တန်လင်းရေကန်ထဲမှာ ငါးဟာ နဂါးအဖြစ် ပြောင်နိုင်တယ်
Vol. 133 Ch. 1837
တန်လင်းရေကန်သည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အရင်က လုံးဝ မရောက်ခဲ့ဖူးသော နေရာ ဖြစ်၏။ သူ့ကို ဘိုးဘေးက မြှင့်တင်ပေးခဲ့သည့်နောက်တွင်ပင် သူသည် ထိုရေကန်သို့ လုံးဝ မရောက်ခဲ့ဖူးပေ။
သူ တန်လင်းရေကန်သို့ ဝင်ရောက်ခွင့်ကို နောက်ဆုံး၌ ရလာခဲ့သည့်အချိန်ကျတော့လည်း မတော်တဆမှုတစ်ခုကြောင့် တန်လင်းကလန်က သူ့ကို ထုတ်ပယ်ခဲ့လေ၏။ ဤသည်မှာ သူ့ဘဝတွင် နောင်တရစရာ ဖြစ်လာခဲ့တော့သည်။
သည်အခိုက်၌ ဒီငါးခုမြောက်ပန်းပွင့်လောကမှာ ပျက်စီးပြိုလဲနေ၏။ တန်လင်းရေကန်တစ်ခုသာ ကျန်ခဲ့သည်။ ဤသည်က ခုနစ်ရောင်စုံ၏ တတိယစိတ်ဝိညာဉ်က သူ့ဘဝတွင် ၎င်းရေကန်နှင့် ပတ်သတ်၍ နောင်တရခဲ့မှုအပေါ် မည်မျှဂရုစိုက်သည်ကို ပြသနေသည်။
တံခါးရှစ်ချပ်ထံမှ အော်ရာများသည် ဒီပျက်စီးသွားသောလောက၌ ရှင်းလင်းစွာ ပေါ်လာခဲ့၏။
တကယ်တော့ ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်ဖြင့် ငါးခုမြောက်ပန်းပွင့်လောကကို အသက်သွင်းလိုက်ခြင်းပင်။ ထို့ကြောင့် သူ ဝင်ရောက်လာသည်နှင့် တစ္ဆေအိုကြီးကျန့်သည်ပင် လိုက်ပါမဝင်ရောက်နိုင်တော့ပေ။
သို့ပေမည့် ထိုမှတ်ဉာဏ်သည် ရှုပ်ထွေးကာ ပျက်စီးလာသည့်အခါ တစ္ဆေအိုကြီးကျန့်၏ အော်ရာသည် သည်လောကကို လှည့်ပတ်နေတော့သည်။ သူသည် ဒီလောကထဲ ဝင်ရောက်ဖို့ ဆက်တိုက်ကြိုးစားနေ၏။
ခုချိန်၌ တံခါးရှစ်ချပ်သည် ပေါ်လာသော်လည်း အစစ်အမှန်တံခါးကမူ ခုထိ သူ့ဟာသူ မပေါ်လာသေးပေ။ သူသာ တံခါးတစ်ခုပြီးတစ်ခုကို ရှာဖို့ ကြိုးစားပါက အချိန်အတော်ပေးရလိမ့်မည်။ တကယ်တော့ ဝမ်လင်းသည် ဖြတ်လမ်းနည်းသုံး၍ တံခါးရှစ်ချပ် ပေါ်လာစေခြင်းပင်။ သူက တတိယစိတ်ဝိညာဉ်၏ မှတ်ဉာဏ်များကို ရှုပ်ထွေးစေကာ ယင်းတံခါးများကို အတင်းအကြပ် ပေါ်လာစေခဲ့တာ ဖြစ်၏။
သည်လောကမှာ ဖျက်စီးခံထားရ၏။ ထို့အတွက် သည်နေရာမှာ သူ အစစ်အမှန်တံခါးချပ်ကို ရှာမတွေ့ခင် ပျက်စီးသွားတာလည်း ဖြစ်နိုင်သည်။ ထိုအခါကျလျှင် တံခါးရှစ်ချပ်သည် ထပ်မံ၍ ကွယ်ဝှက်သွားလိမ့်မည်ဖြစ်၏။ သို့ဖြစ်ပါက ယင်းတံခါးကို ရှာဖို့ ပိုခက်ခဲသွားပေမည်။
နောက်ဆုံးတွင် သူက သည်အခွင့်အရေးကို ဖန်တီးခဲ့ကာ အလကားဟသ အဖြစ်ခံမည် မဟုတ်ပေ။
