ပေးထားတဲ့ ကတိနဲ့ ပတ်သတ်လို့ နောင်တမရ
Vol. 133 Ch. 1841
ဝမ်လင်းသည် ခေါင်းငုံ့ကာ ရွှေရောင်ဂိတ်တံခါးအပြင်ဘက်ရှိ ရင်းနှီးသော ဟင်းလင်းပြင်ကို ကြည့်သည်။ သူသည် ငြိမ်သက်စွာ စဉ်းစားနေသည်။
ရွှမ်လော၏ စကားလုံးများသည် သူ၏နားထဲ၌ ပဲ့တင်ထပ်ကာ အချိန်အတန်ကြာ ရစ်သီနေသည်။ ထိုစကားလုံးများက အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ဝင်ရောက်ဖို့ သူ့အတွက် ကြိုပြင်ဆင်မှုနှင့် ရလဒ်များကို ဖော်ပြနေသည်။ ဝမ်လင်းက နားလည်ပေ၏။
“ပြန်လည်မွေးဖွားခြင်း…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“နှစ်အနည်းငယ်လည်း ဖြစ်နိုင်သလို နှစ်တစ်ထောင်လောက်လည်း ဖြစ်နိုင်တယ်။ သွေးမျိုးဆက် မပိုင်ဆိုင်ထားတဲ့ ဒီလှိုဏ်ဂူလောကထဲကနေ ထွက်ချင်တဲ့ ဘယ်သူမဆိုဟာ ဒီဖြစ်စဉ်ကို ဖြတ်သန်းရမှာပဲ…”
“ငါတို့ နောက်နှစ်ပေါင်းတစ်ထောင်ကြာမှ ပြန်ဆုံတဲ့အခါ သူတို့ရဲ့ ချိပ်ပိတ်ထားတဲ့ မှတ်ဉာဏ်တွေကို နိုးထလာအောင် ငါ လုပ်ပေးဖို့ လိုတယ်…”
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ရွှမ်လောထံသို့ မော့ကြည့်ကာ လေးလေးနက်နက် အရိုအသေ ပေးလိုက်၏။
ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ဥပဒေသကို ဆန့်ကျင်ဖို့အတွက် ရွှမ်လောအတွက် တန်ဖိုးကြီးကြီး ပေးရမည်ကို ဝိုးတဝါး သဘောပေါက်သည်။
“ဂျူနီယာ့အနေနဲ့ ဒီလှိုဏ်ဂူလောကထဲကနေ ဘယ်သူ ထွက်သွားမလဲ ဆုံးဖြတ်ဖို့ မသိပါဘူး။ လူအရေအတွက် ဘယ်လောက်လဲလည်း ကျနော်မသိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဂျူနီယာဟာ ဒီနေ့ ပြသတဲ့ စီနီယာရဲ့ ကြင်နာမှုကို မေ့လိမ့်မှာ မဟုတ်ပါဘူး…”
ဝမ်လင်းက ရွှမ်လောထံသို့ ဦးညွှတ်လိုက်၏။ ထိုအခါ သူတို့နှစ်ယောက်ကြား၌ မမြင်ရသော ဆက်နွှယ်မှုတစ်ခု ဖြစ်သွားဟန်ရသည်။ ၎င်းကို ရှင်းပြ၍ မရပေ။ သို့သော် တည်ရှိ၏။
“ဝမ်အာကတော့..ကျနော်တို့ နှစ်ယောက်အတူ မရှင်သန်နိုင်ရင် ဒီလှိုဏ်ဂူလောကနေ ထွက်လို့ နှစ်ယောက်လုံး သေရရင်တောင် ဂျူနီယာ နောင်တရမှာ မဟုတ်ဘူး…”
ဝမ်လင်း၏စကားလုံးများထဲ၌ ပြတ်သားမှုတို့ ပြည့်နေသည်။ နောင်တမရဘူး ဟူသော သူ၏စကားသံက ဒီကြယ်အဖွဲ့အစည်းတခွင်သို့ ပဲ့တင်ထပ်သည်။
နောင်တမရဘူး။
နောင်တမရဘူး။
နောင်တမရဘူး။
သည်စကားက ဝမ်လင်း၏နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ တာအိုနှလုံးသားကို ဖော်ကြူးပေသည်။
