← Chapters

လောင်းကြေး

Vol. 95 Ch. 1336

လောင်းကြေး

Vol. 95 Ch. 1336

အဇူရာနဂါးစစ်စခန်းအတွင်း လူတိုင်း အိမ်ရှေ့မင်းသားတောင်းဆိုခဲ့သည့် ပြင်ပအကူအညီကို သိကြသော်လည်း မည်သူမှ သူတို့နှင့်မတွေ့ဆုံရသေးပါ။

အိမ်ရှေ့မင်းသား မုဖူရှန်းနှင့် ကျန်နှစ်ယောက်တို့နှင့်အတူ စခန်းထဲ၀င်လာသောအခါ လူတိုင်း မုဖူရှန်းကို အမူအရာအသီးသီးဖြင့် ကြည့်ကြသည်။

မည်သို့ပင်ဆိုစေကာမူ မဟာခန်းမ၌ မုဖူရှန်း ကျောင်းမင်နှင့်ယှဉ်ပြိုင်ခဲ့သည့်သတင်းက စခန်းတစ်ခွင် ပျံ့နေလေပြီ။

သူအနိုင်ရခဲ့သော်လည်း ခွန်အားသက်သက်ကြောင့်မဟုတ်လေရာ ဤအချက်က သူတို့အတွက် မဆီလျော်ဟုထင်ရသည်။

သူတို့သုံးယောက်ကို ဦးဆောင်ရင်း အိမ်ရှေ့မင်းသား အဇူရာနဂါးတပ်ဖွဲ့ရှေ့သို့ တက်လာပြီး ကျယ်လောင်စွာကြေညာသည်။

"တတိယအဆင့်မှာ ဒီသုံးယောက်က ငါဖိတ်ခေါ်ခဲ့တဲ့ ပြင်ပအကူအညီတွေဖြစ်တယ်၊ ဒီတော့ သူတို့ရဲ့အမြင်တွေကိုလည်း မင်းတို့ ထည့်စဉ်းစားမယ်လို့ ငါမျှော်လင့်တယ်၊ တပ်မှူးကိုယ်တိုင်ကတောင် ထည့်စဉ်းစားရမယ်၊ နားလည်လား"

အဇူရာနဂါးတပ်ဖွဲ့၀င်အားလုံး အံ့ဩသင့်သွားကြ၏။

သူတို့အမြင်ကိုစဉ်းစားရမှာလား!

တပ်မှူးကိုယ်တိုင်ကတောင် လိုက်နာရမှာလား!

ဒါကနည်းနည်းများလွန်းမနေဘူးလား!

တခြားတပ်ဖွဲ့များ၏ ပြင်ပအကူအညီများပင်လျှင် အမိန့်များမပေးဘဲ ထောက်ပံ့မှုများသာ ပေးနိုင်တာကို လူတိုင်းသိကြသည်။

ဒါကအံ့ဩစရာမရှိ တခြားသူများ၏ ကန့်ကွက်မှုကို အစပျိုးစေသည်။

"အရှင်မင်းသား၊ ဒါကမသင့်တော်ဘူးမလား၊ သူတို့ကိုအမိန့်ထုတ်ပြန်ခိုင်းရမှာလား"

"တပ်မှူးက ကျွန်တော်တို့ကိုဦးဆောင်နေတာကြာပြီဆိုတောက ကျွန်တော်တို့သူ့ကို ယုံကြည်မှုအရှိဆုံးပဲ၊ သူ့အမြင်က သူတို့နဲ့ မကိုက်ညီဘူးဆိုရင်ရော၊ ဒါက ခွဲခြားမှုတစ်ခုဆီကို ဦးတည်သွားမှာပဲလေ"

တပ်မှူးကလည်း အနည်းငယ်မျက်မှောင်ကြုတ်သည်။

"အရှင်မင်းသား၊ ကျွန်တော့်ရဲ့ပွင့်လင်းမှုအတွက် ခွင့်လွှတ်ပါ၊ ဒါပေမယ့် တပ်မတော်အတွက် ဒုတိယတပ်မှူးရှိနေတာက သေရေးရှင်ရေးအတွက်ပါ"

