အပိုင်း(၁၈၃၉)
Vol. 133 Ch. 1839
ထိုတံခါးသည် လုံးဝ ပွင့်ဟသွားလေပြီ။
အလုံးစုံကောင်းကင်၊ လှိုဏ်ဂူလောက၏ ဗဟိုချက်နေရာရှိ အနက်ရောင်အခိုးအငွေ့များ ပြည့်ဖုံးနေသော မီးပြင်းဖိုကြီးသည် တုန်ယင်၏။ အနက်ရောင်အခိုးအငွေ့များသည် တစ်လက်မချင်း တစစီဖြစ်သည်။
ဧရာမအက်ကြောင်းတစ်ခုသည် ထိုမီးပြင်းဖို၏အလယ်၌ ပေါ်လာ၏။ ရွှေရောင်အလင်းတို့ ပြန့်ကြဲ၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အက်ကြောင်းသည် ကြီးသထက် ကြီးလာသည်။ နောက်ဆုံးတွင် ထိုမီးပြင်းဖိုက ထက်ပိုင်းကွဲထွက်သည်။
ထိုသို့ ကွဲထွက်စဉ် ရွှေရောင်တံခါးကြီးတံချပ် ပေါ်လာ၏။ ယင်းတံခါးသည် ပွင့်ဟကာ တံခါး၏အတွင်း၌ တိမ်စိုင်များ ပြည့်လျှံ့သည်။ သင်သည် ထိုတံခါးအတွင်း၌ ထူးခြားသော ကုန်းမြေကို တွေ့မြင်ရလိုက်၊ ဝေဝါးသွားလိုက် ဖြစ်နေသည်ကို တွေ့ရနိုင်မည်။
ထိုတံခါးချပ် ပေါ်လာသည့်အခါ မီးပြင်းဖို အပြင်ဘက်ရှိ အပျက်အစီးပုံများသည် လွင့်ပြယ်ကာ လှိုဏ်ဂူလောက၏ ကျန်သည့်နေရာနှင့် ချိတ်ဆက်ထားသော ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းသည်။
သည်နေရာရှိ ကျင့်ကြံသူအားလုံးသည် ဒီလှိုဏ်ဂူလောကတစ်ခုလုံးသို့ ပျံ့နှံ့သော တုန်ခါမှုကို ခံစားမိသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လှိုဏ်ဂူလောက၏ဗဟိုချက်ဝင်သည် ရုတ်တရက် ပျောက်ကွယ်ကာ မီးပြင်းဖို တစ်ခု ပေါ်လာသည်။
မီးပြင်းဖိုထံမှ ရွှေရောင်တံခါးသည် သည်လှိုဏ်ဂူလောကို ခြုံလွှမ်းသော အဆုံးမဲ့ရွှေရောင်အလင်းကို ပေးစွမ်းသည်။
ထိုရွှေရောင်တံခါး၏ အပြင်ဘက်၌ လူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ သူတို့သည် လှိုဏ်ဂူလောက၏ ဗဟိုချက်သို့ ဝင်ရောက်ခဲ့ပြီး မသေသေးသော လူများပင်။ ထာဆန်၊ တာအိုသခင်အိပ်မက်ပြာ၊ ထန်ရှန်နှင့် ဒြပ်စင်ငါးခုမှ လူများလည်း ရှိနေသည်။
ဝမ်လင်းလည်း ရှိနေ၏။
ရွှေရောင်တံခါးထံမှ တုန်ဟည်းသံများ အပြင် ငြိမ်သက်မှု၊ မည်သူမျှ စကားမပြောကြဘဲ ငြိမ်သက်မှုမျိုး ဖြစ်၏။ သူတို့အားလုံးက ရွှေရောင်တံခါးကို ကြည့်ကာ တဖက်ခြမ်းရှိလောကသည် တခါတရံ ကြည်ရှင်း၊ တခါတရံ ဝေဝါးသည်ကို ကြည့်နေမိသည်။