သည်စကားလုံးတို့က ဝမ်လင်း၏ ချစ်ခြင်းတရား၊ တွယ်တာမှု၊ ဝမ်းနည်းမှုတို့ကို ထုတ်လွှတ်ပေသည်။
သည်လောက၌ သူ၏အမေအပြင် သူ့နှလုံးသားထဲ၌ အစားထိုး၍ မရသော အမျိုးသမီးမှာ လီမူဝမ်ပင်။ သူက သည်လောက၌ အလှလေးများစွာကို တွေ့ကြုံခဲ့ဖူး၏။ သို့သော် မည်သူကမျှ သူမ မဟုတ်လေပေ။
ဤသည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော် တွယ်ငြိခဲ့သော ဝမ်လင်း၏ ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းချစ်ခြင်းတရားသည် ဝမ်လင်း မသေမချင်း ပျောက်ကွယ်လိမ့်မည် မဟုတ်ပါ။ ဝမ်လင်းနှင့် လီမူဝမ်တို့သည် အတူမရှင်သန်နိုင်ပါက အတူသေဆုံးကြမည်ဟု တွေးထားကြသူများ မဟုတ်လား။
နောင်တမရဘူး ဟူသော ဝမ်လင်း၏ စကားတို့က တာအိုသခင်အိပ်မက်ပြာ၏နားထဲသို့ ဝင်ရောက်လာကာ သူ၏မျက်လုံးတို့မှာ မှိန်ဖျော့သွား၏။ သူက ကောင်းကင်ဘုံနယ်မြေထံသို့ လှမ်းကြည့်ကာ ငြိမ်သက်စွာ စဉ်းစားသည်။
ရွှမ်လော၏ မျက်လုံးတို့သည် ဝမ်လင်းကို ကြည့်ကာ တောက်ပသွား၏။ သူက ဝမ်လင်း၏ နောင်တမရဘူး ဟူသော စကားကို ကြားသည့်အခါ ခေါင်းညိတ်မိ၏။
“ပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသုံးပြုဖို့နဲ့ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေရဲ့ ဥပဒေသကို ခုခံဖို့အတွက် ငါ့အဖို့ ပြင်ဆင်ဖို့ အချိန်အနည်းငယ် လိုတယ်။ ခုက စပြီး တလကြာရင် ထွက်သွားချင်တဲ့သူတွေကို ခေါ်လာခဲ့ပါ။ ငါ ပြန်လည်မွေးဖွားခြင်းမန္တာန်ကို အသုံးပြုမယ်…”
“မင်းကတော့ မင်းရဲ့ ရွေးချယ်မှုအတိုင်းပဲ…” ရွှမ်လောသည် ထပ်၍ သွေးမဆောင်ပေ။ ဝမ်လင်းကို စမ်းသပ်နေနေစဉ်အတွင်း ဝမ်လင်း၏စရိုက်နှင့် ပတ်သတ်၍ တော်တော်များများ သိထားခဲ့ပြီး ဖြစ်၏။ ဝမ်လင်းက သူ့စိတ်ကို ပြင်ဆင်ပြီးသည်နှင့် ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
“ဒီဝမ်လင်းဟာ ငါ့လိုအပ်ချက်တွေနဲ့ ကောင်းကောင်း ပြည့်မီတယ်။ သူဟာ နှစ်ပေါင်းတစ်ထောင်ကြာ စောင့်နိုင်ပြီး သူ့မိတ်ဆွေတွေရဲ့ မှတ်ဉာဏ်နိုးထလာစေဖို့ ရှာဖွေမယ့်သူပဲ။ ဒါဟာ ခိုင်မာတဲ့စိတ်ရှိမှ ဖြစ်မှာ။ သူကိုယ်တိုင် မထွက်သွားချင်ဘဲ သူ့မိတ်ဆွေတွေနဲ့ ထွက်သွားချင်နေတယ်။ သူဟာ မိတ်ဆွေအပေါ် သိတတ်တဲ့သူမျိုးပဲ…”
“သူဟာ သေရမယ်ဆိုရင်တောင် သူ့ချစ်သူအပေါ် လက်မလွှတ်ဘူး။ သူက ဒီအတွက်လည်း နောင်တမရဘူး…”
