← Chapters

လူငယ်သဘာဝ

Vol. 33 Ch. 428

လူငယ်သဘာဝ

Vol. 33 Ch. 428

"ငါတို့က ရှေးဟောင်းကျောင်းတော်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ရှိလာတာကို ပြဿနာကောင်ကြောင့် ပျက်စီးမသွားဖို့ မျှော်လင့်တယ်။ ဒီဆက်ဆံရေးကို နှစ်ပေါင်းရာချီ ထူထောင်လာခဲ့ရတာမလား"

ယွမ်တဟနှင့် ဖုန်းချင်းတို့ အကြည့်ချင်းဖလှယ်၍ တိတ်ဆိတ်နေစဥ် ထန်ယီလန်က ထပ်ပြောလိုက်သောကြောင့် တုံ့ပြန်ရခက်ခဲသွားစေသည်။

"ဘာတွေ အလျင်လိုနေကြတာလဲ။ ကလေးတစ်ယောက်ကို ကြောက်နေကြတာလား"

ထိုအချိန်တွင် စီချင်းက ရုတ်တရက် ဝင်ပြောလိုက်ရာ ချင်ကျန်းကို မျက်မှောင်ကြုတ်သွားစေသည်။

"ဒါဆိုရင် သူ့ကို သုံးရက်အတွင်း ကွပ်မျက်မယ်ဆိုတာ သေချာလား"

"မသတ်လို့ ဘာလုပ်ရမှာလဲ။ ဆန်းကြယ်ဘုရားကျောင်းက သူ့ကိုတောင် မကိုင်တွယ်နိုင်ရင် ဘာလို့ တည်ရှိနေတော့မှာလဲ။ သက်သေကို လူတိုင်း မြင်ထားတယ်။ ဥပဒေနဲ့ တရားမျှတမှုကို စိန်ခေါ်ရင် ဘယ်သူဖြစ်ဖြစ် သေဒဏ် ပေးရလိမ့်မယ်။ ကျောင်းအုပ် ဝင်စွက်ဖက်ရင်တောင် အပြစ်ပေးပိုင်ခွင့် ရှိတယ်"

သူမ၏ အာမခံချက်ကြောင့် ကောင်းကင်အရာရှိ သုံးယောက် ပါးစပ်ပိတ်သွားကာ ဤစကားဝိုင်းသည် ယွမ်တဟဲနှင့် ဖုန်းချင်းကို ခြိမ်းခြောက်ရန် ရည်ရွယ်ထား၍ အင်မော်တယ်သုံးပါး မျိုးဆက်၏ သတိပေးချက်လည်း ဖြစ်၏။

"ဘုရားကျောင်းအကြီးအကဲ ဒီကောင်က သုံးရက်အတွင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတယ်။ ဥပဒေမှာ အဆင့်ခုနစ် တပည့်တစ်ယောက်ကို ယာယီချုပ်နှောင်ထားလို့ မရဘူးလား"

ထန်ယီလန်ကမူ နောက်တစ်ကြိမ် စောဒကတက်လာသဖြင့် စီချင်း၏ အကြည့်ကို ပြောင်းလဲသွားစေသည်။ အင်မော်တယ်သုံးပါး မျိုးဆက် လူငယ်များက ဤဥပဒေကို အသုံးချကာ ရှေးဟောင်းကျောင်းတော်အတွင်း ထင်တိုင်းကြဲနေစဥ် နှုတ်ဆိတ်နေကြပြီး ယွမ်ရှောင် အသုံးပြုသောအခါ သူတို့မှာ စိတ်မအေးနိုင် ဖြစ်နေရ၏။

"မစိုးရိမ်ပါနဲ့"

စီချင်းသည် အသံလုံအစီအရင်အတွင်းမှ တိုက်ရိုက် ဖောက်ထွက်သွားကာ သွေးစီးကြောင်းတစ်ခုအလား ယွမ်ရှောင်ထံ ချဥ်းကပ်လာသဖြင့် လူတိုင်း အာရုံစိုက်လာကြသည်။ ထိုဖိအားအောက်တွင် လန်ရီပင်လျှင် စိတ်ပူနေသဖြင့် ယွမ်ရှောင်၏ ဝတ်ရုံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိ၏။ ခဏအတွင်းမှာပင် သူမသည် အရှေ့သို့ ရောက်ရှိလာကာ ဆူးများသော နှင်းဆီနီ တစ်ပွင့်အလား ခြိမ်းခြောက်နိုင်စွမ်း ထွက်ပေါ်နေသည်။

"မင်းရဲ့ ဓားနဲ့ ရုန်း ကျွမ်းကျင်မှုတွေက တကယ့်ကို အထင်ကြီးစရာပဲ"

