← Chapters

မိန်းကလေးများအတွက် လက်စားချေခြင်း

Vol. 33 Ch. 436

မိန်းကလေးများအတွက် လက်စားချေခြင်း

Vol. 33 Ch. 436

မှောင်မည်းနေသော အခန်းထဲသို့ သားအဖနှစ်ယောက် ပြန်ရောက်သောအခါ ထောင့်တစ်နေရာတွင် လှဲနေသည့် ကိုယ်လက်အင်္ဂါမရှိသော လူငယ်တစ်ယောက် ထရပ်ရန် ရုန်းကန်လိုက်သည်။ သားအကြီးဆုံးကို ဤအခြေအနေမျိုးဖြင့် မြင်လိုက်ရသောအခါ ယွမ်ကျန်းထန်၏ မျက်လုံးများ မီးတောက်သွားပြီး အလိုက်သိသော ယွမ်ဖူက အစ်ကိုဖြစ်သူအား ကူညီထူမပေးခဲ့၏။

"အပြင်မှာ အရမ်းဆူညံနေတယ်။ ဘာဖြစ်နေကြတာလဲ"

ယွမ်ဝူ၏ အမေးကို သူတို့က ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သောအခါ မျက်မှောင်ကြုတ်သွားစေသည်။

"ယွမ်ရှောင်ကို ငရဲကိုးထပ်ကမ္ဘာမှာ အရေးမကြီးဘူးလို့ ကျုပ် ထင်ခဲ့တယ်။ ဒါပေမယ့် ညီသုံးနဲ့ ကျုပ်က သူ ဘာလုပ်နိုင်သလဲ သေချာ မြင်ခဲ့ရတယ်။ အဖေ ကောင်းကင်ရင်းမြစ်နယ်မြေကို သွားပြီး သတိပေးလိုက်ပါ။ ငရဲကိုးထပ်ကမ္ဘာကို သေချာ စစ်ဆေးပြီး ပတ်သက်သမျှ လူတိုင်း သတ်ပစ်ရမယ်။ သူက လူတစ်ယောက်ရဲ့ အသိစိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိမရှိ ရှာဖွေကြည့်ပါ"

ယွမ်ဝူက အထက်ပါအတိုင်း လေးနက်စွာ အကြံပေးလိုက်သည်။

"အင်မော်တယ်သုံးပါးက ငရဲကိုးထပ်ကမ္ဘာ ဝင်ခွင့် ပိတ်ထားတယ်"

"အဖေကိုယ်တိုင် သွားစရာ မလိုဘူး။ ကောင်းကင်ရင်းမြစ်နယ်မြေကို အစီအရင်ခံစရာပဲ လိုအပ်တယ်။ သူတို့ဘာသာ လိုအပ်သလို စုံစမ်းစစ်ဆေးလိမ့်မယ်"

သူက စိတ်အားထက်သန်စွာ ပြောလိုက်သောကြောင့် အသစ်ပြန်ပေါက်လာသည့် နူးညံ့သော လျှာတိုလေးမှာ သွေးထွက်သွားသဖြင့် နာကျင်ခဲ့သည်။ ယွမ်ရှောင်ကို မုန်းတီးစိတ်ဖြင့် သူ၏ မျက်လုံးများ သွေးနီရောင် ပြောင်းလဲကာ မတွေးဘဲမနေနိုင်တော့ချေ။

"ငါ ကောင်းကင်ရင်းမြစ်နယ်မြေကို ချက်ချင်း သွားမယ်"

ယွမ်ကျန်းထန်သည် သားဖြစ်သူ နာကျင်ခံစားနေရသည်ကို မကြည့်ရက်သောကြောင့် ချက်ချင်း လှုပ်ရှားလိုခဲ့သည်။

"ဒေါက် ဒေါက် ဒေါက်"

ထိုအခိုက်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး အမှောင်သူလျှိုများ၏ စည်းမျဥ်းသည် မထင်မရှားနှင့် တိတ်တိတ်ဆိတ်ဆိတ် လှုပ်ရှားရန် ဖြစ်သောကြောင့် အော်ဟစ်ခြင်း ခေါ်ဆိုခြင်း မပြုဘဲ တံခါးခေါက်သည်မှာ သာမန်ပင်။

"ဝင်ခဲ့"

