ယွမ်ရှောင်၏ ကစားကွက်
Vol. 33 Ch. 435
အချိန်တစ်ခုအကြာတွင် အခင်းဖြစ်ရာ လမ်းပြအသင်းနန်းတော်သို့ ဆန်းကြယ်ဘုရားကျောင်း အာဏာပိုင်များ ရောက်ရှိလာကာ တင်းတင်းကြပ်ကြပ် စည်းချထားသည်။ စီချင်းသည် များပြားလှသော သခင်များနှင့်အတူ ရောက်ရှိလာကာ မည်သူမျှ နှောင့်ယှက်ရဲခြင်း မရှိသော သွေးစွန်းအခန်းထံ ချဥ်းကပ်လာ၏။ သူမ၏ အနီရောင် မျက်ဝန်းများနှင့် ခေါင်းပြတ်စာလုံး တွေ့ဆုံသွားကာ ထိပ်ဆုံး၌ ထန်ယုရယ်၏ ခေါင်းပြတ် နေရာယူထားသည်။ ခေါင်းပြတ်တစ်ခုချင်းစီသည် ကြောက်စိတ်နှင့် မျှော်လင့်ချက်မဲ့မှုတို့ ဖော်ထုတ်ပြသနေပြီး နာကျင်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေ၏။ ဤမြင်ကွင်းသည် ရောက်ရှိလာသူတိုင်းအတွက် ကြောက်မက်ဖွယ် ထိုးနှက်ချက် ဖြစ်ကာ အားလုံးမှာ အင်မော်တယ်သုံးပါး၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်ကြသည်။ ရှေးဟောင်းကျောင်းတော်သို့ မဝင်ရောက်ခဲ့လျှင်ပင် သူတို့သည် အပြင်ဘက်၌ လွှမ်းမိုးနိုင်စွမ်း ကြီးမားသော သခင်လေး၊ သခင်မလေးများ ဖြစ်ရာ ဆန်းကြယ်ဘုရားကျောင်းအတွက် လက်တစ်ဖက် ပြုတ်ထွက်သွားသကဲ့သို့ အထိနာလှ၏။
လူတိုင်း၏ စိတ်ထဲတွင် ၎င်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေ တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ရက်စက်ကြမ်းကြုတ်မှုဖြစ်ကြောင်း နားလည်ထားသည်။ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သော စီချင်း၏ တည်ရှိမှုသည် သွေးပင်လယ်အလား အေးစက်၍ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ပြင်းထန်နေ၏။
"မိစ္ဆာတွေ ပြန်ပေါ်လာကြပြီလား"
သူမ၏ နှုတ်ခမ်းများ လှုပ်ရှား၍ ထိုစကားလုံးများ အသံတိတ် ထွက်ပေါ်လာကြသည်။
"ဘုရားကျောင်းအကြီးအကဲ သွေးမိစ္ဆာသင်္ဘော ပျက်စီးသွားတာ ကြာပါပြီ။ ဒီနယ်မြေမှာ သွေးနှောက လွဲရင် မိစ္ဆာတွေ မရှိနိုင်ပါဘူး။ မိစ္ဆာမျိုးနွယ်ကို အသုံးချပြီး ဒီဖြစ်ရပ်မျိုး ရက်ရက်စက်စက် ကျူးလွန်နိုင်တဲ့ လူတွေကတော့ ရှိနိုင်ပါတယ်"
သတ်ဖြတ်ခံရသူများအနက် သားနှင့် သမီး ပါဝင်ပြီး အခင်းဖြစ်ရာကို ပထမဆုံးအကြိမ် မြင်သူလည်း ဖြစ်သော သခင်ဟဲက ဒူးထောက်၍ တိုင်တန်းနေသည်။
"ဘယ်သူလို့လဲ"
