← Chapters

ရန်ငြှိုးကို နေ့မကူးစေနဲ့

Vol. 33 Ch. 432

ရန်ငြှိုးကို နေ့မကူးစေနဲ့

Vol. 33 Ch. 432

ရှေးဟောင်းကျောင်းတော်အတွင်း အရုဏ်ဦးအိမ်တော်မှပင် အပြင်ဘက်ရှိ ကျိန်စာတိုက်သံများကို ကြားနေရပြီး ယွမ်ရှောင်နှင့် လန်ရီသာမက ကျောင်းတော်၏ ဘိုးဘေးများပင် မလွတ်ချေ။

"လန်ရီ အစ်ကိုယွမ် အဆင်ပြေရဲ့လား"

ကျောင်းတော်၏ တပည့်အုပ်စုတစ်ခုက အရုဏ်ဦးအိမ်တော်အပြင်သို့ စိုးရိမ်တကြီး ရောက်ရှိလာ၏။

"မင်းတို့ ဘယ်လိုလုပ် ရောက်လာတာလဲ"

"အင်မော်တယ်သုံးပါးမျိုးဆက်တွေက လူတိုင်းကို ငတုံးထင်နေတယ်။ သူတို့က အစ်ကိုယွမ်အပေါ် လှည့်ကွက်တွေ သုံးနေပြန်ပြီ"

"ကျုပ်တို့ရဲ့ ဆရာတွေကို ဆန်းကြယ်ဘုရားကျောင်းက အကွက်ချပြီး ကြံစည်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ"

ယွမ်ရောင်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

"အခု သူတို့က ငါ့ဆရာဘက် မြှားဦးလှည့်လာပြီ"

လန်ရီက အထင်သေးစွာဖြင့် ပြောလိုက်ပြီး အင်မော်တယ်သုံးပါး မျိုးဆက်များသည် ရှေးဟောင်းကျောင်းတော်တစ်ခုလုံးကို ဖျက်ဆီးချင်နေကြောင်း သိသာ၏။ တပည့်များလည်း အကြံကုန်နေကြပြီး အစီအရင်ဖြင့် ကာကွယ်ထားခြင်းမရှိလျှင် ဒေါသထွက်နေသော လူအုပ်ကြီးက ကျောင်းတော်အတွင်း ဝင်ရောက်လာပေလိမ့်မည်။

"လန်ရီ ဝင်ခဲ့။ ညီအစ်ကိုတို့ ခဏလောက် လူခွဲနေကြ။ ကျုပ် အဆင်ပြေပါတယ်"

အရုဏ်ဦးအိမ်တော်အတွင်း မျက်လုံးမှိတ်၍ တင်ပျဥ်ခွေထိုင်နေသည့် ယွမ်ရှောင်၏ အသံထွက်ပေါ်လာကာ နောက်ပိုင်းအဆင့် ချီစက်ဝန်းနယ်ပယ်သို့ အဆင့်တက်သွားသောကြောင့် လန်ရီကို အံ့သြသွားစေသည်။ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ နံပတ်တစ် ပါရမီရှင်ဟု သတ်မှတ်ခံထားရသည့်တိုင်အောင် သူမကိုယ်တိုင်ပင် တစ်ဖက်လူအား လူမဆန်ဟု တွေးနေမိသည်။

"ငါ့ကို မင်းလက်ပေး"

လန်ရီက ခေါင်းညိတ်၍ လက်ဆန့်ထုတ်ပေးလိုက်သောအခါ ယွမ်ရှောင်သည် လက်ဝါးချင်းပူးကပ်လိုက်ရာ နာကျင်မှုတစ်စုံတစ်ရာ ရှိသောကြောင့် သူမ၏ မျက်နှာလေး ရှုံ့မဲ့သွားသည်။ သူမက မျက်မှောင်ကြုတ်၍ လက်လွှတ်လိုက်သောအခါ လက်ဖဝါး၌ သွေးလင်းနို့ ကျိန်စာ ရောက်ရှိနေပြီး ယွမ်ရှောင်၏ ကျိန်စာ ပျောက်ကွယ်သွားကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။

