အဆောင်သုံးထောင်၏ မဟာပေါက်ကွဲမှုကြီး
Vol. 95 Ch. 1343
ဤနေရာလွတ်တွင် အဆောင်တစ်ထောင်ကျော်က တစ်ချိန်တည်းတွင် ပေါက်ကွဲသွားကြ၏။
မိုးကြိုးကမြည်ဟီးနေပြီး မိုးကြိုးစွမ်းအားက ဤနေရာထဲသို့ အကြမ်းပတမ်းလိမ့်၀င်လာကာ ဘက်ပေါင်းစုံသို့ဖြတ်သွားသည်။
မိုးကြိုးထိန်းချုပ်အဆောင်၏ ဆက်သွယ်မှုအောက်တွင် ဤထောင်ချီသောအဆောင်များက တစ်ချိန်တည်းနီးပါး ပေါက်ကွဲကာ စစ်တပ်ခြောက်ခုက လူများအား တိုက်ရိုက်ပစ်မှတ်ထားခဲ့သည်။
ဤနေရာလွတ်ကို ၀န်းရံနေသည့် ဝါးတောက မိုးကြိုးစွမ်းအားကြောင့် ချက်ချင်းပြိုကျသွား၏။
နဂါးဖြူတောင်တစ်ခုတည်းတင်မဟုတ်ဘဲ ကိုးနဂါးတောင်တန်းတစ်ခုလုံးပင် တုန်ခါနေပုံရသည်။
အမြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်၏စွမ်းအားနှင့် ရှေးဦးမူလစွမ်းအားက နိယာမစွမ်းအားကို ကန့်သတ်ဖယ်ရှားပေးထားသည့်အတွက်ကြောင့် တဒင်္ဂလေးအတွင်းမှာပင် စစ်တပ်ခြောက်ခုအတွင်းရှိ တပ်ဖွဲ့၀င်တစ်၀က်ကျော်က ဖယ်ရှားခံရကာ သူတို့တုံကင်များနှင့်အတူ အဝေးသို့ ပို့ဆောင်ခံလိုက်ရသည်။
ကောင်းကင်ပေါ်ရှိ ဘိုးဘေးနယ်ပယ်နှင့် ဘိုးဘေးတစ်၀က်နယ်ပယ်စွမ်းအားရှင်များက လွတ်မြောက်ရုံမျှ လွတ်မြောက်သွားခဲ့ကြသော်လည်း သူတို့ လူစည်ကားနေသည့် နေရာလွတ်ကို ကြည့်လိုက်သောအခါ ယခုတွင်မူ ၎င်းက ဆိုးရွားစွာလစ်လပ်နေပြီး လူဦးရေနည်းပါးလေရာ သူတို့၏ အမူအရာများက အံ့ဩသင့်မှုကနေ ဒေါသအဖြစ် ေပြောင်းလဲသွားကြ၏။
ထောင်ချီသောအဆောင်များ၊ တစ်ခုချင်းစီက အနည်းဆုံးနတ်ဧကရာဇ်နယ်ပယ်ရှိသည့် ယခုလိုကြီးကျယ်သည့် အမူအရာမျိုးကို မုဖူရှန်းတစ်ယောက်တည်း မည်သို့မည်ပုံ လုပ်ခဲ့လေသနည်း။
ဖယောင်းနဂါးတပ်မှူးမျက်မှောင်ကြုတ်သည်။
"နတ်ဧကရာဇ်အဆင့်အဆောင်များစွာကို တစ်ချိန်တည်းမှာ ထိန်းချုပ်ဖို့ဆိုတာက ဘိုးဘေးနယ်ပယ်အဆောင်သခင်တစ်ယောက်အတွက်တောင် မလွယ်ကူဘူး၊ သူ့တကယ့်ခွန်အားက တကယ်ပဲ နတ်ဧကရာဇ်နယ်ပယ်ပဲလား"
သူ့ဘေးက ကျောင်းမင် စိတ်မချမ်းမြေ့ဖွယ်မျက်နှာထားနှင့်ပြောသည်။
