← Chapters

စုတောက်ရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲတာဟာ လောကကို ပြိုလဲစေတယ်

Vol. 133 Ch. 1836

စုတောက်ရဲ့ မှတ်ဉာဏ်ကို ပြောင်းလဲတာဟာ လောကကို ပြိုလဲစေတယ်

Vol. 133 Ch. 1836

ဝမ်လင်းသည် ထိုကွင်းပြင်ကို ဖြတ်လျှောက်လာစဉ် သူ့ဘေးပတ်လည်ရှိ မြက်ပင်များသည် ဘေးသို့ ဖယ်ကာ သူ့အတွက် လမ်းရှင်းပေးကြသည်။ သူ၏သွားနှုန်းသည် မမြန်ပေ။ အကြောင်းမှာ သူ့အတွက် သုံးရက်တာအချိန်သည် အရာအားလုံးကို နားလည်သွားဖို့ လုံလောက်သောကြောင့်ပင်။

သို့ပေမည့် ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်ကို မည်သို့ သရုပ်သကန်ဖြစ်အောင် လုပ်ရမည်ကို စဉ်းစားနေ၏။ ၎င်း၏မှတ်ဉာဏ်များကို ပိုရှုပ်ထွေးသွားအောင် မည်သို့လုပ်ရမည်ကို ကြံဆနေသည်။

“ဒီတော့…ငါအဲ့တာကို လုပ်နိုင်လောက်တယ်…”  ဝမ်လင်းသည် ခြေတစ်လှမ်းလှမ်း၏။ သူက နက်မှောင်နေသော ကောင်းကင်ကို ကြည့်လိုက်သည်။ အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းလာကာ ဝမ်လင်းကို ဖြတ်ကျော်သွားစဉ် ရုတ်တရက် ရပ်သွားသည်။ ဓားအလင်းတန်းတစ်ခု လင်းလက်ကာ ၎င်းက ဝမ်လင်းထံ ဦးတည်လာ၏။

၎င်းမှာ အပြာရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက်ပင်။ သူ၏မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ် ပြည့်နေသည်။ ဓားအလင်းလင်းလက်ကာ သူက ဝမ်လင်း၏ဦးခေါင်းကို ယူဆောင်ရန် နီးကပ်လာသည်။

သို့ရာတွင် သူ နီးကပ်လာစဉ် ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ ထိုဓားအလင်းထံ လက်ညွှန်သည်။ အလင်း တောက်ပ၏။ ထို့နောက် တစစီ ဖြစ်သွားကာ ကျိုးပျက်သွားသော ဓားနှင့် ထိတ်လန့်နေသောလူငယ် ထွက်ပေါ်လာသည်။

ထိုလူငယ်သည် တုန်ယင်ကာ သူ၏ခန္ဓာကိုယ်သည် ချက်ခြင်း ပေါက်ကွဲသွား၏။ သူသည် ဝမ်လင်း၏ လက်ညွှန်မှုရှေ့မှာပင် ပျောက်ကွယ်သည်။ တုန်ကင်သုံးခုသာ ကျန်ခဲ့၏။ ၎င်းတို့ကို ညင်သာသောအလင်းဖြင့် ဝန်းရံထားပြီး နေရာတွင် မလှုပ်မယှက် မြောလွင့်သည်။

“ဟုတ်ပြီ။ ဒီစမ်းသပ်မှုမှာ ပထမနေရာကို ငါ ရလိမ့်မယ်…”  ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ ၎င်းတုန်ကင်သုံးခုကို သိမ်းဆည်းလိုက်ပြီးနောက် သူသည် ပျောက်ကွယ်သွားသည်။

သူ ပြန်ပေါ်လာသည့်အခါ၌ ကောင်းကင်ကို ဖြတ်၍ ပျံသန်းနေသောအလင်းတန်းဘေးနား၌ပင်။ ထိုလူငယ်သည် သတိထားကာ ဘေးပတ်လည်သို့ ဂရုတစိုက် ကြည့်သည်။ သို့ပေမည့် ဝမ်လင်း ပေါ်လာသည်က ရုတ်တရက် ဆန်လွန်းသည်။ သူသည် ထိုလူငယ်ကို ကောင်းကင်ထက်ကနေ ကန်ထုတ်ပစ်လိုက်သည်။