ယွမ်ကျန်းထန်က ပေါ့ပေါ့ဆဆ ဝင်ခွင့်ပေးလိုက်သောအခါ အဖြူရောင်ပုံရိပ်တစ်ခု ဝင်ရောက်လာပြီး ခပ်ပြုံးပြုံးနှင့် သားအဖ သုံးယောက်ကို ကြည့်နေခဲ့သည်။

"တစ်ယောက်ယောက် ငါ့နာမည်ကို ခေါ်နေသလိုပဲ"

ယွမ်ဝူ တုန်လှုပ်သွားပြီး ခြေထောက်မရှိသော်လည်း ထွက်ပြေးချင်နေကာ ယွမ်ဖူက ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဟန်ဖြင့် ပွတ်သပ်နေမိသည်။ ယွမ်ကျန်းထန်၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ်ဖြင့် သားနှစ်ယောက်ကို အလျင်စလို မလှုပ်ရှားရန် အချက်ပြထားလိုက်၏။

"ယွမ်ဝူ စကားပြောနေတာကို ငါ ကြားလိုက်တယ်။ မင်းက တော်တော်လေး ရဲတင်းတာပဲ ယွမ်ကျန်းထန်။ ဒီကောင့်ကို ကုသမပေးဖို့ ငါ ပြောထားတယ်။ သူ့လျှာက ဘယ်လို ပြန်ပေါက်လာတာလဲ"

ယွမ်ရှောင်က အေးစက်စက် ပြောလိုက်သော်လည်း ဖခင်ဖြစ်သူမှာ သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် အနီးကပ် ရင်ဆိုင်နေသောအခါ ယွမ်ဝူ မကြောက်လန့်တော့ပေ။

"မင်း ငါတို့နောက်က လိုက်လာတာလား"

ယွမ်ကျန်းထန်ကမူ မေးခွန်းကို မဖြေဘဲ ပြန်လည် မေးခွန်းထုတ်လိုက်ပြီး အပြင်သို့ စိုးရိမ်တကြီး လှမ်းကြည့်ကာ ယွမ်ရှောင်၌ အဖော်ပါမပါ စစ်ဆေးနေပုံရသည်။

"ထန်ဝမ်ချန် ကိုယ့်ကိုကိုယ် သတ်သေသွားတော့ မင်းတို့သားအဖ ချက်ချင်း ရောက်လာတယ်။ ကျောက်စိမ်းအင်မော်တယ် မျှော်စင်ရှေ့မှာ မိန်းပလေးငယ်တွေကို သတ်ပြီး ငါ့အပေါ် အပြစ်ပုံချတညက မင်းတို့ပဲ ထင်တယ်"

ယွမ်ရှောင်က ဒေါသထွက်နေသောကြောင့် အသံအက်ကွဲကွဲဖြင့် တစ္ဆေတစ်ကောင် စကားပြောနေသည့်အလားပင်။

"ဟား ဟား မင်းက ပုံရိပ်ဖမ်းပညာရပ်တစ်ခုနဲ့ နာမည်ကို အဖတ်ဆယ်ချင်တာလား။ မဖြစ်နိုင်ဘူး။ ရှေးဟောင်းအပျက်အစီးနယ်မြေက လူတိုင်း မြင်တယ်။ မင်းက ဒီမိန်းကလေးတွေကို သတ်ခဲ့တာပဲ။ မင်းလူတွေကို ခေါ်ပြီး ချက်ချင်း ထွက်သွားစမ်း"

ယွမ်ကျန်းထန်သည် သားနှစ်ယောက်ကို အနောက်ပို့၍ ကာကွယ်ပေးထားရင်း လှောင်ပြောင်လိုက်သော်လည်း အခြားတပ်ကူများ ရှိမည်ဟု စိုးရိမ်မကင်း ဖြစ်နေသည်။

"ငါတစ်ယောက်တည်းပါပဲ။ ဘယ်သူမှ မရှိပေမယ့် မင်းတို့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်လာတယ်"