"အစ်ကိုကြီး ဘာတွေကြံစည်နေတာလဲ"

"အလီဘိုင်ပေးဖို့။ အခုတော့ မှောင်လာပြီ။ ငါ အပြင်သွားလိုက်ဦးမယ်။ မင်းက ဒီမှာ နေရမယ်"

သူက အပြင်သို့ တစ်ချက်လှမ်းကြည့်၍ ဖြတ်ခနဲ ပျောက်ကွယ်သွားသောကြောင့် အံ့သြမင်သက်နေဆဲဖြစ်သည့် လန်ရီမှာ မျက်လုံးအပြူးသားနှင့် ကျန်ရစ်ခဲ့သည်။ လမ်းပြအသင်း၏ နန်းတော်တွင် အဖွဲ့ဝင်တစ်ရာကျော် စုဝေးနေကြသော်လည်း ဝမ်းနည်းမှုဖြင့် တိတ်ဆိတ်နေ၏။ ထန်ယုရယ်နှင့် ကျောက်စိမ်းအင်မော်တယ်မျှော်စင်၏ သခင်မလေး ထန်ဝမ်ချန်လည်း ရောက်ရှိနေကာ လေးနက်တည်ငြိမ်စွာ ရပ်နေကြသည်။

"လူတိုင်း ငြိမ်ငြိမ်သက်သက်နေကြ။ တံခါးတွေနဲ့ ပြတင်းပေါက်တွေ အားလုံး ပိတ်ထားရမယ်။ အင်မော်တယ်သုံးပါးနေ့ မရောက်ခင် ငါတို့ တစ်ခုခု ထိခိုက်သွားလို့ မရဘူး"

"စိတ်မပူပါနဲ့ အစ်မယုရယ်။ ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံးက ယွမ်ရှောင်ကို ကျိန်ဆဲနေတာ။ ငါတို့ကို ဘယ်သူမှ ဂရုမစိုက်အားပါဘူး။ လူတိုင်း အတွက် ဝေစုပေးမှာလား"

အင်မော်တယ်သုံးပါး မျိုးဆက် လူငယ်တစ်ရာကျော်သည် မျှော်လင့်တကြီး ကြည့်နေကာ မီးများ ပိတ်ထားသော်လည်း အမှောင်ထဲတွင် မျက်ဝန်းများ တောက်ပနေကြ၏။

"စိတ်ချပါ လူတိုင်း ဝေစုရလိမ့်မယ်"

ထန်ယုရယ်က အာမခံလိုက်သောအခါ ကျေနပ်စွာ ရယ်သံများ ထွက်ပေါ်လာ၍ အောင်ပွဲခံလိုက်ကြပြီး လျှို့ဝှက်ထားရန် မလိုအပ်လျှင် ကျယ်လောင်နေကြပေလိမ့်မည်။ ထန်ကျစ် ခေါင်းဆောင် ဖြစ်ခဲ့စဥ်က ရက်ရက်ရောရော မပေးတတ်သဖြင့် လူတိုင်းမှာ ထန်ယုရယ်အပေါ် ပို၍ ထောက်ခံနေကြသည်။

"မင်းတို့အားလုံး ကျေးဇူးတင်ရမှာက ထန်ဝမ်ချန်ပဲ။ သူမက ငါတို့အတွက် အရည်အသွေးနိမ့် အင်မော်တယ်ကျောက်စိမ်းတွေကို အလယ်အလတ်အဆင့်နဲ့ လဲလှယ်ပေးခဲ့တယ်"

"ကျေးဇူးတင်ပါတယ် အစ်မဝမ်ချန်"

စုရုံးနေကြသော လမ်းပြအသင်းသားများတွင် အားအနည်းဆုံးသည်ပင် ဟူယန်ပင်၏ ခွန်အားမျိုးရှိကာ အနာဂတ်ထောက်တိုင်များအဖြစ် အရေးပါသည်။

"ဒီကောင်တွေဆီက ဆက်ကြေးတောင်းရတာ ၂နှစ်တစ်ကြိမ်ဆိုတော့ မကောင်းဘူး။ နှစ်တိုင်း ဆက်ကြေးပေးဖို့ ဆန်းကြယ်ဘုရားကျောင်းက ဥအဒေ ထုတ်သင့်တယ်"