ဝမ်လင်းသည် လူများကို သတ်ချင်တိုင်း မသတ်ပေ။ သူက သူ့လက်ဝါးကို ပင့်မြှောက်လိုက်ရာ တုန်ကင်တစ်ခုပေါ်လာ၏။ ဖျတ်ခနဲ သူ ပျောက်ကွယ်သွားသည်။

ပထမစမ်းသပ်မှု၌ ဝမ်လင်းသည် သိုးအုပ်ထဲ ရောက်နေသော ဝံပုလွေတစ်ကောင်လိုပင်။ မည်သူကမျှ သူ့လက်ကနေ မလွတ်ပေ။ သူသည် သူ့အား ဖြတ်ကျော်သွားသော လူတိုင်းထံမှ တုန်ကင်ကို ရယူ၏။

ဝမ်လင်းသည် ပထမစမ်းသပ်မှုအတွင်း တဖြည်းဖြည်း ကျော်ကြားလာသည်။ ဝမ်လင်းကို မြင်သည်နှင့် သူတို့က တုန်ယင်ကာ သူတို့၏တုန်ကင်များကို ကမ်းပေးကြသည်။ ဝမ်လင်းသည် တိုက်ခိုက်ခဲ၏။ သူက ဤအဖြစ်သနစ်သည် ခုနစ်ရောင်စုံ၏ မှတ်ဉာဏ်မှန်း သိသည်။ အကျိုးအကြောင့် မသင့်သောအရာများသည် အကျိုးအကြောင်း သင့်လာမည် ဖြစ်ကာ ထိုမှတ်ဉာဏ်သည်လည်း ပုံပျက်ယွင်းလာပေမည်။

ဥပမာအနေဖြင့် တန်လင်းအက်ကြောင်း၏ အပြင်ဘက်ရှိ လူများ၏ အတွေးနှင့်အမူအရာများသည်လည်း ခုနစ်ရောင်စုံ၏မှတ်ဉာဏ်ဖြင့် ပြုလုပ်ထားခြင်းသာ။ သူတို့သည် ခုနစ်ရောင်စုံ(စုတောက်)က သူတို့ မည်သို့ လုပ်ဆောင်ရမည်ကို တွေးသည့်အတိုင်း ပြုမူနေခြင်းသာ။

“သူက ဘယ်သူလဲ…။ တစ်ရက် မပြည့်ခင်မှာတင် သူက တုန်ကင်သုံးရာကျော် ရနေပြီ…”

“သူ့အပြုအမူက ပြတ်သားတာပဲ။ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က သိပ်မြင့်မားတဲ့ပုံ မပေါ်ဘူး။ တိုက်ခိုက်မှုတိုင်းမှာလည်း တိမ်စွမ်းအင် ပါဝင်နေပြီး သာမန်ထက်ထူးကဲတဲ့ပုံ ရတယ်…”

“ဒီပြိုင်ပွဲမှာ ဘယ်သူကမျှ သူ့ပြိုင်ဘက် မဟုတ်နိုင်တဲ့ပုံပဲ။ ဒီမျိုးဆက်မှာ ဒီလိုစရိုက်ရှိတဲ့သူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး…”

ရွှေရောင်ပုံရိပ်များကြား၌ ဝဲကတော့အတွင်းရှိ ဝမ်လင်း၏လုပ်ဆောင်မှုကို တွေ့မြင်သူတိုင်းသည် တုန်လှုပ်ကုန်သည်။ ကွင်းပြင်ပေါ်ရှိ ဆရာများသည်လည်း ဝမ်လင်းကို ကြည့်ကာ သူတို့၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ရှိလေသည်။

စုတောက်ဆရာ၏ မျက်နှာထက်တွင် ဂုဏ်ယူမှုတို့ ပြည့်နေသည်။ ဝမ်လင်း၏ စွမ်းဆောင်မှု ပိုကောင်းလေလေ သူ့အတွက် ပိုကောင်းလေ မဟုတ်လား။

ပထမစမ်းသပ်မှုအတွင်း၌ ဝမ်လင်းသည် စုတောက်၏မှတ်ဉာဏ်ထံမှ ပါရမီရှင်များကို နောက်ကောက်ချကာ တုန်ကင်များကို ယူနေစဉ် တွန့်ခေါက်ပုံပျက်မှုများစွာ ပေါ်လာသည်ကို သူသည် ရှင်းလင်းစွာ ခံစားမိသည်။

