အပိုင်း(၁၈၃၈)
Vol. 133 Ch. 1838
အက်ကြောင်းတစ်ခုက ထိုတံခါးကို ပွင့်ဟလာစေသည်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာသည် တရှိန်ထိုး ဝင်ရောက်လာ၏။ ဝမ်လင်း၏နောက်ရှိ လောကမှာ ပျက်စီးကာ တစ္ဆေအိုကြီးကျန့် ရောက်ရှိလာသည်။
ဝတ်ရုံရှည်ဖြင့် အရိပ်ထံမှ ကြောက်မက်ဖွယ်တစ္ဆေအလင်း လှစ်ဟပေါ်ကာ ဝမ်လင်းကို စိုက်ကြည့်သည်။ မည်သည့်အတွက်ကြောင့်မှန်းမသိ သည်တံခါး ပွင့်ဟသွားချိန်၌ တစ္ဆေအိုကြီးကျန့်၏ စိတ်နှလုံးအတွင်းသို့ အသက်အန္တရာယ်အာရုံ ဝင်ရောက်လာခဲ့သည်။
ဝမ်လင်းသည် တံခါးဘေးတွင်ရပ်ကာ အကွာအဝေးတစ်ခုရှိ တစ္ဆေအိုကြီးကျန့်ထံသို့ လှမ်းကြည့်သည်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ အော်ရာသည် တံခါးအဟကြားကနေ တဟုန်ထိုး ဝင်ရောက်လာနေသည်။ ဤသည်က ဝမ်လင်း၏ရှေးတောက်သွေးမျိုးဆက်ကို ရွှင်မြူးစေကာ သူ၏သွေးလည်ပတ်နှုန်းကို မြန်စေသည်။
“တစ္ဆေအိုကြီးကျန့်၏ စိတ်ထဲရှိ အန္တရာယ်အငွေ့အသက်က ပိုအားကောင်းလာ၏။ သူက အနားတိုးလာရန် မရွေးချယ်ဘဲ အကွာအဝေးတစ်ခုထံကနေသာ လှမ်းပြောလိုက်သည်။ မင်းက တံခါးကို ဖွင့်နိုင်ခဲ့တာတောင် မင်း ထွက်မသွားရဲဘူးမလား။ ငါ့မှာ တတိယစိတ်ဝိညာဉ်ရဲ့ မှတ်ဉာဏ် မပိုင်ဆိုင်ထားပေမဲ့ စိတ်ဝိညာဉ်တွေအပေါ်မှာ ထင်ကျန်နေတဲ့အလိုလိုသိစိတ်တော့ ရှိတယ်။ လှိုဏ်ဂူလောကနဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကြားမှာ အရံအတားတစ်ခု ရှိတယ်။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ သွေးမျိုးဆက် ပိုင်ဆိုင်တဲ့သူတွေသာ ထွက်သွားနိုင်မှာ ဖြစ်တယ်…”
“မင်းမှာ သွေးမျိုးဆက် ပိုင်ဆိုင်ပြီး ထွက်သွားနိုင်ခဲ့ရင်တောင် မင်းငါ့ကို တတိယစိတ်ဝိညာဉ် မပေးရင် မင်း ထွက်သွားတာနဲ့ မင်းဂရုစိုက်ရတဲ့ သူတိုင်းကို ငါ သတ်ပစ်မှာ…”
“အခု ဒီတံခါးကို ပွင့်သွားပြီ။ ငါတို့ကြားမှာ ဘာရန်ငြှိုးမှ မရှိဘူး။ ငါ့ကို တတိယစိတ်ဝိညာဉ် ပေးပါ။ ငါ ဒီနေရာကနေ ထွက်သွားမယ်။ ဒီလှိုဏ်ဂူလောကကို ဘယ်တော့မှ ပြန်မလာတော့ဘူး…” တစ္ဆေအိုကြီးကျန့်၏ စကားများထဲ၌ ထူးဆန်းသောအားတစ်ခု ပါဝင်နေဟန် ရသည်။
ဝမ်လင်းက စကားမဆိုပေ။ သူက တတိယစိတ်ဝိညာဉ်ကိုလည်း မပေးနိုင်ပေ။ သူ့အတွက် တတိယစိတ်ဝိညာဉ်သည် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ စုတောက် မဟုတ်၊ သူ၏တပည့် ရွှယ်ချင်း ဖြစ်လေ၏။