“ဒီမှတ်ဉာဏ်ကို ပြင်ဆင်တဲ့ သရုပ်သကန်က မလုံလောက်သေးဘူးလား။ စုတောက်…သင်က တန်လင်းကလန်ကနေ ထွက်သွားခဲ့တယ်။ ဒါပေမဲ့ ငါ့အနေနဲ့ သင့်ကို ကူညီပြီး တန်လင်းရေကန်ကို ဝင်ချင်တဲ့ သင့်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးမယ်။ ဒါပေမဲ့ သင်က ငါ့ကို တံခါးချပ်အစစ်အမှန်ရဲ့ တည်နေရာကို ပြောပြရမယ်…”
ဝမ်လင်းသည် အခုက အချိန်သည် အလွန်အရေးကြီးသည်ကို နားလည်၏။ တစ္ဆေအိုကြီးကျန့်က သည်လောကပေါ်ရှိ အရံအတားကို အချိန်မရွေး ချိုးဖျက်နိုင်သည် မဟုတ်လား။
ဝမ်လင်းက ဆက်၍ တုံ့နှေးမနေတော့။ သူက မပျက်စီးသေးသော တန်လင်းရေကန်ထံသို့ ဦးတည်ဝင်ရောက်၏။ သူသည် ရေကန်နားသို့ ချက်ခြင်း ရောက်လာသည်။ထိုရေကန်သည် ဒုတိယပန်းပွင့်အတွင်းရှိ ရေကန်နှင့် ချွတ်ဆွတ်တူ၏။ မအေးခဲနေသည့် တစ်ခုသာ ကွာခြားသည်။ ထိုရေကန်က ကြည်လင်ကာ မွှေးရနံ့တစ်ခု စီးဆင်းနေသည်။
ရေကန်ထဲသို့ ဝင်၍ ဝမ်လင်းက ချက်ခြင်း ထိုင်ချလိုက်၏။ သူ ထိုင်ချလိုက်ကာ ရေကန်ထဲ ရောက်သည်နှင့် သူ၏ခန္ဓာကိုယ်တွင်းရှိ အနှစ်သာရခုနစ်ခုသည် လှုပ်ရှားလာသည်။
ထိုရေကန်မှာ အလွန်ထူးခြားသည်။ ၎င်းထံ၌ အတိုင်းမသိ အနှစ်သာရစွမ်းအင် ပါဝင်သည်။ ယင်းစွမ်းအင်က သူ၏ခန္ဓာကိုယ်တွင်းသို့ တရဟော တိုးဝင်ကာ သူ့အနှစ်သာရခုနစ်ခုနှင့် ပေါင်းစည်းသည်။
ယင်းတို့ ပေါင်းစည်းနေစဉ် ဝမ်လင်း၏အနှစ်သာရများသည် ကြီးထွားလာကာ များစွာ ပိုသန်မာလာ၏။ သူ၏ခန္ဓာကိုယ်တွင်းလည် လှည့်လည်ပြီးနောက် ထိုအနှစ်သာရခုနစ်ခုသည် တရှိန်ထိုး ထိုးထွက်လာသည်။
ဝမ်လင်း၏ ဘယ်မျက်လုံးတွင်းမှ မီးအနှစ်သာရသည် မီးပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းကာ တန်လင်းရေကန်ထဲ ဝင်ရောက်၏။ ၎င်းက အဆုံးမဲ့စွမ်းအားကို စုပ်ယူသည့်နှယ် ထင်ရကာ မီးခန္ဓာကိုယ်အဖြစ်သို့ ပြောင်းသည်။
ထိုခန္ဓာကိုယ်သည် ဝမ်လင်းနှင့် ချွတ်ဆွတ်တူ၏။ သို့သော် ၎င်းမှာ မီးဖြင့် ပြုလုပ်ထားခြင်းတည်း။ ၎င်းမှာ မီးအနှစ်သာရကြောင့် ဖြစ်ပေါ်လာခြင်းသာ။ သည်အခိုက်၌ ဝမ်လင်း၏မီးအနှစ်သာရသည် အရင်ကမီးအနှစ်သာရကို အလုံးစုံဖိနှိပ်ကာ ပြီးပြည့်စုံသည်။
မီးခန္ဓာကိုယ်က မီးဝတ်ရုံကို ဝတ်ဆင်ထားလျက် အစွမ်းထက်အော်ရာ ပေါက်ကွဲထွက်သည်။ သည်ရေကန်အတွင်း၌ မိုးကြိုးစက်ဝန်းများ မရေမတွက်နိုင်အောင် လှုပ်ရှားလာသည်။ တအောင့်အကြာတွင် မိုးကြိုးသံများ တုန်ဟည်းကာ မိုးကြိုးနဂါးတစ်ကောင်သည် ရေကန်ထဲမှ ပျံသန်းထွက်ကာ လူသားအသွင်ဆောင်သည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏ညာမျက်လုံးထံမှ မိုးကြိုးသည် တဟုန်ထိုး ထွက်၍ မိုးကြိုးနဂါးအဖြစ်သို့ ပြောင်းသည်။
