← Chapters

ရှေးဟောင်း သိုင်းမီးဖို ကျင့်ကြံရေး

Vol. 33 Ch. 429

ရှေးဟောင်း သိုင်းမီးဖို ကျင့်ကြံရေး

Vol. 33 Ch. 429

"ဘုရားကျောင်းအကြီးအကဲက သခင်လေးယွမ်ကို သခင်ရာထူး မပေးရင် လမ်းပြအသင်းရဲ့ ခေါင်းဆောင် ခန့်အပ်လိုက်ကြမယ်"

"ဘာဖြစ်ဖြစ် ခေါင်းဆောင်သုံးယောက်လည်း သေပြီဆိုတော့ ဖြစ်သင့်တယ်"

"အစ်ကိုယွမ်က ရေးဖြေရော တိုက်ခိုက်ရေးမှာပါ ပြိုင်ဘက်ကင်းတယ်။ သူတစ်ယောက်တည်းက အဲ့သုံးယောက်လုံးထက် ပိုသာတယ်။ သူက ကျောင်းတော်ရဲ့ တပည့်တွေကို အင်မော်တယ်လမ်းစဥ်မှာ ခေါင်းဆောင်ဖို့ ထိုက်တန်တယ်"

ရှေးဟောင်းကျောင်းတော်၏ တပည့်များသည် ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုများမှ လွတ်မြောက်လာသောအခါ ရဲရဲတင်းတင်း အကြံပေးလိုက်ကြသည်။

"လမ်းပြအသင်းရဲ့ ခေါင်းဆောင်ကို မဲစနစ်နဲ့ ရွေးချယ်တာမလား"

"ဟုတ်တယ်။ ဒါပေမယ့် ဆန်းကြယ်ဘုရားကျောင်းက မဲအရေအတွက်ကို မထုတ်ပြန်ခဲ့ဘူး။ တကယ်ဆိုရင် မဲအများဆုံးက ညီမလေး မဟုတ်ရင် ဆရာတူအစ်ကိုချီ ဖြစ်သင့်တယ်"

လန်ရီ၏ အဖြေကြောင့် မဲစနစ်သည် ဟန်ပြသာ ဖြစ်၍ လမ်းပြအသင်း၏ ရာထူးများကို ဆန်းကြယ်ဘုရားကျောင်း ချုပ်ကိုင်နေကြောင်း ယွမ်ရှောင် နားလည်သွားသည်။ ကံကောင်းသည်မှာ ဦးချိုးခံလိုက်ရသော လမ်းပြအသင်းက အချိန်အတန်ကြာအောင် မောက်မာဝံ့ကြွားရဲတော့မည် မဟုတ်ချေ။

"အစ်ကိုယွမ် ဘယ်လိုသဘောရလဲ"

ယွမ်ရောင်က မေးလိုက်ခြင်း ဖြစ်သည်။

"ငါ့ကို ရွေးချယ်ကြမယ်ဆိုရင် ငြင်းစရာမရှိဘူး"

"ကောင်းပြီ။ ညီအစ်ကိုတို့ အစ်ကိုယွမ်ကို ထောက်ခံကြစို့"

သူက အော်ဟစ်အားပေး၍ လူအုပ်ကို လှုံ့ဆော်နေသော်လည်း မဖြစ်နိုင်ကြောင်း သိထား၍ သက်ပြင်းခိုးချလိုက်၏။ လမ်းပြအသင်းခေါင်းဆောင် နေရာက အရေးကြီးပြီး ၂နှစ်လျှင် တစ်ကြိမ် တပည့်များထံမှ အသင်းဝင်ကြေး ကောက်ခံခွင့် ရှိသည်။ ၎င်းကို ကျောင်းတော်ရန်ပုံငွေဟု အမည်တပ်ထားသော်လည်း မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်ခဲ့ဖူးပေ။ ဆန်းကြယ်ဘုရားကျောင်းနှင့် လမ်းပြအသင်းက ပွင့်လင်းမြင်သာမှု မရှိဘဲ ထိုရန်ပုံငွေများကို အလွဲသုံးစား လုပ်နေကြောင်း သိသာသည်။ အသင်းဝင်ကြေး မပေးဘဲ ရှောင်လွှဲလျှင်လည်း လမ်းပြအသင်းသည် ညှင်းပန်းနှိပ်စက်၍ ထောင်သွင်းအကျဥ်းချကာ ဥပဒေအားကိုးဖြင့် ထင်တိုင်းကြဲနေသောကြောင့် ခေါင်းဆောင်သုံးယောက်ကို ယွမ်ရှောင် သတ်လိုက်သောအခါ တပည့်များစွာ ပျော်ရွှင်ဝမ်းမြောက်နေခြင်း ဖြစ်၏။