ငြိမ်သက်စွာ စဉ်းစားနေရင်း ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၏။ တစ္ဆေအလင်းတန်းနှစ်ခု လင်းလက်သွားသည်။ ထိုအလင်းတန်းနှစ်ခုက တစ္ဆေဆန်စွာ တောက်ပ၏။ ယင်းအတွင်း၌ သွေးစင်းကြောင်းများ ရှိနေသည်။ ဤသည်မှာ ရွှယ်ချင်း၏နှလုံးသွေးပင်။
ရွှယ်ချင်းက တတိယစိတ်ဝိညာဉ်၏ ပြန်လည်မွေးဖွားမှု ဖြစ်၏။ သူ့အသက်ကို ရင်းကာ သူက ချိပ်ဟန်သုံးခု ပြုလုပ်ခဲ့၏။ ပထမတစ်ခုက သူ၏ကိုယ်ပိုင် စိတ်ဝိညာဉ်အတွင်၊ တခြားနှစ်ခုကတော့ ဝမ်လင်းကို ပေးဖို့ ဖြစ်၏။ ဤသည်မှာ သူ မသေခင် သူ့ဆရာဖြစ်သူ ဝမ်လင်းအတွက် နောက်ဆုံးလုပ်ပေးခဲ့သောအရာပင်။
သည်ချိပ်တံဆိပ်နှစ်ခုသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံမှ အော်ရာနှင့် ပေါင်းစပ်ပြီးနောက် ယင်းတို့သည် တခြားစိတ်ဝိညာဉ်နှစ်ခုကို ချိပ်ပိတ်နိုင်စွမ်း ရှိလာမည် ဖြစ်၏။
သည်ချိပ်တံဆိပ်နှစ်ခု ပေါ်လာသည်နှင့် တံခါးအဟကြားမှ တိုးဝင်လာနေသော အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာသည် ဝမ်လင်း၏ညာလက်ထံသို့ အရှိန်အဟုန်နှင့် တိုးဝင်လာ၏။ ထိုအော်ရာက သူ၏ချိပ်တံဆိပ်နှင့် မြန်ဆန်စွာ ပေါင်းစပ်သည်။
တစ္ဆေအလင်းသည် ရုတ်တရက် တိုးမြှင့်လာကာ ဝမ်လင်း၏ညာလက်တွင် တစ္ဆေဆန်သော နေနှစ်စင်း ပေါ်လာသည့်နှယ်။ ဝမ်လင်း၏ခန္ဓာက ထိုအလင်းအတွင်း၌ ဝေဝါးနေ၏။ ဝမ်လင်း၏နောက်ရှိ တံခါးချပ်သည်ပင် ထိုအလင်း၏ ခြုံလွှမ်းသည်ကို ခံရသည်။
သို့သော် ထိုချိပ်တံဆိပ်၏စွမ်းအားက မပြည့်စုံသေးပေ။ ၎င်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာကို ဆက်၍စုပ်ယူနေဆဲ ဖြစ်၏။ တံခါးသည် အနည်းငယ်မျှသာ ပွင့်ဟသေးသည် ဖြစ်၍ စုပ်ယူမှုနှုန်းသည် အတန်ငယ် နှေးနေသည်။
တစ္ဆေအိုကြီးကျန့်က သည်ချိပ်ပိတ်မှုစွမ်းအားကို ခံစားမိသည့်အခါ သူ၏မျက်လုံးသူငယ်အိမ်သည် ကြုံ့သွားသည်။ နောက်ဆုံးတွင် သူက ဘာကြောင့် အသက်အန္တရာယ်အာရုံကို ခံစားမိရသည်ကို နားလည်သွားတော့သည်။
တစ္ဆေအိုကြီးကျန့်၏ မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွားကာ သူက ဝမ်လင်းထံသို့ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်လာတော့၏။ သူက အခုအခါသည် နောက်ဆုတ်၍မရသည်ကို သိ၏။ အန္တရာယ်အာရုံက အလွန်အားကောင်းနေလျှင်ပင် သူသည် ရှေ့ဆက်ရမည်သာ။ မဟုတ်ပါက အကျိုးဆက်များသည် မည်သို့ဖြစ်လာမည်ကို မသိနိုင်ပေ။