ဝမ်လင်းသည် ထိုတံခါးကို ကြည့်နေရင်း သူ၏မျက်လုံးများသည် လွန်ခဲ့သောနှစ်နှစ်ထောင်ကျော်က အတိတ်သည် လှစ်ဟပေါ်သည်။
နောက်ဆုံးတွင် သည်တံခါးသည် ပွင့်ဟလာပြီ။ နောက်ဆုံးတွင် ပေါ်လာခဲ့လေပြီ။
ဝမ်လင်းသည် ဒီနေ့အတွက် အချိန်ကြာမြင့်လွန်းစွာ စောင့်ဆိုင်းနေခဲ့ရသည်။ သူသည် သည်လောကမှာ လှိုဏ်ဂူတစ်ခုသာ ဖြစ်မှန်း သိခဲ့ပြီးသည့်နေ့မှစ၍ သူသည် အစစ်အမှန်လောကသို့ ရောက်နိုင်မည့် သည်တံခါးကို ဖွင့်လှစ်မည့်နေ့ကို စိတ်ကူးကြည့်မိခဲ့သည်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေဆီသို့။
သူသည် ရွှေရောင်တံခါးကို ကြည့်နေသည့်အခါ မိန်းမောမိသလို ဖြစ်သွား၏။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က မှတ်ဉာဏ်ပုံရိပ်များသည် သူ၏စိတ်ထဲ၌ ခင်းကျင်းသည်။ သူသည် တောင်ခြေရွာလေးတစ်ရွာ၏ ကလေးဘဝကနေ ယနေ့လို လှိုဏ်ဂူလောက၏ တံခါးကို ဖွင့်လှစ်သည့် အနေထားထိ တစ်လှမ်းပြီးတစ်လှမ်း လှမ်းကာ ရောက်ရှိလာခဲ့ခြင်း မဟုတ်လား။
သည်ဖြစ်စဉ်သည် ခါးသီးခဲ့လှ၏။ လူအချို့ကသာ သူ ခံစားခဲ့ရသော ခက်ခဲပင်ပန်းမှုကို နားလည်နိုင်မည်ပင်။
“ဝမ်အာ…ငါ လှိုဏ်ဂူလောက တံခါးကို ဖွင့်လှစ်ခဲ့ပြီးပြီ။ ဒီနေရာဟာ ငါနင့်ကို နိုးထလာစေမယ့် နေရာပဲ။ ဒါဟာ နင့်ကို ပေးထားတဲ့ ငါ့ရဲ့ကတိပဲ…” ဝမ်လင်းသည် ထိုတံခါးကို ကြည့်၏။ သူ၏စိတ်ထဲရှိ ဝမ်းနည်းမှုကို ခံစားမိသည်။ သူသည် လီမူဝမ်အကြောင်း တွေးမိလိုက်သည်။
“ရွှယ်ချင်း၊ ငါ မင်းကို ပြန်အသက်ရှင်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်။ ငါ ကျိန်းသေပေါက် အောင်မြင်မှာ…”
ဝမ်လင်းသည် ထိုရွှေရောင်တံခါးကို ကြည့်နေ၏။ ထိုအခိုက်တွင် သူသည် သူ့တဘဝလုံးကို ၎င်းတံခါးအတွင်း၌ မြင်လိုက်ရသည့်နှယ်။
တတိယကိုယ်လုပ်တော်ထန်ရှန်က သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ သည်ရွှေရောင်တံခါးကို ကြည့်နေရင်း မျက်ရည်များ ကျဆင်းလာသည်။ သူမသည် သူမ၏မွေးရပ်မြေကို သတိရ၏။ သူမ၏ကလန်ကို လွမ်း၏။ သူမ၏ဆရာဖြစ်သူကို အောက်မေ့၏။ သူမသည် လှိုဏ်ဂူလောက၌ ရှိနေသည်မှာ အချိန်ကြာမြင့်လွန်းခဲ့လေပြီ။ သူမသည် ထုံထိုင်းသလို ဖြစ်နေမိသည်။
သူမသည် သည်နေ့ကို စောင့်ဆိုင်းနေခဲ့သည် မဟုတ်လား။
