လူသားဆန်သူ
Vol. 33 Ch. 430
"ငါ့ကို ချောင်းကြည့်နေတာလား"
ယွမ်ရှောင် ကျင့်ကြံရာမှ ထွက်ခွာလာသောအခါ လျိုရင်ရင် မရှိတော့သဖြင့် တစ်ယောက်တည်း စောင့်နေသော လန်ရီကို စနောက်လိုက်သည်။
"မဟုတ်ဘူးနော်"
"ငါတို့က နမ်းတောင်နမ်းပြီးပြီ။ ဘာလို့ ရှက်နေတာလဲ"
"အရူးကြီး ရှင်ကြောင့် ကျွန်မပုံရိပ် ထိခိုက်သွားနိုင်တယ်"
ဖြုန်းစရာအချိန်မရှိသောကြောင့် ခဏတာ စနောက်ပြီး သူက သတ္တုရင်းမြစ်များအကြောင်း စုံစမ်းလိုက်သည်။ လိုအပ်သော ပစ္စည်းများသည် သိုင်းလမ်းစဥ်ကို ကျင့်ကြံရန် ဖြစ်နေသောကြောင့် သူမက ထူးဆန်းသလို စိုက်ကြည့်လာ၏။
"မင်းမှာ အဲ့ဒါတွေ ရှိလား"
"အခုချက်ချင်းတော့ မရှိဘူး။ ရှေးဟောင်းအပျက်အစီးနယ်မြေမှာ သိုင်းလမ်းစဥ်ကို အလေးထားပြီး ကျင့်ကြံလို့ သတ္တုရင်းမြစ်တွေ အများကြီး လိုအပ်ကြတယ်။ ယင်အဆင့်နဲ့အထက် အရင်းအမြစ်တွေအတွက် ကျောက်စိမ်းအင်မော်တယ်နန်းတော်မှာ မေးကြည့်ရမယ်"
လန်ရီက ရှင်းပြလိုက်ပြီး ၎င်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေရှိ ကုန်သွယ်ရေးဌာနတစ်ခု ဖြစ်ကာ ကမ္ဘာအမျိုးမျိုးတွင် သတ္တုတူးဖော်ရေး လုပ်ကိုင်လျက်ရှိသည်။ ထို့အပြင် အင်မော်တယ်သုံးပါး မျိုးဆက်များနှင့် မသက်ဆိုင်ဘဲ သိုင်းဧကရာဇ်ခေတ်မှ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာသော လူသားများ လုပ်ကိုင်လည်ပတ်နေခြင်း ဖြစ်၏။ သို့ရာတွင် ရှေးဟောင်းကျောင်းတော် အပြင်ဘက်တွင် အင်အားစုများသည် အင်မော်တယ်သုံးပါး မျိုးဆက်များကို လိုလားကြပြီး အများအပြားမှာ လက်အောက်ခံပင် ဖြစ်လာခဲ့ကြသည်။ သိုင်းဧကရာဇ်မျိုးနွယ်အကြောင်း အင်မော်တယ်သုံးယောက်ခေါ် လူယုတ်မာများ ဖြန့်ကျက်ထားသည့် ကောလဟာလသတင်းများကြောင့် အကျိုးဆက် ဖြစ်ပေါ်လာရာ ထူးဆန်းလှသည် မဟုတ်ချေ။
"အခု ငါ့ကို ကျောက်စိမ်းအင်မော်တယ်နန်းတော်ကို ခေါ်သွားပေး"
"ဒီသွေးလင်းနို့ ကျိန်စာကို ဘယ်လိုလုပ်မလဲ"
ယွမ်ရှောင်က ညှိုးငယ်သွားသော လန်ရီ၏ မျက်နှာလေးကြောင့် စကားလမ်းကြောင်း ချက်ချင်း ပြောင်းလိုက်သည်။ သူမက လက်ဝါးရှိ လင်းနို့ပုံရိပ်ကို စိုးရိမ်တကြီး စစ်ဆေးနေ၏။
"အဆင်ပြေပါတယ်။ သူတို့က ငါ့ကို စောင့်ကြည့်ရုံသာ တတ်နိုင်တယ်"
"ဒါပေမယ့် သတ္တုရင်းမြစ်တွေ ဝယ်ယူဖို့ အင်မော်တယ်ကျောက်စိမ်း လိုအပ်တယ်။ အစ်ကိုကြီးမှာ ရှိလို့လား"
