← Chapters

“ခွင့်လွှတ်သင့်မှ ခွင့်လွှတ်ပါ”

Vol. 5 Ch. 42

“ခွင့်လွှတ်သင့်မှ ခွင့်လွှတ်ပါ”

Vol. 5 Ch. 42

ဖားပြုတ်တစ်ကောင်နှင့် ပိုမိုဆင်တူသော ဂင်တိုတိုနှင့်လူသည် ပြောင်လက်နေအောင် ထွင်းထုထားပြီး အရည်အသွေး အလွန်ကောင်းသော လက်ကောက်ဝတ် အရွယ်အစားခန့် သစ်သား နဂါးတုတ်ဖြင့် စွန်းယန်ဝမ် ကို တိုက်ခိုက်လိုက်သည်။

ဤလက်နက်သည် လေးလံရုံသာမက ၎င်းကိုယ်တိုင်ကလည်း စွမ်းအားကြီးသူ ဖြစ်သောကြောင့် တုတ်ကို ရိုက်ချလိုက်သောအခါ တဝှီးဝှီး လေတိုးသံများလည်း အတိုင်းသား ကြားနေရ၏။

လင်ရှီးဓားသည် ပျော့ပြောင်းသော ဓားအမျိုးအစား ဖြစ်သောကြောင့် ထိုကဲ့သို့ လေးလံသော လက်နက်မျိုးနှင့် ထိပ်တိုက်ရင်ဆိုင်၍ မရပေ။

စွန်းယန်ဝမ် သည် ဓားကို အသာအယာ လှုပ်ရှား လိုက်သောအခါ ဓားသွားသည် သက်တန့်တစ်ခုကဲ့သို့ ကွေးညွှတ်သွားပြီး နဂါးတုတ်ကို ကွေ့ဝိုက်ရှောင်ကွင်းသွားကာ ဂင်တိုတိုနှင့်လူ၏ လည်မျိုဆီသို့ တန်းတန်း မတ်မတ် ဝင်ရောက်သွားသည်။

ဤဓားကွက်သည် နတ်ဆိုးသတ်ဓားသိုင်းမှ မဟုတ်သလို ဟွမ်ယွမ်ဓားကွက်များ အတွင်း၌လည်း မပါဝင်ပေ။

လင်ရှီးဓားကို ရရှိပြီးနောက် သူကိုယ်တိုင် ထိုးထွင်းဆင်ခြင်ထားခြင်းမှ ရရှိလာခဲ့သော ထူးဆန်းသည့် ဓားကွက်တစ်ခုသာ ဖြစ်သည်။

ထိုဓားကွက်ကို တီထွင်ပြီးနောက် နောင်တစ်ချိန် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သေသေချာချာ လေ့ကျင့်ထားခဲ့သည်။

ယင်းက သူ့ကို မထင်မှတ်ထားသော အကျိုးသက်ရောက်မှုများ ပေးနိုင်လိမ့်မည်ဟုလည်း အခိုင်အမာ ယုံကြည်ထား၏။

ဤဓားကွက်အား ဆရာဖြစ်သူနှင့် ကျန်းချင်းရှီ တို့ကို ပြသသောအခါ ၎င်းတို့နှစ်ဦးစလုံးက ဤကဲ့သို့ ထူးဆန်းသော တိုက်ကွက်မျိုးသည် အထွဋ်အထိပ် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် မည်သို့မျှ အသုံးဝင်မည်မဟုတ်ကြောင်း သူ့ကို တညီတညွတ်တည်း အားပေးခဲ့ကြသည်။

ကျန်းချင်းရှီ သည် သစ်ကိုင်းခြောက်တစ်ခုဖြင့် သူ့၏ တိုက်ကွက်အား ချေဖျက်နိုင်သော နည်းစနစ် ဆယ်ခုကျော်ကို လက်တွေ့ပြသ လိုက်သောအခါ သူကိုယ်တိုင် မတတ်သာစွာ လက်ခံခဲ့ရသည်။

ဤဂင်တိုတိုနှင့် လူဆိုးဂျပုကောင်ထံတွင်တော့ ကျန်းယွမ်ချောင် ၏ အသိအမြင်မျိုး မည်ကဲ့သို့ ရှိနိုင်ပါမည်နည်း။