အဘိုးအိုမာနှင့် ယွမ်ရီဖန်တို့က သည်ရွှေရောင်တံခါးကို စိတ်လှုပ်ရှားစွာ ကြည့်ကြသည်။ သူတို့သည်လည်း ဒီလှိုဏ်ဂူလောကတွင် ရှိနေသည်မှာ အချိန်ကြာမြင့်ခဲ့လေပြီ။ သို့သော် အဆုံးသပ်၌ သူတို့သည် မည်သည့်အကျိုးအမြတ်မှ မရခဲ့ပေ။ အဘိုးအိုမာက ယွမ်ရီဖန်ကို ကြင်နာစွာဖြင့် လှမ်းကြည့်သည်။
သူသည် အတိတ်တုန်းက ယွမ်ရီဖန် ဆယ့်ရှစ်၊ဆယ့်ကိုးလောက် အရွယ်သာ ရှိခဲ့သေးချိန်ကို ပြန်အမှတ်ရ၏။ သို့သော် ခုချိန်၌ သူ၏ရုပ်ပိုင်းသွင်ပြင်ကလွဲ၍ ယွမ်ရီဖန်သည် အသက်ကြီးနေလေပြီ။
“အိမ်ပြန်ကြစို့…” အဘိုးအိုမာက သက်ပြင်းချမိ၏။
“အိမ်ပြန်မှာလား…” ယွမ်ရီဖန်က ရွှေရောင်တံခါးကို ကြည့်သည်။ အမြဲလိုလို တည်ငြိမ်တတ်သော သူသည်ပင် အခုအခါ၌ စိတ်ရှုပ်လွန်းနေ၏။ သူသည် စိတ်ရှုပ်ထွေးမှုလည်း ဖြစ်နေသေးသည်။ သူက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသည် သူ၏အိမ်လား၊ သို့မဟုတ် ဒြပ်စင်ငါးခုဂြိုဟ်က သူ၏အိမ်ဖြစ်ခဲ့လေသလားအပေါ် စိတ်ရှုပ်ထွေးမိခြင်းပင်။
အဘိုးအိုမာ၏နောက်၌ ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းလူနှစ်ယောက်လည်း ရှိကြ၏။ သူတို့ကလည်း ရွှေရောင်တံခါးကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေမိသည်။ သူတို့ မည်သို့ ခံစားနေရသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
လိပ်နက်နှင့် ဟင်္သာငှက်တို့လည်း ရှိသေး၏။ သူတို့က သည်တံခါးကို ကြည့်ကာ သူတို့၏စိတ်ထဲ၌ ခါးသီးစွာ ခံစားမိသည်။ သူတို့သည် တာအိုခုနစ်ခုကလန်နှင့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူနှင့် အတူရှိခဲ့ကြစဉ်ကို ပြန်စဉ်းစားမြင်ယောင်မိသည်။
ခုချိန်၌ သူတို့သည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေသို့ ပြန်ရပေတော့မည်။ သို့သေ် တာအိုခုနစ်ခုကလန်ကမူ ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပေပြီ။
လှိုဏ်ဂူလောကမှ မဟုတ်သော သည်လူများနှင့် ယှဉ်ပါက တာအိုသခင်အိပ်မက်ပြာ၏မျက်လုံးထဲ၌ တွန့်ဆုတ်မှုတို့ ရှိနေ၏။ သူသည် သည်လောကမှာ လှိုဏ်ဂူတစ်ခုမျှသာ ဖြစ်ကြောင်း နားလည်ကာ တော်တော်များများကို သိထားသော်လည်း ခုချိန်၌ သည်လှိုဏ်ဂူ၏ တံခါးနှင့် မျက်နှာချင်းဆိုင်ရသည့်အခါ သူ မည်သို့လုပ်ရမည်ကို မသိ ဖြစ်နေသည်။ သူ ထွက်သွားရမည်လား။ နေရမည်လား။
