နည်းနည်းသတ်လို့ မပြောင်းလဲရင် များများသတ်
Vol. 33 Ch. 432
ကျောက်စိမ်းအင်မော်တယ်မျှော်စင်သည် အဖြူရောင် ကျောက်သားဖြင့် တည်ဆောက်ထားပြီး အထပ်၃၃ထပ် ရှိကာ အတုအယောင် နေမင်း၏ ရွှေရောင်အလင်းအောက် တည်ရှိ၏။ လူပေါင်းများစွာ စောင့်ကြည့်နေကြသော ယွမ်ရှောင်နှင့် လန်ရီသည် အတွင်းသို့ ခြေချလိုက်စဥ် အမှောင်ခန်းတစ်ခု၌ အနက်ရောင်ဝတ်ရုံနှင့် ခေါင်းစွပ်များ ခြုံထားသော လူတစ်စု စုရုံးရောက်ရှိနေကြသည်။ ခေါင်းဆောင်ဖြစ်သူက မျက်နှာကို ပြလိုက်သောအခါ ယွမ်မိသားစု ခေါင်းဆောင် ယွမ်ကျန်းထန် ဖြစ်နေကာ ငွေရောင်မျက်လုံးပိုင်ရှင် ယွမ်ဖူက လက်ရှိသတင်းကို အစီအရင်ခံလိုက်သကဲ့သို့ ထောင့်တစ်နေရာတွင် ရွှေရောင်မျက်လုံးပိုင်ရှင် ယွမ်ဝူ ထိုင်နေ၏။
"အဖေ သူတို့ ဝင်ရောက်သွားပြီ"
"ငရဲကိုးထပ်ကမ္ဘာမှာ သူ့ခွန်အားက ရက်အနည်းငယ်အတွင်း နယ်ပယ် သုံးလေးခု ကျော်ဖြတ်သွားတယ်ဆိုတာ သေချာလား"
"သေချာပါတယ်"
ယွမ်ကျန်းထန်၏ မေးခွန်းကို ယွမ်ဝူက ခေါင်းညိတ်ပြ၍ အတည်ပြုလိုက်သည်။
"သူက ဒီလို ခွန်အားမျိုး ပိုင်ဆိုင်ထားပေမယ့် အမြဲတမ်း ဖုံးကွယ်ထားတာ ဖြစ်နိုင်မလား။ လူတစ်ယောက်က ဒီလောက် အဆင့်တက်မြန်မယ်လို့ ကျုပ် မယုံဘူး"
ယွမ်ဖူက တွေးတွေးဆဆနှင့် ကောက်ချက်ချလိုက်သော်လည်း အထက်လူကြီးများထံ သတင်းပို့ထားပြီးပြီ ဖြစ်ကာ လိုအပ်လျှင် အင်မော်တယ်သုံးပါးအထိ သတင်းရောက်သွားပေလိမ့်မည်။
"ဒီကောင်က ငါတို့လူတွေကို လမ်းပေါ်မှာတောင် သတ်ဖြတ်ရဲတဲ့အထိ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ ဒီအချက်ကို အသုံးချပြီး နောက်ထပ် ထိုးနှက်ရမယ်။ ထန်ယီလန်နဲ့ ငါ ဆွေးနွေးပြီးပြီ။ ဒီကောင် ကျောင်းတော်အပြင်ကို ထွက်လာရဲမှတော့ နယ်မြေတစ်ခုလုံးရဲ့ အပြစ်သား ဖြစ်လာအောင် သွေးထိုးရမယ်"
ယွမ်ကျန်းထန်နှင့် ယွမ်ဝူ၏ မျက်လုံးများ အေးစက်တင်းမာနေသည်။ ယွမ်ကျန်းထန်၏ အစီအစဥ်က ရိုးရှင်းပြီး လောကကြီးတွင် မသန်စွမ်းသူများ၊ ကလေးများနှင့် မိန်းကလေးများသည် သနားကရုဏာ ရလွယ်သောကြောင့် မသန်စွမ်း မိန်းမငယ်လေးအချို့ ကြိုတင်ရှာဖွေထားပေ၏။
"ဒီဘက်ကို ကြွပါ"