ကျန်းယွမ်ချောင် မဆိုထားနှင့် သူ့တပည့် ကျန်းချင်းရှီ ၏ အရည်အချင်းမျိုး ရှိရန်ပင် ဆယ်သက်မက ကြိုးစားရပေလိမ့်မည်။

စွန်းယန်ဝမ် ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ် အလျဉ်းမရှိဘဲ ထိုသူကို အနည်းငယ်သော ဒဏ်ရာလောက်နှင့် နောက်ဆုတ် လက်လျှော့သွားစေရန် ရည်ရွယ်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ဓားအလင်းတန်းတစ်ခု “လက်”ခနဲ တောက်ပသွားချိန်တွင် ဂင်တိုတိုနှင့်လူ အကြီးအကျယ် ထိတ်လန့် အံ့အားသင့်သွားသည်။

ဤကဲ့သို့ ထူးဆန်းပြီး ဦးတည်ချက်ကို မခန့်မှန်းနိုင်သော ဓားသိုင်းမျိုး ဤလောကတွင် အမှန်တကယ် ရှိနေလိမ့်မည်ဟုလည်း သူ လုံးဝထင်မထားမိပေ။

ဓားသွားက သူ့လည်ပင်းကို အနည်းငယ် ပြတ်ရှသွားသဖြင့် သူသည် ဒဏ်ရာပေါ်သို့ လက်ဖြင့် အလျင်အမြန် အုပ်ထားလိုက်မိသည်။

သို့သော် ဒဏ်ရာသည် ဆိုးဆိုးရွားရွား ပြင်းထန်မနေကြောင်း သိသောအခါ ၎င်း၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါသ အခိုးအငွေ့များဖြင့် ပြည့်နှက်လာ​ခဲ့၏။

၎င်းက ရုတ်တရက်‌ ကျယ်လောင်စွာ အော်ဟစ်ပြီး နဂါးတုတ်ကို လေထဲသို့ ရမ်းကာ စွန်းယန်ဝမ် ၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဤရိုက်ချက်တွင် အလွန်ရန်လိုသော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေပြီး ၎င်း၏ သတ်ဖြတ်ခြင်း အသိကို ထင်ထင်ရှားရှား ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။

စွန်းယန်ဝမ် သည် ထိုသူကို သက်သက်ညှာညှာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ဤမျှ ရက်စက် ကြမ်းကြုတ်သော တုံ့ပြန်မှုမျိုး ပြန်ရလိမ့်မည်ဟုတော့ လုံးဝထင်မထားခဲ့ပေ။

သူသည် ခန္ဓာကိုယ်ကို အနည်းငယ် ရှောင်တိမ်းလိုက်ပြီး အစောပိုင်းက တိုက်ခိုက်သည့် ပုံစံအတိုင်း နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

သက်တန့်တစ်စင်းကဲ့သို့ ကွေးညွှတ်သွားသော ဓားက ဂင်တိုတိုနှင့်လူ၏ နဂါးတုတ်ကို ကွေ့ဝိုက်သွားပြီး ၎င်းဆီကို နောက်ထပ်တစ်ကြိမ် တန်းတန်းမတ်မတ် ဝင်ရောက်သွားပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ အစောပိုင်းကကဲ့သို့ လည်ပင်းအနီးကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ၎င်း၏ လည်ပင်းကို အတိအကျ ထိုးစိုက်ချလိုက်ခြင်း ဖြစ်သည်။

ဓားသည် ၎င်း၏ လည်ပင်းကို ထိုးဖောက်ဝင်သွားပြီးနောက် စွန်းယန်ဝမ် က ထိုသူ၏ ခန္ဓာကိုယ်ကို တစ်ချက်စောင့်ကန်ကာ ထိုကန်အားနှင့် နောက်ကို ပြန်ဆုတ်လာပြီး ဓားကို ပြန်သိမ်းလိုက်သည်။

ထိုအချိန်တွင် နဂါးတုတ်သည် လေထဲ၌သာ ရှိနေသေးသော်လည်း ဂင်တိုတိုနှင့်လူ၏ လည်ပင်းနေရာမှ သွေးများ အဆက်မပြတ် ပန်းထွက်နေသည်။