သူက အလွန်မြန်စွာ လှုပ်ရှားလာရာ ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်လာ၏။ တစ္ဆေုအိုကြီးကျန့်က သူ့လက်ကို ပင့်မြှောက်လိုက်ရာ ရွှေရောင်တိုက်ပွဲစာလုံးက ဝမ်လင်းထံ ပျံသန်းဝင်လာသည်။ တချိန်တည်းမှာ တစ္ဆေအိုကြီး၏ ပတ်လည်ရှိ ခုနစ်ရောင်စုံစိတ်ဝိညာဉ်ပေါ်၌ ထပ်နေသောအရိပ်တစ်ခု ပေါ်လာသည်။ ခုနစ်ရောင်စုံတာအိုသခင်၏စိတ်ဝိညာဉ်သည် ရုတ်တရက် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ရွှေရောင်တောက်ပကာ သူသည် ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာ၏။
သိပ်မကြာခင်တွင် ဝတ်ရုံရှည်နှင့် စိတ်ဝိညာဉ်က သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ သူ၏ကိုယ်ပေါ်ရှိ ဝတ်ရုံရှည်က လှိုင်းတစ်ခုအလား ချဲ့ကားကာ ဝမ်လင်းထံ ပျံသန်းဝင်လာသည်။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်သည်။ သူ၏လက်ထဲရှိ ချိပ်တံဆိပ်နှစ်ခုက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ အော်ရာကို စုပ်ယူနေတုန်းပင်။ တစ္ဆေအိုကြီးကျန့်နှင့် ခုနစ်ရောင်စုံစိတ်ဝိညာဉ်နှစ်ခု နီးကပ်လာကြစဉ် ဝမ်လင်းက သူ့ဘယ်လက်ကို မြှောက်ကာ ရှေ့သို့ တွန်းထုတ်သည်။
ထိုအခါ ဝမ်လင်း၏ အနှစ်သာရရှစ်ခုအစစ်အမှန် ခန္ဓာကိုယ်များအားလုံး ပေါ်လာကာ သူတို့၏လက်များကိုလည်း ရှေ့သို့ တွန်းထုတ်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ပြီး သည်ပျက်စီးနေသော ငါးခုမြောက်ပန်းပွင့်လောက ပျောက်ကွယ်လာသည့်အခါ တာအိုသခင်အိပ်မက်ပြာ၊ အဘိုးအိုမာ၊ ထန်ရှန်နှင့် တခြားသူများ ပေါ်လာကြသည်။
ဒဏ်ရာအပြင်းအထန် ရထားသော လိပ်နက်ဗိုလ်ချုပ်နှင့် ဟင်္သငှက်ဗိုလ်ချုပ်တို့လည်း ရှိကြ၏။
ထိုခန္ဓာကိုယ်များ ပေါ်လာသည့်အခိုက်၌ တစ္ဆေအိုကြီးကျန့်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူ့ထံ၌ တတိယစိတ်ဝိညာဉ်ထံမှ မှတ်ဉာဏ်များ မပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူသည် ထိုအနှစ်သာရခန္ဓာကိုယ်များကို မသိရှိပေ။ သို့သော် အဘိုးအိုမာက သည်အနှစ်သာရခန္ဓာများကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်ကုန်သည်။
“အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်…။ ဒါ…ဒါဟာ အနှစ်သာရအစစ်အမှန်ခန္ဓာကိုပဲ။ လူတစ်ယောက်အတွက် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုတာ ရှားပါးလွန်းတယ်။ ဒါပေမဲ့..သူ့မှာ ခန္ဓာရှစ်ခုတောင် ပိုင်ဆိုင်နေတယ်…”
“ရှေးပဝေသဏီနတ်ဘုရားနယ်မြေကို သွားရောက်တာအပြင် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ရနိုင်ဖို့ တခြားနည်းလမ်း တစ်ခုရှိတယ်လို့ ဆိုကြတယ်။ ဒီနည်းလမ်းကို သက်သေမပြနိုင်ပေမယ့်လည်း ဒါဟာ ဘယ်လောက်တောင် ရှားပါးလဲဆိုတာကို ပြသနေတယ်…”