ကျောက်စိမ်းအင်မော်တယ်မျှော်စင်အတွင်း ကြိုဆိုရန် ရောက်ရှိလာသော ကြီးကြပ်သူတစ်ယောက်ကို လန်ရီက ယင်အဆင့်နှင့်အထက် သတ္တုရင်းမြစ်များ တောင်းဆိုလိုက်သဖြင့် လမ်းပြပေးခဲ့သည်။ သူ၏ သဘောထားက သင့်တင့်မျှတပြီး အမှန်တကယ်အားဖြင့် လန်ရီအပေါ် လူသားများက ထိုက်သင့်သော လေးစားမှု ရှိကြ၏။ သူမက ကပ်ဘေးသယ်ဆောင်သူဟု ကောလဟာလများ ရှိသော်လည်း စဥ်းစားဆင်ခြင်တတ်သူတိုင်း နောက်ကွယ်မှ လက်မည်းကြီးကို သိနိုင်သည်။ အပြင်ပန်းတွင် ယဥ်ကျေးသူများက နောက်ကွယ်၌ အရက်စက်ဆုံး ဖြစ်ကာ အင်မော်တယ်သုံးပါး မျိုးဆက်များမှာ အကောင်းဆုံး ဥပမာပင်။ ကြီးကြပ်သူသည် သူတို့ကို ၂၉ထပ်သို့ ခေါ်ဆောင်သွားကာ အထပ်သုံးဆယ်သို့ ဦးတည်သော လှေကားအရှေ့တွင်မူ ဝင်ခွင့်မရှိဟု ဆိုင်းဘုတ်တစ်ခုဖြင့် ပိတ်ပင်ကန့်သတ်ထား၏။
"ဘာကြောင့် ဝင်ခွင့်မရှိတာလဲ"
"အထပ်သုံးဆယ်နဲ့အထက်က အထူးဧည့်သည်တွေ အတွက်ပါ"
"လန်ရီက အထူးဧည့်သည်မဟုတ်ဘူးလား"
ယွမ်ရှောင်က လန်ရီကို ညွှန်ပြ၍ မေးလိုက်သော်လည်း ကြီးကြပ်သူမှာ ပြုံးရုံသာ ပြုံးနေခဲ့သည်။
"စီးပွားရေးလုပ်နေပြီး ဝယ်သူတွေကို ခွဲခြားဆက်ဆံတယ်။ တော်တော်ရွံစရာကောင်းတာပဲ"
"သခင်လေးယွမ်က အဆိုးမြင်နေပါပြီ။ ဒါက လုပ်ရိုးလုပ်စဥ်ပါ"
အထက်သို့ ဆက်တက်ခွင့်မပေးသောကြောင့် ယွမ်ရှောင်အနေဖြင့် ၂၉ထပ်တွင် ဝယ်ယူရုံကလွဲ၍ ရွေးစရာ မရှိချေ။ မကြာမီ သူက စိန်သလင်းကျောက်ဟု အမည်ရသော အဆင့်နိမ့် ယင်သတ္တုများကို တွေ့လိုက်ကာ ကြယ်ပြာမှ အသုံးပြုနိုင်သည်ဟု သုံးသပ်ပေးခဲ့၏။ ပိုကောင်းသော အရာ မရနိုင်သည့်အတွက် ၎င်းကို ဝယ်ယူခဲ့ပြီး စိန်သလင်းကျောက် ၉၉တုံးအတွက် အလယ်အဆင့် အင်မော်တယ်ကျောက်စိမ်း ၉သန်း၉သိန်း ကျသင့်သောကြောင့် လန်ရီထံမှပင် ချေးငှားခဲ့ရသည်။
"သခင်လေးယွမ်က တော်တော်လေး လက်ဖွာတာပဲ။ ဒီငွေတွေက လူသတ်လုယက်ပြီး ရလာတာလား"
"မင်းက ပြဿနာရှိလို့လား"
"မရှိပါဘူး။ ကျုပ်က သေရမှာတော့ ကြောက်တတ်ပါတယ်"
ဘောင်ကျော်လာသော ကြီးကြပ်သူမှာ ယွမ်ရှောင် မျက်မှောင်ကြုတ်သွားသဖြင့် ချက်ချင်း စကားရောဖောရော လုပ်ကာ သတ္တုရင်းမြစ်များကို လျင်လျင်မြန်မြန် ထုပ်ပိုးပေးခဲ့သည်။