“ဒီလောက်နဲ့ မလုံလောက်သေးဘူး…”  ဝမ်လင်းက ခေါင်းယမ်းကာ သူ၏နတ်ဘုရားအာရုံကို သည်ဧရိယာတစ်ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။ သူ့ နတ်ဘုရားအာရုံ ပျံ့နှံ့သွားသည့်အခိုက်တွင် သည်နေရာရှိ လူတိုင်းသည် ဝမ်လင်း၏စိတ်ထဲ၌ ပေါ်လာတော့သည်။

ဝမ်လင်းသည် အတိတ်တုန်းက စုတောက် မနာလိုဖြစ်ခဲ့ရသည့် ပါရမီရှင်များကို ရှာဖွေနေသည်။ ထိုလူများသည် စွမ်းဆောင်မှုအမျိုးမျိုး ပြသကြကာ လာမည့်စမ်းသပ်မှုများတွင်လည်း ရလဒ်မြင့်မြင့်မားမား ရမည်သူများပင်။

ခွန်းပိုင်ဟုခေါ်သော လူတစ်ယောက် ရှိ၏။ သူက အမြန်နှုန်းကို အထူးပြုကာ သူ လှုပ်ရှားတိုင်း ပုံရိပ်များထပ်ကျန်ခဲ့သည်။ ခုနစ်ရောင်စုံ၏ မှတ်ဉာဏ်ထဲ၌ ပထမစမ်းသပ်မှုအတွင်း ထိုသူသည် အဆင့်သုံးရခဲသည်။

ဝမ်လင်း၏အကြည့်က တည်ငြိမ်ပေ၏။ သူက လေဟာနယ်ထံ လျှောက်လှမ်းလိုက်သည်။ သူသည် အကွာအဝေးကြီးကြီးမားမားကို ခြေတစ်လှမ်းဖြင့် ဖြတ်သန်းကာ နောက်ထပ် ဧရိယာတစ်ခုသို့ ရောက်လာသည်။ သည်နေရာတွင် သူက ခွန်ပိုင်ဆိုသော ကျင့်ကြံသူကို တွေ့သည်။

ထိုသူ့ ပတ်လည်၌ လူသုံးယောက် ရှိနေ၏။ သို့သော် ဝမ်လင်း ပေါ်လာသည့်အခိုက်တွင် သူတို့သည် အလန့်တကြား အော်ဟစ်ကာ နောက်ဆုတ်ကြသည်။ ခွန်ပိုင်က အေးစက်စက်ပြုံးကာ နောက်ကလိုက်ရန် ဟန်ပြင်ပြီးမှ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူက သူ့နောက် ပေတစ်ရာအကွာတွင် ရှိနေသော ဝမ်လင်းကို ဖျတ်ခနဲ ကြည့်သည်။

တွန့်ခေါက်ပုံပျက်မှုသည် ဝမ်လင်းသာ မြင်နိုင်သောအရာ ဖြစ်၏။ ဝမ်လင်း ခွန်ပိုင်နားသို့ နီးကပ်လာစဉ် ထိုတွန့်ခေါက်ပုံပျက်မှုက ပို၍ ပြင်းထန်လာ၏။ တတိယစိတ်ဝိညာဉ်သည် စိတ်လှုပ်ရှားလာသည့်နှယ်။

“မင်းရဲ့ တုန်ကင် ငါ့ကို ပေးပါ..”  ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူသည် ခွန်ပိုင်ကဲ့သို့ ကျင့်ကြံသူလေးကို တကယ်ပင် ဆန့်ကျင်၍ မတိုက်ခိုက်ချင်ပေ။

ခွန်ပိုင်၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားပြီး သူက နောက်သို့ ချက်ခြင်းဆုတ်သည်။ သူသည် အလွန်မြန်သည်။ ချက်ခြင်းပင် ဝမ်လင်းအဝေးသို့ ဆုတ်သွား၏။ သို့သော် ဝမ်လင်း၏အမြင်၌ သူက အလွန်နှေးကွေးနေသည်သာ။

ဝမ်လင်းသည် သက်ပြင်းချကာ လက်ဝေ့ယမ်းလိုက်သည်။ ခွန်ပိုင်က ထိတ်လန့်တကြား အော်ဟစ်ကာ ကျောက်စိမ်းတုန်ကင်ဒါဇင်ချီကို ပစ်ပေးလိုက်သည်။ ထိုတုန်ကင်များ လေထဲသို့ ပျံလာစဉ် တွန့်ခေါက်ပုံပျက်မှုက များစွာ တိုးလာသည်။