ထိုသူသည် လက်ထဲတွင် ကိုင်ထားသော တုတ်ကို လွှတ်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် သူ့ လည်ပင်းသူ အတင်းညှစ်ထားသောကြောင့် တအစ်အစ် အသံများက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ထို့နောက် ၎င်း၏လက်နက် မြေပြင်ပေါ်သို့ ပြန်ကျမလာသေးမီ ၎င်း၏ ခန္ဓာကိုယ်က မြေပြင်ထက်သို့ ဦးစွာ အရုပ်ကြိုးပြတ် ပြိုလဲကျသွားပြီး ချက်ခြင်း သေဆုံးသွားသည်။

စွန်းယန်ဝမ် ၏ မျက်နှာက ချက်ခြင်းပင် လေးနက်လာ၏။

ဤကဲ့သို့ ဘာမဟုတ်သည့် ကိစ္စလေး တစ်ခုသည် တုတ်တပြက် ဓားတပြက်နှင့် အသက်များပါ ပေးဆပ်ရသည်အထိ အကြီးအကျယ် ဖြစ်သွားရသည်ကို သူလုံးဝ မစဉ်းစားတတ်အောင် ဖြစ်နေသည်။

သူသည် သက်ညှာစွာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ရန်သူသည် သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လာခဲ့ခြင်းကြောင့် သူ့ကံကြမ္မာသူ စီရင်သွားခြင်း ဖြစ်သည်။

သို့သော် သေချာပြန်စဉ်းစားကြည့်မည်ဆိုလျှင် ယင်းက မဖြစ်သင့်သော ကိစ္စသာ ဖြစ်သည်။

သူ့အတွက် တစ်ခုကံကောင်းသွားသည်က ထိုဂင်တိုတိုနှင့်လူ၏ ကျင့်ကြံမှု အဆင့်က အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး၌သာ ရှိနေသေးခြင်း ဖြစ်သည်။

ထို့အပြင် ၎င်းအသုံးပြုသော တိုက်ခိုက်ရေး နည်းလမ်းများမှာလည်း လမ်းဘေးတွင် အပျော်တမ်း ရန်ဖြစ်နေသူများထက် အနည်းငယ် ပိုရုံသာ ရှိသည်။

ထိုသို့သော သူတစ်ဦးသည် မည်သည့်သတ္တိမျိုးဖြင့် ဤကဲ့သို့ အကြမ်းဖက်မှုအား လုပ်ဆောင်ခဲ့သည် ကိုတော့ သူလည်း မစဉ်းစားတတ်ပေ။

စွန်းယန်ဝမ် သည် ပြဿနာအား အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သော်လည်း အကယ်၍ ရန်သူ၏ ကျင့်ကြံမှု အဆင့်သာ သူ့ထက် ပိုမြင့်နေခဲ့မည် ဆိုလျှင် သေဆုံးရသူက သူကိုယ်တိုင် ဖြစ်ကောင်း ဖြစ်သွားနိုင်သည်။

ထို့ကြောင့် ရှေးလူကြီးများက နောင်လာနောက်သားများအတွက် စကားများ ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။

“အောင်မြင်မှုသည် တစ်နေ့တည်းဖြင့် တည်ဆောက်၍ မရသလို… အောင်မြင်နေသူမှာလည်း အခက်အခဲများကို ရင်ဆိုင် ကျော်လွှားလာခဲ့ရသူ ဖြစ်သည်… ခွင့်လွှတ်သင့်သည့် သူကိုသာ ခွင့်လွှတ်ပါ”

ဤလောကတွင် မည်သူမျှ မယှဉ်နိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားမှသာ ခွင့်လွှတ်ခြင်း ဆိုသည့် ခန္တီပါရမီက အပြည့်အဝ အသက်ဝင်ပေလိမ့်မည်။

အကယ်၍ ထိုကဲ့သို့ စွမ်းရည်မျိုး မပိုင်ဆိုင်ပါက တစ်ဖက်က မည်မျှပင် သည်းခံခွင့်လွှတ်သည် ဖြစ်စေ တစ်ဖက်က အဆုံးစွန်အထိ တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်သည်။