သူမက တီးတိုးပြောလိုက်ပြီး ဒေါသမထွက်ဘဲ တည်ငြိမ်လွန်းသော အမူအရာကြောင့် ယွမ်ရှောင်ကို အံ့သြသွားစေ၏။

"ချီးကျူးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲ"

"ဒါပေမယ့် အပြစ်ဒဏ်ကိုတော့ ရှောင်လွှဲမရနိုင်ဘူး။ ဒီပြစ်မှုကြောင့် ဆန်းကြယ်ဘုရားကျောင်း သခင်ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်"

ထို့နောက် သူမက တပည့်များဘက် လှည့်ကာ ကြေညာလိုက်သောအခါ မည်သူမျှ မကန့်ကွက်ရဲသောကြောင့် တိတ်ဆိတ်ကုန်သည်။ အကယ်၍ ယွမ်ရှောင်သာ ချင်ကျစ်ယွဲ့ကို စိတ်လိုက်မာန်ပါ မသတ်ခဲ့လျှင် သခင်တစ်ယောက် ဖြစ်လာနိုင်သော်လည်း သခင်ရွေးချယ်ပွဲမှာ အလဟဿ အဆုံးသတ်သွားခဲ့၏။

"ငါ့ကို လက်ပေးစမ်း"

သူမသည် လက်ချောင်းမှ စိမ့်ထွက်လာသော သွေးများဖြင့် အနီရောင် လင်းနို့တစ်ကောင် ဖန်တီးကာ အမိန့်ပေးလာသဖြင့် ယွမ်ရှောင်က တွန့်ဆုတ်ဟန်ပြနေသော်လည်း လက်ဆန့်ထုတ်ပေးလိုက်သည်။

"ဒီလက်က အနုပညာဖန်တီးဖို့ သုံးသင့်တယ်"

"လူသတ်ခြင်း အနုပညာက လူတိုင်းကို ပျော်ရွှင်စေပါတယ်"

သူမက ဖြောင့်စင်း ရှည်လျားသော လက်ချောင်းများကို ကြည့်၍ ချီးကျူးလိုက်သည်။ ယွမ်ရှောင်၏ စကားကြောင့် သူမက ခစ်ခနဲ ရယ်မောကာ စကားထပ်မပြောတော့ဘဲ သွေးလင်းနို့အား လက်ဖဝါးပေါ် တင်လိုက်၏။ အပ်တစ်ချောင်း ထိုးစိုက်လာသကဲ့သို့ စူးရှနာကျင်မှု ခံစားလိုက်ရပြီး သွေးလင်းနို့ပုံရိပ် ပြိုကွဲသွားကာ သူ၏ လက်ဖျံအထက်တွင် ဆေးမင်ကြောင်အလား စွဲထင်သွားသည်။

"သွေးလင်းနို့ကျိန်စာ သတ်မှတ်လိုက်ပြီ။ ဘယ်ပြေးပြေး အလကားပဲ။ လက်ဖြတ်လိုက်ရင်တောင် အသုံးမဝင်ဘူး"

စီချင်းသည် အင်မော်တယ်သုံးပါး မျိုးဆက်များထံ ချဥ်းကပ်၍ အာမခံချက်ပေးလိုက်သော ထိုကျိန်စာအကြောင်း နားလည်ထားသည့် ကောင်းကင်အရာရှိများက ဦးညွှတ်လိုက်ကြ၏။

"ကျေးဇူးတင်ပါတယ် ဘုရားကျောင်းအကြီးအကဲ။ တရားခွင် တင်ပြီးရင် ငါတို့ကို ကွပ်မျက်ခွင့် ပေးနိုင်မလား"

"ငါ နည်းနည်းလောက် ကစားဦးမယ်။ စိတ်ချပါ၊ အသက်မသေစေရဘူး"

"အကြီးအကဲက ဘာကြောင့် နှစ်မျိုးကျင့်ကြံနိုင်တာလဲ ဆိုတဲ့ အကြောင်းအရင်းကို စစ်ဆေးချင်တာလား"

"အင်မော်တယ်သုံးပါးနေ့ နီးကပ်လာပြီဆိုတော့ မင်းတို့ အလုပ်ရှုပ်နေမှာပဲ။ ငါ လိုက်မပို့တော့ဘူး။ သွားနိုင်ပြီ"

ကျူးကျန်းက စပ်စုလိုက်သော်လည်း သူမက တစ်ချက်သာ စိုက်ကြည့်၍ ပေါ်တင် မောင်းထုတ်လိုက်သောကြောင့် ကောင်းကင်အရာရှိ သုံးယောက်သည် အပေါင်းအပါများနှင့်အတူ ပြန်လည်ထွက်ခွာသွားကြ၏။

"နင့်ကို အသေဆိုးနဲ့ သေစေချင်တယ်"