တံခါးရှစ်ချပ်ထံမှ အော်ရာသည်လည်း ပို၍ သိပ်သည်းလာသည်။ သို့သော် ၎င်းတို့ သူ့ဟာသူ ပေါ်ထွက်လာဖို့ကမူ မလုံလောက်သေးဘဲ ရှိသည်။

“ဒီမှတ်ဉာဏ်တွေကို ပြောင်းလဲတဲ့ သရုပ်သကန်ဟာ မလုံလောက်သေးဘူးလား…။ ဒီတော့ ကျိုးလီကို သတ်လို့ရအောင် ငါ သင့်ကို ကူညီပေးလိုက်မယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူ၏နတ်ဘုရားအာရုံက ကျိုးလီပေါ်သို့ ကျရောက်သွးသည်။ ကျိုးလီသည် သနားစရာအနေအထား ဖြစ်နေသည်။ သူက တောင်တစ်လုံးအတွင်း၌ သူ့ကိုယ်သူ ဂရုတစိုက် ပုန်းကွယ်နေသည်။ သူ့ထံ၌ တုန်ကင်ရှစ်ခု ပိုင်ဆိုင်ထားပြီး ဖြစ်၏။

“သောက်စုတောက်။ သူ့ကြောင့်သာ မဟုတ်ရင် တိမ်တာအိုပညာရပ်ဟာ ငါ့အပိုင်ပဲ။ ဒါဆိုရင် ပထမစမ်းသပ်မှုမှာ ငါဟာ ခုလိုမျိုးအခြေအနေ ရောက်မှာ မဟုတ်ဘူး။ ဒီလိုဖြစ်ရတာဟာ စုတောက်ကြောင့်ပဲ။ ငါ သူ့ကို သတ်မယ်…”  ကျိုးလီ၏အမူအရာမှာ ကြမ်းကြုတ်နေ၏။ သူက စုတောက်ကို အရိုးထဲကနေ မုန်းနေသည်။

“သူက ကလန်ကို ငါ့နောက်ကျမှ ဝင်လာခဲ့တာ။ တိမ်တာအိုပညာရပ်ကို ကျင့်ကြံဖို့ သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ။ ဆရာက သူ့ကို ဘာကြောင့် ဒီလောက်ထိ တန်ဖိုးထားရတာလဲ…”  ကျိုးလီ၏စိတ်ထဲ၌ မကျေမနပ်မှုတို့ ပြည့်နေသည်။ သူသည် လက်သီးတင်းတင်းဆုပ်ကာ သူ့ကိုယ်သူ ကုသနေ၏။ သို့သော် သူ ရှိနေသောတောင်သည် တုန်ယင်လာသည်။

ကျိုးလီသည် ခဏတာ မင်သက်သွားမိပြီးနောက် ထိုတောင်မှာ တုန်ဟည်းလာသည်။ သူ၏အမူအရာက ကြီးစွာ ပြောင်းလဲသွားပြီး သူက ထိုးထွက်လာ၏။ သူ ထွက်လာသည်နှင့် ၎င်းတောင်သည် ပျက်စီးကာ ကျောက်စကျောက်နအချို့က ကျိုးလီထံ  ဦးတည်လာ၏။ သူသည် ၎င်းတို့ကို ရှောင်ရန် ကြိုးစားလိုက်သော်လည်း ကျောက်တုံးတစ်တုံးက သူ့အား လာမှန်သည်။ သူ သွေးအန်လိုက်ရပြီးနောက် ထိုတောင်နှင့် ပေတစ်ထောင်အကွာထိ နောက်ဆုတ်လိုက်သည်။

တစ်ချိန်တည်းမှာ ဝမ်လင်း၏ပုံရိပ်က ကျိုးလီ၏နောက်တွင် ပေါ်လာ၏။ သူက တည်ငြိမ်စွာ‌ ပြောလိုက်သည်။ “ကျိုးလီ…”

ထိုစကားနှစ်ခွန်းက ကျိုးလီ၏စိတ်ထဲသို့ မိုးကြိုးသံအလား ဝင်ရောက်လာ၏။ သူ အတင်းကားရော ထွက်ပြေးလိုက်စဉ်မှာပင် ဝမ်လင်း၏ညာလက်က ကျိုးလီ၏နှဖူးထက်သို့ ဖိသိပ်ကျလာသည်။ သည်အခိုက်တွင် ကျိုးလီ၏ဦးခေါင်းထဲရှိ တုန်ဟည်းသံသည် ထာဝရအလား ဖြစ်လာသည်။

