← Chapters

ငါ့ဇနီးနဲ့ပဲ ထာဝရအတူ ရှိရတာ ပိုကောင်းပါတယ်

Vol. 133 Ch. 1840

ငါ့ဇနီးနဲ့ပဲ ထာဝရအတူ ရှိရတာ ပိုကောင်းပါတယ်

Vol. 133 Ch. 1840

ထိုစကားလုံးများ ပဲ့တင်ထပ်လာရင်း ရွှမ်လော၏ ပုံရိပ်သည်  ပေါ်လာ၏။ ဝမ်လင်းက ထိုပုံရိပ်ထံသို့ ဦးညွှတ်လိုက်သည်။

ရွှမ်လော ပေါ်လာသည်နှင့် တာအိုသခင်အိပ်မက်ပြာနှင့် ထာဆန်တို့၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့၏မျက်လုံးသူငယ်အိမ်များ ကြုံ့သွားကာ သူတို့သည် အမူအရာသည် လေးနက်သွား၏။

သူတို့သည် ရုတ်တရက် ပေါ်လာသော ဆန်းကြယ်သည့်ရွှမ်လောကို သတိမပြုမိကြပေ။ ခုချိန်ထိ သူတို့သည် သူ့ကို တွေ့နေရသည်တောင်မှ သူတို့မျက်လုံးမှိတ်ထားသည့်နှယ် သူ့အပေါ် မထောက်လှမ်းနိုင်ကြပေ။

ရွှမ်လောသည် ထာဆန်နှင့် တာအိုသခင်အိပ်မက်ပြာတို့ကို ကြည့်ပင် မကြည့်ပေ။ ထိုအစား သူက ဝမ်လင်းကို စိတ်ဝင်စားဟန်ဖြင့် ကြည့်ကာ ဝမ်လင်း၏အဖြေကို စောင့်နေသည်။ သူသည် ဝမ်လင်း သူ ပုန်းကွယ်နေသောနေရာကို သိသွားသည်အား အံ့အားမသင့်မိပေ။ သို့သော် ဝမ်လင်းက သူ့နာမည်ကိုပါ ခေါ်၍ ပြောလိုက်သည်ကိုမူ သူ မသိချင်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူက တချို့အရာများကို ခန့်မှန်းမိထားပြီးသားပင်။

ရွှမ်လောက ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ သိပြီ။ ပထမပန်းပွင့်လောကမှာတုန်းက ကျားဖြူလေး ချခင်းထားတဲ့ ဥပဒေသ ရှိတဲ့နေရာမှာ မင်းဟာ ဒြပ်စင်ငါးခုဂြိုဟ်က ကျင့်ကြံသူလေးရှိက စိတ်ဝိညာဉ်ကျာပွတ်ကို ထုတ်ယူခဲ့တယ်။ အဲ့ဒီနောက် မင်းဟာအဲ့စိတ်ဝိညာဉ်အမျှင်တန်းပေါ်မှာ စိတ်ဝိညာဉ်ရှာဖွေမှုကို လျှို့ဝှက်လုပ်ဆောင်ခဲ့ပြီး မင်း ထွက်သွားတဲ့နောက် ဒြပ်စင်ငါးခုဂြိုဟ်ပေါ်မှာ ဘာဖြစ်ကျန်ခဲ့သလဲကို သိရအောင် လုပ်ခဲ့တာကို…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။ အမှန်တကယ်လည်း ရွှမ်လော ပြောသလိုပင်။ သူသည် ဒြပ်စင်ငါးခုဂြိုဟ်၏ ကျင့်ကြံသူ ကိုယ်ပွားစိတ်ဝိညာဉ်ထံမှ ရွှမ်လော၏နာမည်ကို သိရှိခဲ့ခြင်းပင်။

ထိုကိုယ်ပွား စိတ်ဝိညာဉ်၏ မှတ်ဉာဏ်က မပြည့်စုံလေရာ အခုလတ်တလော ဖြစ်ခဲ့သည့်ကိစ္စရပ်များသာ ပါဝင်၏။ သို့သော် ထိုအထဲ၌ ဝမ်လင်း ထွက်သွားသည့်နောက် ရွှမ်လော ပေါ်လာခဲ့သော ကိစ္စရပ် ပါဝင်လေသည်။

