ထိပ်တန်းပါရမီရှင်တို့ တိုက်ပွဲ
Vol. 33 Ch. 425
"တိုက်ပွဲ စတင်မယ်"
လူတိုင်းက ယွမ်ရှောင်နှင့် လန်ရီ၏ အနမ်းကြောင့် ဆူညံနေစဥ် အေးစက်ကာ ခံစားချက်ကင်းမဲ့သော စီချင်း၏ ကြေညာသံ ပတ်ဝန်းကျင်တစ်ခွင် ပျံ့နှံ့လာသောကြောင့် တိတ်ဆိတ်သွားခဲ့သည်။ ဆန်းကြယ်ဘုရားကျောင်းရှိ မျက်လုံးများသည် ယွမ်ရှောင်နှင့် ထန်ကျစ်ထံ ရောက်ရှိသွားကာ တစ်ယောက်သည် လန်ရီ၏ အိမ်တော်မှ တက်သစ်စ ပါရမီရှင်၊ ကျန်တစ်ယောက်မှာ အင်မော်တယ်သုံးပါး မျိုးဆက်၏ လူငယ်ပါရမီရှင်နှင့် လမ်းပြအသင်းခေါင်းဆောင် ဖြစ်နေ၏။ ထန်ကျစ်က ရိုးသားဖြောင့်မတ်သည်ဟူ၍ နာမည်ဂုဏ်သတင်း ကောင်းမွန်သော်လည်း ယွမ်ရှောင်မှာမူ ခန့်မှန်းရခက်ခဲလွန်းပေသည်။
"ဒါက ကျောင်းတော်ရဲ့ ထိပ်တန်းပါရမီရှင်တွေ တိုက်ပွဲ"
ပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး အကယ်၍ ယွမ်ရှောင်သာ စန်းနန်ကို မသတ်ခဲ့လျှင် ထိပ်တန်းပါရမီရှင်ဟု သတ်မှတ်ခံရမည် မဟုတ်ချေ။ စီချင်း ကြေညာလိုက်သည်နှင့် တပြိုင်နက် တိုက်ပွဲကွင်းအတွင်း ပုံရိပ်နှစ်ခုက ခြေချလာသောကြောင့် အားပေးသံများ မုန်တိုင်းထန်သွား၏။ ထန်ကျစ်သည် ရွှေရောင်ဖျော့ဖျော့ ဝတ်ဆင်ထားပြီး လက်ကို တစ်ချက်ယမ်းလိုက်သောအခါ နေရောင် မီးတောက်ချီလင်လှံ ထွက်ပေါ်လာ၍ စူးရှသော မြည်သံတစ်ခု ကြားလိုက်ရ၏။ သူ၏ သိုင်းပညာနှင့် ကျင့်စဥ်များကို အင်မော်တယ်သုံးပါး လက်ဆင့်ကမ်းပေးထားခြင်းဖြစ်ကာ ရှေးဟောင်းအပျက်အစီးနယ်မြေတွင် အသန်မာဆုံးဟု ကျော်ကြားသည်။
"မနေ့ညက မင်း ငါ့ကို မြင်ပြီး ထွက်ပြေးခဲ့တယ်။ ဒီလိုတိုက်ခိုက်ရဲမယ်လို့ မထင်ထားဘူး"
ထန်ကျစ်၏ လူသတ်လိုသော အေးစက်စက် အကြည့်က ယွမ်ရှောင်ကို ပစ်မှတ်ထားခဲ့၏။ သို့သော် သူက တည်ငြိမ်နေဆဲဖြစ်ကာ လန်ရီ၏ အနမ်းကို ပြန်လည် တွေးတောနေပုံပေါ်သည်။ ထန်ကျစ်က ဘုန်းခနဲ ခြေဆောင့်လိုက်သောအခါ အင်မော်တယ်သတ္တုများဖြင့် ပြုလုပ်ထားသည့် ကြမ်းပြင် ကွဲထွက်သွားကာ ကောင်းကင်မှ ကျဆင်းလာသော နေအလင်းကဲ့သို့ တိုးဝင်လာသည်။ လှံသည်လည်း မီးတောက်ချီလင်တစ်ကောင် ပုံရိပ် ဖန်တီး၍ ပြင်းထန်စွာ တိုးဝင်လာသောကြောင့် မီးဖောက်လှံသိုင်း ဆိုသော အမည်ကို လမ်းပြအသင်းသားများက ကြွေးကြော်လိုက်ကြ၏။ ချီလင်တစ်ကောင်ကဲ့သို့ လျင်မြန်ပြီး အစွမ်းထက်သော တိုက်ကွက်မှာ အံ့ဖွယ်ဖြစ်ကာ လှံအလင်းနှင့် မီးတောက်များသည် ယွမ်ရှောင်ထံ ခဏအတွင်း ရောက်ရှိလာသည်။