လူတစ်ဦးကို သတ်လိုက်ရခြင်းကြောင့် စွန်းယန်ဝမ် ၏ စိတ်အခြေအနေက မည်သို့မျှ ကောင်းမနေတော့ဘဲ အလွန်လေးကန် နေ၏။

သူသည် သေဆုံးသွားသော ဂင်တိုတိုနှင့်လူ၏ အဖွဲ့မှ အခြားသူများကိုလည်း လှမ်းကြည့်လိုက်မိသည်။

သေဆုံးသွားသူအား သူ့မြင်းကို လုယက်ရန် မြှောက်ပင့်ပြောဆိုခဲ့သူများက ထိုသူများကိုယ်တိုင် ဖြစ်သည်။

၎င်းတို့၏ စုစုပေါင်း အရေအတွက်က ခြောက်ဦး၊ ခုနှစ်ဦးခန့်ရှိပြီး ကျင့်ကြံသူများ ဝတ်ဆင်လေ့ ရှိသော ဝတ်ရုံရှည်ကို အားလုံး ဝတ်ဆင်ထားကြသည်။

ထို့အပြင် လက်နက်များကိုယ်စီ ကိုင်ဆောင်ထားသဖြင့် အချိန်မရွေး တိုက်ခိုက်လာနိုင်သည်ဟုလည်း ထင်ရသည်။

သို့သော် သူတို့လူတစ်ဦး သေဆုံးသွားခြင်းသည် သူတို့အပေါ်ကို များစွာ အကျိုးသက်ရောက်မှု မရှိသလို မည်သည့် စိုးရိမ်ပူပန်မှုကိုမှလည်း မမြင်ရပေ။

အချို့က သူ့ကို ခပ်ပြုံးပြုံး အကြည့်များနှင့်ပင် ကြည့်နေကြပြီး အချို့သူများ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အ​ယောင်များကိုပါ တစ်စွန်းတစ်စ မြင်တွေ့နေရသည်။

ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး နက်မှောင်နေသော လူထွားကြီး တစ်ဦးက ရုတ်တရက် ထရပ်လိုက်ပြီး ရှေ့မှစားပွဲကို “ဖြောင်း”ခနဲ ရိုက်ချရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ခွေးပေါက်နှစ်ကောင်... လူတစ်ယောက်ကို သတ်ပစ်ပြီးတော့ ဒီအတိုင်း ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ဟုတ်လား... ငါတို့ သခင်ကြီးတွေကိုယ်တိုင် ဝင်ပါမလာခင် လိမ်လိမ်မာမာနဲ့ လက်နက်တွေ ချလိုက်တာ ပိုကောင်းလိမ့်မယ်...”

စွန်းယန်ဝမ် သည် အသက်တစ်ချက် ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထိုသူ၏ စကားကို ပြန်လည် ချေပရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့အမြင်အာရုံထဲကို အလင်းတန်းများ တဖျတ်ဖျတ် ပြေးဝင်လာသည်။

ထိုမျက်နှာမည်း လူထွားကြီးသည် ၎င်း၏ ကျယ်လောင်သော အသံကို အသုံးချကာ သူ့၏ အာရုံကို ပြောင်းလဲလိုက်စဉ် အခြားသူများက လက်နက်ပုန်းများနှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ဤလူများအားလုံးသည် ဤကဲ့သို့ အလုပ်မျိုးကို အကြိမ်‌ရေ မည်မျှအထိ လုပ်ခဲ့ပြီးပြီမှန်း မသိရသော်လည်း ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုက အဆင့်တစ်ခုသို့ပင် ချဉ်းနင်းဝင်ရောက်နေပြီး ဟာကွက်အနည်းငယ်မျှ မတွေ့ရသောကြောင့် အလွန်ကျွမ်းကျင်သူများ ဖြစ်ကြောင်း ထင်ရှားသည်။

စွန်းယန်ဝမ် မှာ ထိုမျှလောက် စွမ်းရည်မြင့်မားခြင်း မရှိသေးသဖြင့် အကြီးအကျယ် ထိတ်လန့်သွားပြီး မြေပြင်ပေါ်ကို ချက်ခြင်း ဝပ်ချလိုက်မိ၏။