သည်ကိစ္စက သူ ဒြပ်စင်ငါးခုဂြိုဟ်မှ ကျင့်ကြံသူများကို တွေ့မြင်သည့်အခါ၌ သူ့ကို ပိုသေချာသွားစေ၏။ တကယ်တော့ သူသည် ရှေးတောက်ကလန်ကို အထင်သေးစွာ ပြောခဲ့သော ဒြပ်စင်ငါးခုဂြိုဟ်မှ အဘိုးအိုကို အခုတိုက်ပွဲ၌ မတွေ့မြင်ခဲ့ရသည် မဟုတ်လား။

ပို၍ အသေးစိတ်ဆိုရသော် ဝမ်လင်းသည် ခုနစ်ရောင်စုံတာအိုသခင်ကို ထောင်ချောင်ဆင် တိုက်ခိုက်ခဲ့ချိန်၌ ငါးမျက်လုံးသားရဲ ပျောက်ကွယ်သွားခဲ့မှုက သူ့ကို ကြီးစွာ တုန်လှုပ်စေသည်။ သူသည် အကြောင်းရင်းကို သေချာ ရှာဖွေခဲ့ကာ ၎င်းကို ကိုယ်ပွားစိတ်ဝိညာဉ်၌ ရှာတွေ့ခဲ့၏။

ဒုတိယပန်းပွင့်လောက၌ ဝမ်လင်းက တစ်စုံတစ်ခုကို ခပ်ရေးရေး သတိပြုမိခဲ့သေး၏။ ထို့နောက် ရှေးသင်္ချိုင်းအတွင်း၌ သူက သူ့သံသယကို သေချာခဲ့သည်။ သူသည် ရွှမ်လောနောက်သို့ ဆုတ်ကာ ရွှမ်လောကို လှုပ်ရှားစေခဲ့ချိန်၌ သူ သိထားသည့်အရာမှာ မှန်ကြောင်း သေချာသွားသည်။

“ငါ့တည်နေရာကို မင်း အတိအကျ ထောက်လှမ်းနိုင်ခဲ့တဲ့အကြောင်းရင်းက ငါးမျက်လုံးနဲ့ ပတ်သတ်လောက်တယ်။ ငါက ငါးမျက်လုံးအထီးနဲ့အမကြားက ဆက်နွှယ်မှုကို လစ်လျူရှုထားခဲ့တယ်…”

ရွှမ်လောက ခေါင်းယမ်းမိလိုက်၏။ သူက သည်ကိစ္စကို တကယ်ပင် လစ်လျူရှုထားခဲ့မိတာ ဖြစ်၏။

သို့ပေမည့် ဝမ်လင်းက သူ့ကို ရှာနိုင်စွမ်း ရှိခဲ့ပေသည်။ သူ၏အမြင်အရ ဝမ်လင်းသည် သူ့စမ်းသပ်မှုကို အောင်မြင်ခဲ့ကာ သူ့အား အလွန်စိတ်ကျေနပ်စေခဲ့ပေသည်။

“ဒီအဘိုးအို ပြောတာ အမှန်ပဲ မဟုတ်လား…”  ရွှမ်လောက ပြုံး၍ ဝမ်လင်းကို ကြည့်သည်။

ဝမ်လင်း၏အမူအရာက ထူးဆန်းသွားကာ သူက ထပ်မံ ခေါင်းညိတ်လိုက်သည်။

“ဒါ့ကြောင့် မင်းက ဒီအဘိုးအိုရဲ့ နာမည်ကို သိတဲ့အပြင် ငါ့ရဲ့ နောက်ခံပုံရိပ်ကိုပါ သိခဲ့တာပဲ…”   ရွှမ်လော၏အပြုံးက ပိုပီပြင်လာ၏။ သူသည် ဝမ်လင်းဘေး၌ အချိန်အတန်ကြာ ပုန်းကွယ်နေခဲ့ကာ သူ၏စိတ်ခံစားမှုက ကောင်းမွန်နေ၏။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလာ၏။ “အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ နေကိုးစင်းထဲက တစ်စင်း၊ ရှေးတောက်မဟာအင်ပါယာ…”

သူသည် ကိုယ်ပွားစိတ်ဝိညာဉ်ထံမှ သည်အကြောင်းကို သိရှိခဲ့စဉ်က သူ့စိတ်နှလုံးထဲပ လှိုင်းထန်ခဲ့မိ၏။ သို့ပေမည့် သူက ဒီအချက်ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့သည့်အတွက် မည်သူကမျှ သူ့ကို ဖြတ်၍ မမြင်နိုင်ခဲ့ကြပေ။