ထာဆန် သို့မဟုတ် ထူစီကလည်း ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ရွှေရောင်တံခါးကို ကြည့်နေ၏။ သူ မည်သည်ကို တွေးနေသည်အား မသိရနိုင်ပေ။
အလုံးစုံကောင်းကင်၌ သည်ရွှေရောင်တံခါး၏ အပြင်ဘက်သို့ အလင်းတန်းများ နီးကပ်လာ၏။ အချို့မှာ အဝေးရှိ သည်လှိုဏ်ဂူလောကမှ ကျင့်ကြံသူများပင်။ သူတို့သည် ဒီရွှေရောင်တံခါးကို တွေ့မြင်သည့်အခါ တုန်လှုပ်မိကုန်သည်။
ဝမ်လင်းသည် ရွှေရောင်တံခါးထံမှ အကြည့်ကို ပြန်ရုတ်၏။ သူသည် ငါးခုမြောက်ပန်းပွင့်လောကမှ ထွက်ခွာလာပြီးပါက သူ၏အနှစ်သာရရှစ်ခုအစစ်အမှန်ခန္ဓာကိုယ်များသည် ပျောက်ကွယ်သွားမည်ကို သိသည်။ သူ၏ရေအနှစ်သာရမှာလည်း သေးငယ်သောပြီးပြည့်စုံမှု၌သာ ရှိနေအုံးမည် ဖြစ်သည်။
အရာအားလုံးသည် သူ တန်လင်းရေကန်သို့ မဝင်ရောက်ခင်ကအတိုင်း ပြန်ဖြစ်ပေလိမ့်မည်။
ဝမ်လင်းသည် ထိုသို့ ဖြစ်လာမည်ကို သိနေလျှင်ပင် သူ၏စိတ်ထဲ၌ အနည်းငယ် လှုပ်ခတ်မိနေဆဲသာ။ သို့သော် သူက မကြာခင် ၎င်းကို ဖိနှိပ်လိုက်သည်။ သူသည် ခုချိန်၌ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရှိ တန်လင်းရေကန်နှင့် ပတ်သတ်၍ မျှော်လင့်ချက်တို့ ပြည့်နေသည်။
“ငါတို့ကြားမှာ ရန်ငြှိုးအချို့ ရှိနိုင်တယ်။ ဒါ့ကြောင့် ငါတို့ သေတဲ့အထိ တိုက်ခိုက်ရနိုင်တယ်။ ဒါပေမဲ့ အခု ဒီတံခါးက ပွင့်ဟသွားပြီ။ ငါတို့ကြားက ရန်ငြှိုးတွေလည်း အဆုံးသပ်ပြီ…”
“သင်တို့အားလုံး ဒီလှိုဏ်ဂူလောကထဲကနေ ထွက်သွားချင်ရင် ငါက ပို့ဆောင်ပေးမယ်…”
ဝမ်လင်းသည် ဒီနေရာရှိ လူတိုင်းထံသို့ လက်နှစ်ဖက်ဆုပ်လိုက်သည်။
ဝမ်လင်း၏စကားလုံးများသည် အလိမ်အညာမပါပေ။ သူသည် ပင်ပန်းနေလေပြီ။
သူသည် လူသားတစ်ယောက် ဖြစ်သည့်အတွက် ပင်ပန်းမှုကို ခံစားရသည်ပင်။
သူသာ ပင်ပန်းသည် မဟုတ်ပေ။ သည်နေရာရှိလူတိုင်းမှာလည်း အလားတူသာ။ တာအိုသခင်အိပ်မက်ပြာမှာလည်း သူ့သမီးကြောင့် ဝမ်လင်းကို အစွမ်းကုန် ကူညီပေးခဲ့ကာ ဒဏ်ရာရထားခဲ့ပြီ ဖြစ်၏။ ထာဆန်နှင့် ဝမ်လင်းတို့သည်လည်း ရန်သူဆိုလည်းဟုတ်၊ မိတ်ဆွေဆိုလည်း ဟုတ်ကြ၏။ ထာဆန်က အရေးကြီးသော အခိုက်၌ သူ့ကို ကူညီပေးခဲ့ကာ ထာဆန်လည်း ပင်ပန်းနေလေပြီ။