"ငါနဲ့ယှဉ်ပြိုင်တုန်းက သူ့ကျင့်ကြံခြင်းနယ်ပယ်ခွန်အားက အရမ်းကြီးမမြင့်ဘူး၊ သူပြင်ပပစ္စည်းတစ်ခုခု ဒါမှမဟုတ် အထူးလျှို့ဝှက်နည်းစနစ်တစ်ခုခုကို သုံးခဲ့တာဖြစ်ရမယ်"
နဂါးနီတပ်မှူး အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။
"သူတို့ပန်းတိုင်က ငါတို့အားလုံးကို ဒီနေရာမှာ တစ်ချက်တည်းနဲ့ အမြစ်ဖြတ်ဖို့လို့ ငါထင်တယ်"
အကြေးခွံပြောင်းပြန်တပ်မှူး လေးနက်စွာပြောသည်။
"ဒီအချိန်မှာ ပိုကောင်းတဲ့နည်းဗျူဟာမရှိတော့ဘူး၊ ငါတို့ကိုယ့်ကိုကိုယ်အားဖြည့်ပြီး ရှေ့ဆက်ရုံပဲရှိတော့တယ်"
ဖယောင်းနဂါးတပ်မှူး သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"ဘိုးဘေးမယ်ပယ်တစ်၀က်အဆင့်အောက်က လူတွေကို အမြောက်ဆံအဖြစ်သုံးကြတာပေါ့၊ ငါတို့အဆောင်အားလုံးကို စမ်းသပ်မယ်၊ တကယ်လို့ရန်မှာ ဒီထက်ပိုကြီးမားသည့် အဆောင်တွေရှိမယ်ဆိုရင် အဲဒါတွေကို ထိပ်တိုက်ရင်ဆိုင်ရဖို့ တကယ်ခက်ခဲနိုင်တယ်"
"ဘာပဲဆိုဆို ငါတို့မှာ သူတို့ရဲ့အဇူရာနဂါးစစ်တပ်ထက် ထိပ်တန်းစစ်သည်ပိုများတယ်လေ"
ကောင်းကင်နဂါးစစ်တပ်၊ မြေနဂါးစစ်တပ်နှင့် လျှပ်စီးနဂါးစစ်တပ်တို့၏ တပ်မှူးများကလည်း ခေါင်းညိတ်ပြီး တောင်ထိပ်ကို ငေးကြည့်ရင်း သူတို့မျက်နှာများက မကြည်မလင်ဖြစ်နေကြသည်။
သူတို့ဘယ်လိုလုပ် နဂါးဖြူတောင်မှာ ကြိုတင်ချုံခိုတိုက်ခိုက်မှုကို ချထားရဲတာလဲ!
ဒါကသံသယမရှိ သူတို့ကို ဒေါသထွက်စေသည်။
ကောင်းကင်နဂါးစစ်တပ်နှင့် မြေနဂါးစစ်တပ်တို့တွင် အဇူရာနဂါးစစ်တပ်နှင့် အာဃာတရန်ငြိုးများ မရှိသော်လည်း ယခုတွင်မူ သူတို့အကြေးခွံပြောင်းပြန်စစ်တပ်နှင့်အတူ ရပ်တည်နေတော့သည်။
လျှပ်စီးနဂါးစစ်တပ်ကမူ ပဉ္စမမင်းသား၏ တပ်မဟာဖြစ်သည်။
သဘောတူညီချက်ရပြီးနောက် တပ်မှူးများက ကျန်ရှိနေသည့်တပ်များအား ရှေ့ဆက်ရန် ညွှန်ကြားသည်။
အပြစ်သုတ်ပုံရိပ်ယောင်သတ်ဖြတ်ခြင်းအစီအရင်၏ လွှမ်းမိုးမှုအောက်တွင် ကျန်ရှိနေသည့် အဖွဲ့၀င်များက ဤနေရာလွတ်အတွင်း ရုန်းကန်ရင်း နဂါးဖြူတောင်၏ နှလုံးသားထဲသို့၀င်သွားကာ တောင်ထိပ်နှင့် ဖြည်းဖြည်းချင်းနီးကပ်လာနေသည်။
