← Chapters

မိစ္ဆာမျိုးနွယ် ပြန်လည်ထွက်ပေါ်လာခြင်း

Vol. 33 Ch. 434

မိစ္ဆာမျိုးနွယ် ပြန်လည်ထွက်ပေါ်လာခြင်း

Vol. 33 Ch. 434

ယွမ်ရှောင်၏ လက်နှစ်ဖက်က တရစပ် လှုပ်ရှားနေပြီး ရတနာများ၊ အရင်းအမြစ်များနှင့် သတ္တုရိုင်း တန်ချိန်များစွာ သိုလှောင်အိတ်အတွင်း ပစ်ထည့်ခံလိုက်ရပြီး အသုံးအဆောင်ပစ္စည်းများပင် မကျန်ပေ။ သူက လက်အတွင်း မည်သည့်အရာ ပါလာကြောင်းပင် စစ်ဆေးမနေဘဲ တစ်ထပ်လုံး သိမ်းဆည်းသွားရန်သာ စိတ်လောနေ၏။ နေ့ခင်းဘက်တွင် ထန်ဝမ်ချန်သည် စျေးနှုန်းကို မတရား မြှင့်တင်ခဲ့ပြီး သူ့ကို ဆင်းရဲသားအဖြစ် လှောင်ပြောင်ခဲ့သော်လည်း လက်ရှိတွင် လက်အောက်ခံ တစ်ယောက် ဖြစ်လာကာ အရာရာ ဆက်သလျက်ရှိသည်။ လနီသည်လည်း ကျောက်တုံးလား ရတနာလားပင် ဂရုမစိုက်ဘဲ တကျိုက်တည်း ဝါးမျိုစားသောက်၍ ချေဖျက်နိုင်ခြင်း ရှိမရှိ စဥ်းစားမနေတော့ချေ။

"ရပ်လိုက်တော့။ စားပိုးနင့်ပြီး သေနေဦးမယ်"

"မစိုးရိမ်ပါနဲ့။ ငါတို့ဗိုက်က နည်းနည်းလောက် ဆန့်ဦးမှာပါ"

ကြယ်ပြာက စိတ်ပျက်စွာ သတိပေးလိုက်သော်လည်း လနီသည် လျစ်လျူရှု၍ ဆက်လက်စားသောက်နေကာ ဤလောဘသားများလက်ချက်နှင့် အထပ်၃၀တစ်ခုလုံး ပြောင်သလင်းခါသွား၏။ ထန်ဝမ်ချန်သည် လုံခြုံရေး အစီအရင်များကို ပိတ်သိမ်းထားသောကြောင့် ဆူညံသံများ ကျယ်လောင်နေသော်လည်း အောက်အထပ်များမှာ မည်သည်မှ သံသယမဝင်ဘဲ ပုံမှန်အတိုင်း လည်ပတ်နေကြသည်။ ထန်ဝမ်ချန်မှာ ကြမ်းပြင်တွင် ဝပ်တွားရင်း ယွမ်ရှောင်ကို ဘုရားသခင်တစ်ယောက်ပမာ ကိုးကွယ်ဆည်းကပ်ရင်း ကျေနပ်စွာ စောင့်ကြည့်နေသည်။

အထပ်၃၀ကို သိမ်းဆည်းပြီးနောက် သူက အနားယူမနေဘဲ အထက်သို့ ဆက်တက်သွားကာ အရာရာ သိမ်းပိုက်ပစ်လိုက်၏။ ၃၃ထပ်မှာ သီးသန့်ဧည့်သည်များအတွက် ရည်ရွယ်ထားပြီး လက်ဖက်ရည်ခန်းနှင့် သေရည်ဝိုင်းများပင် တည်ရှိကာ မျှော်စင်ပိုင်ရှင် ကိုယ်တိုင် ဧည့်ခံရသည်။ ဤနေရာသို့ ဝင်ခွင့်ရှိသူများမှာ အဆင့်အတန်း အလွန်မြင့်မားပြီး ကောင်းကင်အရာရှိများနှင့် စံအိမ်သခင်များပင် လာခွင့်မရှိချေ။ အင်မော်တယ်သုံးပါး၏ သစ္စာရှိနောက်လိုက်တစ်ယောက် ဖြစ်သော မျှော်စင်ပိုင်ရှင်သည် သမီးဖြစ်သူမှာ ဦးနှောက်ဆေးခံရပြီး ရန်သူထံ ရတနာများ ပေးအပ်လိုက်လိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးမည် မဟုတ်ပေ။ ထန်ဝမ်ချန်ကိုယ်တိုင် လိုလိုလားလား ကူညီနေသောကြောင့် တားမြစ်အစီအရင်များ အားလုံး ပိတ်သိမ်းခံလိုက်ရသဖြင့် အဟန့်အတား လုံးဝ မရှိချေ။