မီးခန္ဓာကိုယ်ကဲ့သို့ပင် သည်မိုးကြိုးခန္ဓာကိုယ်မှာလည်း ဝမ်လင်းနှင့် ချွတ်ဆွတ်တူ၏။ သူသည် မိုးကြိုးနတ်ဘုရားအလား။
မကြာမီ၌ သေခြင်းရှင်ခြင်း၊ အမှန်အမှား၊ ကံမ္မအနှစ်သာရများ ပေါ်လာကြသည်။ တန်လင်းရေကန်သည် ရုတ်တရက် ၎င်း၏ရေတစ်ဝက်ကျော်ကို ဆုံးရှုံးသွားကာ ဆန်းကြယ်အနှစ်သာရသုံးခုကို သိပ်သည်းစေသည်။ သေခြင်းရှင်ခြင်းအနှစ်သာရသည် ဝမ်လင်း၏ရှေ့၌ ခန္ဓာကိုယ်တစ်ခုအသွင် ဖြစ်ပေါ်သည်။
ထိုခန္ဓာကိုယ်က ၎င်း၏လက်နှစ်ဖက်ကို ဖြန့်ကားထား၏။ ၎င်း၏ဘယ်လက်ဖြင့် ရှင်သန်ခြင်းကို ထိန်းချုပ်ပြီး ညာလက်ဖြင့် သေခြင်းကို ထိန်းချုပ်၏။ ၎င်းသည် သေခြင်းရှင်ခြင်းကို ထိန်းချုပ်သော ကောင်းကင်ဘုံသားအလား။ ၎င်း၏မီးခိုးရောင် ဆံပင်ရှည်တို့က တဖျတ်ဖျတ်လွင့်ကာ တုန်လှုပ်ဖွယ်မြင်ကွင်းကို ဖြစ်စေသည်။
သေခြင်းရှင်ခြင်းခန္ဓာကိုယ်အပြင် ကံမ္မနှင့်အမှန်အမှား အနှစ်သာရများ၏ ခန္ဓာကိုယ်များလည်း ပေါ်လာကြသည်။
အစစ်အမှန်ကံမ္မခန္ဓာကိုယ်က၊ ထိုခန္ဓာက ၎င်း၏လက်ဝါးကို ဖွင့်ဟသည့်အခါ ကံမ္မအကြောင်းရင်း လက်ဝါးကို ပြန်ဆုပ်သည့်အခါ ကံမ္မအကျိုးဆက် ဖြစ်လိမ့်မည်။ သည်ခန္ဓာကိုယ်၏ မျက်လုံးထဲ၌ အဆုံးမဲ့ဉာဏ်ပညာဖြင့် ပြည့်နှက်ကာ သည်လောကရှိ ပြောင်းလဲမှုအားလုံးကို တွေ့မြင်လေသည့်အလား။
အမှန်အမှား၏ အစစ်အမှန်ခန္ဓာကိုယ်သည်လည်း မျက်လုံး တဝက် ဖွင့်လာ၏။ ၎င်းခန္ဓာကိုယ်ထံမှ လူတိုင်း၏စိတ်နှလုံးကို တုန်ယင်စေမည့် ဖိအားကို ပေးစွမ်းသည်။
အနှစ်သာရငါးခုသည် အစစ်အမှန်ခန္ဓာကိုယ်များကို ဖွဲ့စည်းပြီးလေပြီ။ သို့သော် ထိုမျှက အဆုံးသပ်မဟုတ်သေးပေ။ ဝမ်လင်း၏ သတ်ဖြတ်ခြင်းအနှစ်သာရ ပေါ်လာကာ ရေပမာဏများစွာကို စုပ်ယူသည်။ ရေကန်၏ ရေပမာဏသုံးဆယ်ရာခိုင်နှုန်းသာ ကျန်သည့်အခါ၌ သတ်ဖြတ်ခြင်းအနှစ်သာရသည် ၎င်း၏အစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းသည်။
သည်ခန္ဓာကိုယ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြုလုပ်ထားခြင်းဖြစ်ကာ လုံးဝ နီရဲနေသည်။ ၎င်း ပေါ်လာသည်နှင့် လောကကို ဖျက်စီးနိုင်သော သတ်ဖြတ်လိုစိတ် ပေးစွမ်းသည်။
အနှစ်သာရခြောက်ခု ပေါ်လာပြီးနောက် ဝမ်လင်း၏မျက်လုံးတွင်းရှိ သွေးစင်းကြောင်းများထံမှ အတားအဆီးအနှစ်သာရ ဖြစ်ပေါ်သည်။ သွေးစင်းကြောင်းများသည် ဝမ်လင်း၏ရှေ့တွင် ပျံသန်းလာကာ ယင်းတို့သည် မျက်လုံးတစ်စုံနှင့် ဆင်တူသည်။
