“ဒီဓားချက်က သာမန်ပါပဲ”
Vol. 5 Ch. 51
စွန်းယန်ဝမ် စင်မြင့်ထက်သို့ တက်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။
ကဗျာတစ်ပုဒ်က ဤကဲ့သို့ ချီးမွမ်းထားသည်။
“ဖန်ဝါရောင် ဘုန်းတော်ကြီး ဝတ်ရုံနှင့် ခါးတွင် နဂါးရိုင်းဓားကို သယ်ဆောင်ထားသူ ဘုန်းတော်ကြီး ငယ်လေးသည် အကျော်ကြားဆုံး ပန်းချီကားထဲမှ ပေါ်ထွက်လာခဲ့ပြီး လူငယ်တစ်ဦး၏ အတောက်ပဆုံးသော မြင့်မြတ်ခန့်ညားမှုကို ထုတ်ဖော်ကာ ကောင်းခြင်းမင်္ဂလာတို့ဖြင့် ပြည့်စုံသည်”
လူတိုင်း၏ စိတ်ထဲတွင်လည်း မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
“အဲဒီလူငယ်လေးက ဘယ်သူလဲ… သူက တော်တော်လေးကို ချောမောခန့်ညားတာပဲ…”
နှုတ်ခမ်းနီမလေးများ၏ အိပ်မက်ထဲမှ မင်းသားလေး ဖြစ်လာသူ စွန်းယန်ဝမ် ကြောင့် နန်မန်စု၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားပြီး ချက်ခြင်းအော်ဟစ်လိုက်မိသည်။
“သူပဲ… သူက ဘာဖြစ်လို့ ဖန်ဝါရောင် ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ထားရတာလဲ…”
နန်မန်ကျူ လည်း မနေနိုင်စွာ မေးလိုက်သည်။
“ဝတ်ရုံက ဘာအရောင်ဝတ်ဝတ် အရေးမကြီးသေးဘူး… ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဝိညာဉ်ဓား တောင်ထိပ်က လူ ဖြစ်သွားရတာလဲ…”
နန်မန်စု သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခပ်တိုးတိုး ရှင်းပြသည်။
“တကယ်တော့ ဆောင်ယန်ဂိုဏ်းဆိုတာ ကျင့်ကြံခြင်း လမ်းစဉ်တစ်ခုတည်းကိုပဲ သွားတဲ့ ဂိုဏ်းမျိုး မဟုတ်ဘူး… သူတို့တွေက ရွှမ်ဟွမ်ဂိုဏ်းရဲ့ အမွေအနှစ်ကိုပါ ဆက်ခံထားတဲ့ သူတွေပဲ…”
“ရွှမ်ဟွမ်ဂိုဏ်းရဲ့ အမြင့်ဆုံးအဆင့်က ကောင်းကင်ဆရာတော် ဖြစ်ပြီး အဝါရောင် ဝတ်ရုံနဲ့ အနက်ရောင် သရဖူကို ဆောင်းရတယ်…”
နန်မန်ကျူ လုံးဝနားမလည်သောကြောင့် ချက်ခြင်းပြောသည်။
“အစ်မ… ပဟေဠိဆန်ဆန်တွေ ပြောမနေဘဲနဲ့ ဘာတွေဖြစ်နေလဲ ဆိုတာကို တည့်တည့်ပြောစမ်းပါ…”
နန်မန်စု ၏ အသံက အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်လာသည်။
“ဆောင်ယန်ဂိုဏ်းမှာ ဆောင်ယန်ညီနောင် ခုနှစ်ဖော် (မိတ်ဆွေခုနှစ်ဦး) ရယ်… ပြီးရင် တတိယ မျိုးဆက်က ဖေဟန်… ဝေယင်ရှောင်… ကျန်းယန် ဆိုတဲ့ ဂိုဏ်းချုပ်အဆင့် သုံးဦးရယ်… ပြီးတော့ တရားဝင် ဆက်ခံသူ ဆယ့်နှစ်ဦးလို့ ခေါ်တဲ့သူတွေရယ်သာ ဒီလိုဝတ်ရုံမျိုးကို ဝတ်ဆင်ခွင့်ရှိတယ်…”
