← Chapters

သတ်ချင်လို့ သတ်တာ

Vol. 33 Ch. 427

သတ်ချင်လို့ သတ်တာ

Vol. 33 Ch. 427

"အား"

ချင်ကျစ်ယွဲ့သည် လည်ပင်းကို လက်နှစ်ဖက်ဖြင့် အလန့်တကြား အုပ်ကိုင်ရင်း လှောင်ပြုံးပြုံးနေသော မျက်နှာထား ပြောင်းလဲသွားသည်။ နောက်ဆုံး မြင်လိုက်ရသော ပုံရိပ်သည် ဓားမြှောင်တစ်လက် ကိုင်ထားသည့် ယွမ်ရှောင်ဖြစ်ကာ အေးစက်စက် ကြည့်နေခဲ့၏။ ရုပ်ရည် ချောမောသော်လည်း ရက်စက်ပြတ်သားတတ်သည့် အစွန်းနှစ်ဖက်ဖြင့် သေမင်းအား သူမ လျှော့တွက်ထားသဖြင့် ကိုယ့်ကိုကိုယ် ကာကွယ်ရန် သတိမထားခဲ့ပေ။ သူ၏ စရိုက်လက္ခဏာသည် သေမျိုးလူသားတစ်ယောက်အနေဖြင့် ဒေါသ၊ ရူးသွပ်ခြင်းနှင့် မိုက်မဲမှုတို့ ပေါင်းစပ်ထားကာ မတရားမှုကို မြင်လျှင် မည်သူ့ကိုမှ ညှိနှိုင်းမနေဘဲ သတ်ဖြတ်ခြင်းဖြင့်သာ အဖြေရှာလေ့ရှိသည်။ နောက်ဆုံးထွက်သက်တွင် ရန်စမိသည့်အတွက် နောင်တရခဲ့သည့်တိုင်အောင် အချိန်နှောင်းသွားကာ ကောင်းကင်အရာရှိများနှင့် အင်မော်တယ်မျိုးဆက်များ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဥ် သူမသည် မြေပြင်သို့ ဘုတ်ခနဲ လဲကျသွား၏။

"ဟင်"

ထိုအသံကြောင့် လူတိုင်း လှည့်ကြည့်လိုက်သောအခါ လမ်းပြအသင်း၏ နောက်ထပ် ခေါင်းဆောင်တစ်ယောက် အသတ်ခံလိုက်ရပြန်ကြောင်း မြင်လိုက်ရသည်။

"ယွမ်ရှောင်လက်ချက်လား"

ယွမ်တဟဲရော ဖုန်းချင်းပါ မျက်မှောင်ကြုတ်လိုက်ပြီး သခင်ရွေးချယ်ပွဲ ပြီးဆုံးသွားသော်လည်း ဆက်လက်သတ်ဖြတ်နေသည့် အကြောင်းအရင်းကို နားမလည်သော်လည်း လန်ရီနှင့်အတူ ရှေ့ထွက်လာကြ၏။ အသက်အကြီးဆုံးနှင့် အတွေ့အကြုံအများဆုံး ချင်ကျန်းထံ အင်မော်တယ်သုံးပါး မျိုးဆက်များ ပြိုင်တူ ကြည့်လိုက်သော်လည်း အလောင်း လဲကျသွားသည်အထိ တည်ငြိမ်နေပုံပေါ်သည်။ လမ်းပြအသင်းသားများကမူ သတ်ဖြတ်လိုစိတ်ဖြင့် ဒေါသတကြီး ဖြစ်နေရင်း တိုက်ပွဲကွင်းထံ ပြေးဝင်လာကာ ယွမ်ရှောင်ကို ရူးရူးမိုက်မိုက် တိုက်ခိုက်ခဲ့ကြသည်။ မရေမတွက်နိုင်သော တိုက်ကွက်များ ကျရောက်လာသော်လည်း သူကမူ ပေါ့ပေါ့ပါးပါး လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် ခရမ်းရောင် စစ်တုရင်ခုံ ဖန်တီးကာ ကာကွယ်နိုင်ခဲ့၏။ လမ်းပြအသင်းသား ရာချီ၏ တပြိုင်နက် တိုက်ခိုက်ခြင်းကို ကာကွယ်ပြလိုက်သောအခါ သူ၏ ခွန်အားသည် လူတိုင်းအား နောက်တစ်ဖန် ပြန်လည်အံ့သြစေသည်။