ရေကန်ထံမှ ရေများသည် ထပ်မံလျှော့လာကာ နှစ်ဆယ်ရာခိုင်နှုန်းသာ ကျန်တော့သည်။ အတားအဆီးအနှစ်သာရသည် ပြီးပြည့်စုံကာ သည်အစစ်အမှန်ခန္ဓာကိုယ်ကို ဖွဲ့စည်းသည်။ ထိုခန္ဓာက သူ၏ရှေ့တွင် လွင့်မြောကာ ဝမ်လင်း၏ ခုနစ်ခုမြောက်အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာတော့သည်။
ဝမ်လင်း၏စိတ်နှလုံးတွင်းရှိ တုန်လှုပ်မှုသည် အကန့်အသတ် ရောက်လာ၏။ သူက တစ္ဆေအိုကြီးကျန့်က အချိန်မရွေး ဝင်လာနိုင်သည်ကိုလည်း မေ့သွား၏။ အစစ်အမှန်တံခါးချပ်သည် တံခါးရှစ်ချပ်ကြား၌ ပုန်းကွယ်နေဆဲ ဖြစ်သည်ကိုပါ မေ့သွားသည်။
သူက တန်လင်းရေကန်သည် ခုလောက်ထိ သူ၏အနှစ်သာရများကို အစစ်အမှန်ခန္ဓာများထိ ဆင့်ကဲတိုးတက်စေမည့် အံ့အားသင့်ဖွယ် သက်ရောက်မှု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ ဤအဖြစ်ကို သူသည် မကြားဖူးသလို မြင်လည်း မမြင်ဖူးပေ။
သည်အဖြစ်သနစ်က သူ မျှော်လင့်ထားသည်ထက် ကျော်နေ၏။
သို့သော် ဝမ်လင်းက သည်အဖြစ်သနစ်အားလုံးမှာ အတုအယောင်မှန်း သိ၏။ တန်လင်းကလန်မှာ စုတောက်(ဝါ)ခုနစ်ရောင်စုံ၏ တတိယစိတ်ဝိညာဉ် မှတ်ဉာဏ်များကြောင့် ဖြစ်ပေါ်လာခြင်းသာ။ ဒီလောကသည် လုံးဝ ပျက်စီးသွားသည်နှင့် သူသည် အစစ်အမှန်လောကသို့ ပြန်ရောက်ကာ ဒီအရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်ပင်။
သို့ရာတွင် ဒီအတွေ့အကြုံက ဝမ်လင်းကို မျှော်လင့်ချက် ပေးစွမ်းခဲ့လေပြီ။ သူ့ကို တန်လင်းရေကန်၏ အရေးကြီးပုံကိုပါ သိစေခဲ့သည်။
“ငါသာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို သွားနိုင်ခဲ့ရင် ငါဟာ တန်လင်းရေကန်ဆီ သွားဖို့ လိုမယ်…” ဝမ်လင်းသည် သူ၏စိတ်နှလုံးအတွင်း၌ ရူးသွပ်စွာအသံတစ်သံကို ကြားရနိုင်သည်။ သူသည် ခုလက်ရှိ သူက ပုံရိပ်ယောင်ထဲ၌ ဖြစ်နေသော်လည်း သူ၏ကျင့်ကြံမှုအဆင့်က အဆမတန် တိုးလာသည်ကို သိ၏။
သို့သော် ထိုမျှသည် အဆုံးသပ် မဟုတ်သေးပေ။ နှစ်ဆယ်ရာခိုင်နှုန်းသာ မကျန်တော့သော ရေကန်၏ ရေပမာဏထံမှ ပို၍ တုန်လှုပ်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။ ဝမ်လင်းသည် အနှစ်သာရခုနစ်ခုသာ ပိုင်ဆိုင်သည် မဟုတ်တော့၊ ရှစ်ခုမြောက်အနှစ်သာရကို ပိုင်ဆိုင်လာခြင်းပင်။