ကျိုးလီ သေဆုံးသွားချိန်၌ ဝမ်လင်းက သူ၏ပတ်လည်ရှိ တွန့်ခေါက်ပုံပျက်မှုက အရူးအမူး ဖြစ်လာကာ တုန်ဟည်းသံ ခပ်ရေးရေးကိုပါ ကြားလာရသည်။ ငါးခုမြောက်ပန်းက ဖန်တီးထားသော ဒီလောကမှာ အနားစွန်းများ ပျက်စီးကုန်သည်။

တံခါးရှစ်ချပ်၏အော်ရာက ချက်ခြင်းလိုလို ရှင်းလင်းလာ၏။ ဝမ်လင်းသည် ချက်ခြင်းပင် တံခါးသုံးချပ်၏ တည်နေရာကို ချက်ခြင်း ခံစားမိလိုက်သည်။

ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအလင်း လှစ်ဟပေါ်၏။ တုံ့နှေးမနေဘဲ သူက လှုပ်ရှားကာ တန်လင်းကလန်မှ ကျန်သည့်တပည့်များကို ရှာဖွေဖို့ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။

သူ ကျောက်စိမ်းတုန်ကင်များကို ပိုယူဆောင်လေလေ တွန့်ခေါက်ပျက်စီးမှုက ပိုပြင်းလာလေပင်။ တတိယစိတ်ဝိညာဉ်သည်လည်း သာ၍ တုန်ယင်လာ၏။ ဝမ်လင်း ပြုလုပ်သမျှ အရာတိုင်းက တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များထဲက အရာများနှင့် ဆန့်ကျင်ဘက်ပင်။ သည်လိုပြင်းထန်သော ပဋိပက္ခက သည်မှတ်ဉာဏ်ကို ဆုတ်ဖြဲစေတော့မည်လေ။ ဝမ်လင်းသည် တံခါးရှစ်ချပ်၏အော်ရာကို ပို၍ ရှင်းလင်းစွာ ခံစားမိလာနိုင်၏။

“တန်လင်းကလန်ရဲ့ ဒီပြိုင်ပွဲဟာ နောက်ထပ် ဒုတိယမြောက်၊တတိယမြောက် စမ်းသပ်မှုဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး။ ဒီပထမစမ်းသပ်မှုထဲမှာ ကျောက်စိမ်းတုန်ကင်အားလုံးကို ငါ ယူလိုက်ရင် နောက်ထပ် စမ်းသပ်မှုတွေ ဖြစ်လာတော့မှာ မဟုတ်ဘဲ ငါကသာ တစ်ဦးတည်းအနိုင်ရသူ ဖြစ်လာမယ်။ ဒီပြိုင်ပွဲဟာ တတိယစိတ်ဝိညာဉ်ရဲ့ မှတ်ဉာဏ်ထဲကနဲ့ လုံးဝဖီလာဆန့်ကျင် ဖြစ်သွားပြီ…”

ရှေ့သို့ မြန်ဆန်စွာ ဆက်သွားနေရင်း ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေ၏။ ဝမ်လင်း ဖြတ်သန်းသွားသော နေရာတိုင်းရှိ တန်လင်းကလန်မှ တပည့်များအားလုံးသည် သူတို့၏တုန်ကင်များကို ဆုံးရှုံးရသည်။

ခုခံဝံ့သူ ရှိပါက ဝမ်လင်းသည် ချက်ခြင်း ကန်ထုတ်ပစ်၏။ သို့ပေမည့် ဝမ်လင်းသည် သူတို့နှင့် ရန်ငြှိုးမရှိပေ။ ထိုသူများသည် ခုနစ်ရောင်စုံ(စုတောက်)၏မှတ်ဉာဏ်ထဲမှ လူများ ဖြစ်သော်လည်း သူသည် သူတို့ကို လက်လွတ်စပယ် မသတ်ဖြတ်ပေ။

ခုနစ်ရောင်စုံ မနာလိုအားကျခဲ့ရသော သူများသည်သာ ဝမ်လင်းကြောင့် အသက်ခံရ၏။ သူ ထိုသို့သောသူမျိုး တစ်ယောက်သတ်လိုက်တိုင်း သူ၏နောက်ရှိ တွန့်ခေါက်ပုံပျက်မှုက ကြီးစွာ တိုးလာ၏။