"ရပ်စမ်း"

"ဘုရားကျောင်းအကြီးအကဲ လူသတ်သမားကို အပြစ်ပေးပါ"

စီချင်း၏ အေးစက်သော အမိန့်ကြောင့် သူတို့က ချက်ချင်း ဒူးထောက်၍ ဒေါသတကြီး တောင်းဆိုလိုက်ကြ၏။ အာဏာဖြင့် အမြဲတမ်း အနိုင်ကျင့်နေကျ ဖြစ်သော်လည်း တရားမျှတမှုကို အော်ကြီးဟစ်ကျယ် တောင်းဆိုနေသောကြောင့် ကျောင်းတော်၏ တပည့်များအတွက် လှောင်ရယ်စရာပင်။ ချင်ကျန်းသည် ချင်ကျစ်ယွဲ့၏ အလောင်းကို ပွေ့ထားပြီး လေမတိုက်သော်လည်း ခရမ်းရောင်ဝတ်ရုံ တဖြတ်ဖြတ် လွင့်နေကာ ဘုရားကျောင်းတစ်ခုလုံး အရှိန်အဝါ ဖြန့်ကျက်ထား၏။

"ဒီအဘိုးကြီးက ဆန်းကြယ်ဘုရားကျောင်းကို မေးချင်တယ်။ ဒီလူသတ်မှုအတွက် ဖြေရှင်းချက် ပေးပါ"

သူက ယွမ်ရှောင်ကို လျစ်လျူရှုထားပြီး စီချင်း၊ ယွမ်တဟဲနှင့် ဖုန်းချင်းကို တစ်ချက်ဝေ့ကြည့်ကာ အက်ကွဲကွဲ အသံဖြင့် တောင်းဆိုလိုက်၏။ ဆောင်ပို၏ သေခြင်းက ကိုယ့်သေတွင်းကိုယ် တူးခြင်း ဖြစ်ကာ ဟူယန်ပင်သည် ကြီးကြပ်သူအဖြစ် ဟန်ဆောင်သော အကျိုးဆက်ကြောင့် အသတ်ခံလိုက်ရသည်။ စန်းနန်နှင့် ထန်ကျစ်က တိုက်ပွဲကွင်းအတွင်း ပြိုင်ဆိုင်ရင်း သေဆုံးသွားသောကြောင့် အကြောင်းပြချက် ကောင်းကောင်း ရှိသော်လည်း ချင်ကျစ်ယွဲ့ကမူ အကြောင်းမဲ့ အသတ်ခံလိုက်ရပုံပေါ်သည်။

"ကျုပ်က ဖြေရှင်းချက် ပေးမယ်"

ယွမ်ရှောင်က ဖြတ်ပြောလိုက်သောကြောင့် လူတိုင်း တိတ်ဆိတ်သွားကာ မည်သည့် အကြောင်းပြချက်ပေးမည်ကို စိတ်ဝင်စားနေကြ၏။ သူက ချင်ကျစ်ယွဲ့ အနိုင်ကျင့်ခဲ့သော မိန်းကလေးများကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ထိုအကြောင်းပြချက်သာ ပေးလိုက်လျှင် သူတို့ လက်စားချေခံရပေလိမ့်မည်။ ထို့ကြောင့် သူက ချင်ကျန်းကို မျက်လုံးချင်း တည့်တည့်စိုက်ကြည့်ကာ ကျယ်လောင်စွာ တစ်လုံးချင်း ပြောလိုက်သည်။