နန်မန်ကျူ အကြီးအကျယ် ထိတ်လန့်သွားပြီး အလန့်တကြား အော်လိုက်မိသည်။
“ဒါ…. ဒါ… ဒါဆိုရင်… သူ… သူက… တကယ်ပဲ ဂိုဏ်းချုပ်ကြီး ကျန်းယွမ်ချောင် ရဲ့ တ… တပည့်ပေါ့… ဟုတ်လား…”
နန်မန်စု ခါးသီးစွာ ပြုံးလိုက်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူနုသွယ်လျသော လက်ချောင်းလေးများကို ဆန့်တန်းရင်း စင်မြင့်ဘေးတွင် ရပ်ကြည့်နေသော အခြား ဘုန်းတော်ကြီးငယ်လေး တစ်ပါးကို ညွှန်ပြလိုက်သည်။
ဆောင်ယန်တောင်သို့ ပြန်ရောက်လာခဲ့ပြီဖြစ်သော ကျန်းချင်းရှီ ကို မမှတ်မိသူ မည်သူ ရှိနိုင်ပါမည်နည်း။
ယခုအခါ ကျန်းချင်းရှီ ၏ ပတ်ပတ်လည်တွင် အလှည့်ကျ မီးထွန်းရသလို လူများ တန်းစီစောင့်နေပြီး ယင်းက ဂါရဝပြု နှုတ်ဆက်ချင်သောကြောင့် ဖြစ်သည်။
သုံးယောက်မြောက်ဦးလေး ယွမ်ကျုံကျွင်း ၏ တပည့် ကျန်းယန် ကဲ့သို့ တတိယမျိုးဆက်မှ ဂိုဏ်းချုပ်အဆင့် တစ်ဦးကပင် ပြုံးပြုံးရွှင်ရွှင် နှင့် သူ့မောင်လေး၏ ပခုံးကို လာပုတ်သွားခဲ့သည်။
ကျန်းယန် သည် ဆောင်ယန်ဂိုဏ်း၏ ဖန်ဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိဘဲ သာမန် ဝတ်ရုံဖြင့်သာ ရှိနေသည်။
ဤသူတော်စင်မလေး၏ ရုပ်ရည်သည် လရောင်ဖြန်းပက်မှုအောက်တွင် ပန်းကလေးတစ်ပွင့် ဖူးပွင့်လာသကဲ့သို့မျိုး ထင်ရပြီး အဖြူရောင်ဝတ်ရုံနှင့် ရွှေရောင်ခါးပတ်ကို ပတ်ထား၏။
သူမကို ကြည့်ရသည်က ကောင်းကင်ထက်တွင် ထွန်းလင်းလာသော နေမင်းကြီးကဲ့သို့ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်သလို စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ဟု ထင်ရပြီး ကျန်းယွမ်ချောင်၊ ဝေအစ်မကြီးတို့၏ အရှိန်အဝါနှင့် လုံးဝမတူညီပေ။
မကြာသေးခင်က သူ့၏ခန့်မှန်းချက် မှန်ကန်ကြောင်း အထင်ရှိခဲ့သော ဝေချီဟန် သည် ယခုအခါ ဖားပြုပ်တစ်ကောင်ကို အရှင်လတ်လတ် မျိုးထားရသလို ပုံစံဖြင့် အကြီးအကျယ် မျက်နှာများ ပျက်ယွင်းနေသည်။
ကျန်းရှင်းယွမ်၊ ကြွေမင်းသား ဆူးဟုန်၊ ဝမ်ပုယွမ်နှင့် ဝမ်ပုယွီ တို့ ညီအစ်ကိုများမှာလည်း မည်သည့် အထောက်အထားမျှ မလိုအပ်တော့ဘဲ သူတို့အားလုံး၏ ခန့်မှန်းချက်များ လုံးဝမှားယွင်းသွားပြီ ဆိုသည်ကို သိလိုက်ကြသည်။