သို့သော် အိမ်ရှေ့မင်းသားခိုင်မာစွာပြောသည်။

"သူတို့အမိန့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် အရေးကြီးနဲ့အချိန်မှာ သူတို့ထင်မြင်ချက်ကို ပေးလာရင် မင်းတို့လိုက်နာရမယ်"

မုဖူရှန်းနှင့်ကျန်သောသူများ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

အိမ်ရှေ့မင်းသားက သူတို့ကို ဒီလောက်ထိ ယုံကြည်လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။

အိမ်ရှေ့မင်းသား၏စကားလုံးများက တပ်မှူးကို လိုက်နာရန်ကလွဲပြီး ရွေးချယ်စရာမရှိစေပါ။

သို့စေကာမူ အောက်တွင် သဘောထားကွဲလွဲသူများ၏အသံများက ရှိနေဆဲပင်။

"ကျောင်းမင်ကိုတောင် ခွန်အားသက်သက်နဲ့ မနိုင်နိုင်တဲ့ လူတစ်ယောက်က ဘိုးဘေးနယ်ပယ်အစောပိုင်းအဆင့်က တပ်မှူးတစ်ယောက်ကို ဘယ်လိုလုပ်နာခံအောင် လုပ်နိုင်မှာလဲ"

"မှန်တယ်....ဒီကောင်လေးတွေကလည်း အရမ်းအားကောင်းပုံမပေါ်ဘူး"

"အိုက်ယား၊ ငါတို့မှာအိမ်ရှေ့မင်းသားရဲ့ အမိန့်တွေကို လိုက်နာတာက လွဲပြီး တခြားရွေးချယ်စရာမရှိဘူး"

"ဒါ့အပြင် ပထမမင်းသား၊ တတိယမင်းသားနဲ့ ပဉ္စမမင်းသားရဲ့ တပ်တွေက ငါတို့ကိုပစ်မှတ်ထားနေတော့ ငါတို့အဆင့်မြင့်ကလူတွေကို မရွေးချယ်နိုင်ဘူးလေ"

အောက်ကစစ်သားများက အိမ်ရှေ့မင်းသားနှင့် ကျန်သောသူများ မကြားနိုင်ရန်အတွက် အသံပို့လွှတ်နေကြသည်။

သို့သော်သူတို့အမူအရာကနေတဆင့် သူတို့ အိမ်ရှေ့မင်းသား၏ဆုံးဖြတ်ချက်ကို မယုံနိုင်သေးတာရှင်းနေသည်။

"ကောင်းပြီ၊ ငါအမိန့်ထုတ်ပြန်လိုက်ပြီ၊ တစ်ယောက်ယောက်မလိုက်နာဘူးဆိုရင် ငါစစ်ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းမယ်" အိမ်ရှေ့မင်းသားခက်ထန်စွာပြောသည်။

"အခု လူတိုင်းသွားပြီးပြင်ဆင်ကြ၊ အကောင်းဆုံးအခြေအနေမှာ ရှိနေကြပါစေ"

ထိုသို့ပြောပြီးနောက် အိမ်ရှေ့မင်းသား မုဖူရှန်းနှင့် ကျန်သောသူများနှင့်အတူ ထွက်သွားလေတော့သည်။

လမ်းတွင် မုဖူရှန်းမေးသည်။

"အရှင်မင်းသား၊ ဒါက သူတို့ကို ခုခံမှုတစ်ချို့ဖြစ်လာစေနိုင်လား"

အိမ်ရှေ့မင်းသားခေါင်းခါယမ်းသည်။

"မဖြစ်ဘူး၊ နဂါးကိုးကောင်နတ်မင်းဆက်ရဲ့ တပ်တွေက အထက်ပုဂ္ဂိုလ်တွေရဲ့ အမိန့်တွေကို စိန်မခေါ်ကြဘူး၊ လိုအပ်လာတဲ့အခါ အမိန့်ပေးရုံပဲ"

ဤနေရာတွင် အိမ်ရှေ့မင်းသား မုဖူရှန်းနှင့် ကျန်သောသူများကို မျက်မှာမူရင်း အလေးအနက်ပြောသည်။

"မင်းတို့ သူတို့ရဲ့ယုံကြည်မှုကို အမြန်ရဖို့လိုသေးတယ်၊ မဟုတ်ဘူးဆိုရင် အရေးကြီးတဲ့ကာလမှာ ပြဿာနာတွေပေါ်လာနိုင်တယ်"

"ဒီတော့ တတိယအဆင့်ရဲ့ အစောပိုင်းအဆင့်မတိုင်ခင် မင်းတို့သိသာတဲ့ သက်ရောက်မှုတစ်ခုရှိဖို့လိုတယ်၊ ငါမင်းတို့ကို အားကိုးမယ်နော်"

ဒါကိုကြားသောအခါ မုဖူရှန်းနှင့် ကျန်သောသူများခေါင်းညိတ်ရုံသာ တတ်နိုင်သည်။

....