"သတ်ချင်လို့ သတ်လိုက်တာ။ ဘာအကြောင်းပြချက် ဖြေရှင်းချက်မှ မရှိဘူး။ အခု ဘာလုပ်မှာလဲ။ ငါ့ကို သတ်ရဲလား"

ရဲတင်းလွန်းသော စကားကြောင့် လူတိုင်း ရင်တထိတ်ထိတ် ဖြစ်သွားကာ အင်မော်တယ်သုံးပါး မျိုးဆက်များကိုမူ ပို၍ ဒေါသထွက်စေ၏။

"ဒီကောင်က ဝန်ခံလိုက်တာလား"

"အရင်ဖြစ်ရပ်တွေမှာက အကြောင်းပြချက် ကောင်းကောင်း ပေးနိုင်ရင် သေဒဏ်က လွတ်နိုင်ပေမယ့် အခုတော့ ရေစုန်မျောပြီ"

"ဘာတွေ လျှောက်ပြောနေတာလဲ။ ဆန်းကြယ်ဘုရားကျောင်းက ငါတို့အပေါ် ဘယ်တုန်းက တရားမျှတဖူးလို့လဲ။ သတ်သတ် မသတ်သတ် အဖြေက တူတူပဲ"

လူအုပ်က လေးနက်ပြင်းထန်စွာ ဆွေးနွေးနေကြစဥ် စကားမပြတ်သေးသော ယွမ်ရှောင်သည် စီချင်းဘက်လှည့်ကာ ရဲရဲတင်းတင်း မေးခွန်းထုတ်လိုက်၏။

"တစ်ခုလောက် မေးချင်တယ်။ ဒီနေရာ ဆန်းကြယ်ဘုရားကျောင်းက ရှေးဟောင်းကျောင်းတော်ရဲ့ လက်အောက်ခံလား။ ဒါမှမဟုတ် အင်မော်တယ်သုံးပါး မျိုးဆက်ရဲ့ လက်အောက်ခံလား။ ချင်ကျစ်ယွဲ့ကရော ကျောင်းတော်ရဲ့ တပည့်တစ်ယောက် မဟုတ်ဘူးလား"

၎င်းက ဆန်းကြယ်ဘုရားကျောင်း၏ တည်ရှိမှုကို လူပုံအလယ် ချောင်ပိတ်မေးလိုက်ခြင်း ဖြစ်သည်။

"ဆန်းကြယ်ဘုရားကျောင်းက ကျောင်းအုပ်ယွီ၊ သူတော်စင်တွေနဲ့ တပည့်တွေနဲ့သာ သက်ဆိုင်တယ်"

စီချင်းက ဘုရားကျောင်းသည် အင်မော်တယ်သုံးပါး မျိုးဆက်၏ နောက်လိုက်ခွေးဖြစ်ကြောင်း ဝန်မခံရဲပေ။

"ဒါဆိုရင် ပြီးပြီ။ ကျောင်းတော်မှာ ဥပဒေ လိုက်နာရမယ်။ ကောင်းကင်အရာရှိတွေ စိတ်တိုင်းကျ ဝင်စွက်ဖက်ချင်နေရင် သူတို့ကို ရှေးဟောင်းကျောင်းတော် အပ်လိုက်သင့်တယ်"

"ဥပဒေအရ နင်က သေသင့်တဲ့ တရားခံ ဖြစ်တယ်"

ထန်ယုရယ်က ဒေါသတကြီး အော်ပြောလိုက်သည်။

"မှန်တယ်။ ငါက တရားခံတစ်ယောက်၊ ဒါပေမယ့် ဥပဒေအတိုင်း စီရင်ရမယ်။ မဟုတ်ရင် ငါနဲ့အတူ ငရဲပြည်ကို လိုက်လာဖို့ အဖော်နည်းနည်း ထပ်ခေါ်သွားရလိမ့်မယ်"