တတိယစိတ်ဝိညာဉ်သည်လည်း သည်ဗရမ်းဗတာဖြစ်မှု၌ စိတ်လှုပ်ရှားလာသည့်အလား။

တန်လင်းကလန်အပြင်ဘက်ရှိ ကွင်းပြင်ရှိ လူအားလုံး ထရပ်လာ၏။ သူတို့၏ ပတ်ဝန်းကျင်သည် တွန့်ခေါက်ပုံပျက်ကာ တချို့ပုံရိပ်များဆို ပျက်စီးမည့် အရိပ်အယောင် ပြသလာ၏။ သို့သော် သူတို့သည် သတိမမူမိဘဲ ဝဲကတော့ထံသို့သာ အကြည့်ရောက်နေ၏။

သူတို့က ဝမ်လင်း၏အပြုအမူကို မြင်သည်။ ကျောက်စိမ်းတုန်ကင်များကို သူကိုယ်တိုင် မည်သို့ ရယူနေသည်ကို မြင်ကြသည်။  ဤသို့ တုန်လှုပ်ဖွယ်အဖြစ်မျိုးကို သူတို့သည် အရင်က တန်လင်းကလန်၌ မမြင်ဖူးခဲ့ကြပေ။

သူတို့၏ တုန်လှုပ်နေသော အမူအရာများနှင့် အတွေးများသည် ခုနစ်ရောင်စုံ စိတ်ကူးထားခြင်းမျှသာ ဖြစ်၏။ သည်အခိုက်၌ တန်လင်းကလန်၌ လှိုင်းထန်နေလေပြီ။

ပထမစမ်းသပ်မှုအတွင်း ဝမ်လင်းသည် နောက်ဆုံးတုန်ကင်ကို ရယူပြီးသည့်အခါ သည်နေရာရှိ တွန့်ခေါက်ပုံပျက်မှုက တုန်လှုပ်ဖွယ်ကောင်းလာ၏။ တံခါးရှစ်ချပ်၏ အော်ရာများက အလွန်ရှင်းလင်းလာသည်။ သို့သော် မြူလွှာတစ်ခုက ခုထိ ကာဆီးထားသည်ဟု ခံစားနေရသေးသည်။

ဝမ်လင်းသည် မှိန်ဖျော့သော ကောင်းကင်ထက်သို့ ထိုးတက်ကာ ကောင်းကင်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုတ်ဖြဲဖွင့်ဟ၏။ ဝမ်လင်းသည် ကောင်းကင်ကို ဆုတ်ဖြဲကာ ဧရာမအက်ကြောင်းကို ဖွင့်လှစ်သည်။

ထို့နောက် ဝမ်လင်းသည် တုန်လှုပ်နေသော လူတိုင်း၏ရှေ့တွင် ကွင်းပြင်ထံသို့ လျှောက်လှမ်းလာသည်။ သူက တန်လင်းကလန်၏အထက်ရှိ ကောင်းကင်ထက်သို့ လွင့်မြောသည်။

“ငါ၊ စုတောက်က ဒီပြိုင်ပွဲမှာ ပထမရတဲ့သူပဲ…”  ဝမ်လင်းက ထိုသို့ ပြောလိုက်သည့်နောက် ကောင်းကင်နှင့်မြေကြီးသည် ပျက်စီး၏။ ပုံရိပ်အားလုံး ပျောက်ကွယ်သွားကာ သည်လောကရှိ အရာအားလုံးသည် တစစီ ဖြစ်ကုန်သည်။

ငါးခုမြောက်ပန်းပွင်သည် တုန်ယင်ကာ တစ်လက်မချင်း အက်ကွဲသည်။

တစ်ချိန်တည်းမှာ တံခါးရှစ်ချပ်၏အော်ရာများသည် လုံးဝ ပေါ်လကာ တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များဟာ ပြောင်းပြန်ဖြစ်၏။ ထိုတံခါးများအော်ရာများက လေထဲသို့ အခိုးအငွေ့တိုင်လုံးများကဲ့သို့ ထိုးတက်သည်။

မပျက်စီးသော တစ်ခုတည်းသော အရာဟူ၍ တန်လင်းကလန်၏ အနောက်ဘက်တောင်ရှိ တန်လင်းရေကန်တစ်ခုသာ ရှိသည်။

All Chapters