← Chapters

ထန်ကျစ်၏ မာန

Vol. 33 Ch. 423

ထန်ကျစ်၏ မာန

Vol. 33 Ch. 423

ဝမ်းနည်းစရာကောင်းလောက်အောင် သေခြင်းတရားက လျင်လျင်မြန်မြန် ရောက်ရှိလာပြီး ဓားတစ်ချက်တည်းဖြင့် စန်းနန် သေဆုံးသွားကာ စွမ်းအားသုံးပါး ဓားသိုင်းသည် လူသားအင်မော်တယ်၏ ဧကရာဇ် ဓားသိုင်းကို ထိပ်တိုက်တွေ့ရာ၌ ချက်ချင်း အနိုင်ယူခဲ့သည်။ ၎င်းမှာ ကျောင်းတော်၏ အကြီးအကဲများ အိပ်မက်မက်နေသော မြင်ကွင်းတစ်ခု ဖြစ်ကာ စွမ်းအားသုံးပါး ဓားသိုင်း ပျောက်ကွယ်ပြီးနောက် အလွန်တောင့်တခဲ့သော ဆန္ဒလည်း ဖြစ်၏။ တပည့်များနှင့် အကြီးအကဲပေါင်းများစွာ၏ အကြည့်က အဖြူရောင်ဝတ် လူငယ်၊ မိုးပြာရောင်ဓားနှင့် ပြာအဖြစ် အမှုန့်ကြေသွားသော အကြွင်းအကျန်များအပေါ် အာရုံစိုက်ထားကြသည်။ လူတစ်ယောက်ကို အမှုန့်ဖြစ်စေပြီး ကြမ်းပြင်၌ စာလုံးရေးထွင်းခြင်းမှာ ဓားတစ်ချက်ထက် အနုပညာလက်ရာမြောက်လွန်းနေပြီး ဧည့်သည့်များကိုပင် မင်သက်သွားစေသည်။

"ထန်"

လူတိုင်း တုန်လှုပ်နေစဥ် ရွှေရောင်ရင့်ရင့် ဓားမြှောင်တစ်လက်သည် လေထဲတွင် ထိုးတက်လာ၍ ယွမ်ရှောင်ကို လုပ်ကြံသတ်ဖြတ်ရန် နောက်ကျောဘက်မှ ပေတစ်ရာအတွင်း ချဥ်းကပ်လာ၏။

"ဒါက လူငယ်မျိုးဆက်ရဲ့ ပြိုင်ပွဲမဟုတ်ဘူးလား"

သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသော်လည်း သူက တစ်ချက်ပြုံး၍ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ အင်မော်တယ်သုံးပါး မျိုးဆက်များက အရှုံးကို လက်မခံနိုင်သောကြောင့် ဓားမြှောင်သည် နှလုံးသားထံ နီးကပ်လာစဥ် အဖြူရောင် ဓားမြှောင်တစ်စင်းက မြစ်ရေစီးကြောင်းပမာ ရစ်ပတ် ဝင်ရောက်၍ စွမ်းအားများ ပျက်ပြယ်သွားအောင် ဖျက်ဆီးပစ်ခဲ့၏။

"ဧည့်သည်တစ်ယောက်ဖြစ်ပြီး ဆန်းကြယ်ဘုရားကျောင်းမှာ လူသတ်ဖို့ ကြိုးစားနေတာလား"

ယွမ်တဟဲသည် ယွမ်ရှောင်အနားတွင် ထွက်ပေါ်လာကာ အဖြူရောင် ဓားမြှောင်ကို ပြန်လည် သိမ်းဆည်း၍ ခေါင်းယမ်းရင်း အပြစ်တင်လိုက်သည်။ သူ၏ စွက်ဖက်မှုကြောင့် လုပ်ကြံရန် မအောင်မြင်ခဲ့သော ဓားမြှောင်မှာ ပိုင်ရှင်ထံ ပြန်လည် ရောက်ရှိသွားကာ ဆံပင်ဖရိုဖရဲနှင့် မူးယစ်နေသော ကျူးကျန်းမှာ သားဖြစ်သူ၏ အကြွင်းအကျန်များထံ ဆင်းသက်လာခဲ့၏။ သူ၏ မျက်လုံးများ အနီရောင် ပြောင်းလဲ၍ လက်ချောင်းများ တဆတ်ဆတ် တုန်ယင်နေကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ဓားမြှောင်ပိုင်ရှင်လည်း ဖြစ်သည်။