ဤနည်းလမ်းသည် ပထမတစ်ကြိမ် လက်နက်ပုန်းနှင့် တိုက်ခိုက်ခံရပြီးနောက် သူကိုယ်တိုင် အခေါက်ခေါက်အခါခါ ဆင်ခြင်သုံးသပ်ပြီးမှ ရရှိလာခဲ့သော အကောင်းဆုံး တုံ့ပြန်မှုလည်း ဖြစ်သည်။

အပေါ်ယံကြည့်မည်ဆိုလျှင် အနည်းငယ် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည် မှန်သော်လည်း အကျိုးသက်ရောက်မှုက လွန်စွာထိရောက်မှု ရှိသည်။

သူ့ဘေးတွင် သူ့အစ်ကိုကြီး တစ်ယောက်လုံး ရှိနေသေးသည်ကိုတော့ သူလုံးဝမေ့လျော့နေခဲ့၏။

ကျန်းချင်းရှီ သည် သူ့ညီ ဖြစ်ပျက်နေသည့် ပုံစံကို ဆက်လက် မကြည့်ရက်တော့သဖြင့် ခပ်တိုးတိုး သတိပေးသည်။

“ညီလေး… အရမ်းကြီး ကြောက်နေစရာမလိုဘူး… အစ်ကိုကြီး တစ်ယောက်လုံး ရှိသေးတယ်…”

ကျန်းချင်းရှီ၏ လက်တစ်ဖက်က မြေပြင်ကို ထယ်ထိုးတော့မည့် စွန်းယန်ဝမ် ၏ ဂုတ်ကို လှမ်းဆွဲထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်ဟန်တစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

စွမ်းအင်လှိုင်းတစ်ခုသည် အကြည်ရောင် ဒိုင်းပုံစံဖြင့် သူတို့ပတ်ပတ်လည်တွင် ကာရံသွားပြီး ပြေးဝင်လာသော လက်နက်ပုန်းများ အားလုံးကို တားဆီးလိုက်၏။

ထို့နောက် အတားအဆီးနှင့် ထိမှန်ပြီး မည်သည့်စွမ်းအားမျှ မကျန်တော့သည့် လက်နက်ပုန်းများ အားလုံး သူတို့ရှေ့ မြေပြင်ပေါ်ကို တဘုတ်ဘုတ် ပြုတ်ကျလာသည်။

ထိုအချိန်တွင် စွန်းယန်ဝမ် ၏ မျက်နှာသည် ပြိုတော့မည့်မိုးလို မှောင်မိုက်သွားပြီး အသက်ကို ခပ်ကြမ်းကြမ်း ရှူသွင်းလိုက်သည်။

သူသည် ခါးတွင်ပတ်ထားသော ဓားကို နောက်တစ်ကြိမ် ပြန်ဆွဲထုတ်ပြီး အဝါရောင်ဝတ်ရုံနှင့် လူတစ်ဦးဆီသို့ ပထမဆုံး ပြေးဝင်သွားကာ ဓားနှင့် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။

ယခုအချိန်တွင် သူ့၏ ဒေါသက အဆုံးစွန်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

သူသည် ခိုးကြောင်ခိုးဝှက် လေ့ကျင့်ထားသော ဓားသိုင်းအပြင်၊ ဆရာဖြစ်သူ သင်ပေးထားသော ပညာများကိုပါ မခြွင်းမချန် ထုတ်သုံးတော့သည်။

မည်သို့ပင်ဆိုစေ ဤသူများအားလုံး မုချသေရမည်ဟု ဆုံးဖြတ်လိုက်ခြင်းကြောင့် သူ့ဓားသိုင်း၏ ဇစ်မြစ်ကို မည်သူမှတ်မိသည်၊ မမှတ်မိသည်နှင့် ပတ်သက်ပြီး သူ လုံးဝစိတ်မဝင်စားတော့ပေ။

ထိုသူသည် သူ့အား တိုက်ခိုက်လာသည်ကို မြင်သောအခါ လှောင်ပြုံးတစ်ခု ပြုံးရင်း လှောင်ပြောင်ရန် ပြင်လိုက်ပြီးမှ စွန်းယန်ဝမ် ၏ ဓားက ရုတ်တရက် လျှပ်စီးတန်းတစ်ခုကဲ့သို့ မြန်ဆန်လာသည်ကို သတိပြုမိသွားသည်။