“ဒီလောက် မိတ်ဆွေအပေါ် သိတတ်ပြီး အစွဲအလမ်းကြီးတဲ့ လူမျိုး။ ငါသာ သူ့ကို မစွန့်ပစ်ခဲ့ရင် ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ငါ သူ့အပေါ် ပြသခဲ့တဲ့ ကြင်နာမှုကြောင့် ငါ့ရှေးတောက်ကလန်ကို ကာကွယ်ပေးလိမ့်မယ်…”
ရွှမ်လော၏မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပေပြီ။
ဝမ်လင်းသည် ရွှမ်လောကို လေးနက်စွာ ကြည့်၍ တတိယကြိမ်မြောက် ဦးညွှတ်လိုက်သည်။ သူသည် လှည့်၍ ထွက်ခွာလာတော့၏။ တာအိုသခင်အိပ်မက်ပြာက စဉ်းစားနေရင်း သူနှင့်အတူ လိုက်ပါလာသည်။
ထာဆန်ကတော့ ဝမ်လင်းကို နှုတ်ဆက်စကား ပြောလိုက်ပြီးနောက် သူသည် ချက်ခြင်းပင် စိတ်ခံစားချက်မဲ့စွာ မိုးကုပ်စက်ဝန်းဆီသို့ ဦးတည်လေတော့သည်။ သူသည် သည်လှိုဏ်ဂူလောကကနေ ထွက်၍ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ပြန်မွေးဖွားရမည်လား၊ မမွေးဖွားရမည်လားကို စဉ်းစားနေလေ၏။
အဆုံးမဲ့သည်ကြယ်အဖွဲ့အစည်း၌ ကြယ်စုကြယ်ဝေးများ တောက်ပနေလျက် အလွန်လှပလို့နေသည်။ သို့သော် ဝမ်လင်း၏အမြင်၌ သူသည် ယင်းတို့မှာ အစစ်လား၊အတုအယောင်လား မပြောနိုင် ဖြစ်ရ၏။
အချိန်အတန်ကြာပြီးနောက် သူက သူ့အကြည့်ကို ထိုကြယ်များထံမှ ရုတ်သိမ်း၍ ၎င်းတို့ထံ တရကြမ်း ဦးတည်သည်။ သူသည် အလုံးစုံကောင်းကင်မှ ထွက်မသွားပေ။ သို့သော် တန်လင်းဂြိုဟ်ရှိခဲ့သောနေရာသို့ ဦးတည်လာခဲ့သည်။
တန်လင်းဂြိုဟ်သည် ပျက်စီးသွားကာ အက်ကြောင်းတစ်ခုသာ ကျန်ခဲ့၏။ ထိုအက်ကြောင်းက ဒုတိယပန်းပွင့်ထံသို့ ဦးတည်သည်။
မထွက်သွားခင် ဝမ်လင်း လုပ်ဆောင်ရမည့် အရာအချို့ ရှိသေး၏။ ရှေးဟောင်းနတ်ဘုရားမ ယွမ်နန်လည်း ရှိ၏။ ဝမ်လင်းက သူမကို အေးခဲနေသော လောကထံမှ လွတ်မြောက်ဖို့ ကူညီပေးရန် ကတိပေးထားခဲ့သည်။
တန်လင်းဂြိုဟ်သည် အလုံးစုံကောင်းကင်ရှိ ရွှေရောင်တံခါး၏ ဆန့်ကျင်ဘက်၌ ရှိသည်။ ထိုရွှေရောင်တံခါးသည် အဝေးတွင် ရှိနေသော်လည်း ရွှေရောင်အလင်းက သည်နေရာအထိ ရောက်ရှိ၏။ သည်ကြယ်အဖွဲ့အစည်းတစ်ခုလုံးသည် ရွှေရောင်အလင်း၏ ထွေးခြုံထားခြင်း ခံရသည်။
အေးခဲနေသော လောကသို့ ဦးတည်သည့် အက်ကြောင်းမှာ သည်ကြယ်အဖွဲ့အစည်း၏ ဒဏ်ရာအမာရွတ်တစ်ခုအလား။
ထိုအက်ကြောင်း အပြင်ဘက်ရှိ ဟင်းလင်းပြင်မှာ တွန့်ခေါက်ပုံပျက်နေကာ ဝမ်လင်း ပေါ်လာသည်။ သူက ယင်းအက်ကြောင်းကို ကြည့်၍ ၎င်းထံသို့ နီးကပ်လာ၏။ သူ၏ရှေးတောက်အော်ရာက သူ့လက်နှစ်ဖက်ထံ တရကြမ်း တိုးဝင်ကာ သူက ၎င်းအက်ကြောင်းကို ဖမ်းဆုပ်၍ အကြမ်းပတမ်း ဖွင့်ဟချသည်။