တစ်ခါက စိမ်းလန်းစိုပြေနေသည့် ပတ်၀န်းကျင်က ယခုပျက်စီးသွားလေပြီ။ လုံး၀မပြိုကွဲသွားသေးသည့် ဝါးပင်များက မြေကြီးပေါ် ထိုးစိုက်နေပြီး ဆူးချွန်များပမာ စီတန်းနေသည်။
မြေကြီးက မီးသွေးကဲ့သို့မည်းနက်နေပြီး သေးငယ်သည့် လှည့်လှည်နေသောနဂါးများအလား လျှပ်စီးအမျှင်စများက လူများအနီးတွင် တစ်ခါတစ်ရံပေါက်ကွဲနေသည်။
ကောင်းကင်ပေါ်ရှိ ဘိုးဘေးနယ်ပယ်စွမ်းအားရှင်များမှာ သူတို့ပတ်၀န်းကျင်ကို အမြဲမပြတ်သတိထားနေကြသည်။
သို့သော် သူတို့အချိန်တစ်ခုထိဖြည်းဖြည်းချင်းချဉ်းကပ်ရင်း နဂါးဖြူဝိဉာဉ်ပေါ်လာမည့် ထိပ်ဖျားနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာစဉ် အဇူရာနဂါးစစ်တပ်၀င်များ၏ အဆောင်များ၊ အစီအရင်များနှင့် မည်သည့်ချုံခိုတိုက်ခိုက်မှုမှ ပေါ်မလာခဲ့ပေ။
အဲဒီလှိုင်းတစ်ခုပဲများလား!
တပ်မှူးများမှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။
သို့သော် သူတို့ဤအကြောင်းကို တွေးနေစဉ် အောက်ကလူများက ခြေလှမ်းများက နှေးကွေးနေပြီး သူတို့လှမ်းနေသည့် ခြေသံများပင် အတော်လေးပေါ့ပါးနေသည်။
ဤတိတ်ဆိတ်လုနီးပါးအခြေအနေတွင် အသေးဆုံးခြေသံကိုပင် ချက်ချင်းသတိထားမိနိုင်သည်။
ခရက်ခ်.....!
ခြောက်သွေ့သည့်အကိုင်းအခက်တစ်ခုကျိုးပဲ့သံက ပဲ့တင်ထပ်လာသည်။
သူတို့ရှေ့တွင် ဘယ်နှင့်ညာ၌ လျှပ်စီးများ ထပ်မံလင်း၀င်းလာပြန်သည်။
ဒီတစ်ကြိမ်တွင် လျှပ်စီးက မျက်စိကျိန်းလုနီးပါးပို၍ပင် တောက်ပလာပြီး အဖျက်အားကလည်း ပို၍ပင်အားကောင်းလာသည်။
ဤနေရာရှိအဆောင်အရေအတွက်က အရင်ကထက် နှစ်ဆပိုများသည်။
သူတို့မတုံ့ပြန်နိုင်ခင်မှာပင် လျှပ်စီးက ဘက်သုံးဘက်ကနေ ပြင်းထန်စွာစတင် စုစည်းလာပြီး ကြီးမားသည့် လျှပ်စီးလှံကြီးခြောက်ချောင်းကို ထိတ်လန့်ဖွယ်ရာ ပုံသွင်းနေခဲ့သည်။
မိုးကြိုးအမြစ်သုတ်၊ လှံက လမ်းကြောင်းကို သုတ်သင်ခြင်း!