ယွမ်ရှောင်သည် ဖိနှိပ်ခံထားရသော လူငယ်တပည့်များ၏ အကြည့်များကို လေ့လာလိုက်ပြီး မကျေနပ်မှု အလွန်နက်ရှိုင်းကြောင်း သတိပြုမိခဲ့၏။

"အစ်ကိုယွမ်သာ လမ်းပြအသင်းခေါင်းဆောင် ဖြစ်လာရင် ဒီကောင်တွေလို ဂုတ်သွေးစုပ်မှာ မဟုတ်ဘူး"

ယွမ်ရောင်က စိတ်အားထက်သန်စွာ ထောက်ခံလိုက်သည်။

"မစိုးရိမ်နဲ့။ ငါက ခေါင်းဆောင် ဖြစ်ဖြစ် မဖြစ်ဖြစ် ဘယ်သူမှ အာဏာကို အလွဲသုံးစား မလုပ်စေရဘူး"

ယွမ်ရှောင်က လေးနက်တည်ကြည်စွာ ကတိပေးခဲ့သောကြောင့် ကျားမ မရွေး လူငယ်များ စိတ်နှလုံးအတွင်းရှိ ဖိအားများ လျော့ပါးသက်သာကုန်သည်။ ဆန်းကြယ်ဘုရားကျောင်း၏ ရင်ပြင်တွင် ဖြစ်ပျက်နေသမျှကို အင်မော်တယ်သုံးပါး မျိုးဆက်များ မြင်နိုင်ပြီး သူတို့၏ အာဏာကို စိန်ခေါ်လိုသော အရာမျိုး ဖြစ်၏။

"ခဏလောက် အိပ်မက်မက်နေလိုက်။ သုံးရက်နေရင် အသတ်ခံရမယ့် ရာဇဝတ်ကောင်က ဘာလုပ်နိုင်မှာလဲ"

ဘုရားကျောင်းသခင်များက အထင်သေးစွာ နှာခေါင်းရှုံ့၍ ထွက်ခွာ ပျောက်ကွယ်သွားကြသည်။ ဖိနှိပ်ခံထားရသည်မှာ အလွန်ကြာမြင့်သောကြောင့် ဆန့်ကျင်ရပ်တည်နိုင်စွမ်းရှိသော ခေါင်းဆောင်တစ်ယောက်အား လိုလားတောင့်တနေသည့် တပည့်များက ယွမ်ရှောင် ပြစ်ဒဏ်ခံရမည်ကိုပင် အမှန်တကယ် မေ့လျော့နေကြ၏။

"အခု ခေါင်းဆောင်သုံးယောက် မရှိတော့ဘူးဆိုတော့ စုဆောင်းထားတဲ့ အသင်းဝင်ကြေးတွေကို ဘာလုပ်ကြမလဲ မသိဘူး"

"လမ်းပြအသင်းက ပိုက်ဆံကောက်ထားတာလဲ။ ဘယ်လောက်ရှိလဲ"

"စုစုပေါင်း အလယ်အဆင့် အင်မော်တယ်ကျောက်စိမ်း သန်းတစ်ရာ ကျော်လိမ့်မယ်"

ယွမ်ရောင် ပြောလိုက်သော ပမာဏသည် သခင်မချင် ပိုင်ဆိုင်သည်ထက် ဆယ်ဆဖြစ်သောကြောင့် ယွမ်ရှောင်၏ မျက်လုံးများကို တောက်ပသွားစေသည်။ အသင်းဝင်ကြေးဟု ဆိုသော်လည်း ကျောင်းတော်၏ တပည့်တိုင်းထံမှ မိုက်ကြေးခွဲခြင်းသာ ဖြစ်သောကြောင့် အင်မော်တယ်သုံးပါး မျိုးဆက်များ နောက်ခံအားကိုးဖြင့် အလွန်သောင်းကျန်းထားကြောင်း သိသာ၏။ ဆက်ကြေးပေးရသည်ကို အသားကျနေသော တပည့်များမှာ အနိုင်ကျင့်ဖိနှိပ်နေကျ ခေါင်းဆောင်သုံးယောက် ရက်ရက်စက်စက် အသက်ပျောက်သွားသောအခါ ပျော်ရွှင်ကြသည်မှာ မဆန်းပေ။