"ဝုန်း"
လှံသွားရာ လမ်းတလျှောက် ကျောက်တုံးများ ကြေမွကာ သိုင်းတာအို၏ ကြမ်းတမ်းပြင်းထန်သော အင်အားကို ပြသနေ၏။ မျက်နှာအမူအရာ မပြောင်းလဲသော ယွမ်ရှောင်က ဘယ်လက်ဝါးကို ဖြန့်လိုက်သောအခါ နဖူးမှ နဂါးသဏ္ဍာန် ပုံရိပ်တစ်ခု လျှောကျလာ၏။ ၎င်းက ခရမ်းရောင် ရုန်းထီးအဖြစ် ပြောင်းလဲသွားကာ တဝီဝီလည်ပတ်နေရင်း ခေါင်းကိုးလုံး နဂါးအသွင် ဖြစ်ပေါ်လာ၍ မရေမတွက်နိုင်သော ရုန်းများ ဖွဲ့စည်းပြီး မိုးကြိုးနှင့် လျှပ်စီး မုန်တိုင်း ဖြစ်တည်လာသည်။
"အသက်တံဆိပ်က ရုန်း သုံးသိန်းကျော်"
လူအများစုက နှစ်မျိုးကျင့်ကြံသူဟု သိထားသော်လည်း တကယ်တမ်း မျက်မြင်တွေ့ရသည်မှာ ပထမဆုံး အကြိမ် ဖြစ်သည်။
"သူက တစ်ခုတည်းကို ကျင့်ကြံနေတာ မဟုတ်ဘူး။ ရုန်းကျင့်ကြံမှုကလည်း ဓားကျင့်ကြံမှုလောက် အစွမ်းထက်တယ်"
ဆန်းကြယ်ဘုရားကျောင်း၏ သခင်အများအပြား တုန်လှုပ်စွာ ပြောဆိုနေသဖြင့် စီချင်း၏ မျက်ဝန်းများ ပိုမိုအေးစက်လာကာ နားလည်ရခက်စေသည်။ မီးတောက်ချီလင်နှင့် ခရမ်းရောင်နဂါး ပုံရိပ်များ ထိပ်တိုက်ရင်ဆိုင်မိသောအခါ နဂါးခေါင်းကိုးလုံးသည် လျှပ်စီးလက်သည့်အလား လျင်မြန်စွာ ကိုက်ချလိုက်သဖြင့် စူးရှသော မြည်သံနှင့်အတူ မီးပွားများ လွင့်စင်ထွက်ကုန်၏။ ဤမြင်ကွင်းမှာ လှံနှင့် ရုန်းထီး၏ အားပြိုင်မှုအပြင် လျှို့ဝှက်ဆန်းကြယ်သော တာအိုသန္ဓေနှင့် ရှေးဟောင်းဟင်းလင်းပြင် ချီစက်ဝန်း၏ ထိပ်တိုက်ရင်ဆိုင်မှုလည်း ဖြစ်သည်။ ယွမ်ရှောင်က ကောင်းကင်သို့ လွင့်ထွက်သွားသောကြောင့် ထန်ကျစ်မှာ ပို၍ သန်မာပုံရသောအခါ အင်မော်တယ်မျိုးဆက်များကို စိတ်အေးသွားစေပြီး ထန်ယီလန်လည်း စိတ်သက်သာရာရသွားသည်။ သူတို့ မျှော်လင့်ထားသည့်အတိုင်း ထန်ကျစ်က ရပ်တန့်မနေဘဲ လေးမှ လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ကောင်းကင်ထံ ခုန်ထွက်လာကာ လှံချက် ထုတ်ဖော်လိုက်ပြန်၏။
ကျောင်းတော်၏ အဖွဲ့သားများ စိုးရိမ်တကြီး အားပေးနေစဥ် ယွမ်ရှောင်၏ မျက်လုံးများ စူးရှ၍ ညာလက်မှတဆင့် ဓားမြှောင်တစ်လက် ဝှစ်ခနဲ ပစ်ခတ်လိုက်သည်။ ၎င်းသည် မူလတွင် အားနည်းပုံရသော်လည်း ခဏအတွင်း ချီစွမ်းအင် မုန်တိုင်းကြီး ဖြစ်ပေါ်လာစေကာ သုံးကြိမ်ဆက်တိုက် ပေါက်ကွဲသဖြင့် ဝဲဂယက်သုံးခု ဖြစ်တည်လာ၏။ ၎င်းသည် ချီစွမ်းအင်များ အထောက်အပံ့ ရယူ၍ ထန်ကျစ်ကို ပစ်မှတ်ထားသော ဓားအလင်းပေါင်းများစွာ ထွက်ပေါ်လာသည်။