သူ၏ စကားကြောင့် အင်မော်တယ်သုံးပါး မျိုးဆက် လူငယ်များ နောက်တွန့်သွားကြပြီး ဆွံ့အကုန်သည်။ ယွမ်ရှောင်၏ ရည်ရွယ်ချက်က ထင်ရှားပြီး မည်သို့ပင်ဖြစ်စေ သေရမည့်အတွက် မည်သူ့ကိုမှ သတ်ရန် ကြောက်လန့်နေမည် မဟုတ်ပေ။

"ဘုရားကျောင်းအကြီးအကဲ တရားခံက ဝန်ခံနေပြီ။.မြန်မြန် ဖမ်းဆီးလိုက်ပါ"

ထန်ယီလန်က ဝင်ရောက်တိုက်တွန်းသော်လည်း ယွမ်ရှောင်၏ ချက်ကျလက်ကျ ချေပခြင်း ခံလိုက်ရ၏။

"ဘာကို ဖမ်းဆီးမှာလဲ။ ဥပဒေအရ အယူခံဝင်ဖို့ အချိန် ငါးရက် ပေးရမယ်။ ကျောင်းတော်ရဲ့ မှတ်တမ်းထဲမှာ ဒါကို ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ဒီဥပဒေကို မင်းတို့က ဘာကိစ္စ ချိုးဖျက်မှာလဲ။ ကျောင်းတော်ကို မလေးစားတော့ဘူးလား"

ထိုစကားလုံးများက မတရားဖိနှိပ်ခံခဲ့ရသော တပည့်များ၏ စိတ်ကို နိုးကြားလာစေကာ အော်ဟစ်အားပေးသံများနှင့် ထောက်ခံသံများ ပြိုင်တူ ဖြစ်ပေါ်လာစေသည်။

"ဒီနေရာက ရှေးဟောင်းကျောင်းတော်၊ ကောင်းကင်အရာရှိတွေ ဝင်စွက်ဖက်ခွင့် မရှိဘူး။ ချင်ကျစ်ယွဲ့က ဘယ်သူ့မြေးဖြစ်ဖြစ် ကျောင်းတော်ကို ဝင်လာမှတော့ ဥပဒေအတိုင်း ဆုံးဖြတ်ရမှာပဲ။ ငါ ဒီကောင်မကို သတ်ခဲ့ရင်တောင် မင်းတို့ ဘာမှလုပ်ပိုင်ခွင့် မရှိဘူး။ နားလည်လား ဟား ဟား"

ယွမ်ရှောင်သည် တစ်ဖက်လူ ရူးမိုက်စွာ တိုက်ခိုက်လာလျှင် ကာကွယ်ရန်အတွက် သားရဲလေးကို အသင့်ပြင်ခိုင်းထား၏။ သူက ရှေးဟောင်းကျောင်းတော်အတွင်း မင်းမူရန် အင်မော်တယ်သုံးပါး မျိုးဆက်များ အကြံထုတ်ထားသည့် ဆန်းကြယ်ဘုရားကျောင်း၏ ဥပဒေကို လက်ကိုင်ထားပြီး စကားဖြင့် တိုက်ခိုက်နေသည်။ သေဆုံးသွားသူများမှာ ပါရမီရှင်များဖြစ်သော်လည်း အင်မော်တယ်သုံးပါး မျိုးဆက်၏ အဓိကပါရမီရှင်များလည်း မဟုတ်ပေ။ ထို့ကြောင့် သူက ဥပဒေအကြောင်း တွင်တွင်ပြောကာ ကောင်းကင်အရာရှိများ ရှေ့ဆက်မတိုးလာနိုင်ရန် ဟန့်တားထားနိုင်ခဲ့၏။ အကယ်၍ ထိုသုံးယောက်သာ ဘောင်ကျော်လာလျှင် ရှေးဟောင်းကျောင်းတော်၏ ဥပဒေကို ပေါ်တင်စိန်ခေါ်ခြင်း ဖြစ်သွားပေလိမ့်မည်။

