာဉ်အနှစ်သာရကျောင်းတော်နှင့်လည်း သွယ်ဝိုက်ပြီး ဆက်သွယ်လိုက်ခြင်းဖြစ်သည်။
အိမ်ရှေ့မင်းသား၏ နတ်မင်းဆက်အတွင်း ဩဇာလွှမ်းမိုးမှုက အရမ်းကြီးအားမကောင်းလေရာ ဒါက သူ့အတွက် အင်မတန်အရေးကြီးသည်။
နတ်မင်းဆက်အတွက် ဂိုဏ်းများကို အခြေခံအားဖြင့် တည်ထောင်ပြီးဖြစ်သည်။
သူ့ကိုယ်ပိုင်စွမ်းအားကို ပိုသန်မာလာစေလိုသည့် အိမ်ရှေ့မင်းသားမှာ ပြင်ပအင်အားစုများ၏ အကူအညီကို ရရန်လိုအပ်သည်။
ထို့ကြောင့် ထူးခြားစွာပင်ပါရမီရှိပြီး ဝိဉာဉ်အနှစ်သာရကျောင်းတော်မှ ပထအအကြီးအကဲနှင့်လည်း ရင်းနှီးသော ဆက်ဆံရေးရှိသည့် ရှောင်ဟိုင်နှင့် သူ့အဖော်များက အိမ်ရှေ့မင်းသားအတွက် အကောင်းဆုံးရွေးချယ်မှုပေတည်း။
အသေးစိတ်များကို ဆက်လက်ဆွေးနွေးပြီးနောက် ရှောင်ဟိုင်နှင့်ဖန်ချန်းတို့ကလည်း အဇူရာနဂါးခြံ၀င်းမှ ထွက်သွားကြတော့သည်။
သူတို့နှစ်ယောက် အိမ်ရှေ့မင်းသားစီစဉ်ပေးထားသည့် ခြံ၀င်းလေးဆီသို့ ပြန်ရောက်လာသောအခါ မုဖူရှန်းရှိမနေတာကို တွေ့လိုက်ရသည်။
သို့သော် သူတို့ဒါကိုမျှော်လင့်ထားပြီးသားပင်။
မုဖူရှန်း၏စရိုက်အရ အရေးကြီးအရာတစ်ခုခုမရှိပါက သတင်းအချက်အလက်များ စုဆောင်းနိုင်မည့် အခွင့်အရေးတစ်ခုကို သူလက်လွတ်ခံမည်မဟုတ်။
....
တစ်ချိန်တည်းမှာပင် ကျိုးလုံမြို့အစွန်ပိုင်းဒေသတွင်......
ဤဒေသကလူဦးရေနည်းပါးပြီး တခြားသူများ၏ခြေရာက မရှိသလောက်လုနီးပါးပင်။
အနီးအနားက တောင်များနှင့် ချောင်းငယ်လေးကြားတွင် ခြံ၀င်းလေးတစ်ခုရှိသည်။
မုဖူရှန်း ဤနေရာကိုရောက်လာသည်။
လမ်းတစ်လျှောက်၌ ပုန်းလျှိုနေသည့် အစောင့်ဟူ၍မရှိသလို မည်သူကမှ သူ့ကို မတားဆီးကြပေ။
ခြံ၀င်းတံခါးနားသို့ချဉ်းကပ်လာစဉ် တံခါး၀၌ ကိုင်းညွတ်စွာရှိနေသည့် မက်မွန်ပင်တစ်ပင်ရှိနေသည်။
အဓိကတံခါး၀ကမူ မုဖူရှန်းလာမယ်ဆိုတာကို ကြိုသိနေသည့်အလား ကျယ်ပြောစွာ ပွင့်နေသည်။