ထန်ရှန်၊ လိပ်နက်၊ ဟင်္သာငှက်နှင့် ဒြပ်စင်ငါးခုမှ ကျင့်ကြံသူများသည်လည်း ပင်ပန်းနေကြပြီ ဖြစ်၏။ သည်လှိုဏ်ဂူလောက၏ ဗဟိုချက်ရှိ ပြင်းထန်လှသော တိုက်ပွဲမျိုးမှာ မြင်ရခဲပေသည်။
ဒြပ်စင်ငါးခုဂြိုဟ်မှ အဘိုးအိုမာသည် အနည်းငယ် စဉ်းစားပြီးနောက် ဦးဆုံးရှေ့ထွက်လာ၏။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ အတန်ကြာမှ သူသည် စကားဆိုလာသည်။
“ရောင်းရင်းကျင့်ကြံသူဝမ်…ဒီအဘိုးအို အရင်ဆုံး ထွက်သွားမယ်။ သင် ကောင်းကင်ဘုံသားတွေရဲ့ နယ်မြေကို ရောက်လာခဲ့ရင် သင် ဒြပ်စင်ငါးခုဂြိုဟ်မှာ ငါ့ကို လာရှာနိုင်ပါတယ်…”
ဝမ်လင်းသည် ခေါင်းညိတ်ကာ တည်ငြိမ်စွာ ပြော၏။ “အစောပိုင်းက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ စီနီယာ။ ကံအကြောင်းဆုံရင် ငါ ဒြပ်စင်ငါးခုကလန်ရှိ ကျိန်းသေပေါက် လာလည်ပါ့မယ်…”
အဘိုးအိုမာ၏ နောက်တွင် ရှိနေသော ယွမ်ရီဖန်ကလည်း ဘေးပတ်လည်သို့ အောက်မေ့ဟန်ဖြင့် ကြည့်သည်။ အဆုံးသပ်တွင် သူသည် ဝမ်လင်းကို ကြည့်ကာ သူ့လက်နှစ်ဖက်ကို ဆုပ်သည်။
“အစ်ကိုဝမ်…ဂရုစိုက်ပါ။ ငါတို့ တိုက်ပွဲက မပြီးသေးဘူး။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါတို့ အနိုင်ရသူကို ဆက်ပြီး ဆုံးဖြတ်မယ်…”
“ရောင်းရင်းကျင့်ကြံသူယွမ်…ဂရုစိုက်ပါ…” ဝမ်လင်းက ယွမ်ရီဖန်ကို ကြည့်၏။ ထိုလူမှာ အလွန်ဉာဏ်များသူတည်း။ ဝမ်လင်းက သူ့ထံမှ တဆင့် ဒီလှိုဏ်ဂူလောက၌ တချို့အရာကို ဖြတ်မြင်ခဲ့ရသည်။ ဝမ်လင်း၏အကြည့်က ဒြပ်စင်ငါးခုဂြိုဟ်မှ သက်လတ်ပိုင်းကျင့်ကြံသူနှစ်ယောက်ထံသို့ ကျရောက်သွား၏။ သူက တစ်ခုခုကို အမှတ်ရသွားကာ သူ့လက်ကို အကွာအဝေးတစ်ခုထံသို့ ဝေ့ယမ်းလိုက်သည်။
လှိုင်းဂယက်များသည် အကွာအဝေးတစ်ခု၌ ပဲ့တင်ထပ်သည်။ ကျားဖြူဗိုလ်ချုပ်နှင့် ဒြပ်စင်ငါးခုဂြိုဟ်မှ တခြားကျင့်ကြံသူတစ်ယောက်တို့ ပေါ်လာကြသည်။ သူတို့ထွက်ပေါ်လာမှုက အဘိုးအိုမာကို အံ့အားသင့်မသွားစေပေ။ သူက ဤသည်ကို သိထားပြီးပုံ ရသည်။
သို့ရာတွင် လိပ်နက်နှင့်ဟင်္သာငှက်ဗိုလ်ချုပ်တို့သည် မင်သက်သွားကြ၏။
