← Chapters

အဖိုးတန် ဇာမဏီ အမြီး၏ အမွေးအတောင်၊ ခန္ဓာကိုယ် သန့်စင်ခြင်း ကြီးမြတ်သော အောင်မြင်မှု နယ်ပယ်အား အောင်မြင်ခြင်း။

Vol. 39 Ch. 535

အဖိုးတန် ဇာမဏီ အမြီး၏ အမွေးအတောင်၊ ခန္ဓာကိုယ် သန့်စင်ခြင်း ကြီးမြတ်သော အောင်မြင်မှု နယ်ပယ်အား အောင်မြင်ခြင်း။

Vol. 39 Ch. 535

[ထို့ကြောင့် သင်သည် သင်၏ ကျင့်ကြံမှုကို ဆက်လက် ကြိုးစားခဲ့သည်။ ဤနည်းဖြင့် သုံးနှစ် ကုန်လွန်သွားခဲ့သည်။]

[နှစ်ဆယ့်သုံးနှစ်မြောက်တွင် သင်၏ မီး မူလအမြစ်အပေါ် နားလည်သဘောပေါက်မှု ပိုမို နက်ရှိုင်းလာသည်။ သင်သည် သေးငယ်သော အောင်မြင်မှုကို မရရှိသေးသော်လည်း ဤနေရာရှိ အတားအဆီးကို ချိုးဖျက်ရန် လုံလောက်ခဲ့သည်။]

[သင်သည် အတားအဆီးကို အောင်မြင်စွာ ချိုးဖျက်ပြီး မီးထိန်းချုပ်ဂိုဏ်း အပျက်အစီးများ၏ အနှစ်သာရ ဧရိယာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။]

[အနှစ်သာရ ဧရိယာသည် အံ့ဩစရာကောင်းစွာဖြင့် ဘူမိဗေဒ မီးရှိသော အထူးနေရာ တစ်ခု ဖြစ်သည်ကို သင် တွေ့ရှိခဲ့သည်။]

[ဤ မီးလျှံ၏ အပူချိန်သည် အလွန် မြင့်မားသောကြောင့် သင်ကိုယ်တိုင်ပင် အပူဒဏ်ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။]

[သင်သည် သင်၏ နတ်အာရုံကို အသုံးပြု၍ သင့်ပတ်ပတ်လည် ပေ တစ်ရာခန့်ကို စူးစမ်းခဲ့သော်လည်း ရုပ်သေးများ၏ သဲလွန်စများကို မတွေ့ရှိခဲ့ပါ။]

[နောက်ဆုံးတွင် သင်သည် သင်၏ အကြည့်ကို ကြေးဝါ ကျောက်ခေါင်းတလားဆီသို့ ပြောင်းလိုက်သည်...]

[သင်သည် ကြေးဝါ ကျောက်ခေါင်းတလားကို ဖွင့်လိုက်ရာ အတွင်း၌ မီးထိန်းချုပ်ရေး စစ်မှန်သော အမတကို မြင်တွေ့ခဲ့ရသည်...]

[သို့သော် စစ်မှန်သော မီးအမတသည် ရုပ်သေး မဟုတ်တော့ပဲ ခြောက်သွေ့သော ရုပ်အလောင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။]

[ခြောက်သွေ့သော ရုပ်အလောင်း၏ လက်ထဲတွင် သိုလှောင်လက်စွပ်နှင့် အသံသွင်းထားသော ကျောက်စိမ်းပြား တစ်ခု ရှိသည်။]

[သင်သည် သိုလှောင်လက်စွပ်ကို သင်၏ နတ်အာရုံဖြင့် စူးစမ်းခဲ့ရာ အတွင်း၌ တောင်ပုံယာပုံ စုပုံနေသည့် အမျိုးမျိုးသော မှော်ရတနာများ၊ အမျိုးမျိုးသော လက်နက် သန့်စင်ခြင်း နည်းပညာများ... မီးထိန်းချုပ်ဂိုဏ်း၏ အမွေအနှစ်နှင့်… ရေတွက်မရသော အဆင့်မြင့် သတ္တုဓာတ်များကိုပင် တွေ့ရှိခဲ့သည်။]

[သင်သည် သိုလှောင်လက်စွပ်ကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီးနောက် သင်၏ အာရုံကို ကျောက်စိမ်းပြားဆီသို့ ပြောင်းလိုက်သည်။]

[မီးအမတသည် မသေဆုံးမီ မက်ဆေ့ချ်တစ်ခု ချန်ထားခဲ့သည်။]