စီချင်းက ငုံ့ကြည့်၍ တစ်လုံးချင်း မေးသည်ါ
"ယွမ်ရှောင်။ သူက ရက်စက်ကြမ်းကြုတ်ပြီး ဒီကလေးတွေနဲ့ ပြဿနာ ဖြစ်ထားတယ်။ သူ့ခွန်အားကို အမြဲတမ်း ဖုံးကွယ်ထားတာဆိုတော့ သူ့လက်ချက် ဖြစ်ကိုဖြစ်ရမယ်"
သူ၏ မျက်လုံးများက အနီရောင် ပြောင်းလဲနေကာ တရားခံ ဖြစ်နိုင်ချေကို ထုတ်ပြောလိုက်သောအခါ အကြည့်အားလုံး စီချင်းထံ ရောက်ရှိကုန်သည်။
"သူ့ကို ချက်ချင်း ဖမ်းဆီးရမယ်။ ငါးရက် ဥပဒေကို မေ့လိုက်တော့"
ကျန်သခင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံလိုက်ကြ၏။
"ငါ သူ့ကို သွေးလင်းနို့ကျိန်စာနဲ့ အမြဲတမ်း ခြေရာခံထားတယ်။ ဒီည အရုဏ်ဦးအိမ်တော်မှာပဲ ရှိနေတယ်"
"ယွမ်ရှောင် မဟုတ်ဘူးလား"
စီချင်း၏ စကားကြောင့် သခင်ဟဲမှာ မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ သွေးလင်းနို့ကျိန်စာကို အစွမ်းထက်သူတစ်ယောက်က ဖျက်ဆီးနိုင်ချေ ရှိသော်လည်း ပျက်စီးသွားလျှင် အရုဏ်ဦးအိမ်တော်၌ ၎င်း ကျန်ရှိနေလိမ့်မည် မဟုတ်ချေ။
"တကယ့်မိစ္ဆာတစ်ကောင်များလား"
လူအုပ်ကြီးက မျက်မှောင်ကြုတ်၍ စဥ်းစားရခက်နေစဥ် သခင်တစ်ယောက်သည် အလန့်တကြား ရေရွတ်လိုက်မိသည်။
"ဆုံးဖြတ်တာ မစောနဲ့။ လမ်းပြအသင်းနန်းတော်ကို ချိတ်ပိတ်ထားပြီး တွေ့သမျှ သဲလွန်စ လိုက်ရှာစမ်း"
ဆန်းကြယ်ဘုရားကျောင်း လူစုသည် စီချင်း၏ အမိန့်နှင့်အတူ လမ်းပြအသင်းနန်းတော် အတွင်းခန်းသို့ ဝင်ရောက်လာကြပြီး ရက်စက်လွန်းသော အဖြစ်ကြောင့် မျက်နှာများ မည်းနက်နေသည်။ သမိုင်းတွင် ရှေးဟောင်းအပျက်အစီးနယ်မြေကို အုပ်ချုပ်ခဲ့သော အင်မော်တယ်သုံးပါး မျိုးဆက်များမှာ ကြေကွဲဖွယ် အဆုံးသတ်သွားသောကြောင့် သူတို့၏ ဒေါသကို စကားဖြင့်ပင် မဖော်ပြနိုင်ချေ။
"တစ်ခုတည်းသော လွတ်နေတဲ့ သဲလွန်စက ထန်ဝမ်ချန်ပဲ။ ဒီနေရာကို ရောက်ခဲ့ပေမယ့် အလောင်းတွေကြားမှာ မရှိဘူး။ မင်း အဖွဲ့တစ်ခုကို ဦးဆောင်ပြီး ကျောက်စိမ်းအင်မော်တယ် မျှော်စင်ဆီ သွားရှာလိုက်"
စီချင်း၏ အမူအရာက လေးနက်တည်ငြိမ်သွားကာ သခင်ဟဲကို ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့"
သခင်ဟဲသည် နောက်လိုက်တစ်စုဖြင့် အလျင်အမြန် ထွက်ခွာသွားသော်လည်း ခဏအတွင်း ပြန်လည်ရောက်ရှိလာကာ မျက်နှာတစ်ခုလုံး ရှုပ်ထွေးနေ၏။