နောက်တစ်နေ့တွင် နဂါးကိုးကောင်နတ်မင်းဆက်၏ တပ်ဖွဲ့အားလုံးက နဂါး‌ကိုးကောင်တောင်တန်းအပြင်ဘက်၌ စုရုံးကြသည်။

တောင်ပေါ်ရေကန်ပတ်လည်၌ လူအုပ်စုကြီးက စုရုံးနေကြ၏။

ရှေ့တန်းတွင် ပုံရိပ်များစွာက ဖြည်းဖြည်းချင်းပေါ်လာသည်။

ခေါင်းဆောင်က နတ်မင်းဆက်၏ ဧကရာဇ်ဖြစ်ပြီး အိမ်ရှေ့မင်းသား၊ ကျိုးပိုင်လုနှင့် တခြားမင်းသားများစွာက လိုက်ပါလာကြသည်။

ဘေးတွင် ကြည့်ရှုသူတစ်ချို့ရှိသည်။

ဥပမာအားဖြင့် သူတော်စင်သားတော်ရွှမ်မင်ဖြစ်သည်။

ဧကရာဇ်ကျယ်လောင်စွာကြေညာသည်။

"မင်းတို့အားလုံးတတိယအဆင့်ရဲ့ စည်းမျဉ်းတွေကို သိကြမှာပါ၊ ဒီတော့ ငါအသေးစိတ်မပြောတော့ဘူး"

"ငါမင်းတို့ကိုသတိပေးချင်တာက လေ့ကျင့်မှုပတွင်း ထိခိုက်ဒဏ်ရာရတာက ရှောင်လွှဲလို့မရဘူးဆိုပေမယ့် မင်းတို့တောင်ကနေ ထွက်လာနိုင်ဖို့အတွက် လက်ထဲက တုံကင်ကို ချေမွလို့ရတယ်၊ နတ်မင်းဆက်ရဲ့ အားအကောင်းဆုံးစစ်သည်တွေအနေနဲ့ မင်းတို့တုံကင်ကို ပေါ့ပေါ့လေး မချေမွပစ်ဖို့ ငါမျှော်လင့်ပါတယ်၊ ငါတို့မင်းဆက်ရဲ့စိတ်ဓာတ်ကို မလျော့ပါးသွားစေနဲ့"

"ပြီးတော့ ဒီတစ်ကြိမ်အနိုင်ရသူက နဂါးဝိဉာဉ်တစ်ခုကို ရရုံအပြင် နတ်လက်နက်‌ခန်းမနဲ့ စာကြည့်တိုက်ကိုလည်း ၀င်ခွင့်ရမယ်"

ထိုစကားကိုကြားသောအခါ လူအုပ်ကြီးက ကသောင်းကနင်းဖြစ်သွားကြသည်။

အိမ်ရှေ့မင်းသားနှင့် တခြားတော်၀င်မိသားစုများကဲ့သို့ အရေးပါသည့်ပုဂ္ဂိုလ်များပင်လျှင် ထိတ်လန့်သွားကြပြီး ဧကရာဇ်အား လှည့်ကြည့်လိုက်မိကြ၏။

နဂါးဝိဉာဉ်လား!

ပုံမှန်အားဖြင့် နဂါးဝိဉာဉ်များကို ဝိဉာဉ်ဆိုင်ရာအဓိပ္ပာယ်များကနေတဆင့် တိုင်းပြည်၏ကံကြမ္မာကို တည်ငြိမ်စေရန်အတွက် ဧကရာဇ်ကိုသာ ကမ်းလှမ်းကြသည်။

ဒါပေမယ့် ဒီတစ်ကြိမ် နဂါးဝိဉာဉ်ကို ကိုယ်တိုင်အတွက် သိမ်းထားနိုင်မှာလား!