ကျယ်လောင်သောတုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ဝမ်လင်းနှင့် သူ၏အနှစ်သာရရှစ်ခုအစစ်အမှန် ခန္ဓာကိုယ်များသည် တပြိုင်နက်တည်း တိုက်ခိုက်လာ၏။ တစ္ဆေအိုကြီးကျန့်၊ ခုနစ်ရောင်စုံစိတ်ဝိညာဉ်နှင့် ဝတ်ရုံရှည်စိတ်ဝိညာဉ်တို့သည် တုန်ယင်ကာ နောက်သို့ အတင်းအကြပ် ဆုတ်သွားရ၏။
ဤသည်မှာ ဝမ်လင်းအနေဖြင့် တစ္ဆေုအိုကြီးကျန့်ကို ပထမဆုံးအကြိမ် အတင်းအကြပ် နောက်ဆုတ်စေနိုင်ခြင်းပင်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း တုန်ယင်သွား၏။ ပြင်းထန်သောအားတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ဘယ်လက်ထံသို့ စီးဝင်ကာ သူ၏နောက်ရှိ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ရှစ်ခုထံသို့ ဝင်ရောက်လေသည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သည်အားကို အသုံးချကာ သူက သူ့ဘယ်လက်ဖြင့် စက်ဝန်းတစ်ခုကို ရေးဆွဲသည်။ သူသည် သူ့ဘယ်လက်ကို တံခါးချပ်ပေါ်သို့ ဖိချရန် နောက်ဆုတ်သည်။
ထိုတံခါးသည် တုန်ဟည်းသွား၏။ တစ်ချိန်တည်းမှာ အနှစ်သာရရှစ်ခုအစစ်အမှန်ခန္ဓာကိုယ်များသည်လည်း နောက်ဆုတ်ကာ တံခါးအား ရိုက်ချကြသည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ တံခါးသည် သုံးဆယ်ရာခိုင်နှုန်းနီးပါးထိ ပွင့်ဟသွားတော့သည်။
သည်အခိုက်အတန့်တွင် တံခါးကို တစ်စုံတစ်ယောက်က အတင်းအကြပ် ဖွင့်လှစ်ဖို့ မလိုတော့ပေ။ အားကောင်းလှသော အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏အော်ရာက တရှိန်ထိုး ဝင်ရောက်လာရင်း တံခါးက သူ့ဟာသူ ဖြည်းဖြည်းချင်း ပိုကျယ်သထက်ကျယ်စွာ ပွင့်ဟလာတော့သည်။
တစ်ချိန်တည်းမှာ အော်ရာက ပိုမို တိုးဝင်လာပြီး ဝမ်လင်း၏လက်ထဲရှိ ချိပ်တံဆိပ်နှစ်ခုနှင့် ပေါင်းစပ်သည်။ တစ္ဆေုအိုကြီးကျန့်၏ အမူအရာကမှာ ကြီးစွာ ပြောင်းလဲသွားလေ၏။ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ချေသည်။
တစ္ဆေအိုကြီးကျန့်၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နှက်လာ၏။ သူက တုံ့နှေးမနေဘဲ နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ ဝမ်လင်းသည် သူ၏လက်ထဲရှိ ချိပ်တံဆိပ်ကို ကြည့်၏။ သူက ရွှယ်ချင်းကို ဝိုးတဝါးမြင်မိသည့်ပုံပင်။ သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်လာသည်။
“ရွှယ်ချင်း…မင်းဟာ ငါ့တပည့်လည်း ဟုတ်သလို၊ ဆရာလည်း ဟုတ်တယ်..”
