ကံကြမ္မာနှင့် ကျီစယ်ခြင်း
Vol. 33 Ch. 426
ယွမ်ရှောင် စကားဆုံးသည်နှင့် တပြိုင်နက် နဖူးရှိ ထောင်စောင့်နဂါးတံဆိပ်သည် နောက်တစ်ဖန် တောက်ပသွားကာ သူ့ကို ဖမ်းချုပ်ထားသော နတ်ဘုရားနှောင်ကြိုးအတွင်း ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွား၏။ ခရမ်းရောင် နဂါးပုံရိပ်များသည် ကြိုးအတွင်း ခပ်ကြမ်းကြမ်း တိုးဝင်လာ၍ ကြိုးစတစ်ဖက်မှ စတင်ပြီး ထန်ကျစ် ကိုင်ဆောင်ထားသည့် ကျန်တစ်ဖက်သို့ ရောက်ရှိလာသည်။
"ငါ့ရတနာကို ထိန်းချုပ်ချင်ရင် အိပ်မက်ထဲမှာပဲ ရမယ်"
ထန်ကျစ်က မျက်မှောင်ကြုတ်၍ ကြိုးကို ပြင်းထန်စွာ ဆောင့်ဆွဲ၍ ယွမ်ရှောင်အား ခေါ်ယူရန် ကြိုးစားလိုက်၏။ သို့သော် ခရမ်းရောင် နဂါးရုန်းများသည် ကြိုး၏ အစိတ်အပိုင်း တော်တော်များများသို့ ပျံ့နှံ့သွားပြီ ဖြစ်သောကြောင့် နေရာအချို့ လှုပ်ရှားခြင်း မရှိတော့ပေ။
"ဘာဖြစ်တာလဲ"
သူ ရင်ထိတ်သွားစဥ် ခရမ်းရောင်ရုန်းများသည် လက်သို့ ကူးစက်လာကာ ကြိုးအတွင်းမှ အသက်သွေးအဆီအနှစ်များ စိမ့်ထွက်လာခဲ့၏။ သူက မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ရတနာတစ်ခုအတွင်းမှ ထိန်းချုပ်ထားသည့် အသက်သွေးကို ညှစ်ထုတ်နိုင်သော သက်စောင့်တံဆိပ်အကြောင်း မကြားဖူးသဖြင့် လောကကြီးအကြောင်း အမြင်များ ပြောင်းလဲသွားသည်။ သူ၏ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားကာ မင်သက်နေစဥ် နတ်ဘုရားနှောင်ကြိုးသည် မြွေတစ်ကောင်ပမာ လူးလွန့်၍ လက်အတွင်းမှ ထွက်ပြေးသွားပြီး ခန္ဓာကိုယ်ပတ်လည်တွင် ထူးဆန်းစွာ တုပ်နှောင်ခံလိုက်ရသည်။ နတ်ဘုရားနှောင်ကြိုး ပိုင်ရှင်က ယွမ်ရှောင်ဖြစ်လာပြီး မုဆိုးနှင့် သားကောင် နေရာချင်း လဲသွားသောကြောင့် အံ့လောက်စရာ မြင်ကွင်းပင်။
"ဒါက ငါ့အသက်တံဆိပ်ရဲ့ အစွမ်းတစ်ခု ဖြစ်တယ်။ ရတနာတွေကို သိမ်းပိုက်လုယူဖို့ လွယ်လွယ်လေးပဲ"