ဝမ်လင်းသည် ရွှမ်လောကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒြပ်စင်ငါးခုဂြိုဟ်က ကျင့်ကြံသူတွေ တတိယစိတ်ဝိညာဉ်အတွက် တိုက်ခိုက်ဖို့ကို လက်လျှော့ခဲ့တာဟာ စီနီယာကြောင့်ပဲ မဟုတ်လား။ သူတို့က စီနီယာကြောင့် ကူညီပေးဖို့ ရောက်လာခဲ့ကြတယ်။ ဂျူနီယာက စီနီယာ့ကို အလွန်ကျေးဇူးတင်ပါတယ်…”

ရွှမ်လောသည် ဝမ်လင်းကို ကြည့်မိလေလေ သူက ပိုရွှင်မြူးလာလေပင်။ သူသည် ဝမ်လင်းနှင့် ပတ်သတ်၍အလွန်ကျေနပ်နေ၏။ သူသည် ဝမ်လင်း၏ သိတတ်သောစကားများကို ကြားသည့်အခါ ရယ်မောလိုက်မိသည်။

ဝမ်လင်းက သူ၏တည်ရှိမှုကို သိခဲ့သော်လည်း သူ့အား အကူအညီမတောင်းခဲ့ခြင်းအပေါ်၌လည်း ချီးကျူးမိ၏။ သည်လှိုဏ်ဂူလောက၏ ဗဟိုချက်ရှိ တိုက်ပွဲတစ်ခုလုံးတွင် ဝမ်လင်းက သူ့ဟာသူသာ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တာ မဟုတ်လား။

ရွှမ်လောက ဝမ်လင်းကို သူ့တပည့်အဖြစ် ခေါ်မည့်အကြောင်းကို ဆက်၍ တုံ့နှေးမနေတော့ဘဲ ပြောလာသည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ရှေးတောက်ကုန်းမြေကို ငါနဲ့လိုက်ခဲ့ပါ။ ငါ့တပည့် ဖြစ်လာပြီး ရှေးတောက်ကလန်ကို စောင့်ကြပ်ပေးပါ။ ကောင်လေး…မင်း ဆန္ဒရှိလား…”  ရွှမ်လောက ဝမ်လင်းကို ညင်သာစွာ ကြည့်၏။ သူ၏အသံသည် အတင်းအကြပ် တောင်းဆိုသံ မပေါက်ပေ။ စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်နှင့် ဆွေးနွေးသံ ပိုပေါက်သည်။

သူ့အမူအရာနှင့် လေသံက ဝမ်လင်း၏စိတ်နှလုံးကို နွေးထွေးစေ၏။ သို့ပေမည့် ဝမ်လင်းက ချက်ခြင်း သဘောမတူချေ။ သူက စတင်စဉ်းစားလေ၏။

ရွှမ်လောက ဝမ်လင်းကို စောင့်ကြည့်လေ့လာနေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဝမ်လင်း စဉ်းစားနေသည်ကို တွေ့သည့်အခါ သူက ဝမ်လင်း၏အတွေးများကို ခပ်ရေးရေး ခန့်မှန်းမိသည်။ ရွှမ်လောသည် မျက်မှောင်ကြုတ်ကာ ရွှေရောင်တံခါးကို သက်ပြင်းချကာ ကြည့်၏။ သူသည် ဝမ်လင်းကို ကြည့်၍ မျက်မှောင် ကြုတ်ခြင်း မဟုတ်ပေ။ သို့သော် ဝမ်လင်းတွေးနေသည့်အရာကို ခန့်မှန်းမိ၍ ဖြစ်၏။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ လှိုဏ်ဂူလောကတွေ အများကြီး ရှိတယ်။ ကလန်ကြီးတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်လှိုဏ်ဂူလောကတွင် ရှိတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ရှေးအချိန်တည်းက လှိုဏ်ဂူလောကထဲကနေ သက်ရှိတွေ ထွက်လာနိုင်တာ ရှားပါးလွန်းလှတယ်။ သူတို့က လှိုဏ်ဂူလောကရဲ့ ပိုင်ရှင် သတ်ဖြတ်တာကို ခံခဲ့ရတာပဲ…”

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်သည် တစစီဖြစ်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူသည် ချိပ်ပိတ်ခံခဲ့ရလိမ့်မည် မဟုတ်ပေ။ ရွှမ်လောက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်၏။

“ဘာကြောင့်လဲဆိုတာ မင်း သိလား။ ဘာကြောင့်လဲဆိုတော့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကြောင့်ပဲ…”