အကယ်၍ကျင့်ကြံသူတစ်ယောက်က နဂါးဝိဉာဉ်ကိုစုပ်ယူလိုက်ပါက သူ့ရုပ်ခန္ဓာတည်ဆောက်ပုံကို အကြီးအမား မြှင့်တင်ပေးသည်သာမက သွေးကြောစွမ်းအားကိုလည်း အားကောင်းစေပြီး ကံတရား၏ ရှောင်လွှဲနိုင်အားကိုပင် တိုးမြှင့်ပေးသည်။

ယခုလိုနတ်ပစ္စည်းမျိုးက နတ်တပိုင်းများပင်လျှင် အားကျလိုချင်တပ်မက်ရသည့် ပစ္စည်းတစ်ခုပင်။

မည်သို့ပင်ဆိုစေကာမူ နဂါးဝိဉာဉ်ကို နတ်တပိုင်းအဆင့်နဂါးသွေးကြောကနေ ထုတ်လုပ်ထားခြင်းပင် မဟုတ်ပေလော။

သူတော်စင်သားတော်ပင်လျှင် သွေးဆောင်ခံရသည်။

ဧကရာဇ်လက်ဝှေ့ယမ်းသည်။

"ကောင်းပြီ၊ မင်းတို့ရဲ့စစ်ရေးကံကြမ္မာက ရှင်သန်ပွင့်လန်းနိုင်ပါစေ၊ အခုတောင်တန်းထဲကို ၀င်ကြတော့"

ယင်းနောက်တွင် အောက်ကတပ်များက စတင်စုစည်းပြီး တစ်ခုချင်းစီက နဂါးကိုးကောင်တောင်တန်းထဲသို့ စတင်ခြေချလိုက်ကြ၏။

တောင်ထဲသို့လူအုပ်စုကြီး၀င်နေတာကို မြင်ရသောအခါ ဧကရာဇ် ခေါင်းပင်မလှည့်ဘဲ မေးသည်။

"အိမ်ရှေ့မင်းသား၊ မင်းဘယ်စစ်တပ်ကို သဘောကျလဲ"

အိမ်ရှေ့မင်းသားပြုံးသည်။

"အရှင်မင်းကြီး၊ ကျွန်တော်အဇူရာနဂါးစစ်တပ်ကို ပိုသဘောကျပါတယ်"

ဒါကိုကြားသောအခါ ဧကရာဇ်မှာ ရယ်မောလေတော့သည်။

"မင်းက မရှက်မကြောက်ဘက်လိုက်တာပဲနော်၊ အဲလောက်ထိယုံကြည်မှုရှိတာလား"

"သေချာတာပေါ့" အိမ်ရှေ့မင်းသားခေါင်းညိတ်သည်။

သို့သော် ပထမမင်းသားကမူ အေးစက်စွာ နှာခေါင်းရှုံ့သည်။

"အိမ်ရှေ့မင်းသားယုံကြည်မှုလွန်ကဲနေတာဖြစ်ရမယ်၊ အဇူရာနဂါးစစ်တပ်ရဲ့ခွန်အားက တကယ်မဆိုးဘူးဆိုပေမယ့် ဖယောင်းနဂါးနဲ့ အကြေးခွံပြောင်းပြန်စစ်တပ်တို့နဲ့ ယှဉ်မယ်ဆိုရင် ခွန်အားက မလုံမလောက်ဖြစ်နိုင်ပါတယ်"

တတိယမင်းသားကလည်းရယ်မောသည်။

"အိမ်ရှေ့မင်းသားက အဲဒီအပြင်လူသုံးယောက်ကို အားကိုးနေတာများလား၊ သူတို့ထဲကတစ်ယောက်က ကျောင်းမင်ကို ပြင်ကအကူအညီနဲ့တောင် ကပ်သီလေးအနိုင်ရခဲ့တာလေ၊ သူတို့ကို အားကိုးတာကတော့ စိတ်ကူးယဉ်သက်သက်ဖြစ်လောက်တယ်"

ဒါကိုကြားသောအခါ အိမ်ရှေ့မင်းသား ရုတ်တရက်ရယ်မောလေတော့သည်။

"ဒီလိုဆိုရင်အစ်ကိုတို့ ဘာလို့ကျွန်တော်နဲ့ လောင်းကြေးမထပ်ရတာလဲ"