"ကျုပ် သွားစရာရှိလို့ အရင်ဆုံး ခွင့်ပြုပါဦး။ အခု လူခွဲပြီး အခြေအနေကို အေးအေးဆေးဆေး စောင့်ကြည့်ကြပါ"

ယွမ်ရှောင်က မည်သူ့ကိုမျှ မကြောက်သော်လည်း ဤလူငယ်များ အာရုံစိုက်ခံရပြီး အန္တရာယ်ဖြစ်မည်ကို မလိုလားပေ။ ယွမ်ရောင်မှ စားသောက်ပွဲကြီး ကျင်းပရန် အဆိုပြုလိုက်သော်လည်း သူက ငြင်းဆန်၍ အကျိုးရှိရှိ ကျင့်ကြံရန်သာ ညွှန်ကြားလိုက်၏။ ကျင့်ကြံသူများအတွက် ၎င်းက ဦးစားပေးဖြစ်ကာ လူမှုရေးလှုပ်ရှားခြင်းများ အလွန်အကျွံ စိတ်ဝင်စားနေလျှင် မုဆိုးမှ သားကောင် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် လူငယ်တပည့်များသည် ဆန်းကြယ်ဘုရားကျောင်း ရင်ပြင်မှ စနစ်တကျ ထွက်ခွာသွားပြီး ယာယီအားဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ခွင့် ရခဲ့ကြ၏။

အရုဏ်ဦးအိမ်တော်သို့ ရောက်သောအခါ ယွမ်ရှောင်က ကျင့်ကြံရန် အခန်းတွင်း ဝင်ရောက်သွားသဖြင့် လန်ရီမှာ စိုးရိမ်နေသော်လည်း စကားလုံးများ မျိုသိပ်ခဲ့၏။ အတူလိုက်ပါလာသော လျိုရင်ရင်က စိုးရိမ်တကြီး ဖြစ်နေသော လေသံမျိုးဖြင့် မေးလာခဲ့သည်။

"သူ အခု ဘာလုပ်မှာလဲ"

"ငါလည်း မသိဘူး"

"သူသာ ချင်ကျစ်ယွဲ့ကို မသတ်ခဲ့ရင် ကျောင်းအုပ်ကြီးက ကူညီပေးနိုင်လိမ့်မယ်"

"အစ်မလျို နင် သူ့ကို သဘောမကျဘူးမလား။ ဘာကြောင့် စိုးရိမ်နေတာလဲ"

"အထင်မလွဲပါနဲ့။ ဒီလူကို အရင်က အဆင်းရှိပြီး အချင်းမရှိဘူးလို့ အထင်မှားခဲ့တယ်။ အခုတော့ ငါ ဝန်ခံပါတယ်။ နင့်ရွေးချယ်လိုက်တဲ့ ယောက်ျားက အရမ်း ထူးချွန်တယ်"

လျိုရင်ရင်က ခဏတာ ထစ်ငေါ့သွားပြီးနောက် အတွေးများကို ပြန်လည်စုစည်း၍ ဖြေလိုက်သည်။

"ဘာဖြစ်ဖြစ် သူက ငါ့အပိုင်ဆိုတာ မမေ့နဲ့နော်"

"နင်က သဝန်တိုနေတာလား။ ငါက စနောက်နေတာပါ"

"ထားပါ။ ဘာဖြစ်ဖြစ် မင်းတို့တွေ သူ့ကို အသိအမှတ်ပြုလာတဲ့အတွက် ဝမ်းသာပါတယ်"

လန်ရီသည် ပြတင်းပေါက်မှတဆင့် ကျင့်ကြံနေသော ယွမ်ရှောင်အား ငေးကြည့်နေစဥ် သွေးလင်းနို့ကျိန်စာ အကြောင်း အတွေးရောက်လာသည့် လျိုရင်ရင်ကမူ အထပ်ထပ် အခါခါ သက်ပြင်းချနေမိ၏။

"ဘယ်လိုတန်ဖိုးမျိုး ပေးဆပ်ရပါစေ။ သူ့ကို မသေစေရဘူး"

လန်ရီက ခိုင်ခိုင်မာမာ လေးလေးနက်နက် ပြောလိုက်သောကြောင့် သစ္စာဆိုလိုက်သည်နှင့် မခြားရာ လျိုရင်ရင် မင်သက်သွားသည်။

"အခြေအနေ ဘယ်လိုလဲ"

"ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ဖြေရှင်းနည်း မရှိပေမယ့် ငါ့အတွက် အဆင့်နိမ့်ပါတယ်"