“ဒြပ်စင်ငါးခုဂြိုဟ်က ရောင်းရင်းကျင့်ကြံသူတွေ…ငါ သင်တို့အားလုံးကို ပို့ဆောင်ပါတယ်…” ဝမ်လင်းသည် ထိုသို့ ပြောလိုက်စဉ် ဒြပ်စင်ငါးခုမှ ကျင့်ကြံသူကို ကျားဖြူဗိုလ်ချုပ်က လွှတ်ပေးလိုက်၏။ ဒြပ်စင်ငါးခုဂြိုဟ်မှ ထိုကျင့်ကြံသူသည် အနည်းငယ် စဉ်းစားပြီးနောက် သူ၏ကလန်ရှိရာသို့ ပြန်လာသည်။
ထိုအုပ်စုသည် အလင်းတန်းအဖြစ် ပြောင်းကာ ရွှေရောင်တံခါးထံသို့ ပျံသန်းလာသည်။ ရွှေရောင်အလင်း လင်းလက်ကာ ထိုအလင်းတန်းသည် ပျောက်ကွယ်သွားလေ၏။
ဒြပ်စင်ငါးခုဂြိုဟ်မှ ထိုလူများ သည်တံခါးကို ဖြတ်သန်းသွားသည်ကို တွေ့မြင်သည့်အခါ လိပ်နက်နှင့်ဟင်္သာငှက်ဗိုလ်ချုပ်တို့သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကြ၏။
“ရောင်းရင်းကျင့်ကြံသူဝမ်…အရင်တုန်းက ကိစ္စတွေ…ငါတို့ကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးပါ…ရောင်းရင်းဝမ်။ ငါတို့ ထွက်သွားတော့မယ်။ သင် လိုအပ်တာ တစ်ခုခုရှိရင် ငါတို့ ကျိန်းသေပေါက် ကူညီပေးပါ့မယ်…” ထိုသို့ ပြောလိုက်သူသည် လိပ်နက်ဗိုလ်ချုပ်ပင်။ သူက လက်ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခုသည် ဝမ်လင်းထံ ပျံသန်းလာသည်။
ဝမ်လင်းက ၎င်းကို လက်ခံကာ ခေါင်းညိတ်ပြ၏။ ထို့နောက် သူက အကွာအဝေးတစ်ခုရှိ ကျားဖြူဗိုလ်ချုပ်ကို ကြည့်ကာ ပြောလိုက်၏။
“သင်လည်း သွားနိုင်တယ်…”
ကျားဖြူဗိုလ်ချုပ်သည် မင်သက်သွား၏။ သူ၏မျက်လုံးထဲတွင် ကျေးဇူတင်စိတ်တို့ ပြည့်လာသည်။ သူသည် ဝမ်လင်းထံသို့ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီးနောက် လိပ်နက်နှင့်ဟင်္သာငှက်ဗိုလ်ချုပ်တို့နား ရောက်လာသည်။ ဟင်္သာငှက်ဗိုလ်ချုပ်သည် ဝမ်လင်းထံသို့ လေးလေးနက်နက် စိတ်ရှုပ်ထွေးဟန်ဖြင့် လှည့်ကြည့်၏။
“ကျေးဇူးပါ…”
သူတို့သုံးယောက်သည် အလင်းတန်းသုံးခုအဖြစ်သို့ ပြောင်းကာ ရွှေရောင်တံခါးထံသို့ ဦးတည်ပျံသန်းသည်။ သူတို့သည် ထိုတံခါးအတွင်းသို့ ပျောက်ကွယ်ကာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေထံသို့ ပြန်ကြသည်။
တတိယကိုယ်လုပ်တော်ထန်ရှန်ကလည်း သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ ရွှေရောင်တံခါးထံသို့ ခြေလှမ်းလိုက်သည်။ သူမသည် တံခါးနှင့် ပေတစ်ရာအကွာသို့ ရောက်လာသည့်အခါ ရပ်၍ ဝမ်လင်းထံသို့ လှမ်းကြည့်သည်။