မင်းသားကြီးအနည်းငယ်မျက်မှောင်ကြုတ်သည်။

တတိယမင်းသားကလည်း မျက်ခုံးကြုတ်လိုက်၏။

"လောင်းကြေးလား"

"ဟုတ်ပါတယ်" အိမ်ရှေ့မင်းသားခေါင်းညိတ်သည်။

"တကယ်လို့ဒီတစ်ကြိမ် အဇူရာနဂါးစစ်တပ်ကသာ မနိုင်ခဲ့ဘူးဆိုရင် ကျွန်တော် အိမ်ရှေ့မင်းသားအဖြစ်ကနေ နုတ်ထွက်ဖို့ ဆန္ဒရှိတယ်"

ထိုစကားကိုကြားသော် တခြားမင်းသားများမှာ သိသိသာသာပင် ထိတ်လန့်သွားကြ၏။

သူတို့နောက်က ၀န်ကြီးများနှင့်ပရိသတ်များပင်လျှင် အံ့ဩသင့်စွာကြည့်နေကြသည်။

စွန့်စားမှုက ဒီလောက်ထိမြင့်တာလား!

ကျိုးပိုင်လုသာလျှင် ညင်သာစွာပြုံးနေသည်။

ဧကရာဇ်၏မျက်လုံးများကလည်း ကျေနပ်သည့် အမူအရာတစ်ခုကိုဖော်ပြနေသည်။

ဧကရာဇ်အတွက် သူ့ရာထူးကို ရယူဆက်ခံရန် တမူထူးခြားပြီး လွှမ်းမိုးနိုင်စွမ်းရှိသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားရန်လိုအပ်သည်။

အိမ်ရှေ့မင်းသားက ယခုလေးတင်သူ့ကို ဒါကို ရှင်းလင်းစွာပြသခဲ့သည်။

"တကယ်လို့ အဇူရာနဂါးစစ်တပ်ကသာ ဦးဆောင်ခဲ့မယ်ဆိုရင် အစ်ကိုကြီးက အကြေးခွံပြောင်းပြန်စစ်တပ်ကို ပေးပြီး တတိယအစ်ကိုက နဂါးနီစစ်တပ်ကို ပေးရမယ်၊ ဘယ်လိုလဲ၊ ဒါပေမယ့် သဘောထားကွဲလွဲမှုမဖြစ်ရစေအောင် ကျွန်တော်တို့ နတ်ဝိဉာဉ်တားမြစ်ကျိန်စာကို ချမှတ်ဖို့လိုတယ်"

စွန့်စားမှုက ကြီးမားလွန်းသည်။

သူတို့သာရှုံးပါက ဒါက မင်းသားကြီးက စစ်အင်အားအပေါ် လုံး၀ထိန်းချုပ်မှု ဆုံးရှုံးသွားပြီဟု ဆိုလိုနေခြင်းပင်။

ဤသည်ကိုသုံးပြီး အိမ်ရှေ့မင်းသားက စစ်အင်အား၏ အရေးပါသည့်အပိုင်းကို ထိန်းချုပ်ရင်း အမှန်တကယ်ကိုင်တွယ်ရခက်ခဲလာပေလိမ့်မည်။

သို့သော် မင်းသားကြီးသာနိုင်ပါက အိမ်ရှေ့မင်းသားကို တိုက်ရိုက်ဖြုတ်လိုက်ခြင်းဟု ဆိုလိုနေပေသည်။

ဒီထက်ပိုပြီးဆွဲဆောင်မှုရှိသည့် စွန့်စားမှုတစ်ခုရှိနိုင်ဦးမည်လား!

ဒါ့အပြင် အဇူရာနဂါးစစ်တပ်၏ခွန်အားက သူတို့လောက်မကြီးမားပေ။

သူတို့သာဤစိန်ခေါ်မှုကို လက်မခံရဲပါက အိမ်ရှေ့မင်းသားရာထူးအတွက် ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မည်နည်း။

ဤသည်ကိုတွေးပြီးနောက် တတိယမင်းသားနှင့် ပထမမင်းသားတစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းညိတ်ကာ တညီတညွတ်တည်းပြောလိုက်ကြ၏။

"လက်ခံတယ်"

All Chapters