"လူငယ်အချင်းချင်း ဖြေရှင်းခိုင်းပြီး သားဖြစ်သူ ရှုံးနိမ့်သွားတော့ လုပ်ကြံဖို့ ကြိုးစားတယ်။ အတော်လေးကို ဗလောင်းဗလဲ နိုင်တာပဲ"

ယွမ်ရှောင်က လက်မထောင်ပြ၍ ကဲ့ရဲ့လိုက်သောအခါ လမ်းပြအသင်းသားများကို ဒေါသူပုန်ထသွားစေသည်။ ဟူယန်ချင်းကဲ့သို့ သေးငယ်သော လူတစ်ယောက် သေဆုံးသွားခြင်းက အများဆုံး မျက်နှာပျက်ရုံသာ ဖြစ်သော်လည်း စန်းနန်ကမူ ကွဲပြားသောကြောင့် အင်မော်တယ်သုံးပါး မျိုးဆက်များအားလုံး ဒေါသတကြီးဖြစ်ကာ သတ်ဖြတ်လိုစိတ်များ အားလုံး ဖိအားပမာ ကျရောက်လာ၏။

"ငါ့ကို သတ်ချင်ရင် လူကြားထဲမှာ မလုပ်သင့်ဘူး။ အရှုံးကို လက်ခံပြီး မြန်မြန် ထွက်သွားစမ်း။ သခင်ရွေးချယ်ပွဲကို အနှောင့်အယှက် မပေးနဲ့"

ယွမ်ရှောင်က အင်မော်တယ်သုံးပါး မျိုးဆက်များကို ပေါ်တင်စော်ကား၍ ရန်စနေသောကြောင့် လူတိုင်း ကျောစိမ့်ကုန်သည်။ မည်သို့ပင် ဖြစ်စေ၊ စန်းနန်ကို သတ်ဖြတ်ပြီးနောက် ခွင့်လွှတ်ပေးရန် တောင်းပန်နေလည်း အကျိုးရှိမည် မဟုတ်ပေ။ မူလတွင် သူက ထန်ယုရယ်ကို မသတ်ခဲ့သောကြောင့် လူအများ အထင်လွဲသွားသော်လည်း စန်းနန်ကို သတ်ရဲသော သတ္တိသည် လေးစားစရာ ဖြစ်လာ၏။

ဤအခိုက်အတန့်တွင် အာရုံစိုက်ရာ ဗဟိုချက်ဖြစ်သော ကျူးကျန်းသည် လုပ်ကြံမှု မအောင်ခဲ့သောကြောင့် တိတ်တဆိတ် ဒူးထောက်၍ သားဖြစ်သူ၏ ပြာများကို သေရည်အိုးတစ်လုံးအတွင်း ထည့်သွင်းနေသည်။

"မင်းနဲ့ မင်းကို ကာကွယ်ပေးနေတဲ့ လူတိုင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး။ ငါ့မှာ မင်းတို့ အသက်ရှင်နေရတာကိုတောင် အိပ်မက်ဆိုး ဖြစ်သွားစေနိုင်တဲ့ ပိုးကောင်တွေ မျိုးစုံရှိတယ်။ မင်းတို့ ပျော်ပျော်ကြီး နာကျင်ခံစားစေရမယ်"

သူက ရုတ်တရက် ရယ်မော၍ ပေါ်တင်ခြိမ်းခြောက်လိုက်သောအခါ အင်မော်တယ်သုံးပါး မျိုးဆက်များ၏ ရက်စက်ကြမ်းကြုတ်မှုကို သိထားသော လးတိုင်း တုန်ရီသွားသည်။

"မင်းက ဒေါသထွက်နေရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ အခု ထွက်သွားစမ်း"

ယွမ်ရှောင်က ထီမထင်ဟန်ဖြင့် ပြုံး၍ မောင်းထုတ်လိုက်သောအခါ ကျူးကျန်း၏ အကြည့်သည် ယွမ်တဟဲထံ ကျရောက်သွားပြန်၏။

"ဒီကိစ္စကို ဘယ်လို စီရင်မှာလဲ"

"ဒီကလေးက နည်းနည်း ဆိုးသွမ်းပြီး ကောင်းကင်အရာရှိကို စော်ကားခဲ့တယ်။ လုပ်ရိုးလုပ်စဥ်အတိုင်း စစ်ဆေးပြီးရင် ဆန်းကြယ်ဘုရားကျောင်းက လူတိုင်း ကျေနပ်စေမယ့် စီရင်ချက်တစ်ခု ပေးပါလိမ့်မယ်"