"နေဦး"
ထိုအချိန်တွင် အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ မိန်းမနှစ်ယောက် ရောက်ရှိလာပြီး တစ်ယောက်မှာ ထန်ယုရယ် ဖြစ်နေသည်။ ကျန်တစ်ယောက်သည် အသက်နှစ်ဆယ်အရွယ် ဖြစ်ကာ ကောက်ကြောင်းများ ပေါ်လွင်သည့် အနီရောင်ဝတ်စုံကို တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထား၏။
"သခင်မ"
ကြီးကြပ်သူက လေးစားစွာ ဦးညွှတ်လိုက်ပြီး သူမသည် ကျောက်စိမ်းအင်မော်တယ်မျှော်စင်၏ အဆင့်အတန်းမြင့်မားသော သခင်မလေးတစ်ယောက် ဖြစ်သည်။ မိန်းကလေးနှစ်ယောက်နှင့်အတူ အခြားမိန်းကလေးများလည်း ပါဝင်ပြီး ယွမ်ရှောင်အား သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေကြ၏။
"သွားကြစို့။ ငါတို့ ထောင်ချောက်ဆင်ခံလိုက်ရပြီ။ သူတို့က ဒါကို ရောင်းမှာ မဟုတ်ဘူး"
လန်ရီသည် ထိုမိန်းကလေး ထွက်ပေါ်လာသောအခါ အခြေအနေကို ချက်ချင်း နားလည်သွား၏။
"ငါ ရောင်းမှာပါ"
သခင်မလေးက တစ်လုံးချင်း ပြောလိုက်သည်။
"ဒါဆိုရင် အရောင်းအဝယ်ကို ဘာကြောင့် ဝင်ရှုပ်နေတာလဲ"
ယွမ်ရှောင်က အကျိုးမရှိသဖြင့် ထိုလူစုနှင့် ငြင်းခုံလိုစိတ် မရှိချေ။
"ငါ အခု စျေးနှုန်း ပြောင်းလဲလိုက်ပြီ။ တစ်တုံးကို အင်မော်တယ်ကျောက်စိမ်း သန်းတစ်ထောင်။ ပိုက်ဆံမရှိရင် ငါ့နေရာက ထွက်သွားစမ်း"
ထိုမိန်းမက အကျိုးအကြောင်း မဆီလျော်သော စျေးနှုန်းမျိုး ထုတ်ပြောလာသဖြင့် သူ၏ အကြည့်ကို အေးစက်တင်းမာလာစေသည်။
"မကျေနပ်ဘူးလား။ ဒါဆိုရင် ငါ့ကို သတ်ပြီး လုယက်လိုက်လေ ဓားပြကောင်"
လန်ရီက အချင်းမများလိုသဖြင့် ယွမ်ရှောင်နှင့်အတူ ထွက်ခွာသွားသော်လည်း သူမသည် တရစပ် စော်ကားပြောဆိုနေသည်ဖြစ်ရာ အဖြူရောင်သေမင်း၏ ရန်သူစာရင်း၌ တစ်ယောက် ထပ်တိုးလာသည်။
"သခင်မလေး အဓိကဝင်ပေါက်ကနေ မထွက်ပါနဲ့။ မသန်စွမ်း မိန်းကလေးတွေကို သတ်ပြီး အလောင်းတွေကို အဲ့ဒီနေရာမှာ စုပုံထားတယ်။ လည်ပင်းတိုင်းကို ဓားမြှောင်နဲ့ ထိုးဖောက်ထားပြီး ဘယ်သူလုပ်လဲဆိုတာ ကျုပ်မသိပေမယ့် လူတွေအများကြီး ဆူပူရင်း ရောက်ရှိနေကြပြီ။ တရားခံက သခင်လေးယွမ်လို့ သတင်းထွက်နေပါတယ်"