ယွမ်ရှောင်က ကန့်သတ် ဧရိယာတစ်ခုအတွင်း ဝင်ရောက်သွားသောအခါ ကျောက်စိမ်းသေတ္တာ ဒါဇင်ချီကို တွေ့လိုက်ရပြီး တစ်ခုချင်းစီ၌ ကပ်ဘေးနတ်ဆိုးအရိုးများ ရှိနေသည်။ သေတ္တာအထက်တွင် တင်ထားသော ကျောက်ပြားများ၌ ၎င်းတို့၏ အမျိုးအစားနှင့် ဇစ်မြစ်ကို အသေးစိတ် ဖော်ပြထား၏။ သူက အရာရာကို သိမ်းဆည်းပစ်လိုက်ရန် တွန့်ဆုတ်မနေဘဲ သိုလှောင်အိတ်အတွင်း ကျောက်စိမ်းသေတ္တာများ အစီအရီ ဝင်ရောက်သွားသည်။ နောက်ဆုံးလျှို့ဝှက်ခန်းမတွင် အနက်ရောင် သေတ္တာ ရာပေါင်းများစွာ တည်ရှိပြီး ကပ်ဘေးအရိုး သေတ္တာများနှင့် မတူညီဘဲ မိတ်ဆက်စာသား လုံးဝ မရှိသောကြောင့် ဖုံးကွယ်ထားကြောင်း သိသာနေသည်။ သေတ္တာတစ်ခုကို ဖွင့်ကြည့်လိုက်သောအခါ သူ မျှော်လင့်ထားသည့်အတိုင်း ဓားနှလုံးသားတစ်ခု တွေ့လိုက်ရသည်။ အားလုံးမှာ ထိပ်တန်းအဆင့် ဓားနှလုံးသားများချည်း ဖြစ်ပြီး ထူးခြားခြင်း အစွမ်းထက်ခြင်း မရှိလျှင် ဤမျှလောက် လျှို့ဝှက်စွာ သိမ်းဆည်းထားမည် မဟုတ်ချေ။

"ဓားကျင့်ကြံသူတွေ နောက်ဆုံး ထွန်းလင်းတောက်ပစေဖို့ ဒီသေတ္တာတွေထဲမှာ အကျိုးမရှိ သိမ်းဆည်းမထားသင့်ဘူး။ ရှေးဟောင်းဘိုးဘေးတို့ ကျုပ် ယွမ်ရှောင်က လောကကြီးကို အကျိုးပြုဖို့ နောက်ဆုံးအသက်စွမ်းအားကို အသုံးပြုခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ခင်ဗျားတို့က အင်မော်တယ်သုံးပါးနဲ့ ပတ်သက်နေရင်တော့ သောက်ဂရုမစိုက်ဘူး။ ဒါတွေကိုသုံးပြီး ခင်ဗျားတို့ မျိုးဆက်တွေကို ရှင်းပစ်တော့မှာမလို့ပဲ"