"ဘာလို့ ဒီလောက်မြန်မြန် ပြန်လာတာလဲ"
"သဲလွန်စ ပျောက်သွားပြီ"
"ဘာကို ဆိုလိုတာလဲ"
သခင်ဟဲ၏ အသံက တုန်ရီနေသဖြင့် သူမ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည်။ အကြောင်းမှာ သတင်းတစ်ခု ရောက်ရှိလာသောကြောင့် ဖြစ်ပြီး ထန်ဝမ်ချန်သည် ကျောက်စိမ်းအင်မော်တယ် မျှော်စင်ရှေ့၌ ကိုယ့်ကိုကိုယ် သတ်သေ၍ လည်ချောင်းသွေးဖြင့် မိစ္ဆာသင်္ဘောဟူသော စကားလုံးများ ရေးသွားခဲ့သည်။
"သတ်သေတာလား။ ဒါက သေချာလား"
"ဟုတ်ပါတယ်။ သူ့စိတ်နဲ့သူ သတ်သေသွားတာကို လူထောင်ချီ မြင်ခဲ့တယ်"
သခင်ဟဲက ကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲသော်လည်း သတင်းမှာ မှန်ကန်နေ၏။
"ဘုရားကျောင်းအကြီးအကဲ ပိုဆိုးတာ ရှိပါသေးတယ်"
စီချင်းတစ်ယောက် အသက်ပင် ဝအောင် မရှူရသေးခင် နောက်ထပ်သတင်းတစ်ခု ရောက်လာသဖြင့် မျက်မှောင်ကြုတ်သွားသည်။ ကျောက်စိမ်းအင်မော်တယ်မျှော်စင်၏ အထူးသီးသန့် အထပ်များရှိ ရတနာအားလုံး ပြောင်သလင်းခါနေကာ ထန်ဝမ်ချန်ကိုယ်တိုင် လုံခြုံရေးအစီအရင်များကို ပိတ်ထားခဲ့၏။
"မျှော်စင်ရဲ့ အထူးဧရိယာက ရတနာအားလုံး လုယူခံလိုက်ရတာလား။ တကယ်ကို အများကြီးပဲ"
"ဒါက လူသတ်သမားရဲ့ ပန်းတိုင်လား။ ဒီကလေးတွေနဲ့ ထန်ဝမ်ချန်ကို သတ်လိုက်တာက မိစ္ဆာမျိုးနွယ်ရဲ့ သတိပေးချက်များ ဖြစ်နေမလား"
သခင်များအားလုံး မျက်နှာများ တင်းမာ၍ အတွေးရခက်နေကြသည်။ အခင်းဖြစ်ရာ နေရာနှစ်ခုလုံးသည် သက်ရောက်မှု ကြီးမား၍ အစွမ်းထက်ရန် လိုအပ်သောကြောင့် ယွမ်ရှောင် မဖြစ်နိုင်ဟု အထင်မှားစပြုလာသည်။ ယခင်က သူ လုပ်ခဲ့သမျှမှာ လူတစ်ယောက် နှစ်ယောက် သတ်သည့် ပြစ်မှုများသာ ဖြစ်ပြီး ဤအမှုအခင်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေ နှင့် အင်မော်တယ်သုံးပါးကို တိုက်ရိုက်စိန်ခေါ်ခြင်း ဖြစ်သည်။ ဤပြစ်မှု အမျိုးအစားမှာ အဆင့်ချင်းပင် မတူညီကြချေ။
"ကျုပ်ထင်တာတော့ မိစ္ဆာဆိုတာက လမ်းလွှဲတာ ဖြစ်နိုင်တယ်။ ဒီလောက်အစွမ်းနဲ့ဆိုရင် အမေ့ခံပင်လယ်ရဲ့ နတ်ဆိုးတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့က အကြံထုတ်ရာမှာ မကျွမ်းကျင်ဘူး။ ကျောင်းအုပ်ယွီနဲ့ နောက်လိုက်တွေ လက်ချက်များလား။ သူတို့က ယွမ်ရှောင်ကို လူမြင်ကွင်းမှာ တည်ကြက်ထားပြီး နောက်ကွယ်က သတ်ဖြတ်နေတာရော မဖြစ်နိုင်ဘူးလား"