သည်ကြယ်အဖွဲ့အစည်းမှာ တုန်ဟည်း၏။ ဝမ်လင်းထံမှ မာန်သွင်းသံနှင့်အတူ ယင်းအက်ကြောင်းသည် ထပ်၍ ပွင့်ဟ၏။ အေးစက်စွမ်းအင်များ ထိုးထွက်လာကာ အေးခဲနေသော ကုန်းမြေ လှစ်ဟပေါ်လာသည်။
ထိုအေးခဲနေသော ဒုတိယပန်းပွင့်မှာ မပျက်စီးသေးသော တစ်ခုတည်းသော နေရာ ဖြစ်၏။ ထိုကုန်းမြေက ခုထိ အေးခဲနေဆဲ ဖြစ်ကာ ရွှမ်လော၏စွမ်းအား ပျောက်ကွယ်သွားသော်လည်း ရေခဲမှုက ယင်းနေရာ၌ ရှိနေဆဲသာ။
ဝမ်လင်းက အက်ကြောင်းအပြင်ဘက်တွင် ရပ်ကာ ထိုလောကအတွင်းသို့ နတ်ဘုရားအာရုံ သတင်းစကား ပို့လိုက်၏။ “ယွမ်နန်…ငါ နင့်ကို လာခေါ်ထုတ်ပေးတာ…”
ထိုအေးခဲနေသော လောကအတွင်း၌ ဧရာမကျောက်ဖျာတစ်ချပ်ပေါ်တွင် ထိုင်နေသော ယွမ်နန်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ သူမက အကွာအဝေးတစ်ခုရှိ ရေခဲပြင်ကို ကြည့်ကာ ပြုံးသည်။
“သူ ရောက်လာပြီ…” သူမက မျက်လုံးမှိတ်လိုက်၏။ သူမ၏မျက်ခုံးနှစ်ခုကြားမှ အခိုးအငွေ့အစုအဝေး ထွက်ပေါ်လာသည်။ ယင်းက သူမ၏ရှေ့ရှိ ရေခဲပြင်ထံ ပျောက်ကွယ်သွားသည်။
ထိုအခိုးအငွေ့က သူမထံကနေ ထွက်ခွာလာပြီးနောက် ဝမ်လင်းထံသို့ ရောက်သည်။ မကြာခင်တွင် ၎င်းသည် အလုံးစုံကောင်းကင်၏ ဝင်ပေါက်၌ ပေါ်လာသည်။ သူမက ဝမ်လင်းကို မြင်ပေသည်။
သို့ပေမည့် သူတို့နှစ်ယောက်ကြား၌ ရေခဲပြင်လွှာတစ်ခု ရှိသည်။
“တန်လင်းကလန်ကို စောင့်ရှောက်ဖို့ သခင်က ငါ့ကို ဖန်တီးခဲ့တာ။ ဒီကြင်နာမှုကို ပြန်ပေးဖို့ ငါဟာ ဒီနေရာမှာ ရှိတဲ့ ငါ့ရဲ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကနေ ထွက်လာပြီး ၎င်းခန္ဓာကိုယ်ရဲ့ အသက်ဓာတ်အားကို အသုံးပြုပြီး ဒီနေရာကို အားအင်ဖြည့်တင်းပေးမယ်။ ခုချိန်ကစပြီး ဒီနေရာနဲ့ ငါ့ကြားမှာ ဘာပတ်သတ်မှုမှ မရှိတော့ဘူး…”
“သင်က ငါ့ကို ဒီကနေ ထွက်သွားနိုင်ဖို့ ကူညီပေးဖို မျှော်လင့်ပါတယ်။ ငါ့စိတ်ဝိညာဉ်ကို ယူဆောင်သွားပေးဖို့ မျှော်လင်ပါတယ်…” ယွမ်နန်၏ နတ်ဘုရားအာရုံ သတင်းစကားသည် ပဲ့တင်ထပ်သည်။
ရေခဲပြင်အတွင်းရှိ ယွမ်နန်၏ စိတ်ဝိညာဉ်ကို ကြည့်ကာ ဝမ်လင်းသည် နားလည်၏။ ဝမ်လင်းနှင့် သည်ဒုတိယပန်းပွင့်လောက၌ ပထမဆုံး တွေ့ဆုံခဲ့ချိန်က သူမသည် အကူအညီသာ တောင်းခဲ့ပြီး သူမ၏ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်ကို ပြတ်ပြတ်သားသား မခွာထုတ်ခဲ့ပေ။