"မင်းမှာ ရှိနေရင် လုံလောက်ပါတယ်"
ယွမ်ရှောင်၏ စကားကြောင့် စိုးရိမ်ပူပန်နေသော လန်ရီပင်လျှင် မပြုံးဘဲ မနေနိုင်တော့ပေ။
"သခင်မလေး လာမယ့်ရက်အနည်းငယ်အတွင်း ကျောင်းတော်အပြင်ကို မထွက်သင့်ပါဘူး"
ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ် အကြီးအကဲ တစ်ယောက် ရုတ်တရက် ထွက်ပေါ်လာကာ ညှင်သာစွာ တားမြစ်ခဲ့သည်။
"ဘာကြောင့်လဲ"
လန်ရီက မေးခွန်း ပြန်ထုတ်သကဲ့သို့ ယွမ်ရှောင်သည်လည်း တစ်ချက် စိုက်ကြည့်လိုက်မိ၏။
"သခင်ရွေးချယ်ပွဲ အပြီးမှာ သူတို့က ကောလဟာလေတွေ ဖြန့်ပြီး လူတွေ ဒေါသထွက်လာအောင် လှုံ့ဆော်နေပါတယ်"
"ကောလဟာလသက်သက်လောက်နဲ့တော့ ပြည်သူတွေက ဉာဏ်မနည်းလောက်ဘူး"
ခေါင်းမာလွန်းသော လန်ရီကြောင့် အကြီးအကဲမှာ သက်ပြင်းချ၍ လုံခြုံရေး စီစဥ်ပေးရုံသာ တတ်နိုင်၏။ ကျောင်းတော်က သူမကို ကာကွယ်ရာ၌ ဆန်းကြယ်ဘုရားကျောင်း သခင်များကဲ့သို့ အဆင့်အတန်းရှိသူများအား အရေအတွက် ရာချီအထိ စေလွှတ်ပေးတတ်သဖြင့် အမြင့်ဆုံး ကာကွယ်ရေးပင် ဖြစ်သည်။
"သခင်လေးယွမ် နတ်သမီးလန်"
ထိုစုံတွဲ ဖြတ်သန်းသွားရာ လမ်းတလျှောက်တွင် လူငယ်တပည့်များသည် လေးစားစွာ ကြည့်ရှုနေကြသော်လည်း ကျောင်းတော် အပြင်ရောက်သောအခါ ချက်ချင်း ပြောင်းလဲသွား၏။ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း ပတ်ဝန်းကျင်က အပူချိန် ကျဆင်းနေပြီး အသေးစိတ် စစ်ဆေးလိုက်လျှင် အရိပ်များအတွင်း အေးစက်စက် အကြည့်များ ပုန်းအောင်းနေကြောင်း သိနိုင်သည်။ စည်ကားသော လမ်းတစ်ခုသို့ သူတို့ ရောက်သောအခါ ချက်ချင်း တိတ်ဆိတ်ခြောက်ကပ်သွား၍ ထင်ထားသည်ထက် အခြေအနေ ဆိုးသောကြောင့် လန်ရီမှာ ယွမ်ရှောင်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိ၏။
"လူသတ်သမားနဲ့ ကပ်ဘေးသယ်ဆောင်သူ မင်းတို့တွေ ငရဲကို သွားသင့်တယ်"
"မှန်တယ်။ ဒီကောင် ယွမ်ရှောင်က ကျောင်းအုပ်ယွီ ကာကွယ်ပေးလို့ မာန်တက်ပြီး လမ်းပြအသင်းသားဆယ်ယောက်ကျော်ကို မိဘတွေရှေ့မှာ သတ်ပစ်လိုက်တယ်တဲ့"
"ဆယ်ယောက် မကဘူး။ သူက လမ်းပြအသင်းတစ်ခုလုံးကို သတ်ပစ်လိုက်တာ ဖြစ်ရမယ်။ သူတို့အလောင်းတွေ ဆန်းကြယ်ဘုရားကျောင်းမှာ ရှိနေတုန်းတဲ့"
"မိဘတွေ ဘယ်လောက်တောင် ဝမ်းနည်းပူဆွေးနေကြမလဲ။ ကိုယ်တိုင် ပြုစုပျိုးထောင်ထားတဲ့ ရင်သွေးကို မျက်စိရှေ့မှာ ရက်ရက်စက်စက် သတ်သွားတာကို ကြည့်နေရတယ်"