ယွမ်ရှောင်၏ စကားကို ကြားသောအခါ အခြေအနေအမှန်ကို ရိပ်စားမိပြီဖြစ်သော သားအဖသုံးယောက်က အောင်နိုင်သူပမာ ဟားတိုက်ရယ်မောနေကြသည်။ စကားအဆုံးတွင် သူက သိုလှောင်အိတ်တစ်လုံး ဆွဲထုတ်လိုက်ပြီး ပစ္စည်းအနည်းငယ် သွန်ချလိုက်သောအခါ ပထမဆုံးအနေဖြင့် နတ်ဆိုးအရိုးကြီးတစ်ချောင်း ထွက်ကျလာသည်။ ထိုသားအဖများ တုန်လှုပ်နေစဥ် ခန့်ညားထည်ဝါ၍ ကြီးမားသော မှန်တစ်ချပ် ပြုတ်ကျလာပြန်၏။ ၎င်းမှာ အရှေ့ပိုင်း နတ်ဘုရားမှန် ဖြစ်ကာ စျေးနှုန်းကတ်ပြားပင် မဖြုတ်ရသေးသောကြောင့် ယွမ်ဖူရော ယွမ်ကျန်းထန်ပါ မျက်မှောင်ကြုတ်သွားကြ၏။ ထို့နောက် ရွှေရောင် နေကျောက်တုံးများ ထွက်ကျလာပြီး ယန်အဆင့် ရတနာတစ်ခု ဖြစ်သောကြောင့် ယွမ်ဖူမှာ တုန်လှုပ်စွာ ရေရွတ်မိလိုက်၏။ ၎င်းတို့အားလုံးမှာ ကျောက်စိမ်းအင်မော်တယ်မျှော်စင် အထူးဧရိယာရှိ ရတနာများ ဖြစ်သောကြောင့် သားအဖ သုံးယောက်လုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

နောက်ဆုံးတွင် အနက်ရောင်သေတ္တာတစ်ခု ထွက်ကျလာ၍ ယွမ်ရှောင်က ပြုံးပြလိုက်ပြီး အတွင်းမှ တစ်ခုခုကို ဆွဲထုတ်လိုက်၏။ ဓားနှလုံးသားတစ်ခု ထွက်လာသောကြောင့် ယွမ်သားအဖများ တုန်လှုပ်သွားသော်လည်း တည်ငြိမ်မှု မပျက်စေရန် ထိန်းသိမ်းထားကြ၏။ သူတို့၏ အမြင်တွင် ဓားနှလုံးသားကို အသုံးပြုနိုင်ရန် မျိုးဆက်သွေးနှင့် အချိန် လိုအပ်သောကြောင့် ကြောက်စရာ မရှိပေ။ သို့သော် ကျောက်စိမ်းအင်မော်တယ်မျှော်စင်ကို လုယက်ခဲ့သော တရားခံ ဖြစ်ကြောင်း သိလိုက်ရသောအခါ လက်ဦးမှုယူရန် ယွမ်ကျန်းထန်က လက်သီးဖြင့် ထိုးချလိုက်သည်။

"ဘုန်း"

သို့ရာတွင် ယွမ်ရှောင်၏ လက်ဖဝါးသို့ အသက်တံဆိပ် ဆင်းသက်သွားကာ ခရမ်းရောင် ဝဲတစ်ခု ဖြစ်ပေါ်လာပြီး လက်သီးအား တားမြစ်နိုင်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဆိုလျှင် ယွမ်ကျန်းထန် မဆိုထားနှင့်၊ ယွမ်ဝူပင် သူ့ကို လက်သီးတစ်ချက်နှင့် သတ်ပစ်နိုင်သော်လည်း အခြေအနေ မတူညီတော့ပေ။

"မင်းရဲ့ လက်ဝါးမှာ သွေးလင်းနို့ကျိန်စာ မရှိဘူး"

ယွမ်ကျန်းထန်မှာ ပို၍ မယုံကြည်နိုင်စရာ ဖြစ်သော အရာတစ်ခုကို မြင်လိုက်ရပြီး တစ်ချိန်တည်းမှာပင် ဓားနှလုံးသားအား ချက်ချင်း ဝါးမျိုခဲ့သော မိုးပြာရောင် ဓားဝိညာဥ် ပေါက်ကွဲ ထွက်ပေါ်လာ၏။

"ဝှစ်"

ယွမ်ရှောင်က ရန်သူ၏ လက်သီးကို ဘယ်လက်ဖြင့် ဖမ်းဆုပ်ထားရင်း ညာလက်ဖြင့် ဓားကိုင်ကာ ထိုးသွင်းလိုက်သည်။ ယွမ်ကျန်းထန်သည် သံမဏိ လက်အိတ်တစ်ခု ဝတ်ဆင်ထားသော ကျန်လက်တစ်ဖက်ဖြင့် ဓားကို ဟန့်တားချင်သော်လည်း ၎င်းမှာ လက်မောင်းတလျှောက် ထိုးဖောက်သွားပြီး နှလုံးသားတိုင်အောင် ထုတ်ချင်းပေါက်သွားစေသည်။