ဝမ်လင်းသည် သက်ပြင်းချကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ ချိပ်တံဆိပ်နှစ်ခုသည် ထွက်ပြေးသွားသော တစ္ဆေအိုကြီးကျန့်ထံသို့ ပျံသန်းဝင်လာသည်။
ထိုချိပ်တံဆိပ်များက ကံကြမ္မာအလား။ တစ္ဆေအိုကြီးကျန့် မည်မျှ မြန်ပါစေ သူသည် ထိုကြမ္မာကနေ လွတ်မြောက်နိုင်မည် မဟုတ်ပါ။
၎င်းတို့က တစ္ဆေအိုကြီးကျန့်နားသို့ ချက်ခြင်း ရောက်လာ၏။ တစ္ဆေအိုကြီးကျန့်၏နှဖူးပေါ်သို့ ပထမဆုံး ချိပ်တံဆိပ် ကျရောက်လာ၏။
တစ္ဆေအိုကြီးကျန့်က မာန်သွင်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ မန္တာန်တစ်ခု ပေါ်လာကာ သူ့ဘေးနားရှိ ဝတ်ရုံရှည်နှင့်စိတ်ဝိညာဉ်၏ မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ အလင်းတစ်ခုသည် ထိုချိပ်ပိတ်မှုထံ ပျံသန်းဝင်လာ၏။
သို့ပေမည့် မန္တာန်များအားလုံးနှင့် အလင်းများအားလုံးသည် ဒီမန္တာန်ကို ရပ်တန့်နိုင်စွမ်း မရှိပေ။ ၎င်း၏ရှေ့၌ မည်သည့်အရာမျှ မတည်ရှိလေသည့်အလား။ ထိုချိပ်တံဆိပ်က အရာအားလုံးကို ထွင်းဖောက်ကာ တစ္ဆေအိုကြီးကျန့် ပတ်လည်ရှိ ဝတ်ရုံရှည်စိတ်ဝိညာဉ်၏ မျက်ခုံးနှစ်ခုကြားသို့ ညင်သာစွာ ကျရောက်သွားသည်။
၎င်း ကျရောက်လာသည့်အခိုက်တွင် ဝတ်ရုံရှည်စိတ်ဝိညာဉ်က နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။ ၎င်းကို ထပ်နေသော အရိပ်တစ်ခု ပေါ်လာကာ ထိုချိပ်တံဆိပ်သည် ခုနစ်ရောင်စုံစိတ်ဝိညာဉ်ထံသို့ တိုးဝင်သည်။ ယင်းချိပ်တံဆိပ်က ခုနစ်ရောင်စုံစိတ်ဝိညာဉ်၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ချိပ်တံဆိပ်သည် ပေါက်ကွဲ၍ ခုနစ်ရောင်စုံ စိတ်ဝိညာဉ်ကို ဝန်းရံသည်။ အဝေးမှ ကြည့်ပါက ၎င်းသည် ပိုက်ကွန်တစ်ခုနှင့်တူကာ ခုနစ်ရောင်စုံစိတ်ဝိညာဉ်ကို ပိုက်ကွန်နှင့်အတူ ကြုံ့သွားစေကာ လက်သီးအရွယ်စားလောက်သာ ကျန်၏။ ထိုစိတ်ဝိညာဉ်ထံမှ အလင်းသည်လည်း မှိန်ဖျော့လို့သွားသည်။
သည်အခိုက်၌ တစ္ဆေအိုကြီးကျန့်က မြန်ဆန်စွာ နောက်ဆုတ်နေ၏။ သူ၏ ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာသည်။ တစ္ဆေအိုကြီးကျန့် အနီးရှိ ဝတ်ရုံရှည်စိတ်ဝိညာဉ်တွင်လည်း အတိုင်းမသိ ကြောက်ရွှံ့မှုတို့ ပြည့်လာကာ သူသည် သူ့မျက်ခုံးခုနစ်ခုကြားသို့ ထိုချိပ်ပိတ်မှု ကျရောက်လာသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်သည်။ ထိုချိပ်တံဆိပ်က လွင့်ပြယ်ကာ သူ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းသွားချေသည်။
အကွာအဝေးတစ်ခု၌ တာအိုသခင်အိပ်မက်ပြာနှင့် တခြားသူများသည် တုန်လှုပ်နေကုန်သည်။ သူတို့သည် ဝမ်လင်းထံ၌ ထိုသို့သောအရာကို ပြင်ဆင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ အဘိုးအိုမာနှ့င် ယွမ်ရီဖေးတို့ကလည်း ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကြ၏။