သူမသည် ဝမ်လင်း ပန်းပွင့်ငါးပွင့်၊ တံခါးရှစ်ချပ်ကို ဖြတ်ကျော်ပြီး လှိုဏ်ဂူလောက၏ တံခါးကို ဖွင့်လှစ်နိုင်မည့် အချိန်ထိ စောင့်နေခဲ့သည်။ သည့်နောက်မှသာ သူမက သူမ၏စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ခွာထုတ်လာခဲ့သည်။
တကယ်တော့ သူမ၏စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ခွာထုတ်ခြင်းသည် အလွန်အရေးကြီးပေ၏။ ထို့အတွက် သူမသည် ဂရုစိုက်ရမည်သာ။
ဝမ်လင်းက သူ့ကတိကိုတည်ကာ သည်ကိစ္စအပေါ် အများကြီး တွေးမနေပေ။ အက်ကြောင်းထဲ၌ သူက သူ၏ရှေးတောက်စွမ်းအင်ကို ရေခဲပြင်ထံ ထွေးထုတ်လိုက်သည်။
သူ၏အသက်ရှုထုတ်မှုမှာ မမြင်ရပေ။ သို့သော် ၎င်းက ရေခဲပြင်နှင့်ထိမိသည့်အခါ အက်ကွဲသံများ ပဲ့တင်ထပ်ကုန်သည်။ အက်ကြောင်းများစွာ ပေါ်လာကာ ရေခဲပြင်သည် တစ်လွှာချင်း ပျက်စီး၏။
ထိုရေခဲပြင် ပျက်စီးသွားသည့်အခါ ယွမ်နန်၏ စိတ်ဝိညာဉ်သည် ၎င်းထံမှ ထွက်ပေါ်လာ၏။ အနှီရေခဲပြင် လုံးဝ ပျက်စီးသွားချိန်၌ သူမ၏စိတ်ဝိညာဉ်သည် သူမ၏ပုံပန်းအသွင် ဖွဲ့တည်သည်။ သူမက ဝမ်လင်း ဖန်တီးထားသော အက်ကြောင်းများကို ဖြတ်၍ လွတ်မြောက်လာခဲ့ခြင်းသာ။
သူမက သည်ကြယ်အဖွဲ့အစည်းကို တည်ငြိမ်စွာ ကြည့်၏။ သူမ၏မျက်လုံးထဲတွင် လှိုင်းဂယက်ဟူ၍ မရှိလေပေ။ သူမက တည်ငြိမ်စွာသာ ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူမက ဝမ်လင်းထံသို့ အရိုအသေပေးလိုက်သည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
ဝမ်လင်း၏အကြည့်က ယွမ်နန်ပေါ်သို့ ကျရောက်သွား၏။ သူက ပြောလိုက်သည်။ “ငါ နင့်ကို ကတိပေးထားတာပဲ။ ဒါဟာ နင် ငါ့အပေါ် ကူညီပေးခဲ့တာအတွက် အတုန့်အလှည့်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ နင် ဒီလှိုဏ်ဂူလောကမှာပဲ နေချင်တာ ဖြစ်ဖြစ်၊ ထွက်သွားချင်တာ ဖြစ်ဖြစ် နင့်ဟာနင် ဆုံးဖြတ်ပါ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက နင့်ရဲ့ သခင် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ မွေးရပ်မြေလည်း ဟုတ်သလို အဲ့နေရာမှာ တန်လင်းကလန်အစစ်အမှန်လည်း ရှိတယ်…”
“နင် ဒီမှာ မနေချင်ပဲ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို သွားချင်ရင်တော့ နင့်အနေနဲ့ ပြန်လည်မွေးဖွားဖို့ နှစ်ပေါင်းတစ်ထောင်ကြာ ခါးသီးတဲ့စမ်းသပ်မှုကို ခံစားရနိုင်တယ်…”
ယွမ်နန်က ဝမ်လင်း၏စကားများကို တည်ငြိမ်စွာ နားထောင်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ခပ်တိုးတိုး ပြောလာသည်။