[သင်သည် သင်၏ နတ်အာရုံကို ကျောက်စိမ်းပြား ထဲသို့ ထည့်သွင်းခဲ့ပြီး ဤ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။]

[စစ်မှန်သော မီးအမတသည် အဝါရောင် နွေဦး ဆေးလုံးကို ယူ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် တစ်ကြိမ် နိုးလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။]

[နိုးလာရခြင်း အကြောင်းရင်းမှာ ဇာမဏီ အမြီး အမွေးအတောင် တစ်ခုကြောင့် ဖြစ်သည်။ ၎င်းတွင် ပျက်ပြယ်လုနီးပါး ဖြစ်နေသော ဥဩငှက်ရဲ့ စစ်မှန်သော ဝိညာဉ်၏ နောက်ဆုံး အသိစိတ် အမျှင်တစ်စ ပါရှိသည်။ ၎င်းသည် စစ်မှန်သော မီးအမတကို နိုးထစေခဲ့သည်။]

[နိုးထပြီးနောက် စစ်မှန်သော မီးအမတသည် သူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို တွေ့ရှိခဲ့သည်။ သူသည် အခြားသူတစ်ဦး၏ လက်ထဲတွင် စစ်တုရင် အရုပ်တစ်ခု ဖြစ်လာပြီး မည်သည့် အသိစိတ်မျှမ ရှိသော ရုပ်သေး အဖြစ်သို့ ပြောင်းလဲတော့မည်ကို သူ သေချာသိခဲ့သည်။]

[ဤ ကံကြမ္မာကို လက်မခံလိုသော မီးအမတသည် ဥဩငှက်၏ "ပြန်လည်မွေးဖွားခြင်း စွမ်းအား" ကို အသုံးပြု၍ ရုပ်သေး ဖြစ်လာခြင်းမှ လွတ်မြောက်ရန် မျှော်လင့်လျက် ဇာမဏီ အမြီး အမွေးအတောင်ကို သူ၏ ပါးစပ်တွင် ကိုက်ထားခဲ့သည်။]

[သို့သော် နောက်ဆုံး ရလဒ်က အောင်မြင်ခြင်း မဟုတ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။]

[မီးအမတသည် ရုပ်သေး မဖြစ်ခဲ့သော်လည်း ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ မူလဝိညာဉ်သည် ပြန်လည်ဝင်စားခြင်း သံသရာသို့ ဝင်ရောက်သွားခဲ့သည်...]

[ကျောက်စိမ်းပြားထံမှ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် သင်သည် ထူးဆန်းသော အမူအရာကို ပြသခဲ့သည်။ ဇာမဏီ အမြီး အမွေးအတောင်၊ ၎င်းသည် ရှေးဟောင်းခေတ်၏ ထိပ်တန်းအဆင့် နတ်သားရဲများထံမှ ရရှိသော အဖိုးတန် ပစ္စည်းတစ်ခု ဖြစ်သည်။]

[သင်သည် မီးအမတ အတွက် တိတ်ဆိတ်စွာ ဆုတောင်းခဲ့ပြီးနောက် သူ၏ ပါးစပ်ကို ဖြဲ၍ ကြည့်လိုက်သည်။ ထိုအခါ လက်မအရွယ် အထူရှိ၍ ကြည်လင်နေသော အနီရောင်ရှိသည့် အမွေးအတောင် တစ်ခုကို တကယ်ပင် တွေ့ရှိခဲ့သည်။]

[၎င်းကို စစ်ဆေးပြီးနောက် ကျန်ရှိနေသော ဇာမဏီ၏ စစ်မှန်သော ဝိညာဉ် လုံးဝ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ကြောင်းကို သင် အံ့ဩစွာ တွေ့ရှိခဲ့သည်...]

[သင် အနည်းငယ် စိတ်ပျက်အားငယ်နေစဉ်မှာပင် သင်၏ ခန္ဓာကိုယ်အတွင်း၌ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားခဲ့ရသည်...]

[သင် ခေတ္တမျှ ထိတ်လန့်သွားသည်။ ပြီးနောက် ဤ လှုပ်ရှားမှုသည် သင် ကျွမ်းကျင်ထားသော နတ်စွမ်းရည် ဖြစ်သည့် လီ မီးနည်းစနစ်မှ လာကြောင်း သဘောပေါက်ခဲ့သည်။]

[သင် နားလည်သဘောပေါက်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်- လီ မီး နည်းစနစ်သည် ရှေးဟောင်း နတ်မီးများထဲမှ တစ်ခုဖြစ်သော တောင်ပိုင်း တောက်ပသော လီ မီးမှ ဆင်းသက်လာခြင်း ဖြစ်သည်။]

[ထို့ပြင် တောင်ပိုင်း တောက်ပသော လီ မီးသည် ပျက်စီးခြင်း၌ ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်း ရှိရုံသာမက အသက်စွမ်းအားကိုပါ ပျိုးထောင်ပေးနိုင်သည်။]

[သင် အတွေးလွန်နေစဉ်မှာပင် သင့်ရှေ့ရှိ ဥဩငှက် အမြီး အမွေးအတောင် မှ အနီရောင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး သင့်ခန္ဓာကိုယ်ထဲသို့ လုံးဝ ပေါင်းစည်း ဝင်ရောက်သွားခဲ့သည်...]