ကမ္ဘာ့သုတ်သင်လှံခြောက်ချောင်းက မိုးကြိုးထိန်းချုပ်အဆောင်၏ ထိန်းချုပ်မှုအောက်က အဆောင်နှစ်ထောင်ကျော်ကနေ ဖွဲ့စည်းဖြစ်တည်လာခြင်းပင်။
ဘိုးဘေးနယ်ပယ်စစ်သည်များပင်လျှင် နှလုံးခုန်ပေါက်နေသည့်ခံစားချက်တစ်ခုကို ခံစားရသည်။
အကယ်၍ ကမ္ဘာ့သုတ်သင်လှံခြောက်ချောင်းကသာ တစ်ချိန်တည်းထဲတွင် သူတို့ထဲကတစ်ယောက်ယောက်ကို တိုက်ခိုက်လာပါက သူတို့ခုခံကာကွယ်နိုင်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
အောက်ကလူများက ပို၍ပင် ကြောက်ရွှံ့သွားကြပြီး အလိုလိုနောက်ဆုတ်ရန် ကြိုးစားကြသည်။
သို့စေကာမူ သူတို့သုံးလှမ်းဆုတ်ပြီးနောက်တွင် နောက်ကနေ ချဉ်းကပ်လာနေသည့် သေခြင်းတရား၏ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
တစ်ချို့ခေါင်းလှည့်ကြည့်လိုက်စဉ် သူတို့နောက်က လေထုထဲရှိ ဓားသုံးချောင်းကို တွေ့လိုက်ရသည်။
၄င်းတို့က အဖျက်အားကနေ ဖြစ်တည်လာသည့် ဓားရှည်သုံးချောင်းပေတည်း။ ရိုးရှင်းပြီး ဆင်မြန်းထားပုံမပေါ်သလို တစ်ချက်ကြည့်ရုံနှင့် ဘာမှထူးခြားခြင်းမရှိသော်လည်း ဓားသုံးချောင်းက ထိုနေရာ၌ ရစ်ဝဲနေသဖြင့် သူတို့ကြွက်သားတစ်ခုမျှပင် မလှုပ်ရှားရဲဘဲ နှလုံးသားထဲ၌ မျှော်လင့်ချက်ကင်းမဲ့သည့် ခံစားချက်တစ်ခုပေါ်လာသည်။
အသေးစားနတ်ဘုရားသတ်ဓားအစီအရင်!
ဤသည်က သူတို့ကိုဘက်ပေါင်းစုံက ၀န်းရံထားသည်။
လွတ်မြောက်ရန်အတွက် လမ်းကြောင်းမရှိပါ။
သူတို့တွင် တုံ့ပြန်ရန်ပင် အခွင့်အလမ်းမရှိလေရာ တစ်ချိန်တည်းတွင် သူတို့၏ ကာကွယ်ရေးအတားအဆီးများကို အလိုလိုမြှင့်တင်လိုက်ကြ၏။
ကမ္ဘာ့သုတ်သင်လှံခြောက်ချောင်းနှင့် အသေးစားနတ်ဘုရားသတ်ဓားအစီအရင်တို့က အလယ်တည့်တည့်ကို တစ်ပြိုင်နက်တည်း ကြဲချပစ်သည်။
အထက်က တပ်မှူးများနှင့် တပ်သားများ၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအင်လှိုင်းတစ်ခုက ဆူနာမီသဖွယ် ဘက်ပေါင်းစုံက ထိုးတက်လာခဲ့သည်။
ကမ္ဘာ့သုတ်သင်လှံများကလည်း တဟုန်ထိုးပေါက်ကွဲသွားကြ၏။
နဂါးဖြူတောင်တစ်ခုလုံးကို လင်း၀င်းနေသည့် လျှပ်စီးအောက်တွင် နတ်ဘုရားသတ်ဓားသုံးချောင်းက အောက်က အသက်များအား မရပ်မနားရိတ်သိမ်းနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပို့ဆောင်ရေးအလင်းတန်းများက တစ်ခုပြီးတစ်ခု လင်းလက်နေသည်။