“ပြန်လည်မွေးဖွားခြင်း…နှစ်တစ်ထောင်…ဒါက သိပ်မကြာလှပါဘူး…”
ဝမ်လင်းသည် အနာဂတ်အပေါ် စိတ်ရှုပ်ထွေးမှုနှင့် အချိန်ကာလ၏ ခါးသီးဖွယ်ရာကို မြင်၏။ ပြန်လည်မွေးဖွားဖို့ ရွေးချယ်ခြင်းသည် သူမအတွက် အကောင်းဆုံး ဖြစ်ချင်ဖြစ်နိုင်သည်။
ဝမ်လင်းသည် ထပ်၍ စကားမဆိုတော့ပေ။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ကာ သူ့လက်ဝါးကို ဖြန့်လိုက်၏။ ယွမ်နန်သည် ဝမ်လင်းထံ ပျသန်းလာရင်း သူမ၏စိတ်ဝိညာဉ်သည် လက်သီးအရွယ်အစားခန့် အလင်းလုံးထိ ကြုံ့သွားကာ ဝမ်လင်း၏လက်ဝါးပေါ်တွင် လွင့်မြောသည်။
ဝမ်လင်းက သူ့လက်ကို ပြန်ဆုပ်လိုက်ပြီး ထိုအလင်းကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ သူသည် သည်ချိပ်ပိတ်ထားသော ရေခဲလောကကို တစ်ချက်ထပ်ကြည့်လိုက်ပြီးနောက် ထွက်ခွာလာတော့၏။
သည်လှိုဏ်ဂူလောက၏ ဟင်းလင်းပြင်တစ်ခုလုံးသည် ဝမ်လင်းအတွက် ရင်းနှီးပေ၏။ သူက အလွန်မြန်ဆန်စွာ မရွှေ့လျားပေ။
ဝမ်လင်းသည် နောက်တစ်ယောက်ကိုလည်း ဤသို့အလားတူ ကတိမျိုး ပေးထားခဲ့၏။ သူမက တိမ်ပင်လယ်၏ အတွင်းနက်ပိုင်းတွင် ရှိနေကာ သူမ၏နာမည်မှာ ဖန်ရှန်လုပင်။
ဖန်ရှန်လုက သနားဖို့ကောင်းသော အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမက ကောင်းကင်ဘုံအုပ်စိုးသူ၏ ပထမဆုံးကိုယ်လုပ်တော် ဖြစ်ကာ ဖန်ရှန်မင်၏ ညီမဆိုလည်း ဟုတ်သည်။ သို့သော် သူမက လှိုဏ်ဂူလောက၌ အချိန်အတန်ကြာ နေထိုင်ခဲ့ရပြီး ဝမ်လင်း၏ သွေးကျိန်ဆိုမှု ရဖို့အတွက် သူမအမ၏ ပုံရိပ်ယောင်၌ ပိတ်မိနေခဲ့ရသည်။
“သူမဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက လူတစ်ယောက်ပဲ။ ဒါ့ကြောင့် သူမ ထွက်သွားဖို့ ပြန်လည်မွေးဖွားဖို့ မလိုအပ်ဘူး…” ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းကာ အလုံးစုံကောင်းကင်ကို ဖြတ်၍ တိမ်ပင်လယ်ထံသို့ ဝင်ရောက်လာသည်။ သူက ဖန်ရှန်လု ရှိနေသော အက်ကြောင်း၏အတွင်းနက်ပိုင်းထိ ဝင်လာခဲ့သည်။
ဖန်ရှန်လုကို ခေါ်ယူမည့်အပငြ် ဝမ်လင်း မေ့လုနီးပါး ဖြစ်နေသော တစ်စုံတစ်ခု ရှိနေသေး၏။ သူ မထွက်သွားခင် သည်တစ်လ၌ သူက ဤသည်ကို ရုတ်တရက် မှတ်မိသွားခဲ့ခြင်းပင်။
သူသည် တခါတုန်းက ကျင့်ကြံမှုအဆင့်တစ်ခုရှိသော ခန္ဓာကိုယ်တစ်ခုကို ပေးမည်ဟု လူထူးဆန်းငယ်တစ်ယောက်ကို ကတိပေးထားခဲ့ဖူးသည်။ ထိုသူ၏ စိတ်ဝိညာဉ်မှာ သူ၏သိုလှောင်နေရာလွတ်အတွင်း ရှိနေသည်မှာ အချိန်ကြာမြင့်လွန်းခဲ့လေပြီ။