"ကျောင်းတော်က ဘာလို့ သူ့ကို မသတ်တာလဲ"
"သူက ကပ်ဘေးသယ်ဆောင်သူရဲ့ လက်တွဲဖော် ဖြစ်နေတော့ ကျောင်းအုပ်ယွီ အကာအကွယ်ကို ရထားတယ်။ ဆန်းကြယ်ဘုရားကျောင်းတောင်မှ ဒီနတ်ဆိုးလူသတ်သမားကို အပြစ်ပေးဖို့ အကျပ်ရိုက်နေတယ်"
"တကယ်ကို ရယ်စရာကောင်းလိုက်တာ။ ရှေးဟောင်းအပျက်အစီးနယ်မြေက လူယုတ်မာသုံးကြောင့် ကပ်ဘေး ခံစားနေရတယ်။ အင်မော်တယ်သုံးပါး ကျေးဇူးပြုပြီး ကွပ်မျက်ပေးပါ"
"မင်း သိတာ နည်းနည်းလေး ရှိသေးတယ်။ ငါ့ အစ်ကိုတစ်ယောက်က ကျောင်းတော်ရဲ့ တပည့်ပဲ။ ကျောင်းအုပ်ယွီနဲ့ တပည့်တွေ မဖွယ်မရာ လုပ်နေတာကို သူကိုယ်တိုင် မြင်ခဲ့တယ်။ ရက်အနည်းငယ်ကြာတော့ သူက ရုတ်တရက် အကြောင်းအရင်းမရှိ သေသွားခဲ့ရတယ်."
"ကြောက်စရာကောင်းလိုက်တာ။ ရှေးဟောင်းကျောင်းတော်ကို ရက်စက်ယုတ်မာတဲ့ နေရာမျိုးဆီ ငါတို့ မျိုးဆက်တွေ မသွားသင့်တော့ဘူး"
လူထောင်ပေါင်းများစွာသည် မျက်စိ အမှောင်ဖုံးကာ ကောလဟာလသတင်းများကို မြိန်ရေယှက်ရေ ပြောဆိုနေကြ၏။ ဒေါသထွက်နေသော စကားသံများသည် လူငယ်စုံတွဲ ပတ်ဝန်းကျင်၌ တဝီဝီ မြည်ဟီးနေကာ ပြည်သူများ၏ အမုန်းတရား ခံစားနေရသည်။ လောကတွင် အပြစ်ကင်းစင်ကြောင်း သက်သေပြရသည်မှာ အခက်ခဲဆုံး ဖြစ်ကာ ကိုယ့်ကိုကိုယ် သတ်သေလိုက်လျှင်တောင် အလောင်းကို အပုပ်ချကြပေလိမ့်မည်။
"သူတို့မှာ အပြစ်မရှိပါဘူး။ လူဆိုးတွေကြောင့် အမြင်မှားနေရုံပါပဲ။ ရွှေရောင်ခေတ်တစ်ခုကို ဖန်တီးမပေးနိုင်တဲ့ ကျင့်ကြံသူတွေအပေါ်မှာသာ အပြစ်ရှိတယ်"
ယွမ်ရှောင်သည် လန်ရီ၏ စကားကြောင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။
"ဒါဆိုရင် ကယ်တင်ရှင်တစ်ယောက်က တစ်ဖက်မှာ နတ်ဆိုးတွေကို တိုက်ခိုက်နေရပြီး ကျန်တစ်ဖက်မှာလည်း ကိုယ့်ပြည်သူတွေ အပြစ်တင်ကို ခံနေရမယ်ပေါ့။ ရွှေရောင်ခေတ်တစ်ခု ဖြစ်ပေါ်လာစေဖို့ ဒါတွေကို ထမ်းပိုးထားရမှာပေါ့"
"ဟုတ်တယ်လေ။ ဒီလောကကြီးမှာ သတ္တဝါတိုင်း ဒုက္ခရောက်နေကြတယ်။ ငါတို့လို့ ကောင်းချီးရထားတဲ့ ပါရမီရှင်တွေက ကယ်တင်ပေးရမယ်။ ပြည်သူတွေက အမြင်မှားပြီး အပြစ်တင်နေတာကို ခွင့်လွှတ်ရမယ်"