သူ အကြီးအကျယ် ထိတ်လန့် တုန်လှုပ်သွားပြီး ပြန်လည်ခုခံရန် ပြင်လိုက်သော်လည်း ရန်သူကို အထင်သေးမိခြင်း၏ အကျိုးဆက်က အချိန်မမီတော့ခြင်း ဖြစ်သည်။

စွန်းယန်ဝမ် ၏ ဓားသည် အနည်းငယ်မျှ သက်ညှာခြင်း မရှိဘဲ ၎င်း၏ လည်မျိုကို ထုတ်ချင်းခတ် ထိုးဖောက်သွားပြီး နောက်ထပ် အလောင်းတစ်ခု မြေပြင်ပေါ်ကို လဲကျသွားပြန်သည်။

သူသည် ထိုမျှနှင့် ရပ်တန့်ခြင်း မရှိဘဲ နောက်ထပ်တစ်ယောက်ဆီကို အလွန်လျင်မြန်စွာ ပြေးဝင်သွားပြန်၏။

စွန်းယန်ဝမ် အနေဖြင့် ဤလူများအားလုံးကို အရိုးထဲမှ မုန်းတီးသွားမိခြင်း ဖြစ်သည်။

အကယ်၍ ၎င်းတို့အနေဖြင့် ဂင်တိုတိုနှင့်လူကို မြှောက်ပင့်ပေးခဲ့ခြင်း မရှိလျှင် ထိုသူသည် သူ့၏ အခြေအနေကို ကောင်းစွာ နားလည်ပြီး မြင်းကိုလည်း လာရောက်လုယက်လိမ့်မည် မဟုတ်ပေ။

ထိုသို့မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင် လာရောက် တားဆီးခဲ့မည် ဆိုလျှင်လည်း ထိုသူ သေစရာ အကြောင်းအရှိပေ။

၎င်းတို့သည် ထိုဉာဏ်နည်းသော ဂင်တိုတိုနှင့်လူကို သူ့မြင်းအား လုယက်ရန် သာမက သူတို့ကိုပါ သတ်ဖြတ်ရန် ပြောဆိုလိုက်ခြင်း ဖြစ်ရပေမည်။

ထို့အပြင် အောက်တန်းအကျဆုံး တိုက်ခိုက်မှုဖြစ်သည့် လက်နက်ပုန်းများကို အသုံးပြုခဲ့သည်။

လက်နက်ပုန်းဆိုသော အမျိုးသည် ရက်စက်မှု သုံးပုံ၊ ကောက်ကျစ်စဉ်းလဲမှု ခုနှစ်ပုံတို့နှင့် ပေါင်းစပ် ဖွဲ့စည်းထားသော လက်နက်မျိုး ဖြစ်သည်။

ယခုအခါ ထိုသူများအားလုံး၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤလူငယ်လေး နှစ်ဦး၏ သိုင်းပညာသည် ဤမျှအထိ အဆင့်အတန်း မြင့်မားနေလိမ့်မည်ဟု သူတို့အားလုံး လုံးဝမမျှော်လင့်ခဲ့ပေ။

ကျားမြီးတစ်ခုလုံးကို ဆွဲထားခဲ့ပြီး ဖြစ်သောကြောင့် မထူးဇာတ်ခင်းကာ တိုက်ခိုက်ရပေတော့မည်။

အားလုံး လက်နက်များကိုယ်စီ ဆွဲထုတ်ပြီး အသင့်အနေအထား ပြင်ထားလိုက်ကြ၏။

ကျင့်ကြံခြင်းလောက၌ ရန်ငြိုးရန်စဖြင့် တိုက်ခိုက်သော တိုက်ပွဲများအားလုံးတွင် သေခြင်းနှင့် ရှင်ခြင်းဟူသော လမ်းကြောင်းနှစ်ခုသာရှိပြီး ခွင့်လွှတ်ခြင်းဟူသော လမ်းကြောင်းမရှိပေ။

အနိုင်ရသူသည် အသက်ရှင်မည်။

စွန်းယန်ဝမ် ၏ ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတစ်လျှောက် နောက်ထပ် ရုပ်အလောင်း နှစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