ဤလောကတွင် အချို့သောသူများသည် စွမ်းအားကြီးသော ရန်သူကို လိုက်လံတိုက်ခိုက်ရင်း မိုင်ပေါင်း ထောင်နှင့်ချီ ရှည်လျားသော ခရီးကို ဓားတစ်လက်နှင့် ဖြတ်သန်းနေကြသည်။
အချို့သော သူများသည် မွေးကလည်းက ရွှေဇွန်းကိုက်၊ ရွှေလင်ဗန်းနှင့် အချင်းဆေးလာသူများ ဖြစ်သောကြောင့် ဆွေမျိုးမိတ်သင်္ဂဟများနှင့် မြှောက်ပင့်ဖားယားချင်သူများက အလွန်အမင်း ပေါများသည်။
အချို့သောသူများသည် လေထဲတွင်စားကာ ရေထဲတွင် အိပ်စက်ပြီး မိမိကိုယ်ကို အပင်ပန်း အဆင်းရဲဆုံး နည်းလမ်းများဖြင့် ညှင်းဆဲရင်း ကျားကုတ်ကျားခဲ ကြိုးစားကျင့်ကြံသော်လည်း သာမန်ကျင့်ကြံသူများ ဘဝနှင့် အရိုးထုတ်သွားရသူများ ဒုနှင့်ဒေး ရှိသည်။
သို့သော် အချို့သော သူများအတွက်တော့ ရိုးရိုးရှင်းရှင်း စင်ပေါ်သို့ တက်လိုက်ရုံကလေးမျှဖြင့် လျှမ်းလျှမ်းတောက် နာမည်ကြီးသွားလေတော့၏။
နန်မန်ကျူ ၏ စိတ်ထဲတွင် နောင်တများ တစ်ပွေ့တစ်ပိုက်နှင့် စကားစု တစ်ခုက ကြိမ်ဖန်များစွာ ပဲ့တင်ထပ်နေတော့သည်။
“ငါ… ဓားနတ်ဘုရားငယ်လေး ကျန်းချင်းရှီ ကို သူ့ရှေ့မှောက်မှာတင် အထင်သေး စော်ကားမိပြီ…”
စွန်းလင်အာ မှာလည်း အကြီးအကျယ် အံ့အားသင့်နေပြီး မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် အဖိုးဖြစ်သူကို အကြောင်သား ငေးကြည့်နေ၏။
သူမသည် နန်မန်ညီအစ်မများနှင့် အတူတူရှိနေပြီး အဖိုးဖြစ်သူက ကျန်းရှင်းယွမ် တို့ အနီးတွင် ရှိနေသည်။
ထိုအချိန်တွင် ကောင်းကင်ယန္တရားဂိုဏ်း၏ ရှန်ထျန်းအဆင့် ဘိုးဘေးကြီးသည် လှည်းဘီးလောက် ပြူးကျယ်နေသော မျက်လုံးများကို ပြူးတူးပြဲတဲ ကြည့်နေပြီး လက်ထဲမှ ဆေးတံသည် ဇောက်ထိုး မိုးမျှော် ဖြစ်နေခြင်းကြောင့် မုတ်ဆိတ်မွှေး အချို့ပင် မီးလောင်နေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသော အရာများကို စွန်းယန်ဝမ် အနည်းငယ်မျှ သတိပြုမိခြင်း မရှိပေ။
သူ့၏ ပြိုင်ဘက်သည် ကြမ်းတမ်းကာ ခန္ဓာကိုယ် ထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ်သည်။
ဤသူ၏ အသက်သည် အနည်းဆုံး သုံးဆယ်ကျော်ရှိပြီဟု ခန့်မှန်းရပြီး အဆီပြန်နေသော မျက်နှာနှင့် ဘဝ၏ ခက်ခဲကြမ်းတမ်းမှုများကို အပြည့်အဝ ခံစားထားခဲ့ရသူ ဖြစ်သည်။