ယွမ်ရှောင်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာကာ ထန်ကျစ်မှာ မျက်နှာ ပျက်ပျက်ယွင်းယွင်းဖြင့် မျှော်လင့်ချက်ကင်းမဲ့နေသည်။ ထိုအခိုက်အတန့်တွင် ယွမ်ရှောင်သည် စိတ်ဖြင့် ထိန်းချုပ်လိုက်သောအခါ နတ်ဘုရားနှောင်ကြိုးက လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ထန်ကျစ်၏ ခန္ဓာကိုယ်အား အပိုင်းပိုင်း အစစ ဖြစ်အောင် လှီးဖြတ်ခဲ့၏။ ထို့နောက် သူက ရွှေရောင်တာအိုသန္ဓေ ဖန်ဆင်းရှင်မျိုးစေ့ကို လျှို့ဝှက်ရယူလိုက်ပြီး စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ နတ်ဘုရားနှောင်ကြိုးအား ထန်ယီလန်ထံ ပစ်ပေးကာ လန်ရီအနားသို့ ပျံသန်းထွက်ခွာသွားသည်။ အင်မော်တယ်သုံးပါး မျိုးဆက်များ၏ အပြုံးများ အေးခဲသွားကာ မည်သို့ဖြစ်ပျက်သွားကြောင်း နားမလည်ဟန်ဖြင့် ကြောင်တောင်တောင် ဖြစ်ကုန်သည်။
ထန်ကျစ်၏ ကျောဘက်ကိုသာ မြင်ရသောကြောင့် နောက်ဆုံးထွက်သက်တွင် မည်မျှ နာကျင်ခံစားလိုက်ရကြောင်း ထန်ယီလန် မမြင်နိုင်ခဲ့ချေ။ သူမက ကျေနပ်စွာ စောင့်ကြည့်နေစဥ် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားကာ ထန်ကျစ်သည် နတ်ဘုရားနှောင်ကြိုးကြောင့် အသတ်ခံလိုက်ရ၏။ ဤအဖိုးတန် လက်နက်ကို ပေးအပ်ထားသောကြောင့် အနိုင်ရမည်ဟု သူမက ယုံကြည်ထားပြီး ပိုင်ဆိုင်ထားသမျှ အစွမ်းအထက်ဆုံး ရတနာဖြစ်၍ မည်သည့် မတော်တဆမှုမျိုးမှ မကြုံရပေ။ အရှိတရားနှင့် မည်သို့ ဖြစ်ပျက်ခဲ့ကြောင်း သတိပြန်ဝင်လာချိန်တွင် ယွမ်ရှောင်သည် တိုက်ပွဲကွင်းအပြင်သို့ ထွက်ခွာသွားပြီဖြစ်၏။
"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"
သောကအပူမီးကြောင့် သူမက အရူးတစ်ပိုင်း ဖြစ်သွားကာ ချင်ကျန်းနှင့် ကျူးကျန်းထံ အားကိုးတကြီး ကြည့်နေသည်။ ထိုနှစ်ယောက်၏ လေးနက်သော မျက်နှာထားနှင့် မျက်မှောင်ကြုတ်နေပုံများကြောင့် သူမကိုယ်တိုင်လည်း အမြင်မမှားခဲ့ကြောင်း သဘောပေါက်သွား၏။ ဆန်းကြယ်ဘုရားကျောင်း ရင်ပြင်သည် ထောင်ပေါင်းများစွာသော စကားသံများဖြင့် ပွက်လောရိုက်သွားကာ ပရိသတ်အများစုသည် အဖြစ်မှန်ကို နားလည်လက်ခံနိုင်အောင် မနည်းကြိုးစားနေရ၏။
"ယွမ်ရှောင် ဘယ်လိုလုပ်လိုက်တာလဲ"