“ကျေးဇူးတင်ပါတယ်…”
ဝမ်လင်းသည် ထန်ရှန်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော၏။ “နင်က ငါ့ကို ကူညီပေးခဲ့တယ်။ ငါလည်း နင့်ကို ပြန်ကူညီပေးတယ်။ ငါတို့ကြားမှာ ကျေးဇူးတင်ဖို့ မလိုပါဘူး…”
ထန်ရှန်က တခုခု ပြောလိုဟန်ဖြင့် ပါးစပ်ဟ၏။ သို့သော် သူမသည် ငြိမ်သက်စွာသာ ဆက်ရှိသည်။ သူမက တံခါးထံသို့ ပျံသန်းလာကာ ပျောက်ကွယ်တော့မည့်အခါ၌ ရုတ်တရက် လှည့်လိုက်သည်။
“ငါတို့ ထပ်တွေ့နိုင်အုံးမလား…”
ဝမ်လင်းသည် စကားမဆိုပေ။ ထန်ရှန်၏အကြည့်က မှိန်ဖျော့သွားကာ သူမအား ရွှေရောင်အလင်းက ခြုံလွှမ်းသွား၏။ မည်သူကမျှ သူမ၏မျက်ဝန်း မှိန်ဖျော့သွားသည်ကို မမြင်လိုက်ရပေ။ သူမသည် တံခါးအတွင်းသို့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
သည်အခိုက်တွင် လှိုဏ်ဂူလောကမှ မဟုတ်သောလူတိုင်းသည် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ ဝမ်လင်း၏အကြည့်က တာအိုသခင်အိပ်မက်ပြာနှင့် တခြားသူများကို ကျော်လွန်ကာ လေဟာနယ်ထံ ကျရောက်သွားသည်။ သူက ထိုလေဟာနယ်ထံသို့ သူ့လက်နှစ်ဖက်ကို ဆုပ်လိုက်၏။
ထိုနေရာတွင် မည်သည်မျှ ရှိမနေပေ။ ပုံမှန်သာ ဖြစ်၏။ သို့သော် ဝမ်လင်းသည် လက်နှစ်ဖက်ဆုပ်ထားလျက် သူ၏စကားသံ ထွက်ပေါ်လာသည်။
“စီနီယာရွှမ်လော…သင် ငါ့နောက်ကို တစ်လမ်းလုံး လိုက်နေခဲ့တာ။ သင်ဟာ ဒြပ်စင်ငါးခုဂြိုဟ်ကိုလည်း သွားခဲ့တယ်။ ကောင်းကင်ဘုံနယ်မြေသစ်ကိုလား ရောက်လာခဲ့တယ်။ အခု ဒီလှိုဏ်ဂူလောကဗဟိုချက်ထိလည်း လိုက်ပါလာတယ်။ အခု သင့်အနေနဲ့ ငါ ဒီတံခါးကို ဖွင့်လှစ်ခဲ့တာကိုလည်း တွေ့မြင်ပြီးပြီး။ သင် တွေ့မြင်ရတာ မလုံလောက်သေးဘူးလား…။ သင် သူ့ကိုယ်သင် ပြသပေးနိုင်မလား…”
ဝမ်လင်း ထိုသို့ ပြောနေစဉ် လေဟာနယ်သည် တွန့်ခေါက်လာကာ ပုန်းကွယ်နေသော ပုံရိပ် ပေါ်လာ၏။ သူ၏ ရုတ်တရက် ဆန်သော စကားများက လူတိုင်းကို တုန်လှုပ်သွားစေသည်။ လူတိုင်း၏အကြည့်က ထိုပုံရိပ်ထံသို့ ရောက်လာ၏။
“မင်း ငါ့နာမည်ကို ဘယ်လို သိခဲ့တာလဲ…” ထိုဝိုးတဝါးပုံရိပ်ထံမှ ညင်သာသောအသံတစ်သံ ထွက်ပေါ်လာသည်။