ထန်ယုရယ်က မုန်းတီးစွာ ကျိန်ဆဲ၍ လမ်းပြအသင်းသားများနှင့်အတူ လိုက်ပါသွားခဲ့ပြီး သေခြင်းကို မကြောက်သော လူတစ်ယောက်၏ လုပ်နိုင်စွမ်းအား နားလည်သွားခဲ့ကြသည်။ မည်သည့်ဆုံးရှုံးစရာမှ မရှိသော လူတစ်ယောက် မည်မျှ ရက်စက်နိုင်ကြောင်း မသိသည့်အတွက် ချင်ကျစ်ယွဲ့မှာ အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ အမြဲတမ်း မောက်မာနေခဲ့သော လမ်းပြအသင်းသည် ခေါင်းဆောင်သုံးယောက် တစ်ရက်တည်း အသတ်ခံလိုက်ရသောကြောင့် စိတ်ထဲတွင် ပရမ်းပတာ ဖြစ်နေကြ၏။ သူတို့၏ နောက်ခံ အကြီးအကဲများ ထွက်ခွာသွားသောအခါ ယွမ်ရှောင် ထသတ်မည်ကို အကြောက်လွန်နေသောကြောင့် နောက်ထပ် မနေရဲတော့ချေ။ အသက်ရှင်ရန် သုံးရက်သာ ကျန်သော အရူးက စိတ်ဖောက်၍ သူတို့ကို လိုက်လံသတ်ဖြတ်နိုင်သည် မဟုတ်ပါလော။

စီချင်းနှင့် ဘုရားကျောင်းသခင်များလည်း ထွက်သွားကြသောကြောင့် ရင်ပြင်၌ ရှေးဟောင်းကျောင်းတော်ကို ထောက်ခံသူများသာ ကျန်ရစ်ခဲ့သည်။ သူတို့က ယွမ်ရှောင်ဆိုသော အမည်ကို စိတ်လှုပ်ရှားစွာ အော်ဟစ်ကြွေးကြော်လိုက်ကြပြီး လူတိုင်းနီးပါး လမ်းပြအသင်း၏ အနိုင်ကျင့်မှုကို ခံစားခဲ့ဖူးသည်။ သူတို့အတွက် လက်စားချေပေးခဲ့သော ယွမ်ရှောင်အနား ဝန်းရံလာကြပြီး လေးစားရိုသေသော မျက်ဝန်းများဖြင့် ကြည့်နေသဖြင့် လူငယ်များအပေါ် လွှမ်းနိုင်သည်ဖြစ်ရာ ချင်ကျန်းတို့ သုံးယောက် စိုးရိမ်နေသည့်အတိုင်း ဖြစ်လာ၏။ အင်မော်တယ်သုံးပါး မျိုးဆက်သည် လူငယ်များကို ဦးနှောက်ဆေးရန် ခေါင်းဆောင်တစ်ယောက် တင်မြှောက်ချင်သော်လည်း ဆန့်ကျင်ဘက် အင်အားစုမှ ခေါင်းဆောင် ထွက်ပေါ်လာခဲ့သည်။

ယွမ်ရှောင်သည် ရှေးဟောင်းကျောင်းတော်ရှိ ပုန်ကန်လိုသော လူငယ်သဘာဝ၏ ခေါင်းဆောင်ဖြစ်လာကာ လန်ရီနှင့် မတူပေ။ သူမက ဂုဏ်သိက္ခာကို အလေးထား၍ ရက်စက်ပြတ်သားခြင်း မရှိသောအခါ သူတို့ကို စိတ်ဓာတ် တက်ကြွလာစေရန် နှိုးဆော်နိုင်ခြင်း မရှိချေ။

"ဘာမှဂရုမစိုက်ဘူး။ သခင်လေးယွမ်က သမိုင်းမှာ အသက်အငယ်ဆုံး ဘုရားကျောင်း သခင် ဖြစ်တယ်ကွ"

လူငယ်ပေါင်းများစွာက မျက်လုံးများ တောက်ပလင်းလက်နေကြပြီး ကချေသည်အဖြစ် အသုံးတော်ခံခဲ့ရသော မိန်းကလေးများမှာ ပျော်ရွှင်သော်လည်း လက်စားချေခံရမည်ကို စိုးရိမ်ကြောင့်ကြနေ၏။

"မင်းတို့ကို ငါ မေးမယ်။ သခင်လေးယွမ်ကြောင့် လူတိုင်း ကျေနပ်သွားကြတယ်မလား။ အာဏာပြနေတဲ့ လမ်းပြအသင်းက ကောင်တွေကို သတ်ရဲတာ သူ တစ်ယောက်တည်း ရှိတယ်"