ယွမ်တဟဲ၊ ဖုန်းချင်းနှင့် ကျောင်းတော်၏အဖွဲ့ဝင်များပင် ရှုပ်ထွေးနေကြပြီး ယင်ယန်စစ်တုရင်သိုင်းနှင့် စွမ်းအားသုံးပါး ဓားသိုင်း ပြန်လည်ထွက်ပေါ်လာသည်ထက် ပို၍ တုန်လှုပ်စရာကောင်းနေသည်။
"သူက သခင်တစ်ယောက် ဖြစ်လာတော့မယ်"
"လမ်းပြအသင်းရဲ့ ဒုခေါင်းဆောင်တစ်ယောက်နဲ့ ခေါင်းဆောင်ကို သတ်ပြီး အဆင့်အတန်း မြင့်တက်လာဖို့ အင်မော်တယ်သုံးပါး မျိုးဆက်တွေကို ဖြတ်ရိုက်နေတာပဲ"
"သူက ဘာမှကို မကြောက်တာလား။ ကြည့်ရတာ ဆုံးရှုံးစရာ ဘာမှမရှိတဲ့ လူတစ်ယောက် ထင်တယ်"
တပည့်အချို့က ယွမ်ရှောင် အသက်ရှင်နိုင်မည်လားဟု တွေးနေကြသကဲ့သို့ အချိုမှာ အားကျနေကြ၏။ ဧည်သည့်ဧရိယာတွင် ရှိနေသော အကြီးအကဲများ ထရပ်လိုက်မိကြပြီး ဝမ်းနည်းပူဆွေး၍ ဒေါသတကြီး ဖြစ်နေသည့် ထန်ယီလန်လည်း ပါဝင်သည်။ သူမ၏ မျက်လုံးများက အနီရောင် ပြောင်းလဲသွားကာ သိုင်းကျင့်ကြံသူတစ်ယောက်၏ ကြမ်းကြုတ်ရက်စက်သော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။ အင်မော်တယ်သုံးပါး မျိုးဆက်များ လွယ်လွယ်ကူကူ အသတ်ခံနေရသော အကြောင်းအရင်းကို မည်သူမျှ စဥ်းစားမရနိုင်ပေ။
"နောက်တစ်ပွဲ စတင်မယ်"
ထိုအချိန်၌ စီချင်းသည် ချင်ကျစ်ယွဲ့ကို တစ်ချက်လှမ်းကြည့်၍ ကြေညာလိုက်ပြီး ရွေးချယ်ပွဲ မပြီးမချင်း ယွမ်ရှောင်အား ကိုင်တွယ်မည်မဟုတ်ကြောင်း ရှင်းလင်းနေ၏။
"ယီလန် ငါတို့လည်း အခုတော့ ဘာမှမလုပ်နိုင်ဘူး။ ရှေးဟောင်းကျောင်းတော် ပိုင်နက်မှာ ဆန်းကြယ်ဘုရားကျောင်း ဆက်ရှိနေဖို့ အရေးကြီးတယ်။ အင်မော်တယ်သုံးပါးကလည်း ဒီနေရာမှာ မရှိဘူး"
ချင်ကျန်းက သက်ပြင်းတစ်ချက်ချ၍ နှစ်သိမ့်ပေးခဲ့သော်လည်း ထန်ယီလန်မှာ စိတ်မထိန်းနိုင်ခဲ့ပေ။
"သေသွားတာက နင့်မျိုးဆက် မဟုတ်ဘူးလေ။ သည်းခံနိုင်တာပေါ့"
"ဒီကောင့်ကို သတိထားပြီး ကိုင်တွယ်ရမယ်။ လန်ရီအတိုင်း သဘောထားရလိမ့်မယ်"
ကျူးကျန်းက လေးနက်စွာ ကောက်ချက်ချသည်။
"ချင်ကျစ်ယွဲ့ကရော ဘယ်လို ဆက်လုပ်မှာလဲ"
"ဒီတစ်ပွဲ ပြီးရင် အရှုံးပေးလိမ့်မယ်"
"ဒါဆိုရင် အသက်အငယ်ဆုံး ဘုရားကျောင်းသခင်ကို တင်မြှောက်မယ့် ငါတို့အကြံက အစမှာတင် ပျက်စီးသွားပြီပေါ့"