“လှိုဏ်ဂူလောကထဲက သက်ရှိတွေဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ သွေးမျိုးဆက် မပိုင်ဆိုင်ထားရင် သူတို့က အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို မကျော်လွန်နိုင်ကြဘူး…”

“ဒါဟာ ဥပဒေသတစ်ခု ဆိုပေမယ့်လည်း လှိုဏ်ဂူလောကတွေကို ပိုင်းခြားထားတဲ့ ပြင်းထန်တဲ့ဖိအားတစ်ခုလည်း ပါဝင်တယ်။ လှိုဏ်ဂူလောကထဲက ထွက်လာတဲ့ သွေးမျိုးဆက် မပိုင်ဆိုင်ထားတဲ့ ဘယ်သက်ရှိမဆို ထွက်သွားလိုက်တာနဲ့ ခြေမွခံရလိမ့်မယ်…”

ရွှမ်လော၏ ရှေးဟောင်းအသံ ပဲ့တင်ထပ်လာ၏။  “အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဒီဥပဒေသဟာ ဘယ်သူမှ ခုခံနိုင်တဲ့အရာ မဟုတ်ဘူး။ ငါ မင်းရဲ့အတွေးကို နားလည်ပါတယ်။ မင်းက တစ်ယောက်တည်း မထွက်သွားချင်ဘူး။ လူတိုင်းကို ထွက်သွားစေချင်ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို တွေ့မြင်စေချင်တာမလား…”

ရွှမ်လောက သက်ပြင်းချမိ၏။

ဝမ်လင်းသည် အနည်းငယ်စဉ်းစားကာ တိုးညင်းစွာ ပြောလိုက်၏။ “သူတို့ မထွက်သွားချင်ရင်တော့ ဂျူနီယာက တွန်းအားပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ထွက်သွားချင်ရင်လည်း ဂျူနီယာစိတ်ထဲမှာ အဲ့လိုအတွေး တကယ်ရှိပါတယ်…”

“ဒါ မဖြစ်နိုင်ဘူး။ မင်းရဲ့ အိပ်မက်ထဲက ဝမ်အာဆိုတဲ့ အမျိုးသမီးတောင် အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို မသွားနိုင်ဘူး…”   ရွှမ်လောက ထိုသို့ ပြောလိုက်ချိန်၌ ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့လာသည်။

“သူမရော တကယ်မသွားနိုင်တာလား…”

ရွှမ်လောသည် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်၏။ သူက ထိုအမျိုးသမီးမှာ ဝမ်လင်းအတွက် မည်မျှ အရေးကြီးသည်ကို သိ၏။ သူက ခေါင်းညိတ်ပြလိုက်သည်။

ဝမ်လင်းသည် အချိန်အတန်ကြာ မင်သက်မိသွားသည်။

“ဒါပေမဲ့လည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက တစ်စုံတစ်ယောက်က ဂျူနီယာ့ကို ကြိုဆိုတယ်ဆိုရင် အဲ့ဥပဒေသစွမ်းအားဟာ လျှော့ကျသွားလိမ့်မယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်…”

“မင်းကို အဲ့လို လိမ်ပြောခဲ့တာ ဘယ်သူဖြစ်ဖြစ်ပါ။  နေကိုးစင်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ အနှိုင်းမဲ့ဥပဒေသကို ခုခံဖို့ တပြိုင်နက်တည်း မကူညီပေးရင် ဒီကိစ္စဟာ မဖြစ်နိုင်ဘူး…”

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသဟာ ကောင်းကင်ဘုံဘိုးဘေးနဲ့ ရှေးဘိုးဘေးတို့ရဲ့ သွေးမျိုးဆက်ကြောင့် ဖြစ်ပေါ်လာခဲ့တာ။ ဒါကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး…”

ဝမ်လင်း၏မျက်နှာသည် ဖြူရောလာ၏။ သူ၏ကိုယ်ထဲရှိ သွေးအများစု ဆုံးရှုံးသွားသည့်အလား။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာချေ၏။

သူ၏မျက်လုံးထဲရှိ အလင်းသည် ချက်ခြင်း မှိန်ဖျော့ကာ မျှော်လင့်ချက်မဲ့ရသော နာကျင်မှုက သူ၏စိတ်နှလုံးကို ထိုးစိုက်လာချေသည်။