"ဟုတ်တယ်။ မှန်တယ်"

ယွမ်ရှောင်အနားတွင် ကတုံးပြောင်ပြောင် လူငယ်တစ်ယောက် ရောက်လာပြီး အော်ဟစ်ကြွေးကြော်လိုက်သောအခါ လူအုပ်က တခဲနက် ထောက်ခံလိုက်ကြ၏။ ယွမ်တဟဲ၏ သားဖြစ်ကြောင်း လန်ရီက မိတ်ဆက်ပေးလိုက်ပြီး သူမ ရွေးချယ်ခဲ့သော ယောကျ်ား၏ အရည်အချင်းကြောင့် ကျေနပ်ပျော်ရွှင်နေသည်။

"သခင်လေးယွမ် ကျုပ်ကို သစ္စာရှိနောက်လိုက်အဖြစ် လက်ခံပေးပါ။ ကျုပ်နာမည်က ယွမ်ရောင်လို့ ခေါ်ပါတယ်"

ကတုံးလူငယ်က စိတ်အားထက်သန်စွာ မိတ်ဆက်လိုက်ပြီး လှပသော နာမည်နှင့် ကြမ်းတမ်းခက်ထန်သည့် ရုပ်ရည် မလိုက်ဖက်ချေ။

"ကောင်းပြီ။ ညီလေးရောင် မင်းရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"လာကြဟေ့၊ လာကြ။ အစ်ကိုယွမ်ကို ထောက်ခံကြစို့။ လမ်းပြအသင်းကို ခေါက်ထားလိုက်။ ကျောင်းတော်ကို သူတို့ မပိုင်ဘူး"

ယွမ်ရောင်က အနားရှိ တပည့်များကို အော်ဟစ်လှုံ့ဆော်နေသောကြောင့် ယွမ်ရှောင်ပင် အရှက်ရသကဲ့သို့ ခံစားနေရသည်။ သို့သော် အကျိုးကျေးဇူးလည်း ရှိပြီး ရှေးဟောင်းကျောင်းတော်တွင် လူငယ်ခေါင်းဆောင် တစ်ယောက်အဖြစ် နေရာ ခိုင်မာသွားခဲ့၏။ အင်မော်တယ်သုံးပါး မျိုးဆက်နှင့် ကောင်းကင်အရာရှိများကို တိုက်ရိုက်စိန်ခေါ်ခြင်းသည် လူငယ်များ၏ စိတ်နှလုံးကို ဖမ်းစားနိုင်ခဲ့သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ သခင်လေးယွမ်နဲ့ မရီး"

ယွမ်ရောင်၏ အပေါင်းအပါ တစ်ယောက်က စနောက်လိုက်သောကြောင့် ရယ်သံများ ဆူညံကုန်သည်။

"ဘာဖြစ်လို့လဲ။ နင်က မပျော်ဘူးလား"

ထောင့်တစ်ခုတွင် ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်သည် ခံစားချက်ပေါင်းစုံဖြင့် ရပ်ကြည့်နေသောကြောင့် လန်ရီက လျင်မြန်စွာ ချဥ်းကပ်သွား၏။

"မဟုတ်ပါဘူး...မဟုတ်"

လျိုရင်ရင်သည် လန်ရီနှင့်အတူ လိုက်ပါလာသော ယွမ်ရှောင်ကြောင့် အသံများပင် ထစ်အ တုန်ရီလာသည်။

"ပြောစရာရှိတာ ပြောပါ"

"သခင်လေးယွမ်ကို ကျွန်မက ရိုင်းရိုင်းစိုင်းစိုင်း စော်ကားမိပါတယ်။ ကျေးဇူးပြုပြီး ဗွေမယူပါနဲ့။ ရှင့်ကို ကြောက်...ကြောက်တယ်"

လျိုရင်ရင်က အမှန်တကယ် ကြောက်လန့်၍ တစ်ကိုယ်လုံး တုန်ခါနေသောကြောင့် အစစ်အမှန် ကြောက်စိတ်ပင်။

"မစိုးရိမ်ပါနဲ့။ အစ်ကိုကြီးက ရန်သူတွေကို ရက်စက်တတ်ပေမယ့် ကိုယ့်လူကိုယ် သဘောထားကြီးပါတယ်"

လန်ရီက သူမကို နှစ်သိမ့်ပေးလိုက်ပြီး ရှေးဟောင်းကျောင်းတော်၏ လူငယ်တပည့်များသည် ထိုအခိုက်အတန့်တွင် ဝမ်းသာလုံးဆို့နေကြပြီး သုံးရက်ကြာလျှင် ယွမ်ရှောင် တရားခွင် ရင်ဆိုင်ရမည်ကိုပင် မေ့လျော့သွားကြလေသည်။

All Chapters