"အခုတော့ ရွေးချယ်စရာ မရှိဘူး။ ကံကောင်းတာက ဒီကောင်လည်း ကြာကြာ အသက်ရှည်စရာ အကြောင်း မရှိဘူး"
ထန်ယီလန်က မသက်မသာ ပြောလိုက်ပြီး ကျူးကျန်း၏ မျက်လုံးများလည်း အေးစက်တင်းမာနေ၏။
ကျောင်းတော် တပည့်များ၏ စိတ်အတွင်း လှုပ်ရှားတုန်လှုပ်နေကြသော်လည်း ပြဿနာက ပြင်းထန်လွန်းသောကြောင့် အသံထွက် မဆွေးနွေးရဲပေ။ ချင်ကျစ်ယွဲ့၏ တိုက်ပွဲက လုံးဝ လျစ်လျူရှုခံထားရပြီး ပြိုင်ဘက်မှာ လမ်းပြအသင်းသား တစ်ယောက် ဖြစ်၍ ချက်ချင်း အရှုံးပေးသွားခဲ့သည်။ ဗိုလ်လုပွဲတွင် ယွမ်ရှောင်နှင့် သူမက ရင်ဆိုင်ရမည် ဖြစ်ပြီး စောင့်ကြည့်နေသော မျက်လုံးပေါင်းများစွာအောက်တွင် ခဏအတွင်း ပြန်လည်စတင်ခဲ့၏။ တိုက်ပွဲကွင်းအတွင်း အခြေအနေက အဓိပ္ပါယ်မဲ့နေပုံပေါ်ကာ ချင်ကျစ်ယွဲ့သည် တစ်ဖက်လူကို တိုက်ခိုက်ရန် အခွင့်အရေး မပေးဘဲ ချက်ချင်း ကြေညာလိုက်သည်။
"ငါ အရှုံးပေးတယ်"
"ကျစ်ယွဲ့ ဒီကို လာခဲ့"
"ဟုတ်ကဲ့ အဘိုး"
ချင်ကျန်းက လေးကန်စွာ သက်ပြင်းချ၍ မြေးမလေးကို ကာကွယ်ရန် အနားသို့ ခေါ်လိုက်၏။ ထိုအခိုက်အတန့်တွင် ကျောင်းတော်တပည့်များသည် သခင်အသစ် ဖြစ်လာသော ယွမ်ရှောင်၏ အောင်ပွဲကြောင့် ကြွေးကြော်အားပေးသံများ ပေါက်ကွဲထွက်လာ၏။ သို့ရာတွင် ချင်ကျစ်ယွဲ့သည် နောက်ဆုတ်နေရာမှ ရုတ်တရက် ပြန်လှည့်ကြည့်ကာ လှောင်ပြောင်စကားများ ပြောလာခဲ့သည်။
"နင်က ဒီနေ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာက မိန်းကလေး တပည့်တွေအတွက်မလား။ ဒီစောက်ရူးမတွေရဲ့ အလှတရားက တာရှည်မခံဘူး။ ခန္ဓာကိုယ် ပေးဆပ်ပြီး အခွင့်အရေးရဖို့ အထက်တန်းလွှာတွေအတွက် အသုံးတော်ခံတာ နင်နဲ့ ဘာဆိုင်လဲ။ နင်က သူတို့ကို ကာကွယ်ချင်တယ်ဆိုမှတော့ ငါ့အနေနဲ့ ရွေးချယ်စရာ မရှိဘူး။ ဒီကောင်မတွေ သေတာထက်ဆိုးတဲ့ ဘဝမျိုး ရောက်စေရမယ် ဟီး ဟီး"
တိုက်ပွဲကို အရှုံးပေးထားသောကြောင့် အန္တရာယ်ကင်းပြီအထင်နှင့် အဖြူရောင် သေမင်းအား ဆက်တိုက်ရန်စနေသည့် ဦးနှောက်မရှိသော ချင်ကျစ်ယွဲ့ စကားပြောနေစဥ် မိုးပြာရောင်ဓားတစ်လက် လှစ်ခနဲ ထွက်ပေါ်လာကာ လည်ချောင်းမှ ဖောက်ထွက်သွားလေသည်။