သူတို့သည် သည်လှိုဏ်ဂူလောက၏ ကိစ္စအဆုံးသပ်တွင် မဟာအင်ပါယာရွှမ်လောက ဝင်ကူလိမ့်မည်ဟု အစတုန်းက တွေးထင်ထားခဲ့ကြ၏။ သို့သော် ရွှမ်လောသည် တစ်စက်လေးမျှ မပေါ်လာပေ။ အရာအားလုံးက သည်ဝမ်လင်းပေါ်၌သာ မှီတည်ခဲ့၏။
တစ္ဆေုအိုကြီးကျန့်၏ ကိုယ်တွင်းသို့ ဝင်ရောက်နေခဲ့သော ဝတ်ရုံရှည်စိတ်ဝိညာဉ်သည်လည်း လက်သီးအရွယ်အစားလောက်ထိ ကြုံ့သွားခဲ့လေပြီ။ ထိုအခါ ၎င်းနှင့် တစ္ဆေုအိုကြီးကျန့်တို့ကြား ချိတ်ဆက်မှုက အားပျော့သွားသည်။
ထိုချိတ်ဆက်မှု ပြတ်တောက်သွားချိန်၌ တစ္ဆေအိုကြီးကျန့်၏မျက်လုံးတို့သည် ချက်ခြင်း မှိန်ဖျော့လာကာ သူ၏ပါးစပ်ထံမှ အနက်ရောင်သွေးတို့ စီးကျလာ၏။ သူ၏မျက်လုံးထဲ၌ အလင်းဓာတ်မရှိတော့သော်လည်း ကြည်လင်လာသည်။
သူသည် ဘေးပတ်လည်သို့ ကြည့်၏။ အဆုံးသပ်၌ သူ၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ ထို့နောက် ဝမ်လင်း၏နောက်ရှိ တံခါးပေါ်သို့ ကျရောက်သည်။ ထိုတံခါးပွင့်ဟနေသည်ကို ကြည့်ကာ တစ္ဆေအိုကြီးကျန့်က ပြုံး၏။
“မင်း သိပ်တော်တယ်။ ငါ့တသက်တာအိပ်မက်ဟာ ဒီလှိုဏ်ဂူလောကနေ ဒီတံခါးကို ဖွင့်လှစ်ဖို့ပဲ။ ဒါပေမဲ့…အတိတ်တုန်းက ငါဟာ ငါ့ရဲ့ ဆန်းကြယ်ဒုက္ခအဆင့်မှာ ကျရှုံးခဲ့ရပြီး သူနဲ့ အတင်းအကြပ် ပေါင်းစပ်ခဲ့ရတယ်…” တစ္ဆေအိုကြီးကျန့်၏ ခန္ဓာကိုယ်တစ်ဝက်က အနက်ရောင်အခိုးအငွေ့များ ပေါက်ကွဲထွက်လာသည်။ သူ၏အသားအရေမှာ သွေ့ခြောက်လာပြီး ၎င်းထံမှ အနက်ရောင်အရည်မြောက်များစွာ စိမ့်ကျသည်။ သူသည် အရည်ပျော်ကာ သေဆုံးနေချေပြီ။
“ငါ သေသင့်ခဲ့တာ ကြာလှပြီ။ မင်းဟာ ငါ့အိပ်မက်ကို ပြီးမြောက်စေသလို ငါ့ကိုလည်း လွတ်လပ်ခွင့် ပေးခဲ့ပြီ။ ဝမ်လင်း…ငါ မင်းကို ကျေးဇူးတင်တယ်…”
သူ၏အသံသည် အားပျော့၏။ သူ၏ခန္ဓာကိုယ်တစ်ဝက်သည် လွင့်ပြယ်ပျောက်ကွယ်သွားခဲ့ပြီ။
သို့သော် ကျန်သည့်ခန္ဓာကိုယ်တစ်ဝက်က အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းသွားသည်။ သူ၏မျက်လုံးသည် တောက်ပလာ၏။ သူ့နောက်ဆုံးအသက်ဓာတ်အားကို ပေါက်ကွဲစေကာ တဝက်တပျက်ပွင့်နေသော တံခါးထံသို့ တိုးဝင်လာလေသည်။
သူ သေရတော့မည်ဆိုလျှင်ပင် သူသည် သူ့တဘဝလုံး ပြန်သွားချင်နေသည့် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို တွေ့မြင်ရအောင် ကြည့်သွားပေမည်။
ဝမ်လင်းသည် သူ့ကို မတားပေ။ သူက တစ္ဆေအိုကြီးကျန့်၏ ခန္ဓာကိုယ်တစ်ဝက်က တံခါးထံသို့ သွားရောက်နေပြီး၊ ကျန်တစ်ဝက်က တံခါးအပြင်ဘက်တွင် လွင့်ပြယ်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေ၏။