တစ်ခဏအကြာတွင် တပ်မှူးများနှင့် ထောက်ပံ့ရေးတပ်များအပြင် စစ်တပ်ခြောက်ခု၏ တပ်ဖွဲ့၀င်အားလုံးက ဖယ်ရှားခံလိုက်ရသည်။
ဒါ့အပြင် ဤနေရာက သိမ်းကြုံခံလိုက်ရသည့်အလားပင်။ အဝေးတစ်နေရာကနေ နဂါးဖြူတောင်ခါးပန်းနှင့် တောင်ထိပ်ကြားတွင် ဖြစ်ပေါ်နေသည့် ကျယ်ပြန့်သည့် အက်ကြောင်းကြီးတစ်ခုကိုပင် မြင်နိုင်သည်။
တောင်ထိပ်နောက်ဘက်ခြမ်းသာ ကျန်နေခဲ့သည်။ ထိုနေရာက နဂါးဖြူတောင်၏ တုန်ခါနေသည့်တောင်ထိပ်ကို ထောက်ကူပေးထားသည့်အတွက်ကြောင့်ပင်။
ထိုနေရာ၌ အဇူရာနဂါးစစ်တပ်သာလျှင် ကျန်ရှိတော့သည်။
သို့သော် အဇူရာနဂါးစစ်တပ်က လူများကိုပင်မမြင်ရတော့။
လူတစ်ထောင်ကျော်ကနေ ယခုကိုးယောက်ခန့်သာရှိတော့သည်။
သူတို့ထဲတွင် ဘိုးဘေးနယ်ပယ်မဟာတပ်မှူးခြောက်ဦး၊ ဘိုးဘေးနယ်ပယ်တစ်၀က်အဆင့်က ဒုတပ်မှူးနှစ်ဦးနှင့် ထောက်ပံ့ရေးအားအဖြစ် ကျောင်းမင်သာလျှင်ရှိသည်။
စစ်တပ်ခြောက်ခုက လုံး၀မျက်နှာပျက်သွားရပြီဟု ဆို၍ရသည်။
ကျန်ရှိနေသည့်တပ်မှူးအနည်းငယ်၌ အလွန်အမင်းကြည့်ရဆိုးသည့် အမူအရာများရှိနေကြပြီး သူတို့မျက်လုံးများက အေးစိမ့်ဖွယ်ရာသတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြည့်နှက်နေသည်။
သူတို့၏ပူးပေါင်းအားထုတ်မှုများက အဇူရာနဂါးစစ်တပ်၏ ဤမျှထိ ဆိုးဝါးစွာ အနိုင်ယူခြင်းခံရလိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
.....
ဤမြင်ကွင်းကို အိမ်ရှေ့မင်းသားအပါအ၀င် ကိုးနဂါးတောင်တန်းအပြင်ရှိ လူအားလုံး၏ မျက်လုံးရှေ့တွင် အပြည့်အ၀ပြသခဲ့သည်။
သူတို့ အဇူရာနဂါးစစ်တပ်၏ နည်းဗျူဟာက တပ်မဟာခြောက်ခု၏ ပူးတွဲအင်အားကို အနိုင်ယူနိုင်မည်လား၊ မယူနိုင်ဘူးလားဆိုတာနှင့်ပတ်သက်၍ ယခုလေးတင် ဆွေးနွေးနေခဲ့ကြခြင်းပင်။
သို့သော် ယခုတွင်မူ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
မည်သူမှစကားမပြောကြသလို သူတို့၏ အသက်ရှုသံများကိုပင် အလိုလိုထိန်းချုပ်ထားမိကြသည်။
လူတိုင်း၏မျက်နှာက ထိတ်လန့်မှုနှင့် မယုံနိုင်မှုတို့ဖြင့် ပြည့်နှက်နေကြ၏။
သို့သော် ပထမမင်းသားနှင့် တတိယမင်းသားတို့၏မျက်နှာများက အားလုံးထဲတွင် ကြည့်ရအဆိုးဆိုးဖြစ်နေသည်။
ဤအချိန်မှာပင် အိမ်ရှေ့မင်းသား သူတို့နှစ်ယောက်ကို အပြုံးဖြင့်ကြည့်ရင်း အတိတ်ကို ပြန်ပြောပြကာ စနောက်ကျီစယ်လိုက်၏။
"အခု ကျွန်တော့်ရဲ့လောင်းကြေးက လက်တွေ့မကျဘူးလို့ အစ်ကိုတို့ထင်လား"