ထိုရှစ်ခုမြောက် အနှစ်သာရသည် သူ ဒြပ်စင်ငါးပါးဂြိုဟ်၏ အစီအရင်ထံမှ ရခဲ့သော ရေအနှစ်သာရ ဖြစ်၏။ သို့သော် ၎င်းက သေးငယ်သောပြီးပြည့်စုံမှုသို့သာ ရောက်သေးသည်။ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်စေဖို့အထိ အဓိကပြည့်စုံမှုသို့ ရောက်ရန်မှာ အဝေးကြီး လိုသေးသည်။
သို့ပေမည့် သည်အခိုက်တွင် တန်လင်းကန်အတွင်းမျ ရေသည် ဝမ်လင်း၏ခန္ဓာကိုယ်ထံ သူ၏ဒွာရပေါက်များထံမှ ဖြတ်သန်းဝင်ရောက်လာ၏။ ဝမ်လင်းသည် ရှစ်ခုမြောက်အနှစ်သာရက မြန်မြန်ဆန်ဆန် အားကောင်းလာသည်ကို ခံစားမိသည့်အခါ သူ့စိတ်နှလုံးမှာ ခုန်ပေါက်ရ၏။ တန်လင်းရေကန်အတွင်းမှ ရေအားလုံး ပျောက်ကွယ်သွားချိန်၌ ရေအနှစ်သာရသည် ပြီးပြည့်စုံလာသည်။
၎င်းကလည်း အစစ်အမှန်အနှစ်သာရခန္ဓာကိုယ် ဖွဲ့စည်းလေ၏။ အစစ်အမှန်ခန္ဓာကိုယ်က ရေလှိုင်းဝတ်ရုံကို ဝတ်ဆင်ထားကာ ၎င်း၏ခန္ဓာကိုယ်မှာ သလင်းကဲ့သို့ ကြည်လင်သည်။ ၎င်း ဖြစ်ပေါ်လာခိုက်၌ ဝမ်လင်း၏ စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံခြင်းသည် မြန်မြန်ဆန်ဆန် တိုးတက်လာချေသည်။
ချက်ခြင်းပင် သူက စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်လာကာ ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။
သူသာ ကိုးခုမြောက်အနှစ်သာရကို ဖွဲ့စည်းနိုင်ပါက ဆန်းကြယ်လေဟာနယ်အဆင့်သို့ ရောက်ရှိပေလိမ့်မည်။ အနှစ်သာရကိုးခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းပါက အနှစ်သာရများ၏ အထွတ်အထိပ်သို့ ရောက်လာမည်သာ။
တန်လင်းရေကန်သည် ၎င်း၏ရေအားလုံးကို ဆုံးရှံးသွားပြီးနောက် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာ၏။ ၎င်းသည် မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ်သို့ ပျက်စီးကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်။
သည်ပျက်စီးသွားသောလောက၌ တစ်ခုတည်းကျန်ရစ်သော တန်လင်းရေကန်သည်လည်း လုံးဝ ပျက်စီးသွားချေသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။
ချက်ခြင်းပင် ခုနစ်ရောင်စုံ၏မှတ်ဉာဏ်ဖြင့် ဖန်တီးထားသော သည်လောကမှာ အလုံးစုံ ပျက်စီးသွားလေပြီ။ တစ္ဆေအိုကြီးကျန့်၏အော်ရာ ရုတ်တရက် ဝင်ရောက်လာပြီး ဝမ်လင်းထံသို့ ပျံသန်းလာ၏။
ထိုလောက ပျက်စီးသွားသည်နှင့် တစ်ချိန်တည်းမှာ တံခါးရှစ်ချပ်ထဲမှ တစ်ခု၏ အော်ရာသည် ရုတ်တရက် တိုးပွားလာကာ ကျန်သည့်တံခါးခုနစ်ချပ်ကို ဖိနှိပ်သွားလေသည်။
ဤတံခါးကား အစစ်အမှန်တံခါး ဖြစ်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံသို့ ဦးတည်၏။
ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်လိုက်၏။ တစ္ဆေအိုကြီးကျန့်က နီးကပ်လာစဉ် ဝမ်လင်းက ပိုမြန်၏။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာသည်။ သည်အစွမ်းထက်မှုနှင့် သူ၏ကျင့်ကြံမှုအဆင့်က မြင့်မားနေခြင်းသည် အတုအယောင် ဖြစ်သော်လည်း ဤသည်က ဝမ်လင်း၏ အနာဂတ်တောက်ပအောင် တံခါးတစ်ချပ် ဖွင့်ပေးလိုက်ခြင်းပင်။
သူ ရှေ့သို့ လှမ်းလာစဉ် လောကသည် သူ၏ခြေထောက်အောက်၌ လုံးဝ ပျက်စီး၏။ ခုနစ်ရောင်စုံ၏ မှတ်ဉာဏ်လောကမှာ ပျက်စီးလေပြီ။ သို့သော် အစစ်အမှန်တံခါးချပ်၏အော်ရာက ပို၍ အားကောင်းလာ၏။
တစ္ဆေအိုကြီးကျန့်က ရူးသွပ်သွားသည့်နှယ် မြန်ဆန်စွာ ချဉ်းကပ်လာသည်။ သို့သော် သူက တိမ်တာအိုပညာရပ်နှင့် အနှစ်သာရရှစ်ခုအစစ်အမှန်ခန္ဓာကိုယ်များ ဖြစ်ပေါ်ထားသော ဝမ်လင်းကို အမှီမလိုက်နိုင်ပေ။ ဝမ်လင်းသည် ခြေတစ်လှမ်းဖြင့် တံခါးချပ်အစစ်၏ ရှေ့၌ ပေါ်လာသည်။
သည်နေရာမှာ မူလတုန်းက ပျက်စီးနေပြီ ဖြစ်သော တောင်တစ်လုံးပင်။ ထိုနေရာ၌ သည်တံခါးက အစားထိုးလာခဲ့ခြင်းတည်း။ ယင်းတံခါးထံမှ ရှေးကျသောအော်ရာကို ပေးစွမ်းကာ ၎င်းက အလွန်တရာ ကြီးမားလှ၏။ ဝမ်လင်းသည် ထိုတံခါး၏ရှေ့၌ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ပင်။
ဝမ်လင်း ထိုတံခါးထံ နီးကပ်လာစဉ် သူသည် တစ်စက်လေးမှ တုံ့နှေးမနေဘဲ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏ရှေးတောက်စွမ်းအားနှင့် ကျင့်ကြံခြင်းက သူ၏လက်ဝါးတွင် စုဝေးကာ ထိုတံခါးအား ဖိချလိုက်သည်။
“လှိုဏ်ဂူလောကကို ပွင့်ဟစေ…” ဝမ်လင်းက မာန်သွင်းအော်ဟစ်၏။ အနှစ်သာရရှစ်ခုအစစ်အမှန် ခန္ဓာကိုယ်များ ပေါ်လာကြသည်။ သူတို့က လက်များကို မြှောက်ကာ ယင်းတံခါးပေါ်သို့ ဖိချ၏။
ထိုတံခါး တုန်ယင်လာကာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ အက်ကြောင်းတစ်ခု ပေါ်လာပြီး သည်တံခါးက စတင်ပွင့်ဟသည်။
ထိုအက်ကြောင်း၏ အပြင်ဘက်၌ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၊ ကျယ်ပြောလှသောလောက အစစ်အမှန် တည်ရှိလေ၏။
ဝမ်လင်းသည် လှိုဏ်ဂူလောကထံမှ သည်ချိပ်ပိတ်ထားသော တံခါးကို ဖွင့်လှစ်ရန် ဤနေရာသို့ ရောက်လာသည့် ပထမဆုံးသူပင်။ သူ၏စိတ်ခံစားမှုကို ဖော်ပြ၍ငှာ မဖြစ်နိုင်ပေ။
ထိုတံခါး ပွင့်ဟသည့်နောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာအစစ်အမှန် ထိုးထွက်လာသည်။