"မဖြစ်နိုင်ဘူး"

နောက်ဆုံးတွင် သူ နားလည်သွားသည်မှာ တစ်ဖက်လူ တစ်ယောက်တည်း ရောက်လာခြင်းမှာ သူတို့ကို သတ်ဖြတ်ရန်ဖြစ်ပြီး ပြစ်မှုကြီးများ၏ လက်သည် တရားခံလည်း ဖြစ်နေခဲ့သည်။ သို့သော် အသိနောက်ကျသွားကာ မျက်လုံးများ မျှော်လင့်ချက် မဲ့နေစဥ် ခန္ဓာကိုယ် တစ်ခုလုံး ဓားစွမ်းအင်ကြောင့် ပြာကျသွားသည်။

"အဖေ..."

ယွမ်ဖူက အော်ဟစ် အကူအညီတောင်းကာနီးတွင် ဓားမြှောင်တစ်လက် လည်ပင်းကို ဖြတ်သန်း၍ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ခေါင်းပြတ်နှင့် ခန္ဓာကိုယ်ကလည်း သဲလွန်စမကျအောင် ပြာဖြစ်သည်အထိ လောင်ကျွမ်းခံလိုက်ရ၏။

"ယွမ်ရှောင် မင်း..."

ယွမ်ဝူ စကားမပြောနိုင်ခင်မှာပင် အသစ်ပြန်ပေါက်လာသော လျှာ နောက်တစ်ဖန် အဖြတ်ခံလိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်ထဲ၌ မိုးပြာရောင် ဓားစွမ်းအင်များ ပြည့်နှက်လာသည်။

"ငါ့စကားကို နားမထောင်ကြဘူး"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြောလိုက်စဥ် ရန်သူမှာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေရုံသာ တတ်နိုင်၏။ ထိုအကြည့်၏ အဓိပ္ပါယ်မှာ အင်မော်တယ်သုံးပါးက သူ့ကို ကြောက်မက်ဖွယ် သတ်ဖြတ်လိမ့်မည်ဟု ဆိုလိုသော်လည်း ဓားဖျားက ဦးနှောက်အထိ ထိုးဖောက်သွားခဲ့သည်။ သို့သော် နောက်ဆုံးထွက်သက် မတိုင်ခင် သူက ရုန်းစာလုံးအချို့ အသုံးပြုပြီး ယွမ်ဝူ၏ ဝိညာဥ်အား ဖမ်းချုပ်ထားလိုက်သည်။

"တစ်ချိန်က ငါ ပြောဖူးသလို ရှေးဟောင်းအပျက်အစီးနယ်မြေမှာ ငါ လုပ်သမျှ မင်းကို ကြည့်စေချင်တယ်။ မင်းသေသွားရင်တောင် စောက်ဂရုမစိုက်ဘူး။ ဝိညာဥ်နဲ့ လိုက်လာခဲ့စမ်း။ တကယ့်အထွတ်အထိပ် တိုက်ပွဲက လာတော့မယ်။ သေသေချာချာ ကြည့်ထားစမ်း ယွမ်ဝူ"

ယွမ်သားအဖသုံးယောက်ကို သတ်ရန် ဓားနှလုံးသားတစ်ခု ဖြုန်းတီးလိုက်ရသဖြင့် ယွမ်ရှောင်က မကျေမနပ် ဖြစ်နေပြီး ယွမ်ဝူ၏ အကြွင်းအကျန် ဝိညာဥ်မှာ အဆက်မပြတ် တုန်ရီကြောက်လန့်နေသည်။ ထို့နောက် သူက ပြာများကို ရှင်းလင်း၍ စခန်းကို စစ်ဆေးလိုက်ပြီး တစ်နေရာတွင် သွေးစွန်းနေသော အဝတ်စလေးများကို မြင်လိုက်ရ၏။ သူက ၎င်းတို့ကို နှလုံးသားနှင့် အနီးဆုံးဖြစ်သော အင်္ကျီရင်ဘတ်အတွင်း ထည့်သွင်း စည်းနှောင်ကာ တီးတိုးရွေရွတ်လိုက်လေသည်။

"သွားကြစို့။ ကလေးတို့အတွက် ငါက ဆက်ပြီး လက်စားချေပေးမယ်"

All Chapters