"စွမ်းအားသုံးပါး ဓားသိုင်း"
ထိုမြင်ကွင်းကြောင့် ယွမ်တဟဲ၏ မျက်လုံးများ တောက်ပသွားကာ စန်းနန်ကို သတ်ဖြတ်ခဲ့သော ဓားရှည်သိုင်းကွက်အား နယ်နမိတ်မဲ့ ဓားတာအိုဟု အမည်ပေးထားပြီး ဓားမြှောင်သိုင်းကွက်ကမူ ပြိုင်ဘက်ကင်း ဓားတာအိုဟူ၍ ခေါ်ဆိုကြပေသည်။
"တွေ့ပြီ"
ဧရာမ သားရဲကြီးတစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံရသည့်အလား ဖိအားများနေသော်လည်း ထန်ကျစ်သည် တည်ငြိမ်စွာ စစ်ဆေးနေခဲ့သည်။ ထို့နောက် သူက ရုတ်တရက် ရပ်တန့်၍ လက်ထဲမှ လှံဖြင့် ဓားမြှောင်ကို လျင်မြန်စွာ တိုက်ခိုက်လိုက်၏။ သို့သော် ထိုအခိုက်တွင် ချက်ချင်း ရင်ထိတ်သွားကာ ဓားမြှောင်အနောက်တွင် လိုက်ပါလာသော ယွမ်ရှောင်ကို သတိထားမိလိုက်၏။ တစ်ဖက်လူသည် တစ်ကိုယ်လုံး သက်စောင့်တံဆိပ်၏ ရုန်းများ ရစ်ပတ်နေကာ တာအိုဂါထာများ ပိုမိုအားကောင်းလာစေရန် အသုံးပြုသည့် နည်းလမ်းဖြစ်ကြောင်း ထင်ရှားပေသည်။
ထန်ကျစ် တုန်လှုပ်နေသော အခိုက်တွင် ပတ်ပတ်လည်၌ ခရမ်းရောင် စစ်တုရင်ခုံတစ်ခု ရုတ်တရက် ဖြစ်တည်လာကာ လေထဲမှ အဖြူအနက် ကျောက်တုံးများ ပြုတ်ကျလာ၍ ခေါင်းကိုးလုံး နဂါးပုံရိပ်များ ထင်ဟပ်နေ၏။ ၎င်းသည် သူ့ကို တိုက်ပွဲကွင်းအပြင်ဘက်မှ မြင်ကွင်းအား မမြင်နိုင်စေရန် ဖုံးကွယ်သွားကာ ကျောက်တုံးများ တဘုန်းဘုန်း ပြုတ်ကျလာသဖြင့် နားကွဲမတတ် နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ ကျောက်တုံးများ ကျရောက်လာသော နေရာတည့်တည့်တွင် ရှိနေသည့် သူက မျက်လုံးများ ပြူးကျယ်၍ အကြီးအကဲများစွာလည်း မယုံနိုင်သော အော်သံများ ထွက်ပေါ်လာကြ၏။
"ယင်ယန် စစ်တုရင်ပညာ"
မိုးရွာသကဲ့သို့ ကျဆင်းလာနေသော အဖြူအနက် ကျောက်တုံးများကြောင့် ထန်ကျစ်သည် လှံဖြင့် အသည်းအသန် ကာကွယ်ခဲ့သော်လည်း ဒဏ်ရာများစွာ ထိခိုက်သွားခဲ့သည်။ ကြံ့ခိုင်သန်မာသော သိုင်းခန္ဓာကိုယ်ပင် အညိုအမည်းစွဲ၍ သွေးများ စီးကျနေစဥ် ဓားမြှောင်ကလည်း နောက်တစ်ဖန် ဝင်ရောက်လာပြန်၏။ ရုတ်တရက် ဆန်လွန်းသော အခိုက်အတန့်၌ သူက အားကုန်သုံး၍ လှံဖြင့် တိုက်ခိုက်လိုက်သော်လည်း ဓားမြှောင်သည် လှံတလျှောက် ပွတ်ဆွဲသွားကာ ညာဘက်လက်မောင်းသို့ စိုက်ဝင်သွားသည်။ လက်တစ်ခုလုံး သွေးစက်များအဖြစ် ဘုန်းခနဲ ပေါက်ကွဲသွားကာ မြေပြင်ပေါ် လဲကျသွားသောအခါ အဖြူအနက် ကျောက်တုံးများလည်း တရစပ် ထိမှန်ကုန်သည်။