ထိပ်သီးဂိုဏ်းကြီးများနှင့် မိသားစုကြီးများ၏ တန်ဖိုးသည် မည်သည့်အရာ ဖြစ်ကြောင်းကို သူ နောက်ဆုံးတော့ လုံးဝနားလည်သွားပြီ ဖြစ်သည်။

အထွဋ်အထိပ် ကျင့်စဉ်တစ်ခုကို သင်ယူထားသူနှင့် မသင်ယူရသေးသူတို့ အကြား ကွာဟချက်က မိုးနှင့် မြေလောက်ပင် ကြီးမားလွန်းသည်။

တိုက်ခိုက်သူ နှစ်ဦး၏ ကျင့်ကြံမှုအဆင့်အတန်းက တစ်ပြေးညီ ဖြစ်နေမည် ဆိုလျှင် ကျင့်စဉ် အဆင့်အတန်းချင်း ကွာခြားချက်က ၎င်းတို့၏ စွမ်းရည်များကို ကွာခြားသွားစေပြီး စိတ်ပျက်အားငယ် သည်အထိ မမျှတမှုကို ခံစားရပေလိမ့်မည်။

စွန်းယန်ဝမ် သည် အဆင့်ရှစ် ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ကျင့်ကြံခြင်းလောကတွင် လူတောသူတော မတိုးနိုင်သေးသည့် အဆင့်ဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သည်။

သို့သော် လက်တွေ့ တိုက်ခိုက်ရသောအခါ ဤလောကမှ ငမိုက်သားအချို့သည် သူ့ဓားချက် တစ်ချက်ကိုပင် ကောင်းကောင်း မခုခံနိုင်ကြသည်ကို တွေ့ခဲ့ရသည်။

မှန်သည်။

ဤသာမန်အဆင့်မျှသာရှိသော ကျင့်ကြံသူများအားလုံးသည် တတိယတန်းစား ကျင့်စဉ်လောက်ကိုသာ ကျင့်ကြံထားခဲ့ ကြရသူများ ဖြစ်နေသည်။

သို့သော် သာမန်လူများအတွက်တော့ ၎င်းတို့က အလွန် စွမ်းအားကြီးသူများ ဖြစ်နေခဲ့သေးသည်။

သာမန်လူများ အပေါ်တွင် ၎င်းတို့ စိတ်ထင်သည့်အတိုင်း နှိပ်စက်ညှင်းပန်းနိုင်ပြီး စိတ်မထင်လျှင် မထင်သလို့ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိနေသည်။

ဂင်တိုတိုနှင့်လူသည် အကြောင်းပြချက် မရှိဘဲ သူ့မြင်းကို လာရောက်လုယက်ရန် ကြိုးစားခဲ့ခြင်းကို ကြည့်မည်ဆိုလျှင် ၎င်းသည် ပုံမှန်အားဖြင့် ခက်ထန်ကြမ်းကြုတ်သော စရိုက်သဘာဝရှိပြီး အနိုင်ကျင့် ဗိုလ်ကျတတ်သူ ဖြစ်ကြောင်း မြင်နိုင်သည်။

ထင်ရှားသည်မှာ ၎င်းတို့ တတ်မြောက်ထားသည့် သိုင်းပညာက အားနည်းသူများ အပေါ်တွင် မတရားသဖြင့် ဖိနှိပ်သည့် အားကိုးရာ လက်နက်တစ်ခု ဖြစ်နေခဲ့သည်။

မျက်နှာမည်းမည်းနှင့် လူထွားကြီးက သူ့၏ ကျယ်လောင်သော အသံဖြင့် အာရုံပြောင်းလိုက်ပြီး အခြားသူများက ထိုအခွင့်အရေးကို အမိအရ အသုံးချကာ လက်နက်ပုန်းများဖြင့် ပစ်လွှတ် တိုက်ခိုက်ခြင်းကို ကြည့်မည်ဆိုလျှင် ၎င်းတို့သည် လူသတ်၊ ပစ္စည်းလုခြင်းကဲ့သို့သော အလွန်ဆိုးသွမ်းသည့် အလုပ်များကို မကြာခဏ ပြုလုပ်နေသူများ ဖြစ်ကြောင်း သေချာသွားသည်။