“ငါ ဝမ်အာဆိုတဲ့ အမျိုးသမီးကို စစ်ဆေးကြည့်ခဲ့ပြီးပြီး။ သူမရဲ့ စိတ်ဝိညာဉ်မပြည့်မစုံ ဖြစ်နေတာဟာ တကယ်ပဲ ထူးဆန်းလွန်းတယ်။ သူမရဲ့ စိတ်ဝိညာဉ်တစိတ်တပိုင်းဟာ ပျောက်ကွယ်နေတဲ့ပုံပဲ။ မင်းအတွက် ငါ ဒီလှိုဏ်ဂူလောကတစ်ခုလုံးကို စစ်ဆေးကြည့်ခဲ့ပြီးပြီး။ ဒါပေမယ့် ဘာသဲလွန်စမှ မတွေ့ခဲ့ဘူး။ ဒီကိစ္စဟာ တကယ့်ကိုပဲ ထူးဆန်းလွန်းတယ်…”

“ဒါပေမယ့် ဘာလိုပဲဖြစ်ဖြစ် သူမရဲ့စိတ်ဝိညာဉ်ဟာ မပြည့်စုံရင် သူမဟာ နိုးထလာနိုင်မှာ မဟုတ်ဘူး။ သူမရဲ့ စိတ်ဝိညာဉ် ပြည့်စုံရင်တော့ ငါ သူမကို အသက်ပြန်ရှင်အောင် လုပ်ပေးကောင်း လုပ်ပေးနိုင်တယ်…”

“အရင်ဆုံး မင်းတစ်ယောက်တည်း အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားနိုင်တယ်။ မင်းမှာ ဒီပျောက်ကွယ်နေတဲ့ စိတ်ဝိညာဉ်ကို ရှာနိုင်တဲ့ အခွင့်အရေးရလာခဲ့ရင် ပြန်လာနိုင်တာပဲ…”

ရွှမ်လောသည် စကားပြောနေသည်ကို ရပ်လိုက်၏။ သူက ဝမ်လင်း၏မျက်လုံးထံမှ သွေးမျက်ရည်များ ကျဆင်းလာသည်ကို မြင်နိုင်ပေသည်။

“တကယ်ပဲ…မဖြစ်နိုင်ဘူးလား…”  ဝမ်လင်းသည် ခါးသီးစွာဖြင့် ခေါင်းငုံ့လိုက်မိသည်။

“ဂျူနီယာ…ဝမ်အာကို တစ်ယောက်တည်း ဒီနေရာမှာ ထားခဲ့ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို မသွားနိုင်ဘူး။ ငါ ဒီတံခါးကို ဖွင့်လှစ်ပြီး အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားချင်တဲ့ အကြောင်းရင်းဟာ သူမအတွက်ပဲ…”

“သူမကို နိုးထလာစေဖို့အတွက် ငါဟာ အစတုန်းက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားပြီး နည်းလမ်းရှာမယ်လို့ တွေးထားခဲ့တာပါ။ သူမ မသွားနိုင်ရင် ငါလည်း မသွားနိုင်ဘူး။ သူမ မသွားနိုင်ရင် ငါလည်း ဒီလှိုဏ်ဂူလောကမှာပဲ နေပြီး သေတဲ့အထိ ထွက်မသွားဖြစ်လောက်တော့ဘူး…”

ဝမ်လင်းက မျက်ရည်ကျဆင်းနေရင်း ပြော၏။

ဝမ်လင်း၏ စကားများက တာအိုသခင်အိပ်မက်ပြာ၏ နားထဲ၌ ပြည့်လျှံလာသည်။ သူသည် သူ့သမီး၏ ချစ်ရသူက တခြားမိန်းမတစ်ယောက်အပေါ် စွဲလမ်းစွာ ပြောနေသည်ကို ငြိမ်သက်စွာ နားထောင်မိနေ၏။ သို့သော် သည်တစ်ကြိမ်၌ သူသည် ဒေါသ မဖြစ်မိပေ။ ထိုအစား သူက ကိုယ်ချင်းစာမိ၏။ စိတ်မကောင်းဖြစ်မိ၏။ သူက သူ၏ဇနီးအကြောင်းကိုပါ တွေးလိုက်မိပေသည်။

ရွှမ်လောသည် ဝမ်လင်းကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ရုတ်တရက် ပြောချလာသည်။