မုဖူရှန်းဘေးပတ်လည်ကိုကြည့်ရင်း ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ပြင်ဆင်ပြီးနောက်တွင် အဆက်မပြတ်နောက်လှည့်ကြည့်ကာ ခြံ၀င်းထဲသို့ ၀င်သွားသည်။
ကျောက်ဖြူလမ်းကြောင်းလေးကနေ လျှောက်နေစဉ် အလှဆင်ထားခြင်းမရှိသည့် ရိုးစင်းသောအဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသော အမျိုးသမီးသမီး ပန်းပင်များအား ရေလောင်းနေသည့် ဥယျာဉ်တစ်ခုဆီသို့ လျင်မြန်စွာ ရောက်လာသည်။
ဤအပင်များက အဖိုးတန်နေခြင်းမဟုတ်ဘဲ ယင်းအစား လမ်းဘေးနှင့် သစ်တောများထဲတွင် တွေ့ရသည့် သာမန်ပန်းပင်ရိုင်းများနှင့် မြက်ပင်များသာ။
မုဖူရှန်းကို သတိထားမိသည့်အလား ကျိုးပိုင်လုညင်သာစွာပြောသည်။
"ဒီပန်းရိုင်းတွေနဲ့မြက်ပင်တွေကို ဂရုမစိုက်စောင့်ရှောက်မယ်ဆိုရင် ပိုအားကောင်းလှပစွာ ပွင့်လန်းလာပြီး သူတို့ရဲ့အနံ့အသက်က တန်ဖိုးရှိအပင်တွေထက် ပိုနှစ်လိုဖွယ်ကောင်းလာမယ်လို့ ရှင့်မထင်မိဘူးလား"
မုဖူရှန်းတိုက်ရိုက်ပင် ခေါင်းခါယမ်းသည်။
"ကျွန်တော်ပန်းနဲ့အပင်တွေကို နားမလည်ဘူး၊ အရှင်မင်းသမီး ကျွန်တော့်ကို ဒီမှာ အထူးဖိတ်ခေါ်ခဲ့တာက ဒီလိုကိစ္စတွေကို ဆွေးနွေးဖို့မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
ကျိုးပိုင်လုခပ်ပေါ့ပေါ့ရယ်မောလိုက်စဉ် မြက်ပင်ရိုင်းများနှင့်ပန်းများက လေယူရာယဲ့သိမ်းနေကြ၏။
သူမ မုဖူရှန်းထံလှည့်လိုက်သည်။
"ရှင်ကျွန်မကို သဘောကျနိုင်သရွေ့ ဒီလိုကိစ္စတွေကို ဆွေးနွေးဖို့ဆိုတာက ဖြစ်နိုင်တာပဲလေ"
တွေးပင်မတွေးဘဲ မုဖူရှန်းပြောသည်။
"ကျွန်တော်လုံး၀စိတ်မ၀င်စားသလို ကျွန်တော့်မှာ စွမ်းဆောင်ရည်လည်းမရှိပါဘူး"
ကျိုးပိုင်လု ရေပိုက်ကိုချထားပြီးနောက် မုဖူရှန်းကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်သည်။
"ရှင့်အဖြေက တခြားယောက်ျားတွေနဲ့ မတူဘူး၊ ဒီအချက်ကပဲ အမှတ်တွေရနေတာ"
မုဖူရှန်း "????"
ဒါက အမှတ်တွေရနေတာလား!