ယွမ်ရှောင်က တိုင်တည်နေရင်း သေတ္တာများအားလုံးကို သိုလှောင်အိတ်အတွင်း ထည့်သွင်းလိုက်သောအခါ အလွန်လေးလံလာခဲ့သည်။ သူက ကျေနပ်စွာ ရယ်မောရင်း ပတ်ပတ်လည်သို့ ကြည့်လိုက်သောအခါ တိုင်လုံးများနှင့် ကန့်လန့်ကာများမှအပ မည်သည့်အရာမျှ မကျန်ရစ်ပေ။ အင်မော်တယ်သုံးယောက်ခေါ် ဂူကျင့်ကြံသူများက နောက်ဆုံး ခြေလှမ်းအဖြစ် အသက်ဝါးမျိုပိုးကောင်များအား အသက်သွင်းလိုက်လျှင် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်ပြီး သူတို့၏ လက်ပါးစေများပင် ချွင်းချက်မရှိသောကြောင့် သူ့အနေဖြင့် ဤသို့ လုယက်ရခြင်းအပေါ် အပြစ်ရှိစိတ် ပေါ်မလာခဲ့ချေ။

"အင်မော်တယ်ယွမ်"

ယွမ်ရှောင်သည် ကျောက်စိမ်းအင်မော်တယ်မျှော်စင်၏ အဖိုးတန်ရတနာများကို သိမ်းယူသွားခဲ့သော်လည်း ထန်ဝမ်ချန်မှာ မျက်ကန်း ကိုးကွယ်နေဆဲပင်။ အခြားလူများကို ဦးနှောက်ဆေး၍ အကိုးကွယ်ခံရခြင်းက စိတ်လှုပ်ရှားစရာနှင့် ကျေနပ်စရာများ ပြည့်နှက်နေသောကြောင့် အင်မော်တယ်သုံးယောက် ဤလမ်းစဥ်ကို ဖက်တွယ်နေခြင်းမှာ အထူးအဆန်း မဟုတ်ပေ။ ဤနယ်မြေရှိ လူသားများက မီးကို ဝင်တိုးနေသော ပိုးဖလံများကဲ့သို့ အမြင်မှားနေကြပြီး ထန်ဝမ်ချန်သည်လည်း ယွမ်ရှောင်အတွက် ပိုးဖလံတစ်ကောင် ဖြစ်လာခဲ့သည်။

"မင်း မြင်ခဲ့တာ အရမ်းများနေပြီး သဲလွန်စတွေလည်း ရှိနေတယ်။ စိတ်မကောင်းပါဘူး။ မင်း သေပေးရလိမ့်မယ်"

"အင်မော်တယ်ယွမ်အတွက် သေဆုံးရခြင်းက ကျွန်တော်မျိုးမရဲ့ မျိုးရိုးတစ်ခုလုံးအတွက် ဂုဏ်ယူစရာပါ"

ယွမ်ရှောင်က စိုက်ကြည့်လိုက်သောအခါ သေရမည်ဖြစ်သည့်တိုင်အောင် ထန်ဝမ်ချန်မှာ ကျေနပ် ပျော်ရွှင်နေ၏။ လရောင် လွှမ်းခြုံထားသော မျှော်စင်အပြင်ဘက်ရှိ လမ်းများအထက်တွင် လူများ စည်ကားသက်ဝင်နေပြီး ပြုံးပျော်နေကြ၏။ နေ့ခင်းဘက်တွင် မိန်းကလေးငယ်များကို သတ်ဖြတ်၍ အလောင်းများ ပစ်ချထားခဲ့သော်လည်း သန့်ရှင်းစွာ တိုက်ချွတ် ဆေးကြောထားသည်။ လမ်းပေါ်တွင် သွားလာနေသူများက သူတို့အကြောင်း မေ့လျော့သွားပြီး ရယ်မောပျော်ရွှင်ရင်း နီးကပ်လာသည့် အင်မော်တယ်သုံးပါးနေ့ကို မီးထွန်းပူဇော်နေကြသည်။

"ကျောက်စိမ်းအင်မော်တယ်မျှော်စင် အရှေ့ကို ဆင်းပြီး သွေးနဲ့ မိစ္ဆာသင်္ဘောလို့ ရေးလိုက်။ ပြီးရင် ကိုယ့်ကိုကိုယ် သတ်သေ"