"တိတ်တိတ်နေကြစမ်း။ ကျောင်းတော်က စောင့်ကြည့်နေတယ်။ တစ်ခုခု လွဲချော်သွားရင် ပြဿနာ ရှိလာနိုင်တယ်"

လူတိုင်းက စကားပြောရင်း ပိုမိုကျယ်လောင်လာသဖြင့် ထန်ယုရယ်မှာ စိတ်ပျက်စွာ ငေါက်ငမ်းနေရ၏။ သူမသည် ဤလူအုပ်ကို ထန်ကျစ်ကဲ့သို့ ဖိနှိပ်နိုင်စွမ်း ရှိလျှင် ဝေစုများများ ခွဲပေးနေမည် မဟုတ်ချေ။ လမ်းပြအသင်းသားများသည် တပည့်ပေါင်းတစ်သောင်းထံမှ ဆက်ကြေးကောက်ခဲ့ပြီး အယောက်တစ်ရာသာ ခွဲဝေရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားစွာ စုဝေးနေကြ၏။ သူမသည် သိုလှောင်အိတ်များကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ စားပွဲတစ်လုံးအပေါ် တင်ထားလိုက်ပြီး ထန်ဝမ်ချန်၏ အထောက်အပံ့များလည်း ပါဝင်သည်။

"တစ်ယောက် တစ်အိတ်ယူကြ။ ပမာဏက အတူတူပဲ။ ကိုယ့်သိက္ခာကိုယ်ထိန်းကြ။ မင်းတို့က အင်မော်တယ်သုံးပါးရဲ့ မျိုးဆက်ဖြစ်ပြီး အရိုင်းအစိုင်းတွေ မဟုတ်ဘူး"

သူမက သတိပေးလိုက်သော်လည်း ထိုသကောင့်သားများမှာ လောဘကြီးသော ဝံပုလွေများကဲ့သို့ အချင်းချင်း ရန်စောင်နေကြ၏။

"ဒီလိုမြင်ကွင်းမျိုးကြောင့် အစ်မဝမ်ချန်ကို အားနာပါတယ်"

"ကိစ္စမရှိပါဘူး။ လူကြီးလူကောင်းတွေက ဓနဥစ္စာကို မြတ်နိုးတာ ပုံမှန်ပါပဲ"

"မှန်တယ်"

ထန်ယုရယ်နှင့် ထန်ဝမ်ချန် အချင်းချင်း မြှောက်ပင့်နေစဥ် ထူးဆန်းသော စကားသံ ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်သောအခါ သိုလှောင်အိတ်ပုံအထက်၌ ထိုင်နေသော အဖြူရောင်ဝတ် ပုံရိပ်တစ်ခုအား မြင်လိုက်ရသည်။

"ယွမ်ရှောင်"

လမ်းပြအသင်းနန်းတော်တစ်ခုလုံး တုန်လှုပ်သွားကာ ထန်ယုရယ်ကိုယ်တိုင်လည်း ကြောက်လန့်နေသဖြင့် ထွက်ပြေးကြရန် အမိန့်ပေးခဲ့၏။

"ဘယ်သွားမလို့လဲ"

ယွမ်ရှောင်က ခေါင်းမော့ကြည့်လာသောအခါ မျက်ဝန်းများ အနီရောင် ဖြစ်နေပြီး လက်တစ်ဖက် မြှောက်၍ မိုးပြာရောင် ဓားမြှောင်အား ပစ်ခတ်လိုက်သည်။ ၎င်းမှာ ပင်လယ်အတွင်း ကူးခတ်နေသည့် ငါးတစ်ကောင်ပမာ ရွေ့လျားသွားကာ အင်မော်တယ်သုံးပါး မျိုးဆက်များ၏ နှလုံးသားများကို ထိုးဖောက်သွားသည်။

"အား ငါ မသေချင်ဘူး"

"အဖေ အမေ"