လန်ရီ စကားပြောနေရင်း မျက်ဝန်းအတွင်း အဖြူရောင်မီးများ တောက်လောက်လာသကဲ့သို့ ထင်မှတ်ရပြီး မည်သူမျှ မငြိမ်းသတ်နိုင်သော ယုံကြည်မှု၏ မီးလျှံများ ဖြစ်ပေသည်။ ယွမ်ရှောင်သည် တစ်ချိန်က သူမနည်းတူ တွေးထားခဲ့သော်လည်း လောကကြီးအတွင်း လှည့်လည်သွားလာပြီးနောက် လူသားများ၏ နှလုံးသားက အမှောင်မိုက်ဆုံး ဖြစ်ကြောင်း နားလည်လာခဲ့သည်။ တာအိုနှလုံးသား ယိမ်းယိုင်ခြင်း မဟုတ်ဘဲ လောကီတာအိုနှလုံးသားဖြင့် အမြင်မှန် ရလာခဲ့သည်။ ထို့ကြောင့် အနိုင်ကျင့်ခံနေရသော တပည့်များကို ကယ်တင်ရန် ရန်သူများကို သုတ်သင်ခဲ့သည့်အတွက် အပြစ်တင်ခံနေရခြင်းကို သူမက သည်းခံနိုင်သော်လည်း သူက ဒေါသထွက်စပြုလာသည်။
"ယုတ်မာတဲ့ စုံတွဲ သတ္တိရှိရင် ငါ့ကိုပါ သတ်လိုက်"
"မင်းတို့ မျိုးရိုးစဥ်ဆက် အသေဆိုးနဲ့ သေပါစေလို့ ကျိန်ဆိုတယ်။ မျိုးဆက်တစ်ရာတိုင်အောင် ခွေးတွေ ဝက်တွေ ဖြစ်ပါစေ"
စားသောက်ဆိုင်တစ်ခုရှေ့တွင် မိန်းကလေးတစ်ယောက်က လူထုကို ဆူပူလာစေရန် အကျယ်လောင်ဆုံး အော်ဟစ်နေသည်။ သို့သော် စကားအဆုံးတွင် ဓားမြှောင်တစ်လက် လည်ချောင်းကို ထိုးဖောက်သွားသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ကျသွား၏။
"ဘာလုပ်လိုက်တာလဲ။ ဒီမိန်းကလေးက အားနည်းတယ်လေ"
လန်ရီက မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"ဘာကို အားနည်းတာလဲ။ ငါ့ကမ္ဘာမှာဆိုရင် ကောင်းကင်ခန်းဆောင်နယ်ပယ်တစ်ယောက်က စွမ်းအားကြီးမားတယ်။ မင်း နားလည်ဖို့ လိုအပ်တာ တစ်ခု ရှိတယ်။ ဒါက ရှေးဟောင်းအပျက်အစီးနယ်မြေဖြစ်ပြီး လူတိုင်းက ပါရမီရှင်တွေနဲ့ စွမ်းအားကြီးမားသူတွေပဲ။ မကျင့်ကြံနိုင်တဲ့ သာမန်ပြည်သူဆိုတာ မရှိဘူး။ သူတို့ကိုယ်သူတို့ သာမန်ပြည်သူလို့ သတ်မှတ်ပြီး ကျင့်ကြံသူအချင်းချင်း အပေါ် အခွင့်အရေး မယူစေနဲ့"
ယွမ်ရှောင်က သူမ၏မျက်လုံးအတွင်း တည့်တည့်စိုက်ကြည့်ကာ နက်ရှိုင်းစွာ ပြောနေခဲ့သည်။
"မင်းက သည်းခံနိုင်ပေမယ့် မဟုတ်မမှန် စော်ကားတာကို ငါ သည်းမခံနိုင်ဘူး။ ငါ ဂရုစိုက်တဲ့လူ အစော်ကားခံနေရတာကိုလည်း မလိုချင်ဘူး"
"အစ်ကိုကြီး တစ်နေ့မှာ ရှေးဟောင်းအပျက်အစီးနယ်မြေက လူတိုင်း ငါ့ကို သေစေချင်ရင် ဘာလုပ်မှာလဲ"
"အကုန်သတ်ပစ်မှာပေါ့"
လန်ရီ၏ အမေးကြောင့် ယွမ်ရှောင်က ရှေးဟောင်းအပျက်အစီးနယ်မြေကို တစ်ချက်ဝေ့ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ ၎င်းသည် ရွှေရောင်မြူခိုးများဖြင့် အလှဆင်ထားသော်လည်း ကောက်ကျစ်ယုတ်မာသော လူသားများ ပြည့်နှက်နေသည်ဖြစ်ရာ မိစ္ဆာနယ်မြေတစ်ခုနှင့် မခြားသောကြောင့် သူ့အတွက် စဥ်းစားနေစရာပင် မလိုချေ။