[အလွန် အံ့အားသင့်သွားသော သင်သည် သင့်ခန္ဓာကိုယ်တွင် ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိမရှိ လျင်မြန်စွာ စစ်ဆေးခဲ့သည်။]

[သင်၏ စစ်ဆေးမှုအပြီးတွင် သင်၏ ခန္ဓာကိုယ်၌ မည်သည့် ပုံမှန်မဟုတ်သော အရာကိုမျှ မတွေ့ရှိခဲ့ပါ။]

[ထို့ကြောင့် သင်သည် အတွေးတစ်ခု ရလာပြီး လီ မီး နည်းစနစ်ကို သုံးစွဲကာ လီ မီး၏ အမျှင်တစ်စကို ခေါ်ယူခဲ့သည်။]

[သင် ခေါ်ယူလိုက်သော လီ မီး အတွင်း၌ သင် တစ်ခါမှ မခံစားဖူးသော အသက်စွမ်းအား တစ်ခုကို သင် အမှန်တကယ်ပင် အာရုံခံမိခဲ့သည်... ၎င်းတွင် စစ်မှန်သော ဝိညာဉ်တစ်ခု ပါဝင်နေပုံရသည်။]

[သို့သော် ဤ စစ်မှန်သော ဝိညာဉ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်...]

[သင်သည် လီ မီး နည်းစနစ်ကို သုံးစွဲခဲ့သော်လည်း မည်သည့် ပြောင်းလဲမှုမျှ မရှိသည်ကို သတိပြုမိခဲ့သည်။]

[လီ မီး နည်းစနစ်ကို ပြည့်စုံစေခြင်းသည် အိပ်ပျော်နေသော ဇာမဏီ၏ စစ်မှန်သော ဝိညာဉ်ကို နိုးထစေနိုင်မည်ဟု သင်၏ စိတ်ထဲ၌ ခန့်မှန်းခဲ့သည်...]

လက်တွေ့ကမ္ဘာတွင် စုရှင်း သည် သူ့ရှေ့ရှိ သရုပ်ပြခြင်း စာသားကို မျက်တောင်မခတ်တမ်း ကြည့်နေပြီး လုံးဝ ထိတ်လန့်တုန်လှုပ်နေသည်။

"သေစမ်း...မီးထိန်းချုပ်ဂိုဏ်းရဲ့ အပျက်အစီးတွေ၊ ဇာမဏီ အမြီး အမွေးအတောင်။ ဇာမဏီငှက်ရဲ့ ဝိညာဉ် ပါဝင်တဲ့ ရတနာ။"

စုရှင်းသည် သာမန် မီးထိန်းချုပ်ဂိုဏ်း တစ်ခုက ထိုကဲ့သို့သော အမြင့်ဆုံး ရတနာကို အဘယ့်ကြောင့် ဆက်ခံနိုင်ရသလဲ ဆိုသည့်အချက်ကို ယုံကြည်ဖို့ရန် ခက်ခဲနေသည်။

စုရှင်း၏ အသိပညာအရ ဇာမဏီငှက်သည် စစ်မှန်သော နတ်သားရဲ တစ်ကောင်ဖြစ်ပြီး အမတ နယ်ပယ်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်သည့် သတ္တဝါဖြစ်ကြောင်း သူ သိရှိခဲ့သည်။

ရှေးခေတ်က မီးထိန်းချုပ်ဂိုဏ်းတွင် အမတတစ်ပါး မွေးဖွားခဲ့လျှင်ပင် ဇာမဏီငှက်ထက် အများကြီး နိမ့်ကျနေဦးမည် ဖြစ်သည်။

အဆင့် နှစ်ဆင့် သို့မဟုတ် သုံးဆင့် မြှင့်တင်ရင်လျှင်တောင် ၎င်း၏ ခြေဖဝါးကိုပင် မမီနိုင်သေး…

"ဟယ်၊ ဒီ ရှန်းဝူကမ္ဘာက တကယ် ထူးခြားတာပဲ။"