"ကျုပ် သီးသန့် စကားပြောချင်တယ်"

အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေသည့် ချင်ကျန်းသည် အသံလုံအစီအရင်တစ်ခု အသက်သွင်းကာ ကျူးကျန်း၊ ထန်ယီလန်နှင့်အတူ ဝင်ရောက်သွားကာ စီချင်း၊ ဖုန်းချင်းနှင့် ယွမ်တဟဲကို ဖိတ်ခေါ်လိုက်သည်။ အထဲသို့ ရောက်သောအခါ သူက ရှေးဟောင်းကျောင်းတော်ကို ခြိမ်းခြောက်လိုသော သဘောထားမျိုးဖြင့် ရှည်ရှည်ဝေးဝေး ပြောလိုက်သည်။

"မင်းတို့က ကျောင်းအုပ်ယွီကို ရှင်းရှင်းလင်းလင်း သတင်းပေးလိုက်ပါ။ အင်မော်တယ်သုံးပါး မျိုးဆက်နဲ့ ရှေးဟောင်းကျောင်းတော် ပေါင်းစည်းခဲ့ပြီး နှစ်ပေါင်းများစွာ အားထုတ်ခဲ့လို့ အပြန်အလှန် အကျိုးရှိတဲ့ အခြေအနေအထိ ရောက်လာခဲ့ပြီ။ ယွမ်ရှောင်က ငါတို့နှစ်ဖက်လုံး ရန်သူဖြစ်လာအောင် တမင်တကာ သွေးထိုးနေတယ်။ ဆက်ပြီး ခွင့်ပြုထားလိုက်ရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ဒါကို ကျောင်းအုပ်ယွီ နားလည်ပါလိမ့်မယ်"

"ခင်ဗျား အတွေးလွန်နေတာ မဟုတ်ဘူးလား"

ယွမ်တဟဲက မှတ်ချက် ပေးသည်။

"အခု ကျောင်းတော်ရဲ့ တပည့်တွေ ဘယ်လိုတုံ့ပြန်နေကြပြီလဲ။ လူငယ်တွေဟာ သွေးပူလွယ်လို့ အလွယ်တကူ လွှမ်းမိုးခံရတတ်တယ်။ ဒီအတိုင်းဆက်ဖြစ်နေရင် တစ်နေ့မှာ သူက တပည့်တွေကို ဦးဆောင်ပြီး အင်မော်တယ်မျိုးဆက် လူငယ်တွေနဲ့ သတ်ပွဲကြီး ဖြစ်လာစေလိမ့်မယ်။ အခု သေတာက နည်းနည်းပဲ ရှိသေးတယ်။ အင်မော်တယ်သုံးပါးက ကျောင်းတော်ရဲ့ အကျိုးကို ထည့်သွင်းစဥ်းစားပြီး မျက်ကွယ်ပြုထားပေးနိုင်တဲ့ အခြေအနေကို မကျော်လွန်သေးဘူး။ ဒါပေမယ့် ဆန်းကြယ်ဘုရားကျောင်းကို အသုံးချပြီး ငါတို့မျိုးဆက် လူငယ်တွေကို သတ်တာ များလာရင်၊ ဆူဆူပူပူ ဖြစ်လာရင် သူတို့လည်း ဒေါသထွက်လာမှာ သေချာတယ်။ မင်းတို့သုံးယောက်နဲ့ ကျောင်းအုပ်ယွီက အင်မော်တယ်သုံးပါးရဲ့ ဒေါသအကျိုးဆက်ကို သေသေချာချာ စဥ်းစားကြည့်ဖို့ အကြံပေးချင်တယ်"

ချင်ကျန်းက အပြင်သို့ ညွှန်ပြ၍ ထောက်ပြလိုက်လေသည်။

All Chapters