ထိုလူငယ်များက ငုံ့ကြည့်လိုက်သောအခါ ရင်ဘတ်မှ သွေးများ ပန်းထွက်နေပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ရင်း လဲကျကုန်သည်။

"ပြေးကြ"

ထန်ယုရယ်က အသံကုန်အော်ဟစ်ရင်း ကိုယ်လွတ်ရုန်း ပြေးချင်သော်လည်း ဧရိယာတစ်ခုလုံးကို ခရမ်းရောင် စစ်တုရင်ခုံကြီးတစ်ခုမှ ပိတ်ဆို့ထားသည်။ သွေးရူးသွေးတန်း ထွက်ပြေးသွားသူများမှာ ၎င်းနှင့် တိုက်မိသောအခိုက်၌ အဖြူအနက် ကျောက်တုံးရာချီ ပြုတ်ကျလာသဖြင့် ခြေကျိုးလက်ကျိုးဖြစ်ကာ ဦးခေါင်းများပင် ပြားချပ်နေအောင် အဖိခံလိုက်ရ၏။

"ပြေးမနေနဲ့။ မင်းတို့ကို သတ်ရတာ ကြက်သတ်သလောက် လွယ်တယ်"

ယွမ်ရှောင်၏ သေမင်းတမန် စကားသံ ထွက်ပေါ်လာသောအခါ ထန်ယုရယ်သည် နှင်းကျောက်စိမ်းလှံကို ထုတ်ယူ၍ စစ်တုရင်ခုံကြီးအား တိုက်ခိုက်ရန် ပြင်နေခဲ့သည်။ အနောက်ဘက်တွင် အဖြူရောင်သေမင်းသည် ခရမ်းရောင် ရုန်းထီးကို ဆောင်း၍ မိုးပြာရောင် ဓားတစ်လက်ဖြင့် ထိုးဖောက်သတ်ဖြတ်ကာ အလောင်းများအကြား လှည့်ပတ်သွားလာသည်။ ဓားတစ်ချက်အယမ်းတွင် ခေါင်းတစ်လုံး ပျံတက်သွားကာ ရုန်းထီးအထက်တွင် သွေးများ ရွှဲရွှဲစိုသွားသော်လည်း အဖြူရောင်ဝတ်ရုံမှာ အစွန်းအထင်း မရှိချေ။ သွေးထွက်သံယို မြင်ကွင်းက ကြောက်စရာကောင်းလွန်းသဖြင့် သာမန်တပည့်များအပေါ် အနိုင်ကျင့်ရုံသာ တတ်နိုင်ပြီး အမှန်တကယ် သတ္တိမရှိသော လမ်းပြအသင်းသားများသည် ဆီးနှင့် ဝမ်းပင် မထိန်းနိုင်တော့ချေ။

"အင်မော်တယ်သုံးပါး မျိုးဆက်က ညစ်ပတ်တဲ့ လုပ်ရပ်နဲ့ ဦးနှောက်ဆေးတာကိုပဲ ကျွမ်းကျင်တာပေါ့။ တကယ့်တိုက်ပွဲမှာကျတော့ တစ်ယောက်မှ သတ္တိမရှိဘူး"

ယွမ်ရှောင်၏ ရယ်သံက သူတို့အတွက် အိပ်မက်ဆိုး ဖြစ်လာပြီး ဒူးထောက်တောင်းပန်ချင်သူများပင် ဒူးမထောက်နိုင်ခင် ခေါင်းများ ပြတ်ထွက်ကုန်၏။

"ရပ်လိုက်ပါတော့"

ထန်ယုရယ်သည် အလောင်းများရှေ့တွင် ဒူးထောက်ကျသွားပြီး တောင်းပန်နေသော်လည်း အဖြေပေးလာသည်မှာ တလိမ့်လိမ့် ရောက်ရှိနေသည့် ခေါင်းပြတ်များပင်။

"ဘာလို့ ဒီလောက်ရက်စက်ရတာလဲ"

သူမက နာကျင်စွာ အော်ဟစ်ရင်း ထရပ်ကာ ခရမ်းရောင်စစ်တုရင်ခုံကို အရူးအမူး တိုက်ခိုက်နေသည်။