"လုပ်ငန်းစဥ်က ဘယ်လောက်ကြာမှာလဲ"

"အနည်းဆုံး သုံးရက်။ ရှေးဟောင်းကျောင်းတော်က တရားမျှတဖို့ ဆန်းကြယ်ဘုရားကျောင်း တည်ရှိတေတာပါ"

ယွမ်တဟဲ၏ ဆိုလိုချက်က ထင်ရှားပြီး အင်မော်တယ်သုံးပါး မျိုးဆက်များ သက်သေအတု ဖန်တီးရန်နှင့် အစားထိုး တရားခံများ ရှာဖွေရန် စီစဥ်ထားသော ငါးရက်သည် ယွမ်ရှောင်၏ လွတ်လမ်း ဖြစ်လာခဲ့သည်။

"ဒီသုံးရက်မှာ ကောင်းကောင်း အသက်ရှင်လိုက်။ ဘယ်သူမှ မင်းကို မလုပ်ကြံစေရဘူးလို့ ငါ ကတိပေးတယ်"

ကျူးကျန်း၏ မျက်နှာက ဒေါသအရိပ်အယောင် ပျောက်ကွယ်နေသော်လည်း ကောက်ကျစ်မှုများ ထင်ရှားနေကာ လေသံမှာ အေးစက်လွန်းနေ၏။ ဤအချက်မှာ ယွမ်ရှောင် ရန်စခြင်း၏ ပန်းတိုင်ဖြစ်ကာ ဤသုံးရက်အတွင်း နေရာအနှံ့မှ ရောက်လာနိုင်သော ဓားမြှောင်များ စိတ်အနှောင့်အယှက် ဖြစ်လာတော့မည် မဟုတ်ချေ။ မူလတွင် ကျူးကျန်းက ပြန်သွားရန် စီစဥ်ထားသော်လည်း ထန်ကျစ်အကြောင်း အတွေးရောက်လာသဖြင့် ထန်ယုလန်ထံ ဦးတည်သွားခဲ့သည်။

"စန်းနန်အတွက် စိတ်မကောင်းပါဘူး"

"ငါတို့ သူ့ကို လျှော့တွက်ခဲ့မိတယ်"

"ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ။ ယွမ်တဟဲက သုံးရက်လို့ ပြောခဲ့တယ်ဆိုတော့ အချိန်ပြည့်ရင် ကာကွယ်ပေးမှာ မဟုတ်ဘူး။ ဆန်းကြယ်ဘုရားကျောင်းရဲ့ ဥပဒေကလည်း ဆင်ခြေအဖြစ် သုံးလို့ မရတော့ဘူး။ အလျင်စလို လုပ်စရာ မလိုဘူး"

အသက်အကြီးဆုံးနှင့် အတည်ငြိမ်ဆုံး ဖြစ်သော ကောင်းကင်အရာရှိ ချင်ကျန်းက သတိပေးလာသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ဂုဏ်သိက္ခာရှိ ကောင်းကင်အရာရှိသုံးယောက်မှာ ဆန်းကြယ်ဘုရားကျောင်း၏ ဥပဒေဖြင့် ကိုယ့်ရှူးကိုယ်ပတ်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"သခင်ရွေးချယ်ပွဲကို ဘယ်လို လုပ်ကြမလဲ"

ကျူးကျန်းနှင့် ချင်ကျန်းက ထန်ယီလန်ထံ အကြည့်ရောက်လာကာ မေးခွန်းထုတ်လိုက်ပြီး နောက်အလှည့်တွင် ထန်ကျစ်သည် ယွမ်ရှောင်ကို ရင်ဆိုင်ရပေလိမ့်မည်။

"ဒီကောင်လေးက ထူးဆန်းတယ်။ ယိုယွင်းမှုနယ်ပယ်ကိုတောင် မရောက်သေးပေမယ့် သန်မာလွန်းတယ်။ စွမ်းအားသုံးပါး ဓားသိုင်းကလည်း ပျောက်ဆုံးနေတာ ကြာပြီ။ ကျောင်းတော်မှာ ဘယ်သူမှ မသိတာတောင် သူက ဘယ်လိုလုပ် တတ်နေရတာလဲ။ ပြီးတော့ သခင်ရွေးချယ်ပွဲမှာ ဆက်ပြီး လူသတ်လောက်တယ်ဆိုတော့ ကျစ်အာရော ကျစ်ယွဲ့ပါ အန္တရာယ်ရှိတယ်။ စန်းနန်ကို ဆုံးရှုံးလိုက်ရပြီးပြီဆိုတော့ သူ့အကြောင်း သေချာမသိခင် မစွန့်စားသင့်ဘူး"