"ဘာ...ဘာဖြစ်ကုန်တာလဲ"
ထန်ကျစ်၏ အရိုးကျိုးသံများကိုပင် ကြားနေရသောကြောင့် တိတ်ဆိတ်စွာ အာရုံစိုက်နေသည့် ပရိသတ်များ လုံးဝ မင်သက်သွားခဲ့၏။ တိုက်ပွဲက အလှည့်အပြောင်းများစွာ ရှိခဲ့၍ ခဏအတွင်း ပြီးဆုံးသွားကာ အစပိုင်းတွင် ထန်ကျစ်၏ လှံသည် အသာရသယောင် ရှိခဲ့သော်လည်း ယွမ်ရှောင်၏ သက်စောင့်တံဆိပ်နှင့် ဓားဝိညာဥ် တန်ပြန်တိုက်ခိုက်လာသောအခါ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
"ထန်ကျစ် အသတ်မခံရအောင် ကာကွယ်ကြ"
ယွမ်ရှောင်၏ ကြောက်မက်ဖွယ် စွမ်းအားက လူတိုင်း၏ နှလုံးသားအတွင် တိကျစွာ စွဲထင်သွားသောအခိုက်တွင် အင်မော်တယ်သုံးပါး မျိုးဆက်များ အလောတကြီး ထရပ်လိုက်မိကြ၏။ စန်းနန်ကိုပင် တစ်ဖက်လူက သတ်ဖြတ်ရဲသောကြောင့် ထန်ယီလန်က အချိန်မီ ဝင်ရောက်စွက်ဖက်မှသာ ထန်ကျစ်ကို ကယ်တင်နိုင်ပေလိမ့်မည်။ သို့သော် အံ့သြစရာကောင်းသည်မှာ သူမက အံကြိတ်နေသော်လည်း မျက်နှာအမူအရာ အေးစက်စက်ဖြင့် ထိုင်ရာမှပင် မထချေ။
"ထန်ကျစ် သေတော့မှာလား"
မိခင်ဖြစ်သူကိုယ်တိုင် မလှုပ်ရှားသောအခါ အင်မော်တယ်သုံးပါး မျိုးဆက်များ မျှော်လင့်ချက်မဲ့စွာ သက်ပြင်းချလိုက်မိသည်။ ထန်ကျစ်သည်လည်း ဒဏ်ရာအများအပြား ရထားသည့်တိုင်အောင် နာကျင်စွာ အော်သံ တစ်ချက်မထွက်ဘဲ အသက်ပြင်းပြင်းရှူ၍ လှံအား ဆုပ်ကိုင်ရင်း ထရပ်လာခဲ့သည်။ တစ်ကိုယ်လုံး သွေးစွန်းနေသော်လည်း မယိမ်းယိုင်သော တိုက်ခိုက်လိုစိတ်နှင့် သေခြင်းကို မကြောက်သော စိတ်ထားက လေးစားဖွယ်ရာ ဖြစ်နေသည်။
"မင်း ငါ့ကို သတ်လည်း ဘာမှမထူးခြားဘူး။ ရှေးဟောင်းအပျက်အစီးနယ်မြေကို ရောက်လာထဲက မင်းအတွက် သေဖို့ ကံကြမ္မာက စီရင်ထားပြီးပြီ"