"အပြင်မှာ ငါက လမ်းပြအသင်းတစ်ခုလုံးကို သတ်ပစ်လိုက်တယ်လို့ ဆဲဆိုနေကြတယ်။ စွပ်စွဲတာနဲ့ ညီအောင် အလုပ်နဲ့ သက်သေပြရမှာပေါ့"

ယွမ်ရှောင်၏ ဓားချက်အောက်တွင် ခေါင်းပြတ်များ လွင့်ပျံနေပြီး ထန်ယုရယ်မှာ အတူပျော်ပါးသွားလာခဲ့သော လမ်းပြအသင်းသားများ၏ ထွက်သက်ကို ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။

"မင်းကို ပထမအကြိမ်က အသက်ချမ်းသာပေးခဲ့တယ်။ လမ်းပြအသင်းမှာ မင်းတစ်ယောက်တည်းက ငါ့ကို သတိပေးခဲ့လို့ ကရုဏာထားခဲ့တာပဲ။ ငါက သေမင်း မဖြစ်ချင်ဘူး။ ယုတ်မာတဲ့ လူတွေကိုပဲ အပြစ်ပေးချင်တယ်။ ကံဆိုးတာက မင်းတို့တွေ ငါ့ကို အေးအေးဆေးဆေး နေခွင့်မပေးကြဘူး။ နောက်တစ်ခေါက် အခွင့်အရေး မရှိဘူး။ ပြန်လည်မွေးဖွားဖို့ ပြင်ဆင်ထား"

ကြောက်လွန်းသဖြင့် တုန်တုန်ရီရီဖြစ်နေသော ထန်ယုရယ်၏ ဦးခေါင်းမှာ ယွမ်ရှောင်၏ ဓားသွားအောက်တွင် ပြတ်ကျသွားကာ အခန်းထဲ၌ ရန်သူတစ်ယောက်သာ ကျန်ရစ်တော့သည်။ ထန်ဝမ်ချန်သည် ထောင့်တစ်နေရာတွင် ပုန်းအောင်းပြီး ထွက်ပြေးချင်သော်လည်း သားရဲလေး၏ စောင့်ကြပ်မှုအောက်တွင် မလှုပ်နိုင်ခဲ့ပေ။

"ယွမ်ရှောင် ဒါက နားလည်မှုလွဲ...လွဲတာပါ"

သူမ၏ မျက်နှာက ဖြူဖျော့နေပြီး အခန်းထောင့်တွင် တစ်ကိုယ်လုံး ကျုံ့ဝင်နေကာ ထိန်းမရအောင် ကြောက်ဒူးတုန်နေသည်။

"မင်းက ငါ့ကို ဆင်းရဲတယ်ဆိုပြီး မောင်းထုတ်ခဲ့တယ်။ ကျောက်စိမ်းမျှော်စင်ကို ဓားပြတိုက်ရမယ်လို့တောင် အကြံပေးခဲ့သေးတယ်။ ရန်ငြှိုးဆိုတာ နေ့မကူးရဘူး"

ယွမ်ရှောင်၏ အပြုံးက နွေးထွေးသော်လည်း သေမင်းတစ်ယောက် သွားဖြဲပြနေသယောင်ပင်။

"ငါ မှားပါတယ်။ ငါ အပြစ်ရှိပါတယ်။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

သူမက ဘုတ်ခနဲ ဒူးထောက်၍ တောင်းပန်ရင်း မျက်ရည်များ တသွင်သွင် စီးကျနေ၏။

"မစိုးရိမ်ပါနဲ့။ လောလောဆယ်တော့ မင်း မသေပါဘူး။ ငါ့လို ဆင်းရဲသားတစ်ယောက်က သူဌေးဖြစ်လာဖို့ မင်းကို အသုံးချရမယ်"

ယွမ်ရှောင်၏ စကားကို ကြားသောအခါ သူမတစ်ကိုယ်လုံး ပျော့ခွေသွားပြီး ပူနွေးသော မျက်ရည်များနှင့်အတူ အေးစက်စက် ချွေးစက်များ ပြိုင်တူ စီးကျလာခဲ့လေသည်။

All Chapters