သခင်ဟဲက နက်နက်ရှိုင်းရှိုင်း မျက်မှောင်ကြုတ်နေရင်း သူ့အတွေးကို ထုတ်ပြောလိုက်သည်။
"လက်ရှိ အခြေအနေအရ ဒါမျိုးလုပ်ရင် ယွီချန်အတွက် သေလမ်းပဲ ရှိတယ်။ သတ္တိရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် သတိတော့ ထားရမယ်"
စီချင်းက အေးစက်စက် ပြုံး၍ ညွှန်ကြားလိုက်ပြီး မည်သူဖြစ်ပါစေ အင်မော်တယ်သုံးပါး မျိုးဆက်ကို စိန်ခေါ်လိုလျှင် သေရမည်ဟု ကြုံးဝါးလိုက်သည်။ ဤအမှုကို သူမတစ်ယောက်တည်း ကိုင်တွယ်ရန် ကြီးမားလွန်းသောကြောင့် နယ်မြေကြီးသုံးခုထံ အကြောင်းကြားကာ လိုအပ်လျှင် အင်မော်တယ်သုံးပါးထံ ရောက်သွားပေလိမ့်မည်။ ထိုအချိန်တွင် ထန်ယီလန် အူယားဖားယား ရောက်ရှိလာပြီး သားဖြစ်သူ သေဆုံးထားသဖြင့် ငိုကျွေးခဲ့သော မျက်ရည်များပင် မခြောက်သေးပေ။
"ကောင်းကင်ရင်းမြစ်နယ်က ရှင့်ကို ဆင့်ခေါ်နေတယ်။ ချက်ချင်း သွားပါ"
"ကောင်းပြီ။ ဒီကိစ္စအတွက် စိတ်မကောင်းပါ"
သူမက သတင်းပေးပြီးနောက် စီချင်းကို ဂရုမစိုက်တော့ဘဲ လေးကန်သော ခြေလှမ်းများဖြင့် ရှေ့ဆက်လိုက်သောအခါ ထန်ယုရယ်၏ ခေါင်းပြတ်အား ထင်ရှားစွာ မြင်လိုက်ရ၏။ မြေပြင်ကို ဘုတ်ခနဲ လဲကျ၍ နာကျင်စွာ အော်ငိုလိုက်သဖြင့် ကြားရသူတိုင်း သနားစဖွယ် ဖြစ်သော်လည်း အင်မော်တယ်သုံးပါး မျိုးဆက်များသာ ကရုဏာ ဖြစ်ပေလိမ့်မည်။
"လူသတ်သမားကို ရှာပြီး တစ်ဆွေလုံးတစ်မျိုးလုံး သတ်ပေးရမယ်"
သူမသည် ကောင်းကင်ရင်းမြစ် နယ်မြေသို့ သွားရန် လှည့်လိုက်သော စီချင်းထံ ရက်စက်စွာ တောင်းဆိုခဲ့သည်။
"စိတ်ချပါ။ ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငါတို့ ဘယ်တုန်းကမှ အားမနည်းခဲ့ဘူး"
စီချင်းက နောက်ပြန်လှည့်ကြည့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ကတိပေးလိုက်လေသည်။
ကျောက်စိမ်းအင်မော်တယ် မျှော်စင် အရှေ့တွင် ထန်ဝမ်ချန်သည် လည်ချောင်းကို ကိုယ်တိုင် ထိုးဖောက်၍ သတ်သေသွားခဲ့သည်။ သို့သော် သူမ၏ မျက်နှာက ကျေနပ်နေသယောင် ပြုံးနေပြီး မိစ္ဆာသင်္ဘောဟူသော စကားလုံး၏ အလယ်တွင် လဲလျောင်းနေ၏။ လူပေါင်းများစွာ စုဝေးရောက်ရှိလာကာ ညသန်းခေါင်ဖြစ်သော်လည်း အရေအတွက် သောင်းချီသဖြင့် ဤကိစ္စ လေးနက်ကြောင်း သိသာပေသည်။