"ဒါဆိုထပ်ပြီးကြိုးစားသင့်လား၊ ကျွန်တော့်တုံ့ပြန်မှုကို ပိုဖြစ်နေကျအရာတစ်ခုခုလို ပြောင်းသင့်လား"
"ရှင့်ကတကယ်တော့ တခြားသူတွေနဲ့ မတူဘူးလေ၊ တခြားသူတွေက ကျွန်မနဲ့ နီးကပ်ဖို့အတွက် ဘယ်နည်းလမ်းကိုမဆို ကြိုးစားပေမယ့် ရှင့်ကတော့ ကျွန်မဆီက ခပ်ဝေးဝေးနေဖို့ ဘယ်နည်းလမ်းကိုမဆို ကြိုးစားတယ်" ကျိုးပိုင်လု ပါးစပ်လေးကိုပိတ်ကာ ခပ်ယဲ့ယဲ့ရယ်မောရင်း မုဖူရှန်းကို သိချင်စိတ်ဖြင့် လှမ်းကြည့်နေစဉ် သူမမျက်သူငယ်အိမ်ထဲက ထိုရွှေရောင်အလင်းအမျှင်စလေးက ထပ်ပြီးပေါ်လာသည်။
မုဖူရှန်းအတင်းပြုံးလိုက်ရသည်။
"ကျေးဇူးပြုပြီး၊ အရှင်မင်းသမီး၊ အဓိကကိစ္စကို ပြောကြရအောင်"
ယင်းနောက်တွင် ကျိုးပိုင်လု မုဖူရှန်းကို နောက်ထပ်စနောက်နေတာကို ရပ်လိုက်ပြီးနောက် ခေါင်းညိတ်သည်။
"ရှင့်က အရမ်းသတိထားတတ်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါကြောင့်မို့ ဒီခြံ၀င်းထဲက လူတွေနဲ့ ပုန်းလျှိုနေတဲ့အစောင့်တွေကို ကြိုတင်ပြီး တခြားနေရာတစ်ခုကို စေလွှတ်ထားခဲ့တာပါ"
မုဖူရှန်းအံ့ဩမှုကိုဖော်ပြသည်။
"အရှင်မင်းသမီးလုပ်ကြံခံရမှာကို မကြောက်ဘူးလား"
"ဘယ်သူ့ကြောင့်လဲ၊ ရှင့်ကြောင့်လား"
"အရှင်မင်းသမီးနဲ့ ကျွန်တော့်မှာ ရန်ငြိုးမရှိပါဘူး"
"အတိအကျပဲလေ" ကျိုးပိုင်လု မုဖူရှန်းကို ဖြတ်သွားပြီးနောက် တစ်နေရာတွင်ထိုင်ကာ လက်ဖက်ရည်ငှဲ့ထည့်ရင်းပြောသည်။
"ရှင့်ကံကြမ္မာဆိုတာကိုယုံလား"
ဤရုတ်တရက်အကြောင်းအရာက မုဖူရှန်းကို အနည်းငယ်ကြက်သေသေသွားစေသည်။
သူတစ်ခဏမျှ မိန်းမောတွေဝေစွာ ရပ်နေပြီးနောက် သတိပြန်၀င်လာကာ ခေါင်းခါယမ်းသည်။
"ယုံတယ်၊ မယုံဘူး"
ကျိုးပိုင်လုပြုံးသည်။
"အစကတော့ ကျွန်မလည်းမယုံခဲ့ပါဘူး၊ ကံကြမ္မာဆိုတာ အဲဒီအားနည်းတဲ့သူတွေအတွက် ဆင်ခြေတစ်ခုပဲလို့ ကျွန်မထင်ခဲ့တာ၊ ဒါပေမယ့်အခုတော့ လူတစ်ယောက်က ဘယ်လောက်ပဲအားကောင်းနေပါစေ ကံကြမ္မာကို ဖြတ်တောက်လို့မရနိုင်ဘူးဆိုတာ ကျွန်မနားလည်သွားပြီ"
မုဖူရှန်းမျက်မှောင်ကြုတ်ကာမေးသည်။
"ဘာလို့အရှင်မင်းသမီးဒီလိုပြောရတာပါလဲ"
သူမထိုင်နေသည့်စင်လေး၌ လက်ဖက်ရည်ဖျော်သံက အဆက်မပြတ်ထွက်နေပြီး လက်ဖက်ရည်၏ မွှေးကြိုင်သည့်ရနံ့က ထွက်လာကာ ကျိုးပိုင်လု၏ မျက်နှာလေးက လက်ဖက်ရည်အငွေ့များကြောင့် အနည်းငယ်ဝေဝါးသွား၏။ သူမဆန်းကြယ်စွာပင်ပြောသည်။
"ကြည့်ရတာ ရှင့်နဲ့ကျွန်မမှာ မချိုးဖျက်နိုင်တဲ့ ကံကြမ္မာတစ်ခုရှိပုံပဲ....."