ထိုပုံစံက မည်သို့ပင်ပြောသည်ဖြစ်စေ လုံးဝ လူငယ်တစ်ဦး မဟုတ်သည်က သေချာသည်။
စွန်းယန်ဝမ် တိုက်ခိုက်လိုက်သော ဓားကွက်သည် ဓားကွက်တစ်ခုဟုပင် မဆိုနိုင်ဘဲ အခြေခံ အကျဆုံး ဓားနည်းစနစ် တစ်ခုမျှသာ ဖြစ်သည်။
သိုသော် စွန်းယန်ဝမ် အသုံးပြုလိုက်သောအခါ ကောင်းယွမ် ၏ တိုက်ကွက်မှ အားနည်းချက် နေရာကို အတိအကျ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
ပွဲကြည့်ပရိတ်သတ် အများစုသည် သာမန်ကျင့်ကြံသူ အဆင့်များသာ ဖြစ်သောကြောင့် ဤဓားချက်၏ လျှို့ဝှက်ချက်ကို မမြင်နိုင်ဘဲ ထူးခြားမှု မရှိသော သာမန် ဓားချက်တစ်ချက်ဟုသာ ယူဆကြသည်။
သို့သော် အကြီးအကဲများနှင့် အထွဋ်အထိပ် ပါရမီရှင်များ အတွက်တော့ ဤဓားချက်သည် ရိုးရှင်းသော်လည်း အလွန်လိမ္မာပါးနပ်မှုများ ပါဝင်နေပြီး မရေမတွက်နိုင်သော ကြိုးစားအားထုတ် မှုများ ပြုလုပ်ထားမှသာ ဤကဲ့သို့ ထုတ်ဖော်နိုင်မည်ကို သိကြသည်။
ဆောင်ယန်ဂိုဏ်း၏ မျိုးဆက်သွေး ခုနှစ်မျိုး သိုင်းပြိုင်ပွဲ ကျင်းပသည့် ပုံစံသည် အုပ်စု(က)၊ အုပ်စု(ခ)နှင့် အုပ်စု(ဂ) သုံးခုစလုံးကို တစ်လှည့်ချင်းစီ ယှဉ်ပြိုင်ခိုင်းခြင်း ဖြစ်သည်။
အုပ်စု(က)သည် လူကြိုက်အများဆုံး ဖြစ်ပြီး ထိုပွဲစဉ်များတွင် ပရိတ်သတ်သည် လုံးဝတိတ်ဆိတ် ငြိမ်သက်ကာ အားပေးကြသည်။
အုပ်စု(ခ)သည်လည်း လူများ၏ အာရုံကို စွဲဆောင်ထားနိုင်စွမ်း ရှိနေဆဲဖြစ်သည်။
သို့သော် အုပ်စု(ဂ)အလှည့် ရောက်လာသည့် အခါတိုင်း လူများသည် ချီးယို၊ သေးပေါက် တန်းဖြုတ် ပေးလိုက်သလို အလျှိုလျှိုထကာ ဟိုသွားဒီလာများ ပြုလုပ်ပြီး မိတ်ဆွေများနှင့် စကားစမည်များ ပြောဆိုကြလေ့ရှိသည်။
အဘယ်ကြောင့်ဆိုသော အုပ်စု(ဂ)မှ ယှဉ်ပြိုင်သူများ၏ ကျင့်ကြံမှုသက်တမ်းသည် အများဆုံးသူမှာပင် ငါးနှစ်သာ ရှိသေးသောကြောင့် ဤတပည့်များ၏ ကျင့်စဉ်အဆင့်အတန်းက ဆောင်ယန်ဂိုဏ်းကဲ့သို့ ထိပ်သီးဓားဂိုဏ်းကြီး တစ်ခုမှ ဆိုသော်လည်း များစွာမြင့်မားမည် မဟုတ်ကြောင်း အားလုံးက ယူဆထားသည်။
ထို့ကြောင့် ကြည့်လျှင်လည်း မည်သို့မျှ မထူးခြားသည်ကို သိသောကြောင့် ထိုကဲ့သို့ သွားလာနေကြခြင်း ဖြစ်သည်။