အချိန်အတန်ကြာပြီးနောက် ယွမ်ရှောင်က အတွေးနက်နေရာမှ သတိပြန်ဝင်လာကာ လေးစားရိုသေစွာ စောင့်ဆိုင်းနေသည့် ထန်ဝမ်ချန်ကို အမိန့်ပေးလိုက်သည်။

"အမှုတော်ထမ်းခွင့် ပေးတဲ့အတွက် အင်မော်တယ်ယွမ်ကို ကျေးဇူးတင်ပါတယ်"

သူမက နက်ရှိုင်းစွာ ရှိခိုးဦးချ၍ မျက်ဝန်းများတွင် စိတ်အားထက်သန်မှုဖြင့် တောက်လောင်နေခဲ့၏။

ညနက်သန်းခေါင်တွင် အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်း ယောကျ်ားတစ်ယောက် လမ်းပြအသင်းနန်းတော်သို့ ရောက်ရှိလာသည်။

"သခင်ဟဲ ညနက်သန်းခေါင် အကြောင်းထူး ရှိလို့လား။ ညွှန်ကြားစရာ တစ်ခုခု ရှိပါသလား"

ဝင်ပေါက်တွင် ကင်းစခန်းတစ်ခုရှိပြီး အကြီးအကဲတစ်ယောက်က တက်ကျမ်း ကျင့်စဥ်ကို ဝီရိယရှိရှိ ကျင့်ကြံနေသည်။ သူက ထိုလူကို သတိပြုမိသည်နှင့် တပြိုင်နက် ကျင့်ကြံခြင်း ရပ်တန့်၍ အပြေးအလွှား ကြိုဆိုခဲ့၏။

"ထန်ယုရယ် ရှိလား"

သခင်ဟဲက ဝင်ပေါက်တံခါးကို ဖြတ်သန်း၍ ကြည့်လိုက်သော်လည်း အတွင်း၌ ပိန်းပိတ်အောင် မည်းမှောင်နေသည်။

"ဟုတ်ကဲ့၊ လူတိုင်း ရှိပါတယ်။ ကျောက်စိမ်းအင်မော်တယ်မျှော်စင်က သခင်မလေးထန်လည်း ရောက်ရှိနေပြီး အောင်ပွဲခံနေကြပါတယ်။ ကျုပ် သွားပြီး အကြောင်းကြားလိုက်ပါမယ်"

"မလိုဘူး"

တံခါးစောင့် အကြီးအကဲက မျက်နှာလိုမျက်နှာရဖြင့် ဖားလိုက်သော်လည်း သခင်ဟဲသည် လက်ကာပြ၍ ကိုယ်တိုင် ဝင်ရောက်သွား၏။

"ယုရယ် မနက်ဖြန် မင်းနဲ့လူတိုင်း ဆန်းကြယ်ဘုရားကျောင်းကို လာရမယ်။ ဘုရားကျောင်းအကြီးအကဲက ခေါင်းဆောင်တစ်ယောက် ခန့်အပ်လိမ့်မယ်"

သူက အော်ဟစ်၍ ပြောလိုက်သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသည့်အပြင် လေထဲမှ သွေးနံ့ကို ရလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

"တစ်ခုခု မှားနေပြီ"

သခင်ဟဲသည် နန်းတော်အတွင်း အလောတကြီး ဝင်ရောက်သွားကာ အခန်းတစ်ခုထံမှ သွေးများ စီးထွက်နေကြောင်း ရှင်းရှင်းလင်းလင်း တွေ့သွားခဲ့သည်။ သူက တံခါးကို ဘုန်းခနဲ ဖွင့်၍ ခုန်ဝင်သွားသောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဖင်ထိုင်ရက် လဲကျသွားကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်ပြီး နှလုံးရပ်မတတ် ကြောက်လန့်သွား၏။ အခန်းထဲတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော အလောင်းရာချီ ပြန့်ကြဲနေပြီး အထိတ်တလန့်ဖြင့် မျက်လုံးများ ပြူးကျယ်နေသော ခေါင်းပြတ်များကို မိစ္ဆာ ဟူသော စကားလုံး အဖြစ် စီထားလေသည်။

All Chapters