ထန်ကျစ်က မဲ့ပြုံးတစ်ချက်ဖြင့် သွေးများ အန်ထုတ်လိုက်စဥ် ယွမ်ရှောင်သည် ဓားရှည်ကိုင်ဆွဲရင်း ရုတ်တရက် ခုန်အုပ်လာခဲ့သည်။ သူက စွမ်းအားသုံးပါး ဓားသိုင်းနှင့် ယင်ယန်စစ်တုရင်သိုင်းကို အသုံးပြု၍ အဆုံးသတ်ချင်ခဲ့သော်လည်း အံ့သြစရာကောင်းလောက်အောင် တစ်ဖက်လူမှာ ခံနိုင်ရည်ရှိနေခဲ့၏။ ထို့ကြောင့် သူက တိုက်ခိုက်လိုက်သော ခဏမှာပင် သတိကြီးကြီးထားလိုက်ပြီး ထန်ကျစ် အသက်အန္တရာယ်ရှိနေသည့် တိုင်အောင် ထန်ယီလန် ဝင်ရောက်မစွက်ဖက်သောကြောင့် တစ်ခုခု ရှိရမည်ဟု သဘောပေါက်ထားသည်။ ဤဓားချက်က တစ်ဖက်လူကို အဆုံးသတ်ရန် မဟုတ်ဘဲ စမ်းသပ်ရန် ဖြစ်ကာ ထင်ထားသည့်အတိုင်းပင် ထန်ကျစ်၏ မျက်နှာ၌ ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာ၏။
"ဝှစ်"
ထန်ကျစ်သည် အဖြူရောင် ကျာပွတ်တစ်ချောင်း ဆွဲထုတ်ကာ ယွမ်ရှောင်ထံ ရိုက်ချလိုက်ပြီး ခဏအတွင်း ရစ်ပတ်တုပ်နှောင်သွားခဲ့သည်။ ယန်အဆင့် ရတနာ၊ နတ်ဘုရားနှောင်ကြိုးဆိုသော အစွမ်းထက်လွန်းသည့် ရတနာကြောင့် လူတိုင်း တုန်လှုပ်သွားကာ စွမ်းအားသုံးပါး ဓားသိုင်းနှင့် ယင်ယန်စစ်တုရင်သိုင်း ပြန်လည် ထွက်ပေါ်လာသောကြောင့် အံ့သြမှု ခံစားရသည်အောက် မလျော့ပေ။
"ယွမ်ရှောင် ချုပ်နှောင်ခံလိုက်ရပြီ။ ပြီးသွားပြီလား"
ကျောင်းတော်၏ ဘက်တော်သားများသည် နှလုံးသားများ အနက်ရှိုင်းဆုံး ချောက်နက်အတွင်း ကျဆင်းသွားသကဲ့သို့ စိုးရိမ်တကြီး ဖြစ်သွားသည်။ ကျန်တစ်ဖက်တွင် အင်မော်တယ်သုံးပါး မျိုးဆက်များ၏ ညှိုးငယ်သော မျက်နှာများ ဝမ်းသာလုံးဆို့နေကြပြီး ယွမ်ရှောင်သည် တင်းကြပ်စွာ ချည်နှောင်ခံထားရပြီး နတ်ဘုရားနှောင်ကြိုးက ပျော့ပြောင်းပုံပေါ်သော်လည်း ကျင့်ကြံသူတစ်ယောက်ကို အပိုင်းပိုင်း ဖြတ်ပစ်နိုင်လောက်အောင် ထက်ရှသည်။
"ထန်ယီလန် မလှုပ်ရှားခဲ့တာ အကြောင်းရှိတယ်"
သူတို့အားလုံးသည် တိုက်ပွဲအပေါ် အာရုံစိုက်ထားကြပြီး ဖြစ်လာမည့် အခိုက်အတန့်တစ်ခုကို လွဲချော်မသွားချင်ကြပေ။ ယွမ်ရှောင်သည် သူ၏ ကိုယ်တွင်းသို့ နက်ရှိုင်းစွာ ဖောက်ဝင်နေသော ရတနာကို ငုံ့ကြည့်၍ အစွမ်းထက်သော ဝှက်ဖဲတစ်ခု ဖြစ်ကြောင်း အံ့သြမနေတော့ပေ။
"မင်းက အားနည်းသလို ဟန်ဆောင်ရတာ ကြိုက်တယ်မလား။ လုပ်လေ ဆက်ပြီး ဟန်ဆောင်စမ်း"
ထန်ကျစ်သည် ၎င်း၏ အစွန်းတစ်ဖက်ကို ကိုင်ထားရင်း အေးစက်စက် လှောင်ပြောင်နေသည်။
"ကောင်းပြီ။ မင်းက ငါ့ကို ကျားအသားစားဖို့ ဝက်ယောင်ဆောင်သလို ဖြစ်စေချင်မှတော့ ဖြစ်ရတော့မှာပေါ့"
ယွမ်ရှောင်က တစ်ဖက်လူ၏ အထက်စီးဆန်ဆန် အကြည့်ကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်လေသည်။