"မင်းတို့ ကြားပြီးပြီလား။ လမ်းပြအသင်းနန်းတော်က တပည့်တစ်ရာလည်း အသတ်ခံလိုက်ရပြီး မိစ္ဆာ စာလုံးကို ခေါင်းပြတ်တွေနဲ့ စီထားခဲ့တယ်တဲ့"
မိစ္ဆာနှင့် မိစ္ဆာသင်္ဘော ဤစာလုံးများနှင့် ဖြစ်ရပ်နှစ်ခု ဆက်စပ်သွားသောအခါ နယ်မြေတစ်ခုလုံး တုန်လှုပ်ပေါက်ကွဲသွားစေသည်။
"လူတွေ အရမ်းများနေပြီ။ ကျုပ်တို့အကြောင်း မပေါ်ခင် ထွက်သွားကြမလား"
လူအုပ်အကြားတွင် ရောက်နေသော ယွမ်ဖူက ဖခင်ကို အကြံပေးလိုက်ခြင်း ဖြစ်သည်။
"သွားကြစို့"
ယွမ်ကျန်းထန်က အံကြိတ်၍ ထန်ဝမ်ချန်၏ အလောင်းကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။
"ပြည်သူတွေက ယွမ်ရှောင်လက်ချက်လို့ ထင်နေကြတယ်။ အဖေ ဒါက ဟုတ်ပါ့မလား"
"အကုန် ငတုံးတွေ။ ဒီကိစ္စကို ယွမ်ရှောင် လုပ်ခဲ့တာဆိုရင် ငါ့ကျင်ငယ်ရေ ငါ သောက်ပစ်လိုက်မယ်"
"ဒါဆိုရင် တကယ့်မိစ္ဆာလား။ ဒါမှမဟုတ်ရင် သိုင်းဧကရာဇ်မျိုးဆက် လက်ကျန်တွေ ရူးကုန်တာလား"
"ဒုတိယတစ်ခုကို ငါလည်း ဖြစ်စေချင်တယ်။ ဒါပေမယ့် ယွီချန်က အပြစ်ကင်းတာကို သက်သေပြဖို့ ကောင်းကင်ရင်းမြစ်နယ်မြေဆီ ရောက်နေပြီ။ စောစော ကောက်ချက် မချနဲ့။ တကယ့်တရားခံ မတွေ့သရွေ့ ငါတို့အတွက် အရှက်ရစရာပဲ။ နယ်မြေကြီး သုံးခု စုံစမ်းတာကို စောင့်ကြည့်ရအောင်"
ယွမ်ကျန်းထန်က လက်ကာပြ၍ ဆက်ပြီး မခန့်မှန်းရန် တားမြစ်လိုက်၏။
"အင်မော်တယ်သုံးပါးနေ့က ရောက်လာတော့မယ်။ ငရဲကိုးထပ်ကမ္ဘာမှာ နီအန်က သောင်းကျန်းနေတယ်။ မိစ္ဆာအတုတွေတောင် လမ်းပေါ် ထွက်လာရဲကြပြီ"
ယွမ်ဖူက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။
"အမေ့ခံပင်လယ်ရဲ့ နတ်ဆိုးတွေက နီအန်ကို ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ ကြားတယ်။ ဒီကောင့်ကို ကယ်လိုက်ရင် နတ်ဆိုးတွေအကုန် အစားခံလိုက်ရလိမ့်မယ်။ ဒီနတ်ဆိုးတွေရဲ့ ခေါင်းထဲမှာ ရေတွေ ပြည့်နေတာ ဖြစ်ရမယ်"
ယွမ်ကျန်းထန်က ရယ်မော၍ လှောင်ပြောင်လိုက်သည်။
သူတို့က စကားတပြောပြောနှင့် ကျောက်စိမ်းအင်မော်တယ် မျှော်စင် အနီးရှိ လျှို့ဝှက်စခန်းထံ ပြန်ရောက်လာကြသည်။ အင်မော်တယ်သုံးပါး မျိုးဆက်အတွက် အမှောင်ထဲမှ လှုပ်ရှားရသော လူသတ်သမားများအနေဖြင့် သွားလာခြင်းကို အထူး လျှို့ဝှက်၍ စခန်းကို မီးပင်မထွန်းထားကြပေ။