ကျင့်ကြံရေးအခန်းအတွင်း ယွမ်ရှောင်သည် လက်ဝါးရှိ သွေးလင်းနို့ ပုံရိပ်ကို စိုက်ကြည့်ရင်း သားရဲလေးနှင့် ဆက်သွယ်ခဲ့သည်။

"ဒါကို အခု ဖယ်ရှားတော့မှာလား"

"မလုပ်သေးဘူး"

သူက ခေါင်းယမ်း၍ ထန်ကျစ်၏ ဖန်ဆင်းရှင်မျိုးစေ့၊ ရွှေရောင်တာအိုသန္ဓေကို စုပ်ယူကာ ကြယ်ပြာ၏ လမ်းညွှန်ချက်အတိုင်း ခန္ဓာကိုယ်အား ရှေးဟောင်းသိုင်းမီးဖိုပမာ သွန်းလုပ်ရပေလိမ့်မည်။ ၎င်းက ဒန်တန်၏ စွမ်းအားဖြင့် အသွေးအသားကို ထွင်းထုမည်ဖြစ်ရာ ပျက်စီးနတ်ခန္ဓာနှင့် ပေါင်းစပ်မထားလျှင်ပင် အလွန်သန်မာပေလိမ့်မည်။ လန်ရီ၏ ကိုယ်တွင်း၌လည်း သိုင်းမီးဖိုရှိပြီး ၎င်းကို အဓိက စွမ်းအားရင်းမြစ်အဖြစ် အသုံးချကာ ဒန်တန်မှာ အရန်ရင်းမြစ်သာ ဖြစ်၏။ ထို့အပြင် သူမက ယင်မီးဖို ပိုင်ဆိုင်ထားသောကြောင့် ယွမ်ရှောင် ဖန်တီးရမည်မှာ ယန်မီးဖိုဖြစ်ရာ နှစ်ကိုယ်တူ ကျင့်ကြံခြင်းဖြင့် အလွယ်တကူ စုပ်ယူနိုင်စွမ်း ရှိသည်။

"လန်ရီကို အန္တရာယ်မပေးချင်ဘူး။ ငါ့ကိုယ်ငါ အားကိုးမယ်"

အစပိုင်းတွင် အစီအစဥ်မှာ ကပ်ဘေးဝိညာဥ်ကျောက်ကို လန်ရီ၏ နှလုံးသားအတွင်း ထိုးစိုက်ရန် ဖြစ်သော်လည်း ယွမ်ရှောင်မှာ သူမအပေါ် ခံစားချက်များ ဖြစ်တည်လာ၏။ အခြေအနေသည် ထင်ထားသည်ထက် ကျော်လွန်သွားကာ လန်ရီကို မြင်တွေ့လိုက်တိုင်း ချန်ရီနှင့် တစ်ယောက်တည်း မဟုတ်ဟု ခံစားချက်များက ပြောပြနေသည်။

"ဖန်ဆင်းရှင်မျိုးစေ့ကို စုပ်ယူပြီးပြီ။ သိုင်းမီးဖိုကို စတင်လိုက်ရအောင်"

"မရသေးဘူး။ သိုင်းလမ်းစဥ်က အခြေခံအုတ်မြစ် တည်ထောင်ဖို့ ပစ္စည်းအချို့ လိုအပ်တယ်။ ယင်အဆင့်နဲ့အထက် သတ္တုအရင်းအမြစ်တွေဆိုရင် အကောင်းဆုံးပဲ။ ယန်အဆင့် အရင်းအမြစ်ဆိုရင် ပိုတောင် ကောင်းသေးတယ်"

ကြယ်ပြာက တစ်လုံးချင်း ရှင်းပြလိုက်၏။

"ယန်အဆင့် သတ္တုလား။ ဒါတွေကို နတ်ဘုရားနှောင်ကြိုးလို ရတနာတွေ သွန်းလုပ်ဖို့ အသုံးပြုတယ်။ ရှာရတာ မလွယ်ဘူး"

ယွမ်ရှောင်က မျက်မှောင်ကြုတ်၍ ရေရွတ်သည်။ အရင်းအမြစ် ပိုကောင်းလေလေ၊ သိုင်းတာအိုအုတ်မြစ် ပိုသန်မာလေလေ ဖြစ်ကြောင်း နားလည်ထားသော်လည်း ပြဿနာမှာ လက်ရှိတွင် သူက လုံလောက်အောင် မချမ်းသာချေ။

All Chapters