“ဝမ်လင်း…ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီအဘိုးအိုက မင်းကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ဆန့်ကျင်တိုက်ခိုက်ပေးဖို့ တစ်ကြိမ်တော့ ကူညီပေးမယ်။ ပြီးရင် ကောင်းကင်ဘုံနေပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသုံးပြုပေးမယ်။ ဒီလှိုဏ်ဂူလောကထဲက ထွက်ချင်တဲ့ မင်းရဲ့ အသိမိတ်ဆွေတွေဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ ငါ့မန္တာန်ကြောင့် ပြန်မွေးဖွားကြလိမ့်မယ်…”

“သူတို့ ပြန်မွေးဖွားလာတဲ့နောက် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ လူတွေ ဖြစ်လာလိမ့်မယ်။ သွေးမျိုးဆက် ပိုင်ဆိုင်လာလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေကိုတော့ ချိပ်ပိတ်ထားပြီး မင်းအနေနဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေကိ နိုးထလာစေဖို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ရှာရလိမ့်မယ်…”

“ဒီဖြစ်စဉ်ဟာ အလွန်ကြာရှည်နိုင်တယ်။ ဒီအဘိုးအိုက အချိန်အတိအကျကို မတွက်ချင်နိုင်ဘူး။ တချို့လူတွေအတွက် နှစ်အနည်းငယ်အတွင်း ပြန်မွေးဖွားတာလည်း ဖြစ်နိုင်သလို တချို့အတွက်တော့တ နှစ်ပေါင်းတစ်ထောင်လောက်လည်း ကြာသွားနိုင်တယ်…”

“ဒါ့အပြင် ဒီအဘိုးအိုဟာ သူတို့ရဲ့ ပြန်လည်မွေးဖွားမယ့် နေရာကိုလည်း မဆုံးဖြတ်နိုင်ဘူး။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဟာ သိသာစွာပဲ ကြီးမားလွန်းတယ်။ မင်းအနေနဲ့ ကြိုပြင်ဆင်ဖို့ လိုသလို၊ တစ်ယောက်ပြီးတစ်ယောက် ရှာရမယ့်အပေါ်မှာလည်း ယုံကြည်မှု ရှိဖို့ လိုတယ်…”

“ဝမ်အာဆိုတဲ့ အမျိုးသမီးကတော့ သူမရဲ့ စိတ်ဝိညာဉ်ဟာ မပြည့်စုံတဲ့အတွက် ပြန်မွေးဖွားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းအနေနဲ့ သူမအတွက် လုပ်ပေးနိုင်ဖို့ ငါ ကူညီပေးမယ်။ ငါ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ခုခံနေတဲ့အချိန်အတွင်းမှာ မင်းအနေနဲ့ သူမကို အင်မောတယ်ကောင်းကင်ဘုံကုန်းမြေဆီ ဘေးကင်းကင်းနဲ့ ခေါ်သွားနိုင်ဖို့ အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်း ရှိမယ်…”

“ဒါပေမဲ့လည်း ဖြစ်နိုင်ချေက ငါးဆယ်ရာခိုင်နှုန်းနော်။ မင်း ကျရှုံးတာနဲ့ သူမနဲ့အတူ မင်း သေရလိမ့်မယ်။ မင်းရဲ့ ရွေးချယ်မှု ငါ့ကို ပြောပါ…”

မဟာအင်ပါယာရွှမ်လောသည် ထိုကူညီပေးဖို့အတွက် သူသည် တန်ကြေးများစွာ ပေးရလိမ့်မည် ဖြစ်၏။ သို့သော် သူက တွေဝေခြင်းမရှိ ပြောလိုက်သည်။

ဤလောက၌ အလကားသပ်သပ် ကူညီမှုဟူ၍ မရှိပေ။ ဝမ်လင်းက ဤသည်ကို နားလည်၏။ သို့သော် ကွာခြားချက်တော့ ရှိ၏။ အခု ရွှမ်လောသည် အတိတ်တုန်းက သူ့ကို ကူညီပေးခဲ့ဖူးသော သွန်းထျန်ကဲ့သို့ပင်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်ဆန္ဒများအတွက် ကူညီပေးကြတာ ဖြစ်သော်လည်း ဝမ်လင်း၏စိတ်နှလုံးအတွင်း၌ နွေးထွေးမှုကို ခံစားမိရသည်။

သည့်အပြင် ဝမ်လင်းက သူ့အပေါ် ကျေးဇူးကြွေးရှိသော လူများနှင့် ပတ်သတ်၍လည်း အတော်လေး ဂရုစိုက်၏။ ဥပမာ သွန်းထန်ခဲ့သို့ပင်။ အခုတော့ ရွှမ်လောပင်။

All Chapters