အုပ်စု(ဂ)၏ ပွဲစဉ်များကို အားပေးသူမှာ ပြိုင်ပွဲဝင်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေ အပေါင်းအသင်း လောက်သာရှိပြီး အခြား မည်သူကမျှ စိတ်ဝင်စားခြင်း မရှိပေ။
သို့သော် စွန်းယန်ဝမ် စင်ပေါ်သို့ တက်လာပြီးနောက် ပွဲကြည့်ပရိတ်သတ်၏ စိတ်ဝင်စားမှု အခြေအနေက ဒီရေပမာ မြင့်တက်လာခဲ့ပြီး အားလုံး၏ အာရုံစူးစိုက်ရာ အချက်အချာ ဖြစ်လာခဲ့သည်။
သူ့၏ နောက်ခံမှာ လူများကြားသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သောကြောင့် ဤပွဲကို စိတ်ဝင်စားသည့် ပရိတ်သတ်အရေအတွက်ကလည်း အုပ်စု(က)ပွဲစဉ်များထက်ပင် ပိုမိုများပြား လာခဲ့သည်။
ကောင်းယွမ် သည် သာမန်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သောကြောင့် သာမန်အမြင်မျိုးသာ ရှိပြီး စွန်းယန်ဝမ် ၏ ဓားချက်ကို သာမန်ဟုသာ ခံစားမိသည်။
ထို့အပြင် ပရိတ်သတ် စိတ်ဝင်စားမှု အမြင့်ဆုံးကို ရရှိလိုက်ခြင်းကြောင့် ထိုအခြေအနေထဲတွင် နစ်မြုပ်နေခဲ့ပြီး သူ့ကိုယ်သူ အလွန်ကျေနပ်နေခဲ့သည်။
သူသည် ရိုးရှင်းသော ဓားချက်တစ်ချက်ဖြင့် ပြန်လည်တားဆီး လိုက်သော်လည်း စွန်းယန်ဝမ် ၏ ဓားသည် အလွန်လျင်မြန်စွာ ဦးတည်ချက် ပြောင်းသွားသောကြောင့် သူ့၏ ဓားကို ကမန်းကတန်း ပြန်ပြောင်းကာ ခုခံလိုက်သည်။
အလျင်အမြန် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် သူ့၏ ခန္ဓာကိုယ် အနေအထားနှင့် ဓားကွက်တို့က ကြည့်ရှုနေသူ အားလုံးကို အလွန်အမင်း မသက်မသာ ဖြစ်သွားရသလို ခံစားလိုက်ရသည်။
ပုံမှန်အခြေအနေတွင် လွယ်လင့်တကူ တားဆီးနိုင်ရမည့် ဓားချက်သည် နောက်ဆုံးတွင် မည်သို့မျှ အချိန်မမီတော့ဘဲ သူ့မျက်စိအောက်မှာပင် သူ့၏ ဝတ်ရုံလက်စကို “ဗြိ”ခနဲ ခုတ်ဖြတ်သွား၏။
ယင်းက အနိုင်အရှုံးကို တစ်ခါတည်း ဆုံးဖြတ်ခြင်းဖြစ်ပြီး စွန်းယန်ဝမ် ၏ ညှာတာပေးမှုက ထင်ရှားပေါ်လွင် နေသောကြောင့် ကောင်းယွမ် ချက်ခြင်း အရှုံးပေးလိုက်ရသည်။
ဂိုဏ်းဝင်အချင်းချင်းကြား ယှဥ်ပြိုင်တိုက်ခိုက်ခြင်း ဖြစ်သည့်အပြင် သူ့၏ဓားချက်က သူမျှော်လင့်ချက် အတိုင်း ဖြစ်လာခဲ့သောကြောင့် တိုက်ခိုက်ပြီးသည်နှင့် စွန်းယန်ဝမ် ချက်ခြင်း နောက်ပြန် ဆုတ်လိုက်သည်။
သူက လက်သီးဆုပ် အရိုအသေ ပေးရင်း ပြောလိုက်၏။
“အလျော့ပေးမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်….”