လှေကားမှ အဆင်းတွင် အဖြူရောင်ဝတ်အကြီးအကဲတစ်ယောက် ထွက်ပေါ်လာကာ လေးလေးနက်နက် သတိပေးလိုက်၏။ ယွမ်ရှောင်က ပြတင်းပေါက်တစ်ခုမှတဆင့် ငုံ့ကြည့်လိုက်သောအခါ အရေအတွက် တစ်သိန်းကျော်သော လူအုပ်ကြီး အနားတွင် အဖြူရောင်ပိတ်စများဖြင့် ဖုံးအုပ်ထားသော သေးကွေးပိန်လှီသည့် မိန်းကလေးများ လဲကျနေသည်။ လက်မောင်းငယ်လေးများကို ဆုပ်ကိုင်ထားသော မိဘများက ချုံးပွဲချ ငိုကြွေးနေပြီး နှလုံးကွဲမတတ် ငိုယိုနေသောကြောင့် ဆူညံပွက်လောရိုက်နေ၏။
"လူသတ်သမား ထွက်လာစမ်း"
"ဒီလောက်ငယ်တဲ့ မိန်းကလေးတွေကို မိစ္ဆာဖြစ်နေမှ သတ်လိမ့်မယ်။ လုံးဝ နှလုံးသား မရှိဘူး"
"ကျောင်းအုပ်ယွီ ခင်ဗျားက သမိုင်းမှာ အရက်စက်ဆုံး လူသတ်သမားကို ကာကွယ်ပေးနေတယ်။ နှစ်ယောက်လုံးက ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ အပြစ်သား ဖြစ်တယ်"
မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော ကဲ့ရဲ့ပြစ်တင်သံများက ကျောက်စိမ်းအင်မော်တယ်မျှော်စင်ကို တုန်ခါသွားစေသည်။
"ဘာကြောင့်လဲ။ ဒီလူတွေက အမှန်တရားကို မစစ်ဆေးဘဲ အစ်ကိုကြီးကို စွပ်စွဲနေကြတယ်"
လန်ရီ၏ မျက်ဝန်းလေးများပင် အေးစက်စက် အရောင် ပြောင်းလဲသွား၏။
"ဦးနှောက်မရှိကြလို့ပေါ့။ လှည့်စားဖို့ လွယ်လွန်းတယ်"
ယွမ်ရှောင်၏ မျက်လုံးများ သွေးနီရောင် ဖြစ်နေသော်လည်း ကိုယ့်ကိုကိုယ် မထိန်းချုပ်လျှင် ရန်သူများအကြိုက် ဖြစ်လာမည်ကို သဘောပေါက်သောကြောင့် စိတ်ထိန်းထားရပုံပေါ်သည်။
"ကယ်တင်ရှင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ထင်သလောက် မလွယ်ဘူး။ မင်းနဲ့ ရှေးဟောင်းအင်မော်တယ်ဘိုးဘေးက လူသားတွေကို ကာကွယ်ကြပေမယ့် ရပ်တည်ချက်ချင်း မတူကြဘူး"
ကြယ်ပြာက ဤကိစ္စများကို အရေးမစိုက်ဟန်ဖြင့် ရယ်မောနေပြီး ယွမ်ရှောင်အား ဖန်ဆင်းရှင်အသစ် ဖြစ်လာစေရန်မှလွဲ၍ ဂရုမစိုက်ချေ။ သူက ယွမ်ရှောင်၏ ရင်ထဲရှိ ဒေါသနှင့် နာကျင်မှုကို မစာနာတတ်ခြင်း မဟုတ်ဘဲ အလွန်မြင့်သော အဆင့်တစ်ခုသို့ရောက်လျှင် မျိုးနွယ်အားလုံး တန်းတူဟု သတ်မှတ်ထားသောကြောင့် ဖြစ်၏။