အနည်းငယ် ပိန်ပါးသော လူတစ်ဦးသည် အခြေအနေ မကောင်းတော့သည်ကို မြင်သောအခါ သူ့ဘေးနားမှ လူကို ရှေ့သို့ တွန်းလွှတ်လိုက်ပြီး သူ့ဆီဝင်ရောက်လာသော စွန်းယန်ဝမ် ၏ ဓားချက်ကို ကာကွယ်လိုက်သည်။

ထိုသူသည် အခြားသူတစ်ဦးနှင့် သူ့ကိုယ်သူ ကာကွယ်လိုက်ပြီးနောက် နောက်ကိုလှည့်ကာ ချက်ခြင်း ထွက်ပြေးသွား၏။

စွန်းယန်ဝမ် အနေဖြင့် ထိုသူ၏ နောက်ကို လိုက်လံတိုက်ခိုက်ခြင်း မရှိဘဲ အနီးတွင် ရှိနေသူများ အပေါ်တွင်သာ အာရုံစိုက် တိုက်ခိုက်နေသည်။

ပိန်ပိန်ပါးပါးနှင့် လူမှာ ခြေလှမ်း ဒါဇင်ပေါင်းများစွာ ပြေးလွှား လာခဲ့ပြီးနောက် အသက်ရှင် လွတ်မြောက်ပြီဟု ယူဆမိသောကြောင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင် သွားပြီး တိတ်တဆိတ် တွေးလိုက်မိ၏။

“ဒီခွေးပေါက်နှစ်ကောင်က စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ ဖြစ်နေတာပဲ… သူတို့ကို အပြစ်မဲ့သူတွေကို အကြောင်းမဲ့ လိုက်သတ်နေတဲ့ သူတွေပါလို့ နေရာတိုင်းကို လိုက်ပြောမှ ဖြစ်မယ်… အဲဒါဆိုရင် သူတို့ကို ဒုက္ခပေးနိုင်တဲ့သူ တစ်ယောက်ယောက်တော့ ကျိန်းသေပေါက် ပေါ်လာမှာပဲ…”

သူစဉ်းစားမိသော အတွေးများ အပြည့်အဝ ရုပ်လုံးမပေါ်သေးမီ ရုတ်တရက် သူ့၏ ဦးခေါင်းနောက်သို့ ကျောက်တုံးတစ်တုံး ပြေးဝင်လာသည်။

ကျောက်တုံး၏ အရွယ်အစားသည် အတော်လေး သေးငယ်သော်လည်း ဝင်ရောက်လာသော အရှိန်နှင့် ပါရှိသော စွမ်းအားများက ကြောက်မက်ဖွယ်ကောင်းအောင် ပြင်းထန်သဖြင့် ထိုသူ၏ ဦးခေါင်းသည် နေရာမှာတင် “ဖုန်း”ခနဲ ပွင့်ထွက်သွားသည်။

ကျန်းချင်းရှီ သည် ထိုသူကို အလွန်ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်ပြီး စိတ်ထဲတွင် တွေးနေမိသည်။

“ဒုတိယညီလေးက သတ်သင့်လို့ သတ်တဲ့နေရာမှာ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ရှိတယ်… ဘယ်တော့မှ တွန့်ဆုတ်တွေဝေတာမျိုး မရှိဘူး…”

“ငါဆရာနဲ့အတူတူ သွားတုန်းက လူတွေအပေါ် သနားမိလို့ ခွင့်လွှတ်ပေးတဲ့ အကြိမ်ပေါင်းက ရေတောင် မရေတွက်နိုင်ဘူး… ဒါပေမဲ့ ဘာဖြစ်လဲ… နောက်ဆုံးတော့ ငါကိုယ်တိုင်ပဲ ဒုက္ခရောက်ရတာ မဟုတ်လား…”

“အဲဒီအချိန်တုန်းက ဆရာရှိနေလို့သာ ငါ ကံကောင်းတာ… မဟုတ်လို့ရှိရင် တစ်ယောက်ယောက်ရဲ့ လက်ချက်ကြောင့် အခုချိန်ထိ အသက်ရှင်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး…”

All Chapters