ကောင်းယွမ် ၏ မျက်နှာက “ရဲ”ခနဲ ဖြစ်သွားပြီး သူ့ကို အရိုအသေ ပြန်ပေးကာ စင်ပေါ်မှ အမြန်ဆုံး ခုန်ဆင်းသွားသည်။
စွန်းယန်ဝမ် သည် ပွဲစဉ်တစ်ကို အနိုင်ရလိုက်သောကြောင့် နောက်လာမည့် တစ်ပွဲက နေ့လည်ခင်း အချိန်မှသာ ပြန်လည်ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
ထို့နောက် သူလည်း စင်မြင့်ပေါ်မှ ခုန်ဆင်းလာခဲ့ပြီး ကျန်းချင်းရှီ အနီးသို့ သွားရောက်ရန် ပြင်နေစဉ် စွန်းလင်အာ က သူ့ဆီကို လျင်မြန်စွာ ရောက်ရှိလာသည်။
သူမသည် အမှန်တကယ် လိပ်ပြာလေး တစ်ကောင်ကဲ့သို့ ပျံသန်းလာခဲ့ပြီး စကားမပြောရမည်ကို စိုးရိမ်ဟန်ဖြင့် အဝေးဆီမှပင် အော်ဟစ်ပြောဆိုရင်း ရောက်ရှိလာခဲ့သည်။
“နင့်ဓားသိုင်းက တဖြည်းဖြည်း ပိုတော်လာပြီ…”
အကယ်၍ ပတ်ဝန်းကျင်တွင် အခြားသူများသာ မရှိခဲ့ပါက သူမသည် စွန်းအစ်ကို ဟု ခေါ်မိမည် ဖြစ်သော်လည်း ဤကဲ့သို့ လူပေါင်းများစွာ ရှေ့မှောက်တွင်တော့ မခေါ်ရဲပေ။
မိန်းကလေးတို့အိန္ဒြေ ရွှေပေး၍မရ ဟူသော စကားပုံကဲ့သို့ ထိုသို့ရင်းနှီးလွန်းသည် အခေါ်အဝေါ် ကိုတော့ သူမ ရှောင်ရပေလိမ့်မည်။
အနီးအနားတွင် အနားယူရင်း စင်ပေါ်တက်ရန် စောင့်ဆိုင်းနေသော ယန်ရှင်းအာ ၏ မျက်လုံးများက ပြူးကျယ်သွားပြီး စိတ်ထဲတွင် တွေးနေမိသည်။
“တကယ်ပဲ ဇာတ်လမ်းကစပြီ… ကောင်းကင်ယန္တရားဂိုဏ်း စွန်းမိသားစုရဲ့ သခင်မလေးကို ဒီလောက်ထိ ဖျတ်ဖျတ်လူးအောင် ဖြစ်သွားစေတာက ဆရာဦးလေးငယ်လေးရဲ့ နောက်ခံနဲ့ ဂုဏ်ပုဒ်ကြောင့် မဟုတ်ဘူးလား…. သူတို့ အစောကြီးကတည်းက ဒီကိစ္စကို ကြိုသိထားတာပဲ ဖြစ်ရမယ်…”
“ကောင်းကင်ယန္တရားဂိုဏ်းရဲ့ ဘိုးဘေးကြီးလို့ မပြောရဘူး… သူ့ရဲ့သိမြင်နိုင်စွမ်းက ရှန်ထျန်းအဆင့် ကျင့်ကြံသူဟောင်း တစ်ယောက်ထက်တောင် ပိုနေသေးတယ်….”
“မိသားစု အဆင့်အတန်းချင်း ယှဉ်မယ်ဆိုရင်တော့ နန်မန်မိသားစုက စွန်းမိသားစုထက် နည်းနည်း ပိုသာတယ် ဆိုပေမယ့် ဒီတစ်ခေါက်ကတော့ သူတို့ တကယ်ကြီးကို မှားယွင်းတွက်ချက် ပစ်လိုက်ပြီ… အဲဒီအရှုံးက ဘာနဲ့မှ ပြန်အစားထိုးလို့ မရနိုင်အောင် ကြီးမားလွန်းတယ်…”
“ဒီထက်ကောင်းတဲ့ ခင်ပွန်းလောင်း တစ်ယောက်ကို နောက်ထပ် ဘယ်နေရာမှာ သွားရှာ ရတော့မှာလဲ…”
“ပြီးတော့ စွန်း ဦးလေးငယ်လေး တစ်ယောက်တည်းတောင် မဟုတ်ဘူး…”
“အဲဒီနေ့က သူတို့က ဆရာဦးလေး ကျန်းချင်းရှီ ကိုပါ တစ်လက်စတည်း တွေ့ခဲ့ကြတဲ့ပုံပဲ…”
“သူကတော့…. တကယ်စစ်မှန်တဲ့ ဖီးနစ်ငှက်တစ်ကောင်ပေါ့…”
“ဟီ… ဟီ… နန်မန်ကုန်းရော… နန်မန်ကျူရော ဒီဘဝမှာတော့…. ဆရာဦးလေးတွေလို နောက်ခံအင်အား တောင့်တင်းပြီး ထူးချွန်တဲ့ ပါရမီရှင်မျိုးတွေကို နောက်တစ်ကြိမ် ထပ်ဆုံနိုင်ဖို့ဆိုတာ တကယ်မလွယ်တော့ဘူး… သနားစရာပဲ….”