သူမက မျက်မှောင်ကြုတ်၍ အတွေးနက်နေရာမှ ပြောလိုက်သည်။

"ကျောင်းတော်ဘက်က လူတစ်ယောက်ကို မတိုက်ခိုက်ရသေးခင် အရှုံးပေးလိုက်ရင် ထန်ကျစ်က လူငယ်မျိုးဆက်ကို ဦးဆောင်မယ့် အခွင့်အရေး ပျက်စီးသွားလိမ့်မယ်။ အင်မော်တယ်သုံးပါးနေ့ မရောက်ခင် ဒီလူမိုက်ကောင်တွေ ယုံကြည်မှု မြင့်တက်လာနိုင်တယ်။.ထန်ကျစ်က အလယ်အဆင့် ယိုယွင်းနယ်ပယ်ကို ရောက်နေပြီ။ ကျောင်းတော်မှာ အရှုံးမရှိသေးတဲ့ ကလေးတစ်ယောက်ကို ဒီလိုအရှုံးပေးခိုင်းလိုက်ရင် တာအိုနှလုံးသား ထိခိုက်သွားလိမ့်မယ်။ ဘဝမှာ အန္တရာယ်များပေမယ့် ရှောင်လွှဲမရတဲ့ တိုက်ပွဲ ရှိတယ်။.ဒီလို အတားအဆီးတွေကို ကျော်ဖြတ်ပြီး တိုက်ခိုက်တာကမှ ကျင့်ကြံရေး အနှစ်သာရ ဖြစ်တယ်"

ကျူးကျန်းက လေးနက်စွာ စိုက်ကြည့်၍ အကြံပေးလိုက်သည်။

"ကျစ်ယွဲ့ကတော့ အရှုံးပေးမှာပါ။ စန်းနန်တောင် မနိုင်ရင် သူ့မှာလည်း အခွင့်အရေး မရှိဘူး။ ငါ စိုးရိမ်တာက ထန်ကျစ်ပဲ"

ချင်ကျန်းကလည်း ဝင်ပြောလိုက်သည်။

"အမေ အစ်ကို့ကို မတိုက်ခိုက်ခိုင်းပါနဲ့။ ဒီကောင်က အန္တရာယ်များလွန်းတယ်"

"တိတ်စမ်း"

ထန်ယုရယ်က ပူဆာလိုက်သော်လည်း ထန်ယီလန်သည် ငေါက်ငမ်းလိုက်သောကြောင့် တိတ်ဆိတ်သွားခဲ့သည်။ အင်မော်တယ်သုံးပါး မျိုးဆက်အဖြစ် သွေးနားထင်ရောက်နေသော ဤလူသိုက်မှာ ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းဟူ၍ သတ်မှတ်ထားကြ၏။

"သူ့ဆန္ဒအတိုင်း လုပ်ပါစေ"

သူတို့ စဥ်းစားခန်းဝင်နေစဥ် ထန်ကျစ်နှင့် ချင်ကျစ်ယွဲ့ ရောက်လာကြ၏။

"အမေ ဦးလေးချင် ဦးလေးကျူး ကျုပ်ကို အရှုံးပေးစေချင်တာဆိုရင် ဒီနေရာမှာတင် ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ်"

ထန်ကျစ်က တည်ငြိမ်လေးနက်စွာ ပြောလိုက်သောအခါ ထန်ယီလန်မှာ သက်ပြင်းချလိုက်မိ၏။

"ဘာကြောင့်လဲ"

"အင်မော်တယ်သုံးပါးရဲ့ မျိုးဆက်အဖြစ် မွေးဖွားလာပြီး ရှေးဟောင်းအပျက်အစီးနယ်မြေနဲ့ ကမ္ဘာများစွာကို အုပ်ချုပ်ရတယ်။ လောကမှာ ပြိုင်ဘက်ကင်းတဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်ရင် ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကို အရှက်ရစေလိမ့်မယ်။ ဒီလိုထက်စာရင် သေလိုက်တာကမှ ကောင်းဦးမယ်"

ထန်ကျစ်က သွေးနားထင်ရောက်နေပြီး မောက်မောက်မာမာ ကြွေးကြော်နေခဲ့လေသည်။

All Chapters