"မီးထိန်းချုပ်ဂိုဏ်းမှာ ဇာမဏီငှက် အမြီး အမွေးအတောင်ရဲ့ အမွေအနှစ် ရှိတယ်... ဒြပ်စင်ငါးပါး ဂိုဏ်းမှာ ဒြပ်စင်ငါးပါး နည်းစနစ် ရှိတယ်... ဝမ်မူ ဂိုဏ်းမှာ မွေးရာပါ ဖူဆန်း နတ်ပင်ရဲ့ အကိုင်းအခက် ရှိတယ်။"

"ဒီ ပစ္စည်း သုံးခု... သူတို့က သေးငယ်သော ကမ္ဘာထောင်ချီ ပိုင်ဆိုင်နိုင်တဲ့ အရာတွေ ဟုတ်တဲ့ပုံ‌မပေါ်ဘူး... တစ်ခုဘဲ ရှိရင် ကံကောင်းလို့ဆိုပြီး ပြောနိုင်ပေမဲ့ သုံးခုလုံး တစ်ပြိုင်နက်တည်း ရှိနေတာကကျ။"

"ဒါ ဖြစ်နိုင်ပါ့မလား... ဒီကမ္ဘာက ကြီးမြတ်သော ကမ္ဘာထောင်ချီနဲ့ ဆက်စပ်မှု တစ်ခုခု ရှိနေတာလား"

စုရှင်း သံသယများ ပြည့်နှက်နေသည်။

ကြယ်ပြာနှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော နယ်မြေတွင်း ကမ္ဘာများသည် အမှန်တကယ်ပင် များစွာထူးခြားသည်။

ကမ္ဘာအဆင့်အရဆိုလျှင် ကြယ်ပြာအား တစ်ခုတည်းသော သေးငယ်သည့် ကမ္ဘာထောင်ချီအဖြစ် အနည်းငယ် သတ်မှတ်နိုင်သည်။

ကျန်သည့် နယ်မြေတွင်း ကမ္ဘာများအတွက်မူ ၎င်းတို့ကို သေးငယ်သော ကမ္ဘာထောင်ချီအဖြစ်ပင် မသတ်မှတ်နိုင်ပဲ အများဆုံးမှ ကမ္ဘာငယ်လေးအဖြစ်သာ သတ်မှတ်နိုင်သည်။

သို့သော် ကြယ်ပြာနှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ နယ်မြေတွင်း ကမ္ဘာငယ်များ၏ လျှို့ဝှက်ချက်များသည် ကြီးမြတ်သော ကမ္ဘာထောင်ချီ၏ လျှို့ဝှက်ချက်များနှင့် နှိုင်းယှဉ်နိုင်လုနီးနီးပင်။

စုရှင်းသည် သူ၏ မျက်ခုံးများကို အနည်းငယ် တွန့်ချိုးလိုက်သည်။ သူ၏ စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ လင်းလက်နေသော်လည်း ၎င်းတို့ကို လုံးဝ ဆက်စပ်နိုင်ခြင်း မရှိသေးပေ။

"ငါ ကြယ်ပြာကို ဆက်လက် စူးစမ်းရင်၊ ဘာကြောင့် ဒီလောက် အစွမ်းထက်တဲ့ သတ္တဝါတွေက ကြယ်ပြာကို အရေးကြီးတယ်ဆိုပြီး သဘောထားကြတာလဲဆိုတဲ့ အကြောင်းရင်းကို တကယ်ပဲ ရှာတွေ့နိုင်မလား မသိဘူး။"

စုရှင်း သူ့ဘာသာ ရေရွတ်လိုက်သည်။ ကြယ်ပြာတွင် အရာအားလုံးအား ဆက်သွယ်ထားသည့် မမြင်ရသော ပိုက်ကွန်တစ်ခု ရှိနေပုံရသည်ဟု သူ ခံစားရသည်။

"ဟူး... ဒါပေမဲ့ ငါ့ရဲ့ လက်ရှိ ခွန်အားကတော့ အရမ်း နိမ့်ကျနေသေးတယ်..."

"ဒီသရုပ်ပြခြင်း အပြီးမှာ ငါ့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းကို ကြီးမြတ်သော အောင်မြင်မှု အရင် ရောက်အောင် လုပ်မယ်။ ပြီးရင် အခွင့်အလမ်းတွေ ရှာဖို့ ကမ္ဘာ သုံးထောင်ထဲကို ဝင်မယ်။"

စုရှင်းသည် သက်ပြင်းချလိုက်ပြီး သူ၏ အကြည့်ကို သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ လှည့်လိုက်သည်။

…

All Chapters