"ဘယ်လိုဆက်လုပ်ကြမှာလဲ။ အင်မော်တယ်သုံးကောင်ရဲ့ မျိုးဆက်က ပိုက်ကွန်ကြီးတစ်ခုလို ဒီနယ်မြေကို ဖုံးအုပ်ထားတယ်"
"ငါက ဒီပိုက်ကွန်ကို ဆွဲဖြဲပစ်မယ်။ ဒီလောကကြီးမှာ အရာရာ အဆင်ပြေစေမယ့် နည်းလမ်းမျိုး မရှိနိုင်တာကို သိပေမယ့် အပြစ်မဲ့သူတွေ နောက်ထပ် မသေစေချင်ဘူး"
ရှေးဟောင်းအပျက်အစီးနယ်မြေသည် ခြတက်နေသည့် သစ်တုံးတစ်ခုနှင့် တူညီကာ ဓားဖြင့်ထိုးစိုက်လျှင် ခြများ သေသကဲ့သို့ သစ်တုံးလည်း ထိခိုက်ပေလိမ့်မည်။ သို့ရာတွင် ရပ်ကြည့်နေပါက သစ်တုံးသည် ခြများကြောင့် ပျောက်ကွယ်သွားနိုင်သည်ဖြစ်ရာ အင်မော်တယ်သုံးပါး မျိုးဆက်သည် ယွမ်ရှောင်ရင်ဆိုင်ဖူးသမျှ အဆိုးရွားဆုံး ရန်သူ ဖြစ်လာ၏။ သူတို့က အင်အားကိုသာမက နယ်မြေတစ်ခုလုံး၏ စိတ်ဝိညာဥ်များကိုပင် ဦးနှောက်ဆေးထားခဲ့သည်။
"ဒီမိန်းကလေးတွေအတွက် လက်စားချေချင်တယ်"
သနားကြင်နာတတ်သော လန်ရီပင်လျှင် မျက်နှာထား တင်းမာခက်ထန်နေသည်။
"လက်စားချေဖို့ လူသတ်လိုက်ရင် သူတို့အကွက်ထဲ ရောက်သွားလိမ့်မယ်"
ယွမ်ရှောင်က အေးဆေးတည်ငြိမ်စွာ တားဆီးထားခဲ့သည်။
"ဒါဆိုရင် သူတို့အတွက် တရားမျှတအောင် ဘယ်လိုလုပ်ပေးရမလဲ"
"လူနည်းနည်းလောက် သတ်ရုံနဲ့ ရှေးဟောင်းအပျက်အစီးနယ်မြေမှာ တရားမျှတမှု ရှိလာမှာ မဟုတ်ဘူး။ မလုံလောက်သေးဘူးဆိုတာ နားလည်ရင် အကုန်သတ်ပစ်ရမှာပေါ့"
"ဘယ်သူတွေကိုလဲ"
ယွမ်ရှောင်၏ စကားကြောင့် သူမက မော့ကြည့်လာသဖြင့် လေထဲတွင် အကြည့်ချင်း ဆုံသွား၏။
"တကယ်တော့ ရန်သူက လူသားတွေ မဖြစ်ထိုက်ဘူး။ လူတွေကို ဦးနှောက်ဆေးနေတဲ့ ကပ်ပါးကောင်တွေသက်သက်ပဲ။ တစ်ယောက်ယောက်က ဒီလူတွေကို ကယ်တင်ဖို့ ကြိုးစားရင်တောင် ကယ်တင်ရှင်ကို ရန်သူလို သဘောထားကြလိမ့်မယ်"
ယွမ်ရှောင်၏ စိတ်ထဲတွင် ဒေါသမီး ပွက်ပွက်ဆူနေ၍ အသက်ဝါးမျိုဂူ လက်ချက်ဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး အယူလွဲ အမြင်လွဲ ဖြစ်နေကြသည်။ မျှော်စင်အပြင်ဘက်တွင် လူပေါင်းများစွာက ဒူးထောက်၍ လူသတ်သမားကို ရှင်းလင်းပေးရန် အင်မော်တယ်သုံးပါးဟု သူတို့ သတ်မှတ်ထားသော မကောင်းဆိုးဝါးများထံ တိုင်တည်အော်ဟစ်